Thursday, November 6, 2025

လူ့အန္ဓတွေမှာ

မင်းသိလား ညီလေး
လူ့အန္ဓတွေမှာ ရိုးသားတယ်ဆိုတာမရှိဘူး
မဖြစ်မနေရိုးသားဖို့
အကျပ်ကိုင်ခံထားရတဲ့ အခြေအနေအောက်မှာ
မူးတူးမင်တင် မိန်းမောနေမျိုးတာပဲရှိတယ်

လူ့အန္ဓတွေမှာ ရဲရင့်တယ်ဆိုတာမရှိဘူး
ယမ်းနံ့ကိုရှုရင်း
တရှုးထိုးတိုးဝင်သွားတဲ့ တောဝက်တစ်ကောင်ရဲ့
မိုက်မဲမှုမျိုးပဲရှိတယ်

လူ့အန္ဓတွေမှာ ညီညွတ်တယ်ဆိုတာလည်းမရှိဘူး
သိုးတစ်အုပ်လို
တစ်ကောင်သွားရာနောက် တစ်ကောင်
အသိမဲ့လိုက်ပါလှုပ်ရှားတာမျိုးပဲရှိတယ်

လူ့အန္ဓတွေမှာ တက်ကြွတယ်ဆိုတာလည်းမရှိဘူး
အရေးဟဲ့ဆို ဖျတ်ကနဲ လန့်နိုးလာပြီး
ခဏအကြာ ပြန်အိပ်ပျော်သွားတဲ့
ကြက်တစ်ကောင်ရဲ့ နိုးကြားမှုမျိုးပဲရှိတယ်

လူ့အန္ဓတွေမှာ သစ္စာတရားဆိုတာမရှိဘူး
တစ်ယောက်ယောက်အပေါ် သစ္စာရှိတာပဲဖြစ်ဖြစ်
အမှန်ဓမ္မအပေါ် သစ္စာဖောက်ဖျက်ရတာပဲဖြစ်ဖြစ်
ဘာမှမထူးခြားတဲ့ စိတ်ခံစားမှုမျိုးပဲရှိတယ်

လူ့အန္ဓတွေမှာ
ရိုသေလေးမြတ်တယ်ဆိုတာမရှိဘူး
အတွေးအခေါ် ကျွန်ခံလိုက်တာမျိုးပဲရှိတယ်

လူ့အန္ဓတွေမှာ
ရောင့်ရဲရိုးရှင်းတယ်ဆိုတာမရှိဘူး
ဖောက်ထွက် မတွေးတတ်တာပဲရှိတယ်

မင်းသိလား ညီလေး
လူ့အန္ဓတွေမှာ
မကောင်းမှုကျူးလွန်လိုက်တယ်ဆိုတာမျိုးတောင်
တခါတရံမရှိဘူး
သူ့မွေးရာပါ
အဟိတ်တိရိစ္ဆာန်စိတ်က ဦးဆောင်ရာနောက်
အသိမဲ့လိုက်ပါသွားတာမျိုးပဲရှိတယ်။

#ကိုသန်းထွန်း (တွေးမလား သေမလား)

#ဗလကသ

#ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ 

No comments:

Post a Comment