Monday, March 9, 2026

အချစ်အကြောင်း

 ယောင်္ကျားရယ် မိန်းမရယ်လို့ မဟုတ်ပါဘူး..

လူမှန်ရင် ယိမ်းယိုင်တတ်တယ်... ယိုင်နဲ့တတ်တယ်...
ကြာလာရင် ရိုးတတ် ပျင်းတတ်တယ်...
ဘယ်လောက် ခိုင်ကျည်မာကြောတဲ့ အချစ်ပေါ်မှာ
စိုက်ထားတဲ့ အလံပဲ ဖြစ်ပါစေ...
အချိန် တစ်ခုမှာ တိမ်းစောင်းတတ်ပါတယ်...
ဒါကြောင့် #Relationship အကြောင်းတွေ ရေးနေပြီး
‘အချစ်’ကို နောက်ဆုံးတန်းမှာ ထားတတ်တာ
ကျွန်တော်တစ်ယောက်ပဲ ရှိမယ် ထင်တယ်...
အချစ်ဟာ ဦးနှောက်ထဲက ဟော်မုန်းနဲ့ Chemical တွေ
အချိန်အတိုင်းအတာ တစ်ခုအထိ ရုန်းကြွလှုပ်ရှားစေတဲ့
Drug တစ်မျိုးပဲလို့ ကျွန်တော်က မြင်တယ်...
အချိန်တန်ရင် ပြယ်လွင့်တတ်တဲ့ သဘောရှိတယ်...
အချစ်ကို ယုံလို့မရဘူးလား ဆိုတော့
အဲ့လိုတော့ မဟုတ်ဘူး...
ဒါပေမယ့် ကြာရှည် တည်ဆောက်မယ့်
Relationship တစ်ခုမှာ အချစ်ထက်
ပိုအရေးကြီးတဲ့ အရာတွေကတော့
အများကြီး ရှိတာ အမှန်ပဲ...
ကိုယ့်ဘေးနားမှာ ဒီနေ့ အိပ်စက်နေတဲ့သူနဲ့
နောက်နေ့တွေ... နောက်လတွေ... နောက်နှစ်တွေမှာ
အတူတူနိုးထခွင့် ရနိုင်ဖို့ဆိုရင် အချစ်တစ်ခုတည်းနဲ့
အလုံအလောက် ထိန်းသိမ်းထားလို့
မရနိုင်တာတော့ သေချာတယ်...
“သေတစ်ပန် သက်တစ်ဆုံး” ဆိုတဲ့
စကားပြောခွင့် ရနိုင်ဖို့...
တစ်သက်မှာ တစ်ယောက် ဆိုတဲ့
အဖြစ်မျိုး ရနိုင်ဖို့အတွက် အချစ်ထက်...
ဂုဏ်သိက္ခာ လိုတယ်...
သံယောဇဉ် လိုတယ်...
မေတ္တာတရား လိုတယ်...
ကိုယ်ချင်းစာတရား လိုတယ်...
သက်ဆိုင်ရာ ယုံကြည်ရာဘာသာရဲ့ ဆိုဆုံးမမှုနဲ့
Ethic လို့ခေါ်တဲ့ ကိုယ်ကျင့်တရား လိုတယ်...
အရေးအကြီးဆုံး မဟုတ်ပေမယ့် မျိုးရိုး... စိတ်ဓာတ်
အဆင့်အတန်းနဲ့ ပညာအရည်အချင်းတွေ လိုတယ်...
အရေးအကြီးဆုံးက ဘာလဲလို့ မေးရင်တော့
Personal match ဖြစ်ဖို့လိုတယ် ဖြေမိမှာပဲ...
ဒီနေရာမှာတော့ “အသွင်မတူ အိမ်သူမဖြစ်” ဆိုတဲ့
ရှေးစကားကြီးကို ပက်ပက်စက်စက်
ထောက်ခံတယ် ပြောရမှာပေါ့...
အချစ်ထက် ပိုချည်နှောင်မှာက
နားလည်မှု ဆိုတဲ့ သံကြိုးပဲ...
အဲ့ဒီနားလည်မှုဟာ အသွင်တူခြင်း ကနေမှ
တဆင့်ပဲ ဆင်းသက် ပေါက်ဖွားတယ်...
သူဌေးမကို သူဌေးကပဲ နားလည်နိုင်တယ်...
သူခိုးမကို သူခိုးကပဲ နားလည်နိုင်တယ်...
သူခိုးဟာ သူဌေးမနဲ့ညားလို့ သာယာတဲ့အိမ်ထောင်
မဖြစ်ဘူးလို့ အကြမ်းဖျင်း ပြောချင်ရင်
ရဲရဲပြောနိုင်တဲ့ အနေအထားမျိုးမှာ ရှိတယ်...
တည်မြဲအောင် ထိန်းသိမ်းသွားနိုင်တဲ့ ချစ်ခြင်း
အတော်များများဟာ ဘာနဲ့တူလဲ ဆိုတော့
ဟင်းချက်တာနဲ့ တူပါတယ်...
ဘာဟင်း ချက်ချက် ကြက်သွန်လိုတယ်...
ခရမ်းချဉ်သီးလိုတယ်... ဆီလိုတယ် ဆိုပေမယ့်
ကျွန်တော်တို့က ဘယ်တော့မှ ကြက်သွန်ဟင်း...
ဆီဟင်းရယ်လို့ နာမည် မတပ်ပါဘူး...
ကြက်သား... ဆိတ်သား... စသည်ဖြင့်ကသာ
ဇာတ်လိုက်ကျော်က နာမည်ခံခွင့်ကို ရပါတယ်...
အချစ်ဟာလည်း ဒီလိုပါပဲ... သူကချည်းပဲ
အမြဲတမ်း နာမည်ခံခွင့်ကို ရပါတယ်...
သူ့နောက်ကွယ်က ဘယ်လောက် အရေးပါတဲ့
အရာပဲ ဖြစ်ဖြစ်ကို ကျော်လွန်ပြီး
နာမည်ခံခွင့် အမြဲ ရတယ်...
ဒါပေမယ့် အချစ်ရဲ့ သဘောကိုက
အစားထိုးဖို့ လွယ်တယ်... ကြက်သားမရှိရင်
ဘဲသား ပြောင်းထည့်လိုက်လို့ ရတယ်...
ကြက်သွန်မရှိလို့ တခြားဟာ ထည့်လို့မရဘူး...
ဆီမရှိလို့ မရဘူး... ဆားမရှိလို့ မရဘူး...
ဒီတစ်ယောက် မရှိရင် နောက်တစ်ယောက်ကို
ချစ်လိုက်ဖို့ မလွယ်ဘူးလို့ ထင်တတ်အောင်
အချစ်က လှည့်စားပေမယ့် တကယ်အစားထိုးလို့
မရတာတွေက တခြားအရာတွေ ဖြစ်နေတတ်ပြီး
အချစ်ကတော့ အမြဲတမ်း အစားထိုးလို့ရတာကို
ရင့်ကျက်တဲ့ အချိန်တစ်ခု ရောက်ရင်
သေချာပေါက် တွေ့ရပါလိမ့်မယ်...
“တည်မြဲချင်ရင် ကိုယ့်ကိုအချစ်ဆုံး ဆိုတဲ့သူထက်
ကိုယ့်နဲ့အဆင်ပြေဆုံး ဖြစ်မယ့်သူကိုရွေးပါ” ဆိုတဲ့
စကားကလည်း ပြောတော့သာ လွယ်တာပါ...
ကိုယ်တိုင်လည်း တခြား Factors တွေထက်
ကိုယ်ချစ်တဲ့သူကိုပဲ ရွေးယူခဲ့တာ ဆိုတော့
“အဆင်ပြေရင် နောက်ကျတော့ ချစ်သွားလိမ့်မယ်”လို့
ပြောဖို့က မတရားရာ ကျတာပေါ့...
အချစ်ဆုံးသူကို ရွေးတာဟာ အချိန်တော်တော်
များများမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါပဲ...
ဒါပေမယ့် တချို့တွေရဲ့ပုစ္ဆာမှာ မမှန်ပါဘူး...
အချစ်ဆုံးသူက ဒုက္ခအပေးဆုံးဖြစ်နေတဲ့
ပြဿနာတွေ... အချစ်ဆုံးသူက တခြားလူရှိနေတဲ့
ပြဿနာတွေ... အချစ်ဆုံးသူက ကိုယ်နဲ့ဘယ်လိုမှ
အဆင်မပြေတဲ့သူ ဖြစ်နေတဲ့ ပြဿနာတွေမှာတော့
“အချစ်ဟာ အမြဲတမ်း အစားထိုးလို့ရတယ်”
ဆိုတာကို သိစေချင်ပါတယ်...
မြဲမြံခြင်းဟာ အချစ်ထက်
နားလည်မှုကြောင့် ဖြစ်ပါတယ်...
သစ္စာတရားဟာ အချစ်ထက်
ဂုဏ်သိက္ခာကို ထိပါးမခံလိုခြင်း...
မနာကျင်စေလိုခြင်း နဲ့
ကိုယ်ချင်းစာတရားကြောင့် ဖြစ်ပါတယ်...
ချစ်ရက်နဲ့ ဖောက်ပြန်လို့ သိပ်လွယ်ပါတယ်...
ဂုဏ်သိက္ခာ မကျချင်တာတွေ...
မနာကျင်စေချင်တာတွေ...
ကိုယ်ချင်းစာစိတ်တွေ နဲ့တော့
ဖောက်ပြန်ဖို့ ခက်ပါတယ်...
အတူနေထိုင်လို့ သက်တောင့်သက်သာ ရှိခြင်းဟာ
အချစ်ထက် Personal match ဖြစ်ခြင်း
(တနည်းအားဖြင့်) အသွင်တူခြင်းကြောင့် ဖြစ်ပါတယ်...
ပန်းခြံထဲမှာ Kissing ရိုက်တာနဲ့
ကားထဲမှာ Sex လုပ်တာတွေက လက်ထပ်ပြီး
တစ်နှစ်နှစ်နှစ်အပြင် ဘဝထဲကို ပိုမပါလာနိုင်ပေမယ့်
Taste တူတဲ့ ရုပ်ရှင်တစ်ကားကို အတူတူကြည့်ရတာ...
မြူဆိုင်းတဲ့ တောင်တန်းတွေရှေ့မှာ အတူတူ
နိုးထချင်တတ်တာ... အကြိုက်တူတဲ့ သီချင်းတစ်ပုဒ်ကို
အတူတူအော်ဆိုရတာ တွေကတော့ တစ်သက်လုံး
ကပ်ပါလာမယ့် တန်ဖိုးတွေဖြစ်ပြီး တန်ဖိုးချင်း
တူသူကလည်း ရှားပါးတတ်ပါတယ်...
Once again... ဂရုစိုက်ခြင်း... သည်းခံခြင်းနဲ့
အလျှော့ပေး လိုက်လျောခြင်းတွေဟာ
အချစ်ထက် မေတ္တာတရားကြောင့် ဖြစ်ပါတယ်...
မပြီးသေးဘူး... ဒေါသထိန်းတာ...
နင်ပဲငဆ မပြောတာ...
Physically and mentally abuse မလုပ်တာတွေဟာ
အချစ်ထက် ပညာ အရည်အချင်း...
မျိုးရိုးအကျင့်စရိုက်နဲ့ စိတ်ဓာတ် အဆင့်အတန်းတွေက
လာပါတယ်... ချစ်တယ်လို့ ပြောပြီး
ခွထိုးနေကြတဲ့ သူတွေ အများကြီးပါ...
ဒီနေရာမှာ အဆင့်အတန်းတို့ ဘာတို့ဆိုတာ
ခွဲခြားပြီး ပြောတာ မဟုတ်ပါဘူး...
ကိုယ်နဲ့တူမတူ ချိန်ဆညှိနှိုင်းဖို့ကို ဆိုလိုတာပါ...
ကျွန်တော်က ဒေါက်တာဘွဲ့ မရဘူး...
ဒါပေမယ့် နေရာတကာလည်း အလျှော့ပေး
သည်းခံရတာမျိုးကို မကြိုက်ဘူး ဆိုရင်
ကျွန်တော့်အနေနဲ့ PhD တက်နေတဲ့
ဒေါက်တာမ တစ်ယောက်ကို မရွေးချယ်သင့်ဘူး...
ကိုယ့်အတွက် မာနက အရေးမကြီးဘူး...
ပညာတတ် မိန်းမတစ်ယောက်ကိုမှ ကြိုက်တတ်တာ
ဆိုရင်တော့ အဲ့လိုဒေါက်တာမကို ရအောင်
ကြိုးစားကြည့်ဖို့ အတွက် ရွေးချယ်သင့်တာပေါ့...
ခင်ဗျားက လှတာကြိုက်တယ်ဆို သိပ်မလှတဲ့
တစ်ယောက်က ဘေးနားမှာ ကိုယ့်အပေါ် ဘယ်လောက်
ကောင်းအောင် ဖြည့်ဆည်း‌ပြီး ချစ်ပေးနေနေ...
လှတဲ့တစ်ယောက်နဲ့ ယှဉ်လာရင် ထားပစ်ခဲ့ပြီး ထထွက်
လာလိုက်ဖို့က (ကိုယ့်အတွက်) တရားမျှတတာပဲ...
လှတာမမက်ပဲ ဂရုစိုက်တာ မက်တဲ့သူတွေ
အတွက် ကျပြန်တော့ ရုပ်ချောပြီး သိပ်အနွံတာ
မခံတတ်တဲ့ သူတွေက ကျကျန်ခဲ့ရမှာပဲ...
ဒါပေမယ့် အပေါ်က အချစ်ထက် ဘာ... အချစ်ထက်
ဘာ... စသည်ဖြင့် ပြောလာတာတွေ အကုန်လုံးကို
နာမည်ခံတော့ကျ အချစ်ကပဲ နာမည်ခံရပြန်တာပဲ...
ချမ်းသာတဲ့လူနဲ့ ညားရင်လည်း အချစ်...
ကိုယ်လုံးလှတဲ့ သူကို ရအောင်
ယူလိုက်နိုင်ရင်လည်း အချစ်...
ကျော်ကြားတဲ့ သူကို ပိုင်ဆိုင်
လိုက်ရပြန်လည်း အချစ်...
သည်းခံ အလျှော့ပေးတတ်တဲ့ သူကို
အဖြေ ပြန်ပေးလိုက်တာလည်း အချစ်...
အရာအားလုံးဟာ အချစ် ဖြစ်သွားပြန်တာပဲ...
အဆင်ပြေ ချောမွေ့သွားတဲ့ ဘဝလမ်းကြောင်းတွေကို
အချစ်လို့ ခေါင်းစဉ်တပ်တာ တင့်တယ်ပေမယ့်
အဆင်မပြေ... ကိုယ့်အတွက် ဖိနပ်ထဲ ဝင်နေတဲ့ဆူး...
အင်္ကျီထဲက ပုရွက်ဆိတ်... ကိုယ်တိုင် သိနေရတဲ့
ကိုယ်ဝမ်းနာမျိုးကိုတော့ အချစ်ဆိုတဲ့ ခေါင်းစဉ်
အောက်ကနေ အသက်ရှူကြပ်ခံ... အပြုံးပျက်ခံပြီး
ဆုပ်ကိုင်ထားနေစရာ မလိုဘူးလို့ သတိပေးချင်တာပါ...
တစ်ခါတုန်းက ကြည့်ဖူးတဲ့ Documentary တစ်ခုကို
သွားသတိရတယ်... ကောင်လေးက အရမ်း
မိုက်ရိုင်းတယ်... နိုင်ထက်စီးနင်း ဆန်တယ်...
ကောင်မလေး အပေါ် မောက်မာတယ်...
နှုတ်ထွက် စကားတိုင်းက ကြမ်းတမ်းတယ်...
ကောင်မလေးက ရိုကျိုးတယ်... သေဝပ်တယ်...
အမြဲတောင်းပန် တိုးသျှိုးပြီး ကောင်လေးကို
အရှင်သခင်လို ဆက်ဆံတယ်...
ရုတ်တရက် ကြည့်ရင် ဒေါသထွက်စရာပေမယ့်
ကောင်လေး မကြမ်းတမ်းနိုင်တော့တဲ့ တစ်နေ့...
မမိုက်ရိုင်းနိုင်တော့မယ့် တစ်နေ့မှာ သူက
အထားခဲ့ခံရမှာပဲ... ဘာဖြစ်လို့လဲ ဆိုတော့
ကောင်မလေးက Submissive type ဖြစ်ပြီး
သူမအပေါ် အကြီးအကျယ် Dominant လုပ်နိုင်တဲ့
သူမျိုးကိုမှ သူမအနားမှာ ထားမှာမို့လို့ပဲ...
ဒါသည်ပင် သူတို့ရဲ့ အချစ်ပဲ...
ဒါပေမယ့် အချစ်လားဆိုတော့ တကယ်တမ်း
တစ်ယောက်လိုချင်တာ တစ်ယောက် ပေးနေနိုင်တဲ့
Personal match ဖြစ်မှုကနေ အချစ်က
နာမည်ခံခွင့် ရနေတာမျိုးပဲ...
ဒီတော့ ကိုယ်မဟုတ်တဲ့ ဘယ် Relationship ကိုမှ
Judge လုပ်နေစရာ မလိုတော့ဘူး...
သူတို့အဆင်ပြေနေရင် သူတို့ အဆင်ပြေနေလို့ပဲ...
ကိုယ်အဆင်ပြေနေရင် ကိုယ် အဆင်ပြေနေလို့ပဲ...
ဘယ်သူပြောတာမှ ဂရုစိုက်နေစရာ မလိုတော့ဘူး...
အမျိုးသားက ရက်စက်တယ်...
ရက်စက်ရင် ကွဲလိုက်လေ... ကိုယ်တိုင်က
သူရက်စက်တတ်တာကို တနည်းတဖုံ စွဲလန်းနေလို့
ဘေးမှာ ဆက်နေနေမိတာရော မဖြစ်နိုင်ဘူးလား...
အမျိုးသမီးက ငွေမက်တယ်...
ငွေမက်ရင် ကွာလိုက်ပေါ့... ကိုယ်တိုင်က
သူငွေမက်သမျှ ဖြည့်ဆည်းပေးနေနိုင်တယ်
ဆိုတဲ့ မာနကို ဖက်တွယ်ချင်လို့
အနားမှာ ဆက်ရှိနေမိတာ မဖြစ်နိုင်ဘူးလား...
ကျွန်တော့် အမြင်ကတော့ ရင်ချင်းဆက်တို့
ခေါင်းချင်းဆက်တို့ မွေးလာတဲ့ အမွှာမှ
မဟုတ်ရင် ဘယ်သူမဆို အဆင်မပြေတာနဲ့
ကိုယ့်လမ်းကိုယ် လျှောက်လို့ရတယ် မြင်တာပဲ...
အခြေအနေတွေ... ကံတရားတွေ... ဝဋ်ကြွေးတွေ
ဆိုတာ ဆင်ခြေတွေ သက်သက်ပဲ... တကယ်က
ပိတ်မိနေတယ် ဆိုတာ ကိုယ်မထွက်သွားသေးလို့ပဲ...
မထွက်သွားသေးလို့ဆိုတာ ကိုယ်မက်မောနေသေးလို့ပဲ...
လိုချင်ရင် ရအောင်ယူလို့ရတဲ့နည်း ရှိသလို
မလိုချင်ရင်လည်း ရအောင်စွန့်ပစ်လို့ရတဲ့ နည်းက
ရှိကိုရှိတယ်... Stuck ဖြစ်နေတယ်ဆိုရင် ကိုယ်တိုင်က
တနည်းတဖုံနဲ့ Stuck ဖြစ်ခွင့် ပြုထားလို့ပဲ...
ညည်းညူပြီး နေနေတဲ့သူ တော်တော်များများကိုယ်၌က
ညည်းညူ နေရတာကို ကြိုက်တာ...
ကျွန်တော်ဆို Drama ချိုးရတာကို ကြိုက်တယ်...
ဒါကြောင့်မို့ Drama ချိုးလို့ရတဲ့မိန်းမကို ယူထားတာ...
ဘာ Drama မှမပေးပဲ ကိုယ့်တအား လိုက်ချစ်ပြီး ဖူးဖူး
မှုတ်ထားတဲ့ မိန်းမမျိုးနဲ့ဆို ဒီလောက်မြဲမှာ မဟုတ်ဘူး...
ဝမ်းနည်းလာရလိုက်... ခံစားလာရလိုက်... ကဗျာ
ရေးလိုက် စာလေးရေးလိုက် နေရတာကိုပဲ ကြိုက်တာ...
အချစ်က မရှိတာတော့ မဟုတ်ဘူး...
အသက်အရွယ် Phase တစ်ခုမှာ တကယ်ရှိတယ်...
အဲ့ဒီဆယ်ကျော်သက် Phase ကို ကျော်သွားရင် သိပ်
မရှိတော့ဘူး... အချစ်ထက် ပိုအရေးကြီးတဲ့ အရာ
တွေက အချစ်လို့ နာမည်ခံပြီး ဆက်လုပ်သွားတယ်...
‘အုန်းနို့ခေါက်ဆွဲ’ရဲ့ အဓိကပြဿနာက ဘာလဲဆိုရင်
အုန်းနို့များတတ်တာပဲ... ဘယ်သူမှ အုန်းနို့ခေါက်ဆွဲမှာ
ကြက်သားများလို့... ကြက်သွန်ဥများလို့...
မုန့်ကြွပ်များလို့ ဆိုပြီး Complaint မတက်ဘူး...
အုန်းနို့အရမ်း များရင်တော့ သွေးတိုးတယ်...
ကျန်းမာရေးနဲ့ မညီညွတ်တော့ဘူး...
နာမည်ကျတော့ အုန်းနို့ခေါက်ဆွဲတဲ့...
ဒါပေမယ့် များများ စားစေချင်ရင်
အုန်းနို့ကို လျှော့သင့်တန် လျှော့ထည့်ရတယ်...
အချစ်ရဲ့ အဓိက ပြဿနာကလည်း
အရမ်း ချစ်မိတတ်တာပဲ...
စိတ်ချမ်းသာချင်ရင် လျှော့ချစ်သင့်တဲ့
အချိန်မှာ လျှော့ချစ်တတ်ရတယ်...
ကိုယ်ချစ်တဲ့သူက ပိုင်ရှင် ရှိနေရင်
လက်လွှတ်တတ်ရတယ်...
ကိုယ်နဲ့ အဆင်မပြေရင် နှုတ်ဆက်တတ်ရတယ်...
အသိုင်းအဝိုင်း အမူအကျင့်နဲ့ စိတ်ချင်း
ကွာဟလွန်းနေရင် ခွဲခွာတတ်ရတယ်...
တကယ်ချစ်ရင် ဆွဲထားရတယ် ဆိုပေမယ့်
ကိုယ်က ဘယ်လောက်ထိ ဘာတွေရင်းပြီး ဆွဲထား
နိုင်စွမ်း ရှိလို့လဲ ဆိုတဲ့ပေါ်လည်း မူတည်သေးတာကိုး...
Right person တို့ လူရွေးမှန်တယ်တို့ ဆိုတာက
Surprise gift ပေးတာ... မုန့်ဝယ်ကျွေးတာနဲ့ မဆိုင်ဘူး...
ကိုယ်နဲ့ တည့်နေချိန်ဆို ဘယ်သူနဲ့နေနေ
လူရွေးမှန်တယ် ထင်ရတာပဲ... ရန်ဖြစ်နေချိန်ဆို
ဘယ်သူနဲ့ညားညား လူရွေးမှားခဲ့တယ် ထင်ရတာပဲ...
အဓိက အချစ်ထက် အရေးကြီးတာတွေ အများကြီး
ရှိတယ်... ချစ်တာက ချစ်ချင်လာရင် ဘယ်သူ့
ကောက်ချစ်ချစ် ချစ်လို့ရတယ်... ရေရှည်ဆိုရင်တော့
ပြေးတတ်တဲ့သူကို အတင်းဆွဲရမယ့် ကိုယ့်လက်တွေ
အတွက်လည်း ကိုယ်ထည့်တွက်ဖို့ လိုသလို
အတင်းဆွဲမယ့်သူဆီက ရုန်းပြေးရမယ် ဆိုလည်း
ကိုယ့်ခြေထောက်တွေအတွက် ငဲ့ကွက်ဖို့ လိုတယ်...
ကိုယ်က သစ္စာရှိမှ ကြိုက်ရင်
ပန်းစည်းထက် သိက္ခာ သမာဓိကို
ကြည့်သင့် ကြည့်ရမယ်...
ကိုယ်က လှတာ မက်တာလား...
ဘဝအခြေအနေအရ Secure ဖြစ်ချင်လို့
အလုပ်အကိုင် ငွေကြေး တည်ငြိမ်တဲ့
အရည်အချင်း ရှိသူကို သဘောကျတာလား...
လူတွေဟာ ကိုယ့်ကိုယ်ကို
သေသေချာချာ အရင် ချစ်ကြည့်ပြီး
ကိုယ့်အကြောင်းကိုယ် အရင်သိဖို့ လိုတယ်...
အချစ်ကတော့ ဘယ်လိုခေါင်းစဉ်နဲ့ ရှေ့ကို
ဘယ်နှစ်ခါပဲ ပြုတ်ကျလာ ပြုတ်ကျလာ...
အချစ်လို့ ‌နာမည်တပ်ခံနေဦးမှာပဲ မဟုတ်ဘူးလား!
Yarzar Wizaya

No comments:

Post a Comment