Saturday, February 1, 2025

ကြက်အချိုပေါင်း - Aye Thuzar Win

 ချက်နည်းမေးထားတဲ့ သူငယ်ချင်းအတွက် ရေးပေးရင်းနဲ့

တစ်ခါထဲမျှဝေပါတယ်

ဗဗာကြက် ၆၀/၇၀ကျပ်သား အရွယ် နှစ်ကောင်ကို အသဲအမြစ်ခေါင်းလည်ပင်း ခြေထောက်စတာတွေ ဖယ် သေချာဆေးကြောသန့်စင်ပြီး တစ်ကောင်ကို ရှစ်ပိုင်းပိုင်းပါတယ်
ပဲငံပြာရည်အကျဲ စားပွဲဇွန်း ၄ဇွန်း
ပဲငံပြာရည်အ‌ပျစ် စားပွဲဇွန်း ၂ဇွန်း
အချိုမှုန့် ဆားအနည်းငယ်တို့နဲ့ အရသာဝင်အောင် သေချာနယ်‌ပေးပြီး ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်လောက် နှပ်ထားပါ ( ပဲငံပြာရည်အကျဲထည့်နယ်ထားတာမို့ ဆားထည့်တဲ့အခါ သတိထားပြီး အနည်းငယ်ပဲ ထည့်‌ပေးပါ)
ချက်မယ့်အိုးထဲ ဆီ စားပွဲဇွန်း ၅ဇွန်းခန့်ထည့်ပြီး ပူအောင်တည်ပါ ဆီပူလာရင် အရသာနယ်ထားတဲ့ အသားတွေထည့်လှိမ့်ပါ
အသား‌ အနည်းငယ်တင်းလာပြီဆိုမှ အသားနူးဖို့လိုအပ်တဲ့ရေအနည်းငယ်ထည့်ပါ
ပါးပါးလှီးထားတဲ့ကြက်သွန်ဖြူ ၈မွှာ
မထူမပါးလှီးထားတဲ့ ဂျင်း ၅လွှာ
နာနတ်ပွင့် ၄/၅ပွင့်
ရှားကောမှုန့် လဘက်ရည်ဇွန်းတစ်ဝက်ခန့် နဲ့
နှမ်းဆီမွှေး လဘက်ရည်ဇွန်း ၁ဇွန်းခွဲခန့် ထည့်ပြီး အဖုံးအုပ်ကာ အသားနူးပြီး အရည်စပ်စပ်ကလေးကျန်တဲ့ထိချက်ပေးရပါတယ်
ဒီနည်းနဲ့ ချက်ထားတဲ့ ကြက်အချိုပေါင်းကို ထမင်းဖြူ ပူပူလေးနဲ့ပဲဖြစ်ဖြစ် ဆီချက်ခေါက်ဆွဲနဲ့ဖြစ်ဖြစ်
ဒါမှမဟုတ် ဂျုံခေါက်ဆွဲအလွတ်နဲ့ပဲ ဖြစ်ဖြစ် တွဲဖက်စားနိုင်ပါတယ် ကြက်သားအစား ဝက်သား ဝက်နံရိုးတို့လဲ ချက်လို့ရပါတယ် ဝက်သား/ဝက်နံရိုးကို ချက်မယ်ဆိုရင်တော့ ဗနီကာ/ရှာလကာရည်အနည်းငယ် ထည့်ချက်ပေးဖို့လိုပါတယ်
အအီပြေ တွဲဖက်စားဖို့ အချဉ်ကိုတော့
ညက်အောင်ကြိတ်ထားတဲ့ ငရုတ်သီးစိမ်း ကြက်သွန်ဖြူ
ပဲငံပြာရည်အကျဲ
သံပုရာရည်/ဗနီကာ
သကြားရည်
(အချိုမှုန့် စားရင် အနည်းငယ်) တို့ကို ရောပြီး ‌မပျစ်မကျဲကလေး ဖျော်ပေးပါတယ်
(တစ်လက်စတည်း အမေးများတဲ့ ရှားကောမှုန့်အကြောင်းလေး နဲနဲထည့်ပြောပါရစေ ရှားကော/ချောက်ကောကို ပုံစံဆင်တာကြောင့် ဇာတိဖိုလ်သီး (Nutmeg) လို့တချို့ အမှတ်မှားကြပါတယ် တကယ်ကရှားကောဆိုတာ တရုတ်ဟင်းခပ်အမွှေးအကြိုင်တစ်မျိုးပါ တရုတ်ဖာလာစေ့( Chinese cardamom / Black cardamom) လို့ ခေါ်ကြပါတယ် ကျမတို့နဲ့ ပိုရင်းနှီးတဲ့ ဖာလာစေ့ဆိုတာကတော့ အိန္ဒိယဟင်းခပ်အမွှေးအကြိုင်ဖြစ်ပြီး သူက green cardamom ဖြစ်ပါတယ်
နောက်တစ်ခုက ရှားကောနဲ့အတူတွဲပြီး အသုံးများတဲ့
ပါးကောမှုန့်ဆိုတာကတော့ နာနာပွင့် (star anise ) အမှုန့်ပါ)
(ဟင်းချက်နည်း / မုန့်လုပ်နည်း တွေကို လွတ်လပ်စွာ share နိုင်ပါတယ် မူရင်းပို့စ်ကို direct share တာမျိုး မဟုတ်ပဲ စာသားတွေကို copy & paste နဲ့ ကူးယူပြီး ပြန်လည်ဖြန့်ဝေခွင့်မပြုပါဘူးရှင့် 🙂 )

Credit to:

No comments:

Post a Comment