Friday, January 17, 2025

အမဲမဆလာခြောက်စပ်

 

အမဲသားကိုအနေတော်အရွယ်အတုံးလေးများတုံး အချိုမှုန့် ဆား နနွင်း ဂျင်းရည် သံပုရာရည်တို့ဖြင့်နယ်ပြီး
တစ်နာရီခန့်နှပ်ထားပါတယ်
ပြီးရင် စပါးလင် အပင်လိုက်ထုထားတာထည့်ပြီး
နူးအိနေအောင်ရေခမ်းပြုတ်‌ပေးပါတယ်
အသားပြုတ်ထားတဲ့ချိန်မှာ ကြက်သွန်ဖြူများများညက်အောင်ထောင်းထားပြီး ပျဉ်းတော်သိမ်ရွက်ချွေထားပါတယ်
ပြုတ်ထားတဲ့အသားများနူးပြီးဆို အသားထဲအပူငွေ့ရှိနေတဲ့အချိန်မှာပဲ အပေါ်ယံနီရဲအောင် မီးပြင်းပြင်းဆီများများဖြင့်ကြော်ပြီးဆယ်ထားပါတယ် (အကြာကြီး မကြော်ပါဘူးနော် အပေါ်ယံပဲနီပြီး အတွင်းသားပျော့နေရပါမယ်)
ဒယ်အိုးထဲမှာ ဆီအနည်းငယ်သာချန်ပြီး ပျဉ်းတော်သိမ်ရွက်ထည့်မွှေပါတယ် အနည်းငယ်ခြောက်လာပြီဆိုမှ ထောင်းထားတဲ့ကြက်သွန်ဖြူထည့်ပါတယ်
ကြက်သွန်ဖြူ အနည်းငယ်ခြောက်ပြီး ဝါရောင်သန်းလာရင် ငရုတ်သီးအကြမ်းမှုန့်နဲ့ မဆလာထည့်မွှေပေးပါတယ် နောက်ဆုံးကြော်ထားတဲ့အမဲသားထည့်ကာ သမအောင်မွှေပြီး မီးဖိုပေါ်ကချပါတယ်
( ငရုတ်သီး မဆလာများ မတူးစေဖို့တော့ အထူးဂရုစိုက်ပေးရပါမယ် )

ကြက်/ ဝက် / ပြည်ကြီးငါး / ကင်းမွန်ခရုဆီစပ်မွှေး

ပုစွန်ခရုဆီစပ်မွှေး
(ကြက် / ဝက် / ပြည်ကြီးငါး / ကင်းမွန် တို့နဲ့လဲ ချက်လို့ရပါတယ်)
အခွံသင်ပြီး ကျောခွဲ သန့်စင်ပေးထားတဲ့ ပုစွန်ကြားကြီးကြီး ၇ကောင် ( ၃၀ကျပ်သား) ကို အချိုမှုန့် ဆား
ပါတယ်ဆိုရုံံလေးနဲ့ နယ်ထားပါတယ်
ကြက်သွန်ဖြူဥကြီး ၅မွှာနဲ့ ငရုတ်သီးစိမ်း (အနီ +အစိမ်း) ၁၅တောင့်ခန့်ကို နုတ်နုတ်စဥ်းထားပေးပါတယ်
ကြက်သွန်မြိတ်အနည်းငယ်ကို အရွယ်တော်ပိုင်းဖြတ်ပေးထားပါတယ်
ဆီပူအောင်တည်ပြီး အရသာနယ်ထားတဲ့ ပုစွန်ထည့်ကြော်ပေးပါတယ် အနီရောင်သန်းပြီး အနည်းငယ်ကျက်သွားတာနဲ့ အိုးထဲက ဆယ်ထုတ်ထားပါမယ် ( အကြာကြီး ကြော်ရင် ပုစွန်က မာသွားပြီး စားလို့မကောင်းပါဘူး)
အိုးထဲမှာ ဆီအနည်းငယ်ပဲချန်ထားခဲ့ပြီး ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ထည့်ဆီသတ်ပါတယ်
မွှေးလာရင် ကြော်ထားတဲ့ပုစွန်ထည့်ပါတယ်
ပဲငံပြာရည်အကျဲ ထမင်းစားဇွန်းရှည် ၁ဇွန်း
ခရုဆီ ထမင်းစားဇွန်းရှည် ၁ဇွန်းလျော့လျော့
ပဲငံပြာရည်အပျစ် ထမင်းစားဇွန်းရှည် တစ်ဝက်
ထည့်ပြီး အရသာဝင်အောင်မွှေကြော်ပေးပါတယ်
ပြီးမှ ရေနဲ့ကျဲကျဲဖျော်ထားတဲ့ ပြောင်းကော်မှုန့် လဘက်ရည်ဇွန်း ၁ဇွန်း ထည့်မွှေပေးပါတယ်

ကော်ရည်ကျက်တာနဲ့ ကြက်သွန်မြိတ်အုပ်ပြီး မီးဖိုကချပါတယ်ရှင်  


ကင်းမွန် မဆလာ

 ဒီနေ့ချက်ဖြစ်တာလေး ....... ကင်းမွန် မဆလာ

(ပုစွန် ဂဏန်းတို့နဲ့လဲ ချက်လို့ရပါတယ်)
ကင်းမွန် ၅၀ ကျပ်သား
ခရမ်းချဉ်သီးမှည့်ကြီးကြီး ၂လုံး
စပါးလင်ကြီးကြီး ၁ ပင်
ကြက်သွန်နီကြီးကြီး ၁လုံး
ကြက်သွန်ဖြူ ၅မွှာ
ငရုတ်သီးစိမ်း ၂၀တာင့်
ရှမ်းနံနံ ၆/၇ ရွက်ခန့်
ကြက် ဥ ၁လုံး
အချိုမှုန့် ဆား သကြား ငံပြာရည် နနွင်း
ငရုတ်သီးအရောင်တင်မှုန့် မဆလာ
ဗနီကာ/ရှာလကာရည် နဲ့ ဆီ အနည်းငယ်တို့လိုအပ်
ပါတယ်
သန့်စင်ပြီး ကင်းမွန်ကို အရွယ်တော်အပိုင်းလေးများ
ပိုင်းပြီး အချိုမှုန့် ဆား ပါရုံဖြင့်နယ်ထားပါ
ခရမ်းချဉ်သီးကို အပေါ်ခွံဖယ်ပြီး အနှစ်ရအောင်ချေထားပါ
စပါးလင်ကို ပါးပါးလှီးပြီး ညက်အောင်ထောင်းထားပါ
ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးစိမ်း တို့ကို သီးခြားစီ နုတ်နုတ်စဉ်းထားပါ
ကြက်ဥ ၁လုံးကို အနှစ်ဖယ်ပြီး အကာသက်သက်ကို
နာနာခေါက်ထားပါ
ရှမ်းနံနံကို အနေတော်ပိုင်းဖြတ်ထားပါ
ဆီအနည်းငယ်ကိုပူလာအောင်တည်ပါ
ဆီပူလာရင် စပါးလင် ကြက်သွန်ဖြူနီ ငရုတ်သီးစိမ်းဆီသတ်ပါ
နနွင်းနဲ့အရောင်တင်အနည်းငယ်ထည့်ပါ
ငံပြာရည်ထည့်ပါ
ခရမ်းချဉ်သီးအနှစ်ထည့်ပါ
ဗနီကာအနည်းငယ် အချိုမှုန့်ဆားသကြားတို့ထည့်ပါ
(အချဉ်ကို အများကြီးမထည့်မိဖို့ သတိထားပေးပါ
ဟင်းအရသာက ချဉ်တဲ့အရသာ ပါတယ်ဆိုရုံလေးဖြစ်
ရပါမယ်)
အရသာထည့်ပြီးရင် ရေအနည်းငယ်စီ ထည့် ထည့်ပြီး အနှစ်ကျသည်အထိ တည်ပေးပါ
အနှစ်ကျပြီဆို ကြက်ဥအကာထည့်ပြီး နာနာမွှေပေးပါ အရသာမြည်းကြည့်ပါ
ကိုယ်လိုချင်တဲ့ အချဉ်အစပ်အရသာအနေတော်ရအောင်ပြင်ထည့်ပီးမှ ကင်းမွန်ထည့်ချက်ပါ
မဆလာအနည်းငယ်ထည့်‌မွှေပါ
ကင်းမွန်ကိုအကြာကြီးမချက်ရပါဘူး ၅မိနစ်ကျော်ကျော် ၁၀မိနစ်နီးပါးလောက်ချက်ပေးလိုက်ရင် အရသာလဲဝင် ကျက်လဲကျက်ပါပြီ
မီးဖိုပေါ်ကချကာနီးမှ ရှမ်းနံနံအုပ်ပေးပါရှင့်

ဝက်သားနီချက်


ဝက်သားနီချက်နည်းတွေက တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။
အချို့ ဝက်သားနီချက်နည်းတွေမှာ ငရုတ်သီး အစိမ်းမှုန့်ထည့်ကြပါတယ်။
ကျမရဲ့ချက်နည်းကတော့ ဝက်သားရဲ့ နီတဲ့အရောင်ကို
ငရုတ်သီး အစိမ်းမှုန့်ရဲ့ နီတဲ့ အရောင်နဲ့ မရောစေချင်တာကြောင့်
ငရုတ်သီး အစိမ်းမှုန့် လုံးဝ မသုံးပါဘူး။
_________________________________________________
ပါဝင်ပစ္စည်းများ
*************
ဝက်သား သုံးထပ်သား
မြေပဲဆီ
ဆား,သကြား,အရသာမှုန့်
ကြက်သွန်ဖြူ ( ကြိတ်ထားပါ )
ကြက်သွန်နီ ( အကွင်းကွင်းထားပါ )
ဝက်သားကို မချက်ခင် ဆား,အရသာမှုန့်နဲ့ နယ်ထားပါ။
_________________________________________________
ချက်ပါတော့မယ်။
ချက်မယ့်အိုးထဲကို ဆီထည့်ပီး အပူပေးပါ။
ဆီပူလာရင် မီးအားလျှော့၍ သကြားထည့်ပါ။
သကြားများ အရည်ပျော်လာပီး
ထညက်ရည် လိုဖြစ်လာတဲ့အထိ မွှေပေးပါ။
ပီးရင် ဝက်သားထည့်ပီး ဟိုဖက် ဒီဖက် လှန်ကာ
၅ မိနစ်မွှေပေးပီးရင် ဝက်သားအရောင်များ နီရဲလာပါလိမ့်မယ်။
ဒါဆိုရင်တော့ ဝက်သားကို ရေနွေးပူ မြုပ်အောင် ထည့်ပီး
အဖုံးအုပ်ကာ မီးအား အနေတော်နဲ့သာ ချက်ပေးပါ။
ရေများခန်းလာပီး ရေအနည်းငယ် ကျန်တဲ့အချိန်မှာ
ကြက်သွန်ဖြူ/နီ များထည့်မွှေ၍
မီးအားထပ်လျှော့ကာ ၁၀ မိနစ်ခန့် အဖုံးအုပ်ထားပေးပါ။
ရေများ လုံးဝခန်းသွားပီး ဆီပျံလာရင်တော့
ကြက်သွန်ဖပ်လေးများလည်း နူးအိသွားပါပီ။
ဒါဆိုရင်တော့ အရသာရှိလှတဲ့ ဝက်သားနီချက် အိအိလေး ရပါပီ။
_________________________________________________
ဝက်သားနီချက်က
ဝက်သားအချိုချက်လို ဂျင်းထည့်ဖို့ မလိုပါဘူး။
အနှစ်လည်း အများကြီးထည့်ဖို့ မလိုပါဘူး။
အဓိက က
ဝက်သားတုံးလေးတွေ အနီရောင်သန်းနေပီး
အသားရော အခေါက်ပါ အိစက်နေစေဖို့ပါပဲ။
အသားရော အခေါက်ပါ အိစက်နေစေဖို့အတွက်
မီးအား မပြင်းစေပဲ, မီးအား အသင့်အတင့်နဲ့
အဖုံးအုပ်ထားပီး စိတ်ရှည်ရှည်နဲ့ ချက်ရပါမယ်။
အားလုံးပဲ ချမ်းမြေ့ကြပါစေ။
Credit ပဲခူး ဒေါ်ထွေးရီ

ကင်ပွန်းချဉ်ရွက်နဲ့ ပုဇွန်စိတ်ချဉ်စပ်ကြော်

 

Thursday, January 16, 2025

ပုဇွန်ရိုးရိုးရှင်းရှင်း

 ပုဇွန်၁၀ကောင်လောက် ခေါင်းခွံခွါ အခွံခွါ အီးလမ်းကြောင်းထုတ်

ဆနွင်း အသားမှုန့် ဆားနယ် လဖက်ရည်ဇွန်း ၁ ဝက်စီခန့်

ကြက်သွန်ဖြူ ၅မွှာခန့် ဓားပြားရိုက်

အိုးအသေးထဲဆီ ၁ စင်တီလောက်ထည့် အပူပေး

ပူလာရင် ဆီမွှေးလာအောင် ကြက်သွန်ဖြူအရင်ကြော်

ကြက်သွန်ဖြူအရောင်ပြောင်းရင် နယ်ထားတဲ့ပုဇွန်ထည့်

မီးအရှိန်လျေ့ာ

၃ မိနစ်လောက်နေရင် တဖက်လှန် ၃ မိနစ်လောက်ပြီးရင် ပုဇွန်ကြော်စားလို့ရပြီ။