တနိုင်ငံလုံး သီလသမာသိပ်ကောင်း၊ သူတော်သူမြတ်ကောင်း၊ စည်းကမ်းကောင်း၊ တော်တတ်ထက်မြတ်နေမှ နိုင်ငံလိုက် ကောင်းလာမှာပါ၊ နိုင်ငံရေးလုပ်လိုသူကလည်း သီလသမာသိပ်ကောင်း၊ စည်းကမ်းကောင်း၊ သူတော်သူမြတ်ကောင်း၊ တော်တတ်ထက်မြတ်၊ အာဏာမရူးပါမှ တနိုင်ငံလုံး ကောင်းစားမှာပါ ဆိုတဲ့ အယူအဆတွေဟာ တကယ်တော့ အာဏာရှင်စနစ်အားပေး ပေါတောတော အယူအဆတွေပေါ့။
ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်တဲ့ အရာတွေကို မျှော်လင့်နေတဲ့ မနူးမနပ် အယူအဆတွေပေါ့။
အမှန်တော့ လိုက်နာကြပါ၊ ကျင့်သုံးကြပါ၊ အခုလို ဒုက္ခရောက်နေကြခြင်းဟာ မလိုက်နာ မကျင့်သုံးကြလို့ပါဆိုတဲ့ ပေါတောတော အယူအဆ မှာပဲ လမ်းဆုံးတယ်။
နောက်ဆုံး ဘာမှဖြစ်မလာရင် အချင်းချင်းတွေ ပတ်ချာလှည့် လက်ညှိုးထိုး အပြစ်တင်တယ်။
ဒေါမနဿ အထွဋ်လေးပါ တပ်လိုက်ရင် ဒီလိုလူတွေနဲ့ ဒီလိုနိုင်ငံမျိုး အာဏာရှင်နဲ့ပဲ တန်တယ်လို့ နိဂုံးခါးပတ် အပြီးသတ် တွေးပစ်တယ်။
အမှန်က စိတ်ကောင်းနှလုံးကောင်းမွေးပါ၊ အကျင့်ကောင်းပါ၊ စည်းကမ်းကောင်းပါ၊ တော်ပါထက်ပါ၊ အာဏာမရူးပါနဲ့ ပြောနေရမှာ မဟုတ်ဘူး။
သဘာဝမတူ လူတဦးနဲ့ တဦး၊ မျိုးတူအချင်းချင်း၊ မျိုးတူနဲ့ မျိုးကွဲကြား၊ အင်အားအကြီးနဲ့ အသေးကြား၊ မဏ္ဍိုင်ကြီးများအချင်းချင်း တစက်မှ ကျွံမလာနဲ့ ကျွံလာရင် နှိပ်ကွပ်မယ်ဆိုတဲ့ အပြန်အလှန် အထိန်းအကွပ်ကသာ အဓိက။
ဆိုလိုချင်တာက စိတ်ကောင်း၊ အကျင့်ကောင်း၊စည်းကမ်းကောင်းပါ ပြောမနေဘူး။
တဘက် ဒုက္ခရောက်လောက်အောင် ကျွံလာရင် နှိပ်ကွပ်မယ်။
ကိုယ်မကြိုက်တာတွေ လျှောက်ပြောနေရမှာမဟုတ်ဘူး။
လုပ်ရပ်တစ်ခုကြောင့် ဘယ်သူ့ကို၊ ဘာထိခိုက်သွားတယ် အထောက်အထားနဲ့ပဲ ပြော။
ထိခိုက်ကြောင်း သေချာရင် ဥပဒေရှိနေပြီလား အရင်ပြော။
ဥပဒေရှိသွားရင် ဥပဒေအတိုင်း အရေးယူလား ထပ်ပြောပေါ့။
ထိခိုက်မှုတွေအပေါ် ဆွေးနွေးအဖြေရှာ သတ်မှတ်တဲ့ ဥပဒေတွေအတိုင်း အရေးယူပါများလာရင် ဥပဒေတွေအတိုင်းပဲ သွားရပါများလာရင် မမြင်ရတဲ့အစိုးရဆိုတဲ့ စနစ်က သူ့ဟာသူ လည်ပတ်သွားတဲ့သဘောပေါ့။
အာဏာရူးချင်သလောက် ရူး၊ ကြိုက်သလောက်ပြိုင်၊ ဘောင်တော့ မကျော်လိုက်နဲ့ ဖမ်းဆုပ်မိတာနဲ့ နှိပ်ကွပ်မယ် ဆိုတဲ့ စနစ်သာ အဓိကပဲ။
တာဝန်ယူထားတယ်၊ ရလဒ်မရှိတဲ့ အရည်အချင်းမဲ့လို့ ထိခိုက်နေရင် ကျွံနေခြင်းပေါ့။
ဘယ်လို၊ ဘာနဲ့ ထိန်းကွပ်သလဲ?
ဒီနိုင်ငံက လူလူချင်း ဆရာပတ်လုပ်ချင်၊ ဆုံးမချင်နေကြပြီး အဆုံးသတ်ကျ အာဏာရှင်အားပေး အယူအဆအောက် ရောက်နေသူတွေချည်းပဲ။
Credit to:

No comments:
Post a Comment