ချက်နည်း ခဏခဏမေးကြတဲ့
ဝက်သားအချိုချက် / ဝက်သားအချိုနှပ်
( ပေါင်သား / သုံးထပ်သား နှစ်သက်ရာ သုံးနိုင်ပါတယ်
အဆီမစားရင် အသားချည်းလဲချက်လို့ရပါတယ်)
ကြက်သွန်နီကြီးကြီး ၄လုံး
ကြက်သွန်ဖြူ ၆မွှာ
ဂျင်း ခပ်ထူထူ ၄လွှာခန့်
ပဲငံပြာရည်အပျစ် ထမင်းစားဇွန်း ၁ဇွန်းခန့်
နနွင်းမှုန့် အနည်းငယ်
ဆီ စတီးဟင်းခပ်ဇွန်းကြီး ၄ဇွန်း
အချိုမှုန့် ဆား နှစ်သက်သလိုချိန်ဆထည့်ပါ
( ကြက်သွန်ဖြူနီဂျင်းကို ပုံမှန်ဆီပြန်ဟင်းတွေထက် ပိုသုံးရပါတယ်)
သန့်စင်ပြီးဝက်သားကို အနေတော်အရွယ်တုံးပြီး
အချိုမှုန့် ဆား ပဲငံပြာရည်အပျစ် နနွင်း(ပါရုံ) တို့နဲ့ အရသာဝင်အောင်နယ်ပြီး ခဏနှပ်ထားပါ
ကြက်သွန်ဖြူ နီ ဂျင်းတို့ကို ထောင်းထားပါ (သို့) နုတ်နုတ်စင်းထားပါ
ဆီအိုးတည်ပါ အတော်ပူလာတဲ့ထိစောင့်ပြီးမှ ကြက်သွန်ဖြူ နီ ဂျင်းဆီသတ်ပါ ကြက်သွန်အနည်းငယ်ခြောက်ပြီး နီရောင်သန်းကာ စိမ်းနံ့ပျောက်ပြီးအနံ့မွှေးလာမှ အရသာနယ်ထားတဲ့ အသားထည့်ပါ
အသားထည့်ပြီး ရေမထည့်သေးပဲ အသားကထွက်လာတဲ့ရေကုန်ပြီး အသားကျစ်အရောင်ဝင်သည်အထိ
မွှေပေးနေပါ
( ဟင်းရဲ့ အနံ့အရသာနဲ့ အရောင်အဆင်းက
ဟင်းဆီသတ်တဲ့ အချိန်နဲ့ အနေအထားပေါ်မူတည်ပြီး
မတူကြတာဖြစ်လို့ ဂရုစိုက်ရပါတယ်)
အသားကျစ် ဆီပြန်ပြီး မွှေးလာပြီဆိုမှ ရေနွေးမြုပ်ရုံထည့်ပြီး အဖုံးအုပ်တည်ပါ ဟင်းအိုးကောင်းကောင်းဆူလာရင် မီးကိုလျော့ချပြီး ဆက်တည်ထားပါ
လိုအပ်လို့ ရေထပ်ဖြည့်တဲ့အခါ အများကြီးတစ်ခါထဲ
မထည့်လိုက်ပဲ အသားမြုပ်တယ်ဆိုရုံပဲ နဲနဲချင်းစီဖြည့်ပြီး အသားနူးအိဆီပြန်တဲ့အထိ မီးအေးအေး စိတ်ရှည်ရှည်နဲ့ တည်ပေးရပါတယ်
ဟင်းအနေအထားက ဆီပြန်တယ်ဆိုပေမယ့် အနှစ်ခြောက်ခြောက်ကြီးမဟုတ်ပဲ ရေအနည်းငယ်ကျန်တဲ့ အနှစ်ခပ်စိုစိုအနေလေးပါရှင်
(ဟင်းချက်နည်း / မုန့်လုပ်နည်း တွေကို လွတ်လပ်စွာ
share နိုင်ပါတယ် မူရင်းပို့စ်ကို direct share တာမျိုး မဟုတ်ပဲ စာသားတွေကို copy & paste နဲ့ ကူးယူပြီး ပြန်လည်ဖြန့်ဝေခွင့်မပြုပါဘူးရှင့်
)
No comments:
Post a Comment