ကလေးတွေမှာ ငိုမယ် မေးခွန်းမေးမယ် ဆော့မယ်ဆိုတဲ့အကျင့်သုံးခုရှိတယ်
ဒီသုံးခုကိုမိဘတွေရဲ့ဖြေရှင်းပုံက ကလေးရဲ့အနာဂတ်ပဲ။
မြန်မာမိဘအများစုက ကလေးငိုရင် လတ်တလောအငိုတိတ်မယ့်နည်းကိုပဲသုံးတတ်တယ်။
အသုံးဆုံးနည်းက ကြောက်အောင်ခြောက်တဲ့နည်းပဲ
ဟိုလူကြီးဖမ်းလိမ့်မယ်ဆိုတာကနေ ကြားဖူးနားဝဘာသာရေးပုံတိုပတ်စထဲက သရဲတစ္ဆေဇာတ်လမ်းတွေအထိ အကြောက်တရားပေါင်းစုံကို ကလေးရဲ့နုနယ်တဲ့စိတ်ထဲထည့်ပေးတယ်။
ခြောက်မရရင် ရိုက်တယ်
ပြဿနာကိုစိတ်ရှည်ရှည်ထားဖြေရှင်းရမယ့်အစား အကြမ်းဖက်စေတဲ့လမ်းစပဲ။
သဘာဝအတိုင်းငိုတတ်တာကို စိတ်ရှည်ရှည်ထားဖြေရှင်းပေးမှသာ ကလေးက ရင့်ကျက်လွယ်မယ်
ဆင်ခြင်တုံတရားရှိလာမယ်။
ကြောက်စိတ်စိုးရိမ်စိတ်မရှိလို့သင်ယူရလွယ်ကူစေတယ်။
ကလေးကမေးခွန်းထုတ်တဲ့အခါ အသက်အရွယ်နဲ့လိုက်လျောညီထွေအောင်
ဖြေပေးရမယ်
ကျနော့်အမေနဲ့အဖွားကတော့ ဘာမေးမေး လူကြီးတွေစကားပြောနေတယ် ဝင်မရှုတ်နဲ့ဆိုတာချည်းပဲ
အမှန်က သူတို့လွတ်လွတ်လပ်လပ်အတင်းတုတ်ချင်လို့ မောင်းထုတ်တာ။
မောင်းထုတ်ခံရတာများတော့ လူရာမဝင်သလိုခံစားရတယ်။
မေးခွန်းထုတ်ရမှာစိုးရွှံ့လာတယ်
စူစမ်းလေ့လာလိုစိတ်ရဲ့အခြေခံက သိချင်စိတ်ပါ
သိဖို့ မေးခွန်းထုတ်ရတယ်။
ကလေးတွေဆော့ကစားဖို့အချိန်နဲ့နေရာလိုအပ်တယ်။
ရွယ်တူကလေးတွေနဲ့ကစားခွင့်ရခြင်းဟာ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအပြင် ပေါင်းသင်းဆက်ဆံရေးကိုတည်ဆောက်တတ်စေတယ်
အထီးကျန်မဖြစ်ဘဲ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရစေတယ်။
ကျနော့်ဖွားအေကတော့ နွေကျောင်းပိတ်ရင် ဘုန်းကြီးကျောင်းကိုပို့တယ်
ဘာသာရေးပုံတိုပတ်စတွေသင်ခိုင်းတယ်
အိမ်မှာလည်း ပရိတ်ပဌာန်းနဲ့တရားစာတွေအလွတ်ကျက်ခိုင်းတယ်။
အမှန်က ကျနော်တို့ဆော့တာကို မျက်စိနှောက်လို့ မခံစားနိုင်လို့ဘုန်းကြီးကျောင်းကိုပို့တာ ပရိတ်ပဌာန်းတွေကျက်ခိုင်းထားတာ။
လွတ်လွတ်လပ်လပ်ကစားရမယ့်အချိန်မှာ ဘာအဓိပ္ပါယ်မှန်းမသိ ဘယ်သူလက်ဆော့ခဲ့မှန်းမသိ ဘယ်လိုအကြောင်းအကျိုးရှိမှန်းမသိ မှန်လားမှားလားလည်းမသိ ကလေးတစ်ယောက်အတွက်လုံးဝစိတ်ဝင်စားဖွယ်လည်းမဖြစ်တဲ့စာတွေကိုအလွတ်ကျက်နေရတယ်ဆိုတာ ညှင်းပန်းခံရခြင်းတစ်မျိုးပဲ။
ခုနောက်ပိုင်းဆို ယဥ်ကျေးလိမ္မာသင်တန်းတွေ ခေတ်စားလာတယ်
ပလ္လင်ပေါ်ကဘုန်းကြီးပြောသမျှ မှန်လားမှားလား ဖြစ်နိုင်လား မဖြစ်နိုင်လားမေးခွန်းထုတ်ခွင့်မရှိဘဲ လက်အုပ်ချီသာဓုခေါ်တာကို ယဥ်ကျေးလိမ္မာတယ်ယူဆတဲ့လူ့အဖွဲ့အစည်း။
အညွှန်တက်မယ့်အရွယ်မှာ အိုနာသေဘေးဆိုတဲ့ဘာသာရေးအယူအဆတွေအသွင်းခံရရင် ဘာတွေအကျိုးရှိမှာလဲ။
မြေဆွဲအားကိုဆန့်ကျင်ပျံတက်ဖို့အင်ဂျင်နဲ့ စွမ်းအင်ကိုဖန်တီးရမယ့်အစား ဘာသာရေးလုပ်ရင် ကမ္မဌာန်းကျင့်ရင် သမထထိုင်ရင် စျာန်ပျံနိုင်တယ် နတ်ပြည်ရောက်မယ် စကြဝဠာပတ်မယ်ဆိုတဲ့ဘာသာရေးအမှိုက်တွေက ဘာအကျိုးပေးမှာလဲ။
ကျနော်တို့ရေးတာတွေကို ကျနော်တို့မိဘတွေနဲ့မြန်မာအများစုက စိတ်လည်းမဝင်စား ဖတ်လည်းမဖတ် ဖတ်မိပြန်ရင်လည်း ငရဲကြီးမယ် အကုသိုလ်မယူနဲ့ဆိုတာပဲပြန်ပြောတတ်တယ်။
သူရေးတာ ဟုတ်များနေလား
ငါတို့ထင်ခဲ့တာတွေ တစ်ခုခုမှားနေလားဆိုပြီးယောင်လို့တောင်မစဥ်းစားဘူး။
No comments:
Post a Comment