Tuesday, October 28, 2025

စာသင်ခန်းထဲက Diversity

ငယ်ငယ်တုန်းက စာသင်ခန်းထဲမှာ ဘာသာမတူလို့၊ တိုင်းရင်းသားမို့လို့၊ အသားညိုလို့၊ အိမ်ရဲ့စီးပွားရေးအခြေအနေကြောင့်မို့လို့၊ ခန္ဓာကိုယ်ရဲ့ပုံပန်းသွင်ပြင် (ပု၊ရှည်၊ဝ၊ပိန်) ကြောင့်မို့လို့၊ လိင်စိတ်တိမ်းညွှတ်မှု ခံယူမှုဟာ အများနဲ့တစ်သားတည်းဖြစ်မနေလို့ ဆိုပြီး စိတ်အနှောင့်အယှက်ပေးတာခံရဖူးလား။ ဆရာမကဘဲဖြစ်ဖြစ်၊ ကျောင်းသားအချင်းချင်းကဘဲဖြစ်ဖြစ်နော်။ သေချာတာတစ်ခုက အတည်ပေါက်သော်လည်းကောင်း၊ စရင်းနောက်ရင်းနဲ့သော်လည်းကောင်း အနည်းနဲ့အများတော့ ကိုယ့်ရဲ့ ဖြစ်တည်မှု Identity အပေါ်လိုက်ပြီး စိတ်အနှောင့်အယှက်အပေးခံရဖူးတဲ့လူတွေရှိမယ်ထင်ပါတယ်။ ဒါတွေဟာ ဘာကြောင့်လဲလို့မေးရင် ကိုယ်တို့ရဲ့ လွန်ခဲ့သော စာသင်ခန်းတွေဟာ Diversity ဆိုတဲ့ "ကွဲပြားစုံလင်မှု" ရဲ့အလှတရားကို မမြင်တတ်ခဲ့လို့ လို့ဘဲပြောရမှာပါ။ ဒီအကြောင်းလေးကို ရေးချင်တာကြာပါပြီ။ ဒါပေမယ့် သဘောထားကွဲလွဲနိုင်ကြတဲ့အမြင့်ဆုံးအခြေအနေမှာရှိနေတာကတစ်ကြောင်း တစ်ဖက်က (UoGlasgow) က သင်ယူစရာတွေမပြီးသေးတာကတစ်ကြောင်း နဲ့မို့ မရေးဘဲ အောင့်ထားခဲ့ရတာပါ။ ကိုယ်ကိုယ်တိုင်ဟာလည်း ကိုယ့်ရဲ့ sexual orientation နဲ့ appearance ကြောင့် အထက်တန်းတုန်းက အတော်လေး စိတ်ဆင်းရဲခံခဲ့ရတဲ့အခါ ကိုယ်ဆရာဖြစ်လာတော့ ဒီ Diversity, Equity and Inclusion ရဲ့ Education အပေါ်လာပြီး သက်ရောက်မှုကို ဇောက်ချလေ့လာဖို့ အားတစ်ခုဖြစ်ခဲ့ပါတယ်။ အခု post လေးမှာတော့ Diversity in Classroom ဆိုတာနဲ့ပတ်သတ်ပြီး ကိုယ်လေ့လာထားသလောက် မျှဝေပါရစေ။ အရောင်အသွေးစုံလင်လှတဲ့ မြန်မာနိုင်ငံရဲ့ စာသင်ခန်းတွေမှာ မတူညီကြတဲ့ ယဉ်ကျေးမှု၊ လူမျိုးရေး၊ ဘာသာစကားနှင့် လူမှုစီးပွားရေး နောက်ခံဆိုတာတွေက အများကြီးထင်ဟပ်နေတာကို သတိထားမိမယ်ထင်ပါတယ်။ စာသင်ခန်းတွေထဲက Diversity ကို လက်ခံထားနိုင်တယ်ဆိုတဲ့ အခြေအနေတစ်ရပ်ဟာ ကိုယ်တို့ Society ရဲ့ မတူညီကြတဲ့ တစ်ဦးချင်းစီမှာရှိတဲ့ အလှတရားကို အသိအမှတ်ပြုရုံသာမကဘဲ အားလုံးပါဝင်ပြီး ကြွယ်ဝတဲ့ သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးဖို့ရာ လိုအပ်တဲ့ အခြေခံအချက်တစ်ချက်ပါ။ ဒါဆိုရင် ဒီလိုအလှတရားတွေ သင်ယူမှုရပ်ဝန်းတွေကိုဖန်တီးနိုင်ဖို့ တစ်နည်းအားဖြင့် Diversity ကို ပျိုးထောင်နိုင်ဖို့ရာ ဘာတွေလုပ်ကြရမလဲဆိုတာကို လေ့လာကြည့်ကြရအောင်။ 1️⃣ Realize the meaning of Diversity Diversity ကိုပျိုးထောင်ကြဖို့ရာ Diversity ကဘာလဲဆိုတာသိဖို့ လိုအပ်တာပေါ့။ Diversity ဆိုတာဘဲလဲ? မြန်မာလိုဆိုရင်တော့ "ကွဲပြားစုံလင်မှု" လို့ကိုယ်က လှလှလေးဘာသာပြန်ပါမယ်။ ဘာတွေကွဲပြားပြီး ဘယ်လိုအရာတွေ စုံလင်နေတာလဲဆိုရင် - Race - Religion - Ethnicity - Nationality - Socioeconomic Backgrounds - Values - Culture - Gender - Sexual Orientation စတာတွေအပြင် Academic Perspective ရဲ့ - Physical Ability - Intellectual Ability - Learning Styles စတာတွေပါဝင်ပါတယ်။ ဒီ factor တွေဟာ တစ်ယောက်ချင်းစီမှာ ကွဲပြားမှုတွေရှိနေနိုင်ပြီး ကွဲပြားသူများပေါင်းစုလာကြတဲ့ ကိုယ်တို့ စာသင်ခန်းတွေမှာ စုံလင်မှုတွေရှိလာပါတယ်။ ဒါကို Diversity လို့ပြောကြရအောင်ပါ။ 2️⃣ Know the importance of Diversity အိုခေ၊ ဒါဆိုရင် Diversity ကို ဘာလို့အဲ့လောက်တောင် အရေးပေးသင့်လဲ ဘာလို့ အရေးကြီးလဲဆိုတာကိုသိအောင်လုပ်ကြရအောင်။ 🔺 Broader Perspective စုံလင်မှုတွေရှိလာတဲ့အခါ ကိုယ်တို့ရဲ့စာသက်ခန်းဟာ ပိုပြီးကျယ်ပြန့်တဲ့ ဖြန့်ကျက်တွေးခေါ်မှုတွေကိုဆောင်ရွက်လာနိုင်ပါတယ်။ ကွဲပြားတဲ့ နောက်ခံအခြေအနေတွေက လာရောက်ပြီး ပေါင်းစည်းစုံလင်ကြရတာမို့ စုံလင်တဲ့ အတွေးအခေါ် ယူဆချက်တွေရှိလာတဲ့အခါ Peer Learning ကိုတစ်ဖုံ၊ Collaborative Learning ကိုတစ်သွယ် ချဉ်းကပ်ဖို့ အောင်မြင်သွားပါပြီ။ 🔺 Enhance the Adaptability အမြဲတမ်းပြောင်းလဲ နေထိုင်ကျင့်သုံးနေရတဲ့ လောကသဘာဝကြီးမှာ လိုက်လျောညီထွေစွာ ပြုမှုဆက်ဆံနိုငိဖို့၊ ဆောငိရွက်နိုင်ဖို့ဆိုတဲ့ Adaptability ဟာ အရမ်းအရေးကြီးပါတယ်။ ဒီအရာကို ကိုယ်တို့ရဲ့ Diversity က အများကြီးလေ့ကျင့်ပေးနိုင်ပါတယ်။ စုံလင်တဲ့အတွေးအခေါ်တွေ အယူအဆတွေရှိနေတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ဘယ်လိုသင်ယူမလဲ လိုက်လျောညီထွေစွာဆောင်ရွက်နိုင်မလဲဆိုတာကို တစ်ပါတည်း လေ့ကျင့်ပေးနိုင်တဲ့ အခြေအနေတစ်ရပ်လည်းဖြစ်ပါတယ်။ 3️⃣ What happens when there's no Diversity in our classrooms? အဲ့ဒါမရှိတော့ရင် ဘာတွေဖြစ်သွားမှာလဲပေါ့။ ကဲ ဒါကိုဆက်မဖတ်ခင် ငယ်ငယ်က ကျောင်းကအခြေအနေတွေကို ပြန်စဉ်းစားကြည့်ရအောင်။ တစ်ခန်းလုံးရဲ့ အဖေနဲ့အမေမှာ ဦးဘနဲ့ဒေါ်လှဖြစ်ခဲ့ချိန်တွေ၊ တခြားနည်းနဲ့တွက်လို့ အမှတ်မပေးဘူးဆိုတဲ့ သင်္ချာချိန်တွေ၊ ပုလို့ ဝလို့ ဂျပု/ဖက်တီး အခေါ်ခံရတဲ့အချိန်တွေ၊ တိုင်းရင်းသားမို့စကားမပီတဲ့အခါ မတ်တပ်ရပ်ပြီး အရယ်ခံရချိန်တွေ၊ ဘဝတွက်တာစာအုပ်ထဲက HIV protection အခန်းမှာ လိင်တူ လိင်ကွဲဆက်ဆံခြင်းဆိုတာကို မရှင်းလို့မေးတဲ့အခါ Gay တိုင်းကို HIV ဖြန့်ဖြူးသူဇာတ်သွင်းခဲ့ချိန်တွေရောပေါ့။ တွေးပြီးပြီဆို ကြည့်ရအောင်_ 🔺 Limited Perspective တစ်ဖက်တည်းကဘဲကြည့်တတ်လာမယ်၊ တွေးခေါ်မှုတွေဟာ ကန့်သက်ထားတဲ့အတွက် ပုံစံခွက်ထဲကို ရောက်လာပြီ။ တစ်ဖက်သားအပေါ်နားလည်စာနာမှုဟာအဝေးကိုရောက်။ အခုလက်ရှိ ငါနဲ့မတူငါ့ရန်သူ၊ ဘယ်သူ‌ေ-သ ‌ေ-သ ငတေမာပြီးရော စိတ်ဓာတ်တွေဟာ ဒီကစတာပါဘဲ။ 🔺 Stereotyping & Bias ကြောက်ဖို့အကောင်းဆုံးဘဲ။ တစ်ဖက်ပိတ်၊ တစ်ယူသန် စိတ်ဓာတ်တွေ။ ဘောင်ခပ်ထားတဲ့အတွေးအခေါ်တွေထဲမှာဘဲ တစ်ယူသန်စနစ်နဲ့ တွေးခေါ်ကြတယ်။ ဒီတစ်ဖက်နဲ့လွဲပြီးဆိုတာနဲ့ မှားတယ် ဆိုတဲ့ concept ဆီရောက်လာပြီပေါ့။ ဒါကိုဘဲ ထပ်ပြီးလက်ဆင့်ကမ်းကြလေရဲ့။ Gender ခွဲခြားမှုတွေ၊ Inequality, Discrimination တွေဟာ ဒီကနေ စတင်တယ်။ 🔺 Missing Learning Opportunity Diversity of Learning Styles ပိုင်းကကြည့်မယ်ဆိုရင်လည်း မတူညီတဲ့ သင်ယူမှုပုံစံတွေအတွက် သင့့်လျော်မယ့် သင်ကြားမှုကိုပေးဖို့ဆိုတာထက် တစ်သမတ်တည်းသွား ဒါမရ နင်ကျ နင်ညံ့ဆိုတဲ့ အခြေအနေကြီးဆီဦးတည်လာမယ်။ ကလေးတွေဟာ သူတို့ရဲ့ သင်ယူမှုပုံစံအပေါ်မူတည်ပြီးတက်ကြွစွာသင်ယူခွင့်ပျောက်ဆုံးလာမယ်။ ကြောက်ဖို့ကောင်းတယ်။ အများကြီးရှိသေးပေမယ့် ဒီမှာ ခဏလောက်ရပ်ကြမယ်။ 4️⃣ How to Embrace the Diversity? ဆိုတော့ Diversity ကို ပျိုးထောင်ဖို့ရာ နည်းလမ်းတွေကိုကြုံတုန်းလေးမျှဝေပေးပါရစေ။ 🥲 လက်တွေ့လည်းသုံးကြပေါ့နော်။ 🔺 Build an Inclusive Environment အားလုံးပါဝင်နိုင်သောပတ်ဝန်းကျင်ကို ပြုစုပျိုးထောင်ခြင်းကအဓိကကျပါတယ်။ ကျောင်းသားတိုင်းဟာ သူတို့ရဲ့နောက်ခံအ‌ခြေအနေ၊ ဖြစ်တည်မှု၊ ထူးချွန်မှု၊ မပြည့်ဝမှု စတာတွေကို မခွဲခြားဘဲ တန်ဖိုးထား၊ လေးစား၊ ထောက်ခံခြင်း‌ေတွကို ခံစား‌ရသေတဲ့ အားလုံးပါဝင်နိုင်တဲ့ သင်ယူမှုရပ်ဝန်းတစ်ခုကို တည်ဆောက်ပါ။ 🔺 Share Values, Show Respect ကိုယ် ရေးခဲ့ဖူးပါတယ် Diverse Community Situation ရောက်နေပြီဆိုရင် Value တွေရဲ့အရေးပါပုံတွေကိုပေါ့။ ဆိုတော့ ကိုယ့် value, သူ့ value တွေသိကြတဲ့အခါ အချင်းချင်းလေးစားပေးရင်း Diversity ကို ပိုကောင်းမွန်လာအောင်ဆောင်ရွက်နိုင်ပါတယ်။ ဆရာကိုယ်တိုင်ကလည်း show respect ဖြစ်ဖို့လိုသလို ကျောင်းသားတွေကိုလည်း encourage လုပ်ပေးဖို့လိုပါတယ်နော်။ 🔺 Allow the students work together and collaborate ပူးပေါင်းဆောင်ရွက်မှုနှင့် အဖွဲ့လိုက်လုပ်ဆောင်မှုကို မြှင့်တင်တာကလည်း အရေးပါတဲ့ကိစ္စတစ်ခုပါ။ ကျောင်းသားတွေကို စုံလင်တဲ့အရည်အချင်း၊ နောက်ခံအခြေအနေရှိကြတဲ့ အတန်းဖော်အချင်းချင်း လုပ်ဆောင် အခွင့်အလမ်းတွေပေးတာဟာ Mutual Respect, Mutual Understanding နဲ့ Empathy ‌စတာတွေကို အများကြီး Educate လုပ်ရာရောက်သလို ဒီ အခြေအနေတွေဟာလည်း Diversity အတွက် ခိုင်မာဖို့ အနေအထားတွေဖြသ်လာစေတာပါ။ 🔺 Professional Educating for Educators ဆရာ၊ ဆရာမအချင်းချင်း Educate လုပ်ကြဖို့လည်းလိုအပ်ပါတယ်နော်။ အချင်းချင်း အပြန်အလှန် ကူညီသင်ကြားဖေးမပေးကြရင်းနဲ့ ပိုမိုစုံလင်လှပတဲ့ အခြေအနေ ရှိတဲ့ စာသင်ခန်းကြီးတစ်ခုကို တည်ဆောက်နိုင်မှာပါ။ ကဲ အချုပ်ပြောရရင်တော့_ ကိုယ်တို့ရဲ့ စာသင်ခန်းထဲမှာ ကွဲပြားစုံလင်မှု Diversity ကို လက်ခံပျိုး‌ေထာင်ထားနိုင်ခြင်းက Society ရဲ့ Diverse Beauty ကို ထင်ဟပ်စေရုံသာမကဘဲ ကြွယ်ဝစံုလင်တဲ့ သင်ယူမှုအတွေ့အကြုံတွေဆီကိုသွားနိုင်ဖို့ လမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်။ Diversity ရဲ့အလှတရားကို တန်ဖိုးထားရင်း ကိုယ်တို့ရဲ့ကျောင်းသား‌ေတွ အပြန်အလှန်ချိတ်ဆက်နေတဲ့ကမ္ဘာကြီးမှာ ကောင်းကောင်းရပ်တည်ရှင်သန်နိုင်တဲ့ ကမ္ဘာ့နိုင်ငံကြီးသားများဖြစ်လာစေဖို့အတွက် အကောင်းကြိုးစားသွားကြရအောင်ပါ။ 🤍

ဆရာ/ဆရာမအစစ် ဖြစ်ချင်ရင်

ဒီစာကိုရေးရင် ဖတ်ရသူအများအဖို့ စိတ်မသက်မသာဖြစ်ပြီး အဆဲခံရနိုင်တာကိုလည်း တွေးမိပါတယ် (အပြင်မှာမဟုတ်ရင်တောင် စိတ်ထဲက ဆဲသွားကြမှာဘဲလေ)။ အမြင်ကပ်ပြီး reach မတက်အောင် ကျော်သွားကြမှာကိုလည်း သိပါတယ်။ ဘာလို့ဆို မြန်မာနိုင်ငံမှာ စံလွဲနေမှုက တစ်နေ့ထက်တစ်နေ့ များသည်ထက်များလာလို့ပါ။ ဒါကြောင့်ရေးပါမယ်။ 👩‍🏫 ဆရာ (teacher) တစ်ယောက်ဖြစ်ဖို့လွယ်သလား။ လွယ်တယ် မလွယ်ဘူးဆိုတာဟာ သက်မှတ်ချက်တစ်ခုမို့ ဒီနေရာမှာ ကျော်သွားပြီး နောက်ဆုံးမှသာဖြေကြည့်ကြရအောင်ပါ။ မေးခွန်းကိုပြောင်းလိုက်မယ်။ 👩‍🏫 ဆရာတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်သလဲ။ Instructor နဲ့ Teacher မကွဲဘဲ ဘွဲ့ရတာနဲ့ စာသင်ကြတဲ့ မြန်မာနိုင်ငံမှာ ဒီမေးခွန်းမေးရတာ နည်းနည်းရှက်စရာပါ။ - ဘွဲ့ရရုံနဲ့ရရောလား - စာရှင်းပြနိုင်ရုံနဲ့ရရောလား - စာတော်ရုံနဲ့ရရောလား - နာမည်ခံလိုက်ရုံနဲ့ရရောလား - ဆယ်တန်းအမှတ် စာမေးပွဲအမှတ်ကောင်းရုံနဒ့ရရောလား ဆရာတစ်ယောက်ဖြစ်ဖို့အတွက် Dimension ပေါင်းစုံကနေ လိုအပ်တဲ့ Qualifications တွေမရေမတွက်နိုင်အောင်ရှိပါတယ်။ ဒီထဲကမှ လူအပြောများကြတဲ့ Qualifications Categories ၃ခုကို ‌တစ်ချက်ကြည့်ကြည့်ရအောင်။ 💟 Personal Qualifications 💟 Academic Qualifications 💟 Professional Qualifications ဆရာ/ဆရာမ အစစ်ဆိုရင် သိပြီးဖြစ်မှာပါ။ အရေးအကြီးဆုံး Key Factors တွေကိုဘဲ စုစည်းပြီးအောင်မှာ ဆက်ဖော်ပြပေးပါမယ်။ 💟 Personal Qualifications Personal Qualifications ဆိုတာကတော့ ဆရာ/ဆရာမ တစ်ယောက်ဖြစ်ဖို့အတွက် ဖြစ်နိုင်ဖို့အတွက် လူတစ်ယောက်မှာ ရှိထားသင့်တဲ့ ကိုယ်ပိုင်ရှိရင်းစွဲ စိတ်နေသဘောထားစွမ်းဆောင်ရည်ကိုပြောတာပါ။ ဆရာ/ဆရာမ တစ်ယောက်ဖြစ်ဖို့ ရှိသင့်တဲ့ ကိုယ်ပိုင်ကိုယ်ရည်ကိုယ်သွေးလို့အလွယ်ပြောလို့ရပါတယ်။ ဘာတွေပါလဲဆက်ကြည့်ပါ။ 🌟 Ethics & Integrity (ကျင့်ဝတ်သိက္ခာနှင့် သမာဓိ) ဆရာ/ဆရာမ တစ်ယောက်ဖြစ်လာဖို့ဆိုရင် ဒီလူတစ်ယောက်သာ လူမှုအဖွဲ့အစည်းမှာ ကျင့်ဝတ်သိက္ခာနဲ့ အညီရပ်တည်နိုင်တဲ့လူတစ်ယောက်ဖြစ်ဖို့လိုပါတယ်။ ဒါ့အပြင် စာသင်ကြားဖို့ပြင်ဆင်ဆောင်ရွက်ရာမှာ၊ သင်ကြားနေစဉ်မှာ၊ အကဲဖြတ် စစ်ဆေးရာမှာ "ဘယ်သူမှ ထိုင်မကြည့်နေရင်တောင် အမှန်ဆုံးနဲ့ အကောင်းဆုံးကို ဆောင်ရွက်တတ်ဖို့" - သမာဓိ - ကလည်းဦးစွာလိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ 🌟 Love of Learning (သင်ယူခြင်းကိုချစ်မြတ်နိးမှု) Teachers are forever learners လို့ဆိုတဲ့အတိုင်း အမြဲသင်ယူလေ့လာလိုစိတ်ပြင်းပြသူ လေ့လာဦးဆောင်သူတွေဖြစ်နေမှသာ ဆရာ တစ်ယောက်ဖြစ်ဖို့ရာ သင့်တော်ကိုက်ညီမှာဖြစ်ပါတယ်။ ဒီနေရာမှာ ဘွဲ့တွေ ဒီဂရီတွေ လက်မှတ်တွေဆိုလိုတာမဟုတ်ပါဘူး။ အမြဲပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ ကိုယ့်ရဲ့ စွမ်းဆောင်ရည်၊ အသိပညာ ကို အမြဲမပြတ်လေ့လာသင်ယူနေခြင်းကိုဆိုလိုပါတယ်။ 🌟 Compassion (ကရုဏာတရား) ကြင်နာ သနားတတ်တဲ့ စိတ်ရင်းခံ ကိုယ်ရည်ကိုယ်သွေးဟာလည်း ကလေးတွေနဲ့ ဆက်ဆံပြောဆိုရာမှာ ကောင်းသည်ထက်ကောင်းအောင် လမ်းညွှန်ပြသနိုင်ဖို့ရာ တွန်းအားတစ်ခုဖြစ်စေပါတယ်။ 🌟 Sense of Humor (ဟာသဉာဏ်) စာသင်ခန်းထဲမှာ ဘာသံမှမကြားချင်ဘူး လက်ကိုပိုက် ပြောတာနားထောင် ဆိုတဲ့ ခေတ်ကကုန်သွားပါပြီ။ အတန်းထဲမှာ ရှိတဲ့ ကလေးတွေရဲ့ stress, anxiety တွေကိုလျော့ချနိုင်ဖို့ ပျော်စရာကောင်းတဲ့ သင်ယူမှုပတ်ဝန်းကျင်ကိုဖန်တီးနိုင်ဖို့ အဆိပ်အတောက်မဖြစ်သော ဟာသဉာဏ်ရှိမှုဆိုတဲ့ ကိုယ်ရည်ကိုယ်‌သွေးဟာလည်းအရေးကြီးပါတယ်။ 🌟 Flexibility & Adaptability (လိုက်လျောညီထွေစွာ ဆောင်ရွက်နိုင်စွမ်း) အပေါ်မှာပြောခဲ့သလို The world is changing every single second ပါ။ ဒါကြောင့် ဆရာ/ဆရာမ တစ်ယောက် ဟာ ဘယ်မှာပဲ သင်မယ်၊ ဘယ်လိုပဲသင်တတ်တယ်၊ ဘယ်သူ့ကိုပဲသင်ချင်တယ် ဆိုတာမျိုး လုပ်လို့မရနိုင်ပါဘူး။ လိုက်လျောညီထွေစွာ ကိုက်ညီပြုမူတတ်ဖို့လိုအပ်ပါတယ်။ တစ်ယူသန် တစ်စွန်းရောက် ကိုယ်ရည်ကိုယ်သွေးဖြစ်လို့လည်းမရပြန်ပါဘူး။ 🌟 Creativity (ဆန်းသစ်ဖန်တီးနိုင်မှု) ဒီနေရာမှာ creativity ဆိုတာဟာ ပစ္စည်းတွေ အရာတစ်ခုခုဖန်တီးဆန်းသစ်နိုင်တာတင်မကပါဘူး။ သင်ကြားနည်းသစ်တွေ၊ ပြုစုပျိုးထောင်မှုနည်းနာတွေကို တစ်သမှတ်ပုံသေမဟုတ်ဘဲ အခြေအနေနဲ့အချိန်အခါပေါ်ကိုက်ညီ ပြီး ဆန်းသစ်နိုင်စွမ်းကိုလည်းဆိုလိုပါတယ်။ 🌟 Attitude towards success (အောင်မြင်မှုသို့ရှေးရှုသောစိတ်ထား) ဆရာ/ဆရာမ လုပ်မယ်ဆိုရင် "မရနိုင်ပါဘူး" "နင်တို့မဖြစ်နိုင်ပါဘူး" "ငါမလုပ်နိုင်ပါဘူး" ဆိုတဲ့ စိတ်‌နေသဘောထားမျိုးရှိလိူ့မရပါဘူး။ ပထမဦးစွာ ကိုယ့်ကိုယ်ကို အောင်မြင်ဖို့ရာဦးဆောင်နိုင်ရပါမယ်။ ဒါမှသာ ကျောင်းသားတွေရဲ့ အောင်မြင်မှု၊ သင်ကြားသင်ယူခြင်းရဲ့ အောင်မြင်မှုကို ရှေးရှုဦးတည်နိုင်မှာဖြစ်ပါတယ်။ 🌟 Teacher Aptitudes (ဆရာ့ပါရမီ) Teacher Aptitudes ဆရာ့ပါရမီ ဆိုတာကတော့ natural talents or skills လို့ပြောရမှာပါဘဲ။ မွေးရာပါ ပါလာတဲ့ ဆရာ့မာန် ဆရာ့စိတ် လို့ပြောရင်လည်းမှားမယ်မထင်ပါဘူး။ ဒီထဲမှာ ဆရာတစ်ယောက် ကောင်းမွန်သွာ ရပ်တည်၊ သင်ကြား၊ ပြောဆို၊ ဆုံးမ၊ ဆက်ဆံနိုင်ဖို့ရာ အဆင်သင့်ဖြစ်/လိုအပ်တဲ့_ - communication - trust building - nurturing - patient - attention - critical thinking အပြင်အခြားသော စွမ်းဆောင်ရည်တွေပါဝင်နေပါသေးတယ်။ ဒါတွေကတော့ ဆရာ/ဆရာမ တစ်ယောက်ဖြစ်ဖို့ရာအတွက် တစ်ဦးတစ်ယောက်ဆီမှာရှိသင့်တဲ့ ရှိရင်းစွဲ ကိုယ်ရည်ကိုယ်သွေးတွေဖြစ်ပါတယ်။ စာဖတ်သူဟာ ဆရာ/ဆရာမ အစစ်တစ်ယောက်ဆိုရင် ပြန်စစ်ဆေးကြည့်ပါဦး။ 💟 Academic Qualifications ဒါကတော့ ဆရာ/ဆရာမ တစ်ယောက် ဖြစ်ဖို့အတွက် မရှိမဖြစ် အခြေခံလိုအပ်တဲ့ "ပညာရပ်ဆိုင်ရာ" အရည်အသွေးတွေပဲဖြစ်ပါတယ်။ ပညာရပ်ဆိုင်ရာအ‌ရည်အသွေးတွေဟာ ဆရာ ဆရာမဖြစ်ခြင်း အပြင် ဆရာ/ဆရာမ အဖြစ် အသိအမှတ်ပြုခံရခြင်း နဲ့လည်း တိုက်ရိုက်အချိုးကျပြန်ပါတယ်။ 🌟 Relatable Degree (သက်ဆိုင်ရာ ဘွဲ့ ဒီဂရီ) ဆရာ/ဆရာမ တစ်ယောက်အဖြစ်ရပ်တည်ဖို့ဆိုရင် ပညာရေးနဲ့သက်ဆိုင်တဲ့ Degree တစ်ခုခုလိုအပ်ပါတယ်။ B.A. (Edn), B.Ed., M.Ed., Ed.D., Ph.D. (Edn) စသည်ဖြင့်ပေါ့။ ဒါမှာ ခိုင်မာရေရာတဲ့ ရပ်တည်ချက်တစ်ခုအဖြစ်ရှိနိုင်မှာဖြစ်ပါတယ်။ ***ပညာရေးအဆင့်အတန်းမြင့်မားတဲ့နိုင်ငံတွေမှာ ဘာဘွဲ့နဲ့ဘဲကျောင်းပြီးထားထား စာသင်မယ် ဆရာ ဆရာမလုပ်မယ်ဆိုရင် M.Ed. လိုမျိုးဆက် Join ပြီးမှသာ လိုင်စင်လျှောက်ခွင့်ရနေချိန် မြန်မာနိုင်ငံမှာ M.B.B.S ပြီးတာနဲ့ ဘိုင်အိုသင်ပြီးအထင်ကြီးထံနေရတာဟာ စဉ်းစားစရာပါ။ 🌟 Subject Matter (ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု) ဆရာ/ဆရာမ တစ်ယောက်ဟာ မိမိအနေနဲ့ သင်ကြားမယ့် ဘာသာရပ်ရဲ့ အနက်ရှိုင်းဆုံးနေရာထိ လေ့လာ သင်ယူထားဖို့လိုအပ်ပါတယ်။ ဖတ်စာအုပ်ကြည့်ပြီးသင်တတ်တယ်ဆိုတာထက် ဒီစာအုပ်ရဲ့ အလွန် (Beyond the course book) မှာရှိတဲ့ ပညာရပ်ဆိုင်ရာကို သိရှိထားဖို့ကလည်း အဓိကကျလိုအပ်ပါတယ်။ 🌟 Teaching credentials & certificates (ဆရာဖြစ်လက်မှတ်/လိုင်စင်/ထောက်ခံချက်) ဆရာတစ်ယောက်အဖြစ်ရပ်တည်ဖို့ရာ လိုအပ်တဲ့ ထောက်ခံချက်လိုင်စင်များ၊ ထောက်ခံချက်များ၊ အသိအမှတ်ပြုလက်မှတ်များကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်ပြန်ပါတယ်။ 🌟 Methodology Coursework (သင်ပြနည်းနာနှင့် လေ့ကျင့်မှု) စာရှင်းပြတတ်တာနဲ့ "I'm a teacher" ဆိုရင် နတ်ပြည်ကြွလိုက်ပါ။ သင်ပြနည်းနာ methodology ဆိုတာမသိဘဲ စာသင်နေကြတာဟာ ကလေးတွေရဲ့ သင်ယူမှုကို ဖျတ်ဆီးတာနဲ့တူတူပါဘဲ။ Methodology မှာမှ - Pedagogy - Andragogy - Heautagogy စတဲ့ နည်းနာ နည်းလမ်းပေါင်းများစွာကို ‌လေ့လာ၊ လေ့ကျင့်၊ သိရှိထားမှ မတူညီတဲ့ ကလေးတွေကို မတူညီတဲ့နည်းလမ်းပေါင်းများစွာနဲ့ မတူညီတဲ့အခြေအနေတွေမှာ အမှန်ကန်ဆုံး လမ်းပြနိုင်မှာဖြစ်ပါတယ်။ "Not every method is effective for everyone everytime" ဆိုကြောင့် ဒီအရည်အသွေးဟာ ဆရာ/ဆရာမ တစ်ယောက်အတွက် အဓိကလိုအပ်ပြန်ပါတယ်။ 🌟 Student Teaching (Practical) (လက်တွေ့သင်ကြားမှု) လက်တွေ့သင်ကြားမှု၊ နေ့တိုင်းစာသင်ကြားတာထက် ကိုယ့်ရဲ့ စီနီယာတွေ အတွေ့အကြုံရင့်သူတွေရှေ့မှာ micro teaching သဘောမျိုး သင်ပြနိုင်စွမ်း သင်ပြထားတဲ့ အတွေ့အကြုံတွေက အမှန်တကယ် လိုအပ်ပါတယ်။ 🌟 Curriculum Development (သင်ရိုးညွှန်းတမ်းဆိုင်ရာ သိနားလည်မှု) ဆရာတွေဟာ မိမိတို့အနေနဲ့ စာသင်ကောင်းရုံနဲ့မပြီးပြန်ပါဘူး၊ ကိုယ်သင်ကြားနေတဲ့ အသုံးပြုနေတဲ့ သင်ရိုးရဲ့ အတိမ်အနက်ကိုနားလည်လေ့လာဖို့ လိုအပ်ပါတယ်။ ဒါမှ objectives ပြည့်မီခြင်း၊ အကဲဖြတ်လေ့လာခြင်း၊ လုပ်ငန်းစဉ်အလိုက် လိုက်လျောညီထွေစွာ ‌သင်ကြားခြင်း စတာတွေမှာ လွယ်ကူအဆင်ပြေမှာဖြစ်ပါတယ်။ 🌟 Continuing Education (ဆက်လက်ဖြစ်တည်နေသောပညာရေး) ပညာရေးအခေါ်အရ CPD (Continuing Professional Development) လို့လည်းခေါ်ပါတယ်။ တစ်နှစ်မှာ ဒိအတန်းဒီစာအုပ်ဒါကိုသင်တယ် နောက်နှစ်ဒါဘဲသင်ရမယ် ဒါဘဲ‌လေ့လာတယ် ငါရပြီးသားပါ အလွတ်သင်လို့ရပါတယ်ဆိုတာမျိုးတွေးတတ်ကြရင်အဆင်မပြေပါဘူး။ အမြဲသင်ယူပြီး မိမိကိုယ်ကို အချိန်နှင့်တပြေးညီ မြှင့်တင်တည်ဆောက်နေခြင်းဟာလည်း ဆရာ/ဆရာမတစ်ယောကိအဖြစ်ရပ်တည်ဖို့ရာလိုအပ်နေပြန်ပါတယ်။ ဒါတွေကတော့ ပညာရပ်ဆိုင်ရာ အရည်အသွေးတွေဖြစ်ပါတယ်။ ပြန်ဆန်းစစ်ကြည့်ကြပါဦးနော်။ 💟 Professional Qualifications Only professionals know professionalism. မိမိရဲ့ နယ်ပယ်၊ လုပ်ငန်းခွင်မှာ အဓိပ္ပါယ်ရှိတဲ့ being တစ်ခုအဖြစ် ဂုဏ်သိက္ခာရှိရှိ အချိန်ကြာကြာပျော်ရွှင်မှုရနိုင်ဖို့ဆိုရင် ဒီ professional qualification တွေကမရှိမဖြစ် ဖြစ်ပါတယ်။ 🌟 Professional Ethics (ဆရာကျသော ကျင့်ဝတ်သိက္ခာ) ဒါကတော့ ဆရာ/ဆရာမ တစ်ယောက်အနေနဲ့ဆိုရင် ဘက်မလိုက်ဘဲ ဆုံးဖြတ်နိုင်တာ၊ ကျင့်ဝတ်ကိုစောင့်ထိန်းတာ၊ လာဘ်မစား/မပေးတာ၊ ကျောင်းသားရဲ့ privacy ကိုစောင့်ထိန်းတာ ဒါတွေပါဝင်ပါတယ်။ ကျောင်းသားရဲ့ privacy ဆိုတဲ့နေရာမှာ personal data သာမက အမှတ်စာရင်း၊ behavior note, special care ဒါတွေကိုလည်း စောင့်ထိန်းဖို့လိုပါတယ်။ 🌟 Classroom Management (စာသင်ခန်းအား စီမံကွပ်ကဲမှု) စားပွဲခုံနေရာချတာနဲ့ classroom decorations က စလို့ ကျောင်းသားတွေစည်းကမ်းနဲ့အညီ ပျော်ပျော်ရွှင်ရွှင် နေထိုင်ပြုမှု ဆက်ဆံ သင်ယူနိုင်အောင်ဖန်တီးဆောင်ရွက်တာတွေအဆုံး ပါဝင်ပါတယ်။ 🌟 Lesson Planning (သင်နည်းမှတ်စု) စာသင်မယ်ဆိုရင် zoom ဖွင့် laptop ရှေ့ထိုင်ပြီး ပရမ်းပတာသွားလို့မရသလို စာအုပ်ဖွင့်ပြီး အခန်းထဲဝင် ပြောချင်တာပြောမယ်ဆိုရင်လည်း သင်ယူမှုဦးတည်ချက်ကိုရောက်ဖို့ဝေးစွ ဂယက်ထနေတာနဲ့တင် စာသင်ချိန်ကုန်သွားမှာပါ။ အစီအစဉ်တကျ အချိန်ကိုက် ထိရောက်စေဖို့ lesson planning ကလည်းအရေးကြီးပါတယ် ဒါဟာ professional teacher တစ်ယောက်အတွက် basic need ဖြစ်ပါတယ်။ 🌟 Assessment Skill ဆရာ/ဆရာမတစ်ယောက်ဟာ ‌ေကျာင်းသားတွေအတွက် စစ်ဆေးအကဲဖြတ်မှုတွေအမြဲ ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ဒါမှသာ Progress ကိုလည်းသိနိုင်မှာဖြစ်သလို Teaching Approach ကိုလည်း သုံးသပ်နိုင်မှာဖြစ်ပါတယ်။ စစ်ဆေးအကဲဖြတ်မှုဆိုတဲ့နေရာမှာ စာရွက်ကြီးပေါ်မေးခွန်းကြီးရေးပေး နေရာခွဲ ရော့ဖြေ Exam! ဆိုတာအပြင် formative assessment, summative assessment မျှတစွာအသုံးချနိုင်ခြင်း Table of specification မှာပါဝင်တဲ့ HOT (Higher order thinking) အထိရောက်အောင်‌ အကဲဖြတ်နိုင်တဲ့ မေးခွန်းများဖန်တီးစီစဉ်ခြင်းတွေလည်း ပါဝင်ပြန်ပါတယ်။ 🌟 Differentiation (ခွဲထုတ် စီစဉ်နိုင်မှု) မတူညီတဲ့ သင်ယူသူ ကျောင်းသားတွေအတွက် မတူညီတဲ့ လမ်းညွှန်မှုတွေသုံးဖို့လိုအပ်ပါတယ်။ ဒီနေရာမှာ "အနာနဲ့ဆေး တည့်အောင်ပေး" ဆိုသလို လိုအပ်တဲ့ကျောင်းသားကို လိုအပ်သလိုဖြည့်ဆည်းပေးနိုင်တာ၊ စစ်ဆေးအကဲဖြတ်ရာမှာလည်း အားလုံးအတွက် မျှတစွာ စဉ်းစားအကဲဖြတ်နိုင်တာမျိုးတွေဟာလည်း professional teacher တစ်ယောက်အတွက် လိုအပ်တဲ့အရာတစ်ဖြစ်ပါတယ်။ 🌟 Appearance (ပုံပန်းသွင်ပြင်) ဝတ်ပုံ စားပုံ ပြောပုံ ဆိုပုံ နေပုံထိုင်ပုံ အဆုံးစွန်ဆုံး Facebook ပေါ်မှာ စာတစ်ကြောင်း ရေးတာကအစ ကလေးတွေအတွက် အဆိပ်အတောက်မဖြစ်အောင် ဂရုစိုက်ရပါတယ်။ 🌟 Technology Integration (နည်းပညာ အသုံးချနိုင်စွမ်း) ***ဆရာဝဏ္ဏနဲ့ဆွေးနွေးရင် နည်းပညာကိုချန်ခဲ့လို့ ဘယ်ရမလဲ - ဆိုတဲ့ ကျွန်တော့် သူငယ်ချင်းပြောသလိုပါဘဲ။ ပြောရပါဦးမယ်။ နည်းပညာခေတ်မှာ ဆရာ/ဆရာမတွေအနေနဲ့ နည်းပညာကိုအသုံးချတတ်ဖို့ကလည်း လိုအပ်လာပါပြီ။ ဒီနေရာမှာ နည်းပညာကိုအသုံးချနိုင်တယ်ဆိုတာ *PowerPoint နဲ့ ပြင်ပြီးသင်တာ၊ *Zoom ကိုသုံးပြီး သင်တာမျိုးထက်ပိုပါတယ်။ ဒီနည်းပညာနဲ့ ကိုယ့်ရဲ့ ကျောင်းသားတွေရဲ့ သင်ယူမှုကို ဘယ်လိုမြှင့်တင်နိုင်မလဲ၊ heautagogical နည်းအရ သူတို့ကိုယ်တိုင် လေ့လာသင်ယူမှုတစ်အဖြစ် ဘယ်လိုဖန်တီးမလဲ၊ သင်ကြားမှုပြင်ဆင်ရေးတွေမှာ အချိန်ကုန်လူပန်း သက်သာအောင် ဘယ်လိုစီစဉ်မလဲ ဆိုတာတွေပါဝင်ပါတယ်။ 🌟 Teacher Leadership (ဆရာ့ဦးဆောင်မှုအခန်းကဏ္ဍ) Teacher Leadership ကိုမဆွေးနွေးခင်၊ Leader Teacher (LT) နဲ့ Teacher Leader (TL) ကိုကွဲပြားစေချင်ပါတယ်။ LT တွေဟာ အခွင့်အာဏာအရ ကျောင်းက‌ေသာ်လည်းကောင်း ခန့်အပ်ခြင်းခံထားရတဲ့ ရာထူးရထားတဲ့ ခေါင်းဆောင်ဆရာတွေဖြစ်ပါတယ်။ TL ကတော့ပြောင်းပြန်ပါ။ Every teacher can be teacher leader if....... ဟုတ်ပါတယ် ပိုမိုကောင်းမွန်တဲ့ အရွေ့တစ်ခုကိုသွားကြဖို့ ပါဝင်ဦးဆောင်ကြသူတွေ၊ မိမိရဲ့လုပ်ဖော်ကိုင်ဖက် ဆရာတွေ အတွက် မိမိရဲ့ ကျောင်းအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုတွေမှာ အားပေးကူညီတာ အကြံဉာဏ်ပေးတာ ဒါ့အပြင် မိမိရဲ့ ရပ်ရွာ community မှာ တက်ကြွစွာပါဝင်ဆောင်ရွက်တာတွေဟာ Teacher Leader တစ်ယောက်ရဲ့ ပြယုဂ်တွေဘဲဖြစ်ပါတယ်။ system တစ်ခုကို မပြောင်းနိုင်သေးဘဲ ရှိရင်းစွဲအတိုင်း လှိမ့်ပိမ့်ပြီးသွားနေရတာဟာ teacher leader တွေ ပျောက်ကွယ် (သို့) နည်းပါး နေလို့ဖြစ်ပါတယ်။ ဒါတွေကတော့ professional qualification တွေဖြစ်ပါတယ်။ စာအရှည်ကြီးဖတ်လာပေးလို့ ကျေးဇူးတင်ပါတယ်။ ဆိုတော့ ပထမမေးခွန်းကို ပြန်ဖြေကြည့်ချိန်တန်ပါပြီ။ "ဆရာတစ်ယောက်ဖြစ်ဖို့ လွယ်သလား" ဒီစာကိုရေးရတာဟာ အရမ်းဝမ်းနည်းပြီး စိတ်ဆိုးလို့ရေးတာပါလို့ ဝန်ခံချင်ပါတယ်။ ကျွန်‌တော် ဆယ်တန်းအောင်ပြီးလို့ စာစသင်ဖို့ကြိုးစားတဲ့အချိန်မှာ ၁၀တန်း ဇီဝ‌ေ‌ဗဒသင်ပြဖို့ - Diploma in General Science ကို အစဦး‌ဆုံး ပြန်လေ့လာခဲ့ပါတယ်။ - အဲ့နောက်မှာ Learning how to teach နဲ့ Understanding Learning ဆိုတဲ့ course ၂ ခုကို future learn နဲ့ EdX ကနေ လေ့လာခဲ့ပါတယ်။ - ပြီးတော့ Diploma in Behavioral Science ကို Open ကနေလေ့လာခဲ့ပါတယ်။ ပြီးမှ ရဲရဲကြီးစာသင်ရဲခဲ့တာပါ။ ကျွန်တော်လေ့လာခဲ့တာဟာ လုံးဝ နှမ်းစေ့သာသာလောက်လေးပါ။ ဒါပေမယ့် အခုအချိန်မှာ "ငွေရလွယ်တယ်" ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေတ်ပျက်ထဲမှာ စီးပွားရေးသမားတွေ ကျောင်းတွေထောင်ကြတယ်။ Method, Psycho ဘာမှမသိတဲ့သူတွေကို ဆရာ ဆရာမ လုပ်ခွင့်ပေးကြတယ်။ တစ်ဖက်မှာလည်း ပညာဒါနပါအကြောင်းပြပြီး concept မမှန်သောသူတွေနေရာကိုလွယ်လွယ်နဲ့ဝင်ယူလာကြတယ်။ အရမ်းမလွယ်နေဘူးလား။ Role တစ်ခုကိုယူချင်လား၊ ရတယ် ယူပါ၊ ဒါပေမယ့် ထိုက်သင့်တဲ့ အရည်အချင်းကတော့ ရှိသင့်တယ်လေ။ နောက်တစ်ဖက် အရင်က ကိုယ့်ရဲ့ profession မှာ နေကြ လုပ်ကြ ကိုင်ကြ၊ ဒါပေမယ့် ခေတ်ပျက်မှာ ဆရာ/ဆရာမ တွေကောက်လုပ်။ ပြောချင်တာက ကိုယ့်ရဲ့ profession ကိုမှ သစ္စာမရှိတဲ့သူတွေ တန်ဖိုးမထားတဲ့သူတွေဟာ ပညာရေးကိုရော တန်ဖိုးထားကြမယ်ထင်သလား။ ကျွန်တော် designer လုပ်ခဲ့ဖူးတယ် design ဆွဲတယ်။ editing လည်းရတယ်။ ခုကျွန်တော့်ကို project လာအပ်ကြတယ်၊ ငြင်းတယ် ဘာလို့လည်းဆိုတော့ ကျွန်တော့် profession မှမဟုတ်တာ တကယ် professional တွေဆီညွှန်းပေးတယ် ချိတ်ပေးလိုက်တယ်။ ပြောချင်တာက သစ္စာရှိပါ၊ ချစ်ပါ။ Thai က Professor ကပြောဖူးတယ် ငတ်ရင် ငတ်ပါစေ ဒီ profession ကိုမစွန့်လွှတ်ဘူး သစ္စာမဖောက်ဘူး ဆိုမှ Professionalism တဲ့။ ဆွဲတင်နိုင်သလောက် ဆွဲတင်မှာပါ။ Educate လုပ်နိုင်သလောက်လုပ်ဦးမှာပါ။ အသက်ရှိသရွေ့ မျှဝေနိုင်သလောက်မျှဝေဦးမှာပါ။ ပိုကောင်းတဲ့ ပညာရေး အရွေ့တစ်ခုကိုမျှော်လင့်မိပါရဲ့။ ဆရာ/ဆရာမအစစ် ဖြစ်ချင်ရင်_ 🍀 ကြိုးစားပါ 🍀 လိုအပ်တာတွေဖြည့်ဆည်းပါ 🍀 အတူတူသင်ယူပါ

အရည်အချင်း vs အခွင့်အရေး

disagree or agree ငြင်းချင်လို့လည်းမဟုတ်ပါ၊ တော်နေသူတွေကို အပြစ်တင်ချင်တာလည်းမဟုတ်ပါ။ - ကိုယ်ရဲ့အခြေအနေကို အများနဲ့လိုက်နှိုင်းပြီး situation and context ကိုနားမလည်ဘဲ ကြိုးစားပါ ဆိုပြီးပြောနေသူတွေကို မတူကြောင်းပြောပြချင်တာရယ် - အများနဲ့လိုက်နှိုင်းယှဉ်မိပြီး စိတ်အားငယ်နေတတ်တဲ့ ကျွန်တော့်ရဲ့ ဆယ်ကျော်သက်တပည့်လေးတွေရယ်၊ even M.Ed. တောင်ပြီးထားတဲ့ ကျွန်တော့်သင်တန်းသူ ဆရာ ဆရာမတွေရယ်ကို reminder ပေးချင်တာရယ်ကြောင့်ရေးပေးတာပါ။ စာကိုသေချာမဖတ်ပဲ တော်တဲ့သူကိုအပြစ်တင်ထားတာပဲ disagree ပါလို့အော်နေရင်တော့ ကိုယ်ဟာ Capital ရနေသူတစ်ဦး‌ဖြစ်နေသလားဆိုတာပြန်ဆန်းစစ်စရာပါ။ ကျေးဇူးပါ စိတ်ဝင်စားရင်ဆက်ဖတ်ပါ။ အဆဲခံရမှာစိုးပေမယ့် Sociological Education ပိုင်းကိုလေ့လာရင်း အရမ်းရင်ထဲထိတဲ့ Theory တစ်ခုအကြောင်းပြောပြချင်တာရယ်၊ အဲ့သီအိုရီနဲ့ အခုလက်တလော အများစုပေါ့လေ နိုင်ငံခြားက တက္ကသိုလ်ကောင်းတစ်ခုမှာ Scholarship ရ၊ နိုင်ငံခြားမှာကျောင်းတက်ရပြီဆိုရင် "ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်" ဆိုတဲ့သူ‌ေတွရဲ့ ပိုစ့်‌တွေရယ်ကိုချိတ်ဆက်ကြည့်ရင်း အရဲစွန့်ရေးလိုက်ရပါတယ်။ အဲ့လိုလူတွေအတွက် သူတို့ကြိုးစားတာကို ကျွန်တော် လေးစားပါတယ်။ ဒါပေမဲ့ အဲ့ဒီ "ကြိုးစားမှု" ဆိုတဲ့ ဇာတ်လမ်းနောက်ကွယ်က ကျွန်တော်တို့ မမြင်ကြတဲ့ အချက်တွေရှိပါသေးတယ်။ ဒီအချက်တွေကို ဘာလို့များမ‌‌ပြောကြတာလဲမသိဘူးပေါ့။ ဒီ reasons တွေကို လူမှုဗေဒပညာရှင် Pierre Bourdieu က "Capital" ဆိုတဲ့ အရင်းအနှီးတွေနဲ့ ရှင်းပြခဲ့တယ်။ အခုပြောမှာ အဲ့သီအိုရီပါပဲ။ အောင်မြင်တဲ့ ပညာရေးခရီးတစ်ခုဆိုတာ ဉာဏ်ကောင်းခြင်းနဲ့ ကြိုးစားခြင်းအပေါ်မှာပဲ မူတည်တာမဟုတ်ပါဘူး။ Meritocracy ပေါ့။ ဟုတ်ပါတယ်။ အများ‌ပြောသလို အောင်မြင်မှုဆိုတာ ညတွင်းချင်းဖြစ်လာတာမဟုတ်ပါဘူး။ ဒါပေမယ့် ရုန်းရင်းကန်ရင်းရလာတယ်ဆိုတာ ၉၀% က false hope တွေပါ။ တကယ်တော့ ငယ်ငယ်ကတည်းက စနစ်တကျဖန်တီးထားတဲ့ လမ်းကြောင်းတစ်ခုပေါ်မှာ သူတို့ရောက်နေနှင့်ခဲ့ပြီးသားပါ။ အရမ်းကြွယ်ပြနေကြသူတို့ရဲ့ ပညာရေးခရီးက International Pre-School တွေကတည်းက စခဲ့တာပါ။ အိမ်မှာ မိဘတွေက English လိုပြောတယ်။ ပတ်ဝန်းကျင်မှာ စာအုပ်စင်တွေ၊ အသိပညာပေးတဲ့ အရုပ်တွေနဲ့ ကြီးပြင်းခဲ့ရတယ်။ သူတို့အတွက် English စာဆိုတာ ဘာသာစကားတစ်ခုအဖြစ် သင်ယူရတာမဟုတ်ဘဲ၊ နေ့စဉ်သုံး "အလေ့အထ" တစ်ခုပါ။ ဒါဟာ ပညာရေးရဲ့ အရေးအကြီးဆုံး Cultural Capital ပါပဲ။ Capital တစ်ခုစတွေ့ရပြီနော်။ နောက်တစ်ခုဖြစ်တဲ့ Economic Capital ဒီအဆင့်မှာတော့ လမ်းတွေ လုံးဝကွဲသွားပြီ။ သူတို့တွေ IGCSE တို့၊ A-Levels တို့သင်တဲ့ ကျောင်းကြီးကျောင်းကောင်းတွေမှာ တက်နေချိန်မှာ၊ သာမန်ကလေးတွေက ဆရာမပြည့်စုံတဲ့ အစိုးရကျောင်းတွေမှာ ရုန်းကန်နေရတယ်။ ကျောင်းလခ သိန်းရာချီပေးရတဲ့အခါ သင်ရတဲ့ပညာတင်မကဘူး၊ သင်ရတဲ့ ပတ်ဝန်းကျင်၊ ရလာတဲ့ connection တွေပါကွာသွားတယ်။ ဒါဟာ Economic Capital ကိုသုံးပြီး ပိုကောင်းတဲ့ Cultural Capital ကို ထပ်ဝယ်လိုက်တာပါပဲ။ Double standard သဘောပါပဲ။ အဲ့ဒီကနေမှတစ်ဆင့် နိုင်ငံခြား Scholarship လျှောက်ကြတယ်။ ဆိုတော့ "တော်" နေရုံနဲ့မရပါဘူး။ SAT, IELTS လို စာမေးပွဲတွေဖြေဖို့ သိန်းချီကုန်ကျတဲ့ သင်တန်းတွေတက်ရတယ်။ Application မှာ Personal Essay ကို ဘယ်လို အောင်အောင်ရေးရမလဲဆိုတာ သင်ပေးတဲ့ consultant တွေ သေချာငှားရတယ်၊ ပြရတယ်။ (Free service တွေရှိပါတယ်လို့မပြောကြေး၊ တကယ်တမ်းယှဉ်ရင် scholarship ဆိုတာဘာမှန်းမသိတဲ့ကလေးတွေမှအများကြီး) Recommendation letter ကောင်းကောင်းရဖို့ Social Capital (အဆက်အသွယ်) တွေက အရေးပါလာတယ်။ ဒီအဆင့်တွေအားလုံးကို ကျော်ဖြတ်ပြီးလို့ Scholarship ရတဲ့အခါ၊ ဒါဟာ သူ့ရဲ့ "ကြိုးစားမှု" တစ်ခုတည်းကြောင့်လား၊ ဒါမှမဟုတ် ဒီ "Game" ကို ဘယ်လိုကစားရမလဲဆိုတာ ငယ်ငယ်ကတည်းက လေ့ကျင့်ပေးခံခဲ့ရလို့လားဆိုတာ ကျွန်တော်တို့ စဉ်းစားဖို့လိုပါတယ်။ သူတို့ မအိပ်ဘဲစာကျက်ခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ အဲ့ဒါဟာ Air-con ခန်းထဲမှာ၊ MacBook တစ်လုံးနဲ့၊ private tutor ပြန်သွားတော့မှ ကျက်ခဲ့ရတာပါ။ သူတို့ရဲ့ "ကြိုးစားမှု" ဆိုတာ မိုင် ၁၀၀ ပြေးရမယ့်လမ်းမှာ မိုင် ၉၀ လောက်ကို ကားနဲ့အပို့ခံပြီး၊ နောက်ဆုံး ၁၀ မိုင်ကို အားအပြည့်နဲ့ပြေးရတဲ့ ကြိုးစားမှုမျိုးနဲ့ တူနေပါတယ်။ ဒါကြောင့် တော်နေသူတိုင်းဟာ တကယ်ကြိုးစားခဲ့ရတာဟုတ်ပါ့မလားဆိုတာပြန်မေးစရာပါ။ တကယ်တော်တာလား၊ တော်လို့ရတဲ့အခြေအနေမှာရှိခဲ့တာလားပေါ့။ ဒါဟာ Bourdieu ရဲ့ Social Reproduction Theory ပါပဲ။ ပညာရေးဟာ တန်းတူညီတူဖြစ်စေတဲ့ကိရိယာလို့ပြောလို့ရပေမယ့် တစ်ဖက်မှာလည်း အင်မတန်မှ အင်အားကြီးမားတဲ့ inequality တွေ Gaps တွေကို တဖန်ပြန် reproduce လုပ်ပေးရာလည်းဖြစ်နေပါတယ်။ ရိုးရှင်းစွာပြောရရင် ပိုက်ဆံရှိလို့ ကျောင်းကောင်းတက် တက်ရင်းနဲ့ Capital ပိုရ၊ ပိုရတော့ ပိုတိုးတက်။ ဘာမှမရှိလို့ ပညာရေးမအောင်မြင်၊ မအောင်မြင်တော့ အရာရာခက်ခဲ၊ ခက်ခဲတော့ Capital ပြန်ကျ။ ဒါမျိုးပါပဲ။ ဒီလိုပဲ အရာရာခက်ခဲနေတဲ့သူတစ်ဦးကို ကြိုးစားစမ်းပါ ကြိုးစားရင်အောင်မြင်နိုင်တာပဲကွဆိုပြီး false hope ပေးတာတွေလည်းရပ်သင့်ပြီထင်ပါတယ်။ ထားတော့_ ကိုယ့်လမ်းပေါ်မှာ ဆက်ပြေးနေသူများအတွက်ဆက်ပြောပါရစေ။ ဒီစာကိုဖတ်နေတဲ့၊ အဲ့ဒီလိုအခွင့်အရေးမျိုးမရခဲ့တဲ့ သူတွေကိုပြောချင်တာက တို့တွေရဲ့ Starting Point တွေမတူတာ နောက်ကျတာ အမှားမဟုတ်ဘူး။ ဒါဟာ မင်းတို့ကို ပိုသန်မာစေတဲ့ လက်တွေ့ဘဝပါပဲ။ လမ်းဘေးမီးအိမ်အလင်းရောင်အောက်မှာ စာကျက်ပြီး ဆယ်တန်းအောင်ခဲ့တဲ့ မင်းရဲ့ကြိုးစားမှုက Ivy League ကျောင်းသားတစ်ယောက်ရဲ့ ကြိုးစားမှုထက် နည်းတယ်လို့ ဘယ်သူမှပြောလို့မရဘူးပေါ့။ ဒါကြောင့် သူများရဲ့အောင်မြင်မှုကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် အားမငယ်ပါနဲ့။ ကိုယ့်ရဲ့တိုးတက်မှုသေးသေးလေးကိုသာ အသိအမှတ်ပြုပြီး ကိုယ့်ပြေးလမ်းပေါ်မှာ ဆက်ပြေးပါ။ ကိုယ်လျှောက်မယ့် ဘဝခရီးက သူများတွေနဲ့မတူညီစေဦးတော့၊ ပန်းတိုင်ရောက်တဲ့အခါ ပိုပြီးဂုဏ်ယူစရာကောင်းမှာ သေချာပါတယ်။ တကယ်တော့လေ အရည်အချင်းဆိုတာ နေရာတိုင်းမှာရှိတယ်။ အခွင့်အရေးကသာ နေရာတိုင်းမှာမရှိတာပါ။ ဒါလေးပါပဲ။ ဒါလေးကိုသိပြီးတဲ့နောက် - လူတိုင်းကိုကြိုးစားဖို့ချည်းမပြောမိတော့ဘူး - လူတိုင်းကိုတော်လိုက်တာဆိုပြီး စွတ်အားမကျမိတော့ဘူး - သူ့ pace နဲ့သူပြေးနေကြသူချင်း false hope တွေပေးတာကို အဟုတ်မထင်မိတော့ဘူး။ ချစ်တဲ့ ဝ

Sunday, October 26, 2025

ခိုင်ထူး - ခတ္တာနှင့်အကောင်းဆုံးသီချင်းများ (Album)

စိုးပိုင် [Soe Paing's best songs collections]

ဒိုးလုံး [Doe Lone's best songs collection]

မာရဇ္ဇ (Marriza's best songs collection)

ဗဒင် [Ba Din's best songs collection]

ဖိုးကာ [Phoe Kar's best songs collection]

စိုင်းဆိုင်မောဝ် - သီချင်းကောင်းများစုစည်းမှု(၁) | Saimao |Sai Sai Maw Song Collection (1)