MISSION ၁။နွေဦးတော်လှန်ရေးမှာ မြင်သလောက်နိုင်သလောက်ပါတင်ကူညီဖြည့်ဆည်းပေးရေး။ ၂။ NUGpay နဲ့SDB bank အသုံးပြုမှု ပြည်သူတွေကြားတိုးတက်စေရေး။ ၃။ပြည်သူသို့တော်လှန်ရေးသတင်းအချက်အလက်အမှန်စီးဆင်းစေရေး။ ၄။မိမိနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ၏ ပထမဆုံးဒီမိုကရေစီနိုင်ငံဖြစ်စေရန် တထောင့်တနေရာမှအစဉ်မပြတ်အားထုတ်လှုံဆော်နိုင်ရေး။
Tuesday, October 28, 2025
အရည်အချင်း vs အခွင့်အရေး
disagree or agree ငြင်းချင်လို့လည်းမဟုတ်ပါ၊ တော်နေသူတွေကို အပြစ်တင်ချင်တာလည်းမဟုတ်ပါ။
- ကိုယ်ရဲ့အခြေအနေကို အများနဲ့လိုက်နှိုင်းပြီး situation and context ကိုနားမလည်ဘဲ ကြိုးစားပါ ဆိုပြီးပြောနေသူတွေကို မတူကြောင်းပြောပြချင်တာရယ်
- အများနဲ့လိုက်နှိုင်းယှဉ်မိပြီး စိတ်အားငယ်နေတတ်တဲ့ ကျွန်တော့်ရဲ့ ဆယ်ကျော်သက်တပည့်လေးတွေရယ်၊ even M.Ed. တောင်ပြီးထားတဲ့ ကျွန်တော့်သင်တန်းသူ ဆရာ ဆရာမတွေရယ်ကို reminder ပေးချင်တာရယ်ကြောင့်ရေးပေးတာပါ။
စာကိုသေချာမဖတ်ပဲ တော်တဲ့သူကိုအပြစ်တင်ထားတာပဲ disagree ပါလို့အော်နေရင်တော့ ကိုယ်ဟာ Capital ရနေသူတစ်ဦးဖြစ်နေသလားဆိုတာပြန်ဆန်းစစ်စရာပါ။
ကျေးဇူးပါ စိတ်ဝင်စားရင်ဆက်ဖတ်ပါ။
အဆဲခံရမှာစိုးပေမယ့် Sociological Education ပိုင်းကိုလေ့လာရင်း အရမ်းရင်ထဲထိတဲ့ Theory တစ်ခုအကြောင်းပြောပြချင်တာရယ်၊ အဲ့သီအိုရီနဲ့ အခုလက်တလော အများစုပေါ့လေ နိုင်ငံခြားက တက္ကသိုလ်ကောင်းတစ်ခုမှာ Scholarship ရ၊ နိုင်ငံခြားမှာကျောင်းတက်ရပြီဆိုရင် "ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်" ဆိုတဲ့သူေတွရဲ့ ပိုစ့်တွေရယ်ကိုချိတ်ဆက်ကြည့်ရင်း အရဲစွန့်ရေးလိုက်ရပါတယ်။
အဲ့လိုလူတွေအတွက် သူတို့ကြိုးစားတာကို ကျွန်တော် လေးစားပါတယ်။ ဒါပေမဲ့ အဲ့ဒီ "ကြိုးစားမှု" ဆိုတဲ့ ဇာတ်လမ်းနောက်ကွယ်က ကျွန်တော်တို့ မမြင်ကြတဲ့ အချက်တွေရှိပါသေးတယ်။ ဒီအချက်တွေကို ဘာလို့များမပြောကြတာလဲမသိဘူးပေါ့။
ဒီ reasons တွေကို လူမှုဗေဒပညာရှင် Pierre Bourdieu က "Capital" ဆိုတဲ့ အရင်းအနှီးတွေနဲ့ ရှင်းပြခဲ့တယ်။ အခုပြောမှာ အဲ့သီအိုရီပါပဲ။
အောင်မြင်တဲ့ ပညာရေးခရီးတစ်ခုဆိုတာ ဉာဏ်ကောင်းခြင်းနဲ့ ကြိုးစားခြင်းအပေါ်မှာပဲ မူတည်တာမဟုတ်ပါဘူး။ Meritocracy ပေါ့။
ဟုတ်ပါတယ်။ အများပြောသလို အောင်မြင်မှုဆိုတာ ညတွင်းချင်းဖြစ်လာတာမဟုတ်ပါဘူး။ ဒါပေမယ့် ရုန်းရင်းကန်ရင်းရလာတယ်ဆိုတာ ၉၀% က false hope တွေပါ။ တကယ်တော့ ငယ်ငယ်ကတည်းက စနစ်တကျဖန်တီးထားတဲ့ လမ်းကြောင်းတစ်ခုပေါ်မှာ သူတို့ရောက်နေနှင့်ခဲ့ပြီးသားပါ။
အရမ်းကြွယ်ပြနေကြသူတို့ရဲ့ ပညာရေးခရီးက International Pre-School တွေကတည်းက စခဲ့တာပါ။ အိမ်မှာ မိဘတွေက English လိုပြောတယ်။ ပတ်ဝန်းကျင်မှာ စာအုပ်စင်တွေ၊ အသိပညာပေးတဲ့ အရုပ်တွေနဲ့ ကြီးပြင်းခဲ့ရတယ်။ သူတို့အတွက် English စာဆိုတာ ဘာသာစကားတစ်ခုအဖြစ် သင်ယူရတာမဟုတ်ဘဲ၊ နေ့စဉ်သုံး "အလေ့အထ" တစ်ခုပါ။ ဒါဟာ ပညာရေးရဲ့ အရေးအကြီးဆုံး Cultural Capital ပါပဲ။ Capital တစ်ခုစတွေ့ရပြီနော်။
နောက်တစ်ခုဖြစ်တဲ့ Economic Capital ဒီအဆင့်မှာတော့ လမ်းတွေ လုံးဝကွဲသွားပြီ။ သူတို့တွေ IGCSE တို့၊ A-Levels တို့သင်တဲ့ ကျောင်းကြီးကျောင်းကောင်းတွေမှာ တက်နေချိန်မှာ၊ သာမန်ကလေးတွေက ဆရာမပြည့်စုံတဲ့ အစိုးရကျောင်းတွေမှာ ရုန်းကန်နေရတယ်။ ကျောင်းလခ သိန်းရာချီပေးရတဲ့အခါ သင်ရတဲ့ပညာတင်မကဘူး၊ သင်ရတဲ့ ပတ်ဝန်းကျင်၊ ရလာတဲ့ connection တွေပါကွာသွားတယ်။ ဒါဟာ Economic Capital ကိုသုံးပြီး ပိုကောင်းတဲ့ Cultural Capital ကို ထပ်ဝယ်လိုက်တာပါပဲ။ Double standard သဘောပါပဲ။
အဲ့ဒီကနေမှတစ်ဆင့် နိုင်ငံခြား Scholarship လျှောက်ကြတယ်။ ဆိုတော့ "တော်" နေရုံနဲ့မရပါဘူး။
SAT, IELTS လို စာမေးပွဲတွေဖြေဖို့ သိန်းချီကုန်ကျတဲ့ သင်တန်းတွေတက်ရတယ်။
Application မှာ Personal Essay ကို ဘယ်လို အောင်အောင်ရေးရမလဲဆိုတာ သင်ပေးတဲ့ consultant တွေ သေချာငှားရတယ်၊ ပြရတယ်။
(Free service တွေရှိပါတယ်လို့မပြောကြေး၊ တကယ်တမ်းယှဉ်ရင် scholarship ဆိုတာဘာမှန်းမသိတဲ့ကလေးတွေမှအများကြီး)
Recommendation letter ကောင်းကောင်းရဖို့ Social Capital (အဆက်အသွယ်) တွေက အရေးပါလာတယ်။
ဒီအဆင့်တွေအားလုံးကို ကျော်ဖြတ်ပြီးလို့ Scholarship ရတဲ့အခါ၊ ဒါဟာ သူ့ရဲ့ "ကြိုးစားမှု" တစ်ခုတည်းကြောင့်လား၊ ဒါမှမဟုတ် ဒီ "Game" ကို ဘယ်လိုကစားရမလဲဆိုတာ ငယ်ငယ်ကတည်းက လေ့ကျင့်ပေးခံခဲ့ရလို့လားဆိုတာ ကျွန်တော်တို့ စဉ်းစားဖို့လိုပါတယ်။
သူတို့ မအိပ်ဘဲစာကျက်ခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ အဲ့ဒါဟာ Air-con ခန်းထဲမှာ၊ MacBook တစ်လုံးနဲ့၊ private tutor ပြန်သွားတော့မှ ကျက်ခဲ့ရတာပါ။ သူတို့ရဲ့ "ကြိုးစားမှု" ဆိုတာ မိုင် ၁၀၀ ပြေးရမယ့်လမ်းမှာ မိုင် ၉၀ လောက်ကို ကားနဲ့အပို့ခံပြီး၊ နောက်ဆုံး ၁၀ မိုင်ကို အားအပြည့်နဲ့ပြေးရတဲ့ ကြိုးစားမှုမျိုးနဲ့ တူနေပါတယ်။
ဒါကြောင့် တော်နေသူတိုင်းဟာ တကယ်ကြိုးစားခဲ့ရတာဟုတ်ပါ့မလားဆိုတာပြန်မေးစရာပါ။ တကယ်တော်တာလား၊ တော်လို့ရတဲ့အခြေအနေမှာရှိခဲ့တာလားပေါ့။
ဒါဟာ Bourdieu ရဲ့ Social Reproduction Theory ပါပဲ။ ပညာရေးဟာ တန်းတူညီတူဖြစ်စေတဲ့ကိရိယာလို့ပြောလို့ရပေမယ့် တစ်ဖက်မှာလည်း အင်မတန်မှ အင်အားကြီးမားတဲ့ inequality တွေ Gaps တွေကို တဖန်ပြန် reproduce လုပ်ပေးရာလည်းဖြစ်နေပါတယ်။
ရိုးရှင်းစွာပြောရရင်
ပိုက်ဆံရှိလို့ ကျောင်းကောင်းတက် တက်ရင်းနဲ့ Capital ပိုရ၊ ပိုရတော့ ပိုတိုးတက်။
ဘာမှမရှိလို့ ပညာရေးမအောင်မြင်၊ မအောင်မြင်တော့ အရာရာခက်ခဲ၊ ခက်ခဲတော့ Capital ပြန်ကျ။
ဒါမျိုးပါပဲ။
ဒီလိုပဲ အရာရာခက်ခဲနေတဲ့သူတစ်ဦးကို ကြိုးစားစမ်းပါ ကြိုးစားရင်အောင်မြင်နိုင်တာပဲကွဆိုပြီး false hope ပေးတာတွေလည်းရပ်သင့်ပြီထင်ပါတယ်။
ထားတော့_
ကိုယ့်လမ်းပေါ်မှာ ဆက်ပြေးနေသူများအတွက်ဆက်ပြောပါရစေ။
ဒီစာကိုဖတ်နေတဲ့၊ အဲ့ဒီလိုအခွင့်အရေးမျိုးမရခဲ့တဲ့ သူတွေကိုပြောချင်တာက
တို့တွေရဲ့ Starting Point တွေမတူတာ နောက်ကျတာ အမှားမဟုတ်ဘူး။ ဒါဟာ မင်းတို့ကို ပိုသန်မာစေတဲ့ လက်တွေ့ဘဝပါပဲ။
လမ်းဘေးမီးအိမ်အလင်းရောင်အောက်မှာ စာကျက်ပြီး ဆယ်တန်းအောင်ခဲ့တဲ့ မင်းရဲ့ကြိုးစားမှုက Ivy League ကျောင်းသားတစ်ယောက်ရဲ့ ကြိုးစားမှုထက် နည်းတယ်လို့ ဘယ်သူမှပြောလို့မရဘူးပေါ့။
ဒါကြောင့် သူများရဲ့အောင်မြင်မှုကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် အားမငယ်ပါနဲ့။ ကိုယ့်ရဲ့တိုးတက်မှုသေးသေးလေးကိုသာ အသိအမှတ်ပြုပြီး ကိုယ့်ပြေးလမ်းပေါ်မှာ ဆက်ပြေးပါ။
ကိုယ်လျှောက်မယ့် ဘဝခရီးက သူများတွေနဲ့မတူညီစေဦးတော့၊ ပန်းတိုင်ရောက်တဲ့အခါ ပိုပြီးဂုဏ်ယူစရာကောင်းမှာ သေချာပါတယ်။
တကယ်တော့လေ
အရည်အချင်းဆိုတာ နေရာတိုင်းမှာရှိတယ်။ အခွင့်အရေးကသာ နေရာတိုင်းမှာမရှိတာပါ။
ဒါလေးပါပဲ။
ဒါလေးကိုသိပြီးတဲ့နောက်
- လူတိုင်းကိုကြိုးစားဖို့ချည်းမပြောမိတော့ဘူး
- လူတိုင်းကိုတော်လိုက်တာဆိုပြီး စွတ်အားမကျမိတော့ဘူး
- သူ့ pace နဲ့သူပြေးနေကြသူချင်း false hope တွေပေးတာကို အဟုတ်မထင်မိတော့ဘူး။
ချစ်တဲ့
ဝ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment