ခု တော်လှန်ရေး ဘက်တော်သားအချင်းချင်း သံသယတွေနဲ့ အချင်းချင်းပြန်လည်ထောက်လှန်း အပြစ်တင်ဝေဖန်နေကြတာတွေ့ရတယ်။ ဒါကပဲ စ အာဏာရှင်တွေ လိုချင်တဲ့ divide & Rule သွေးခွဲအုပ်ချုပ်ခြင်း ရဲ့ ရလဒ်ပဲ။
ဖြစ်နေတဲ့ အခြေနေတွေကိုကြည့်လိုက်ရင် အဖွဲ့အစည်းတစ်ခုကို အဖြိုခွဲနိုင်ဆုံး အားအကောင်းဆုံး အဆင့်ဖြစ်တဲ့ ယုံကြည်မှုပျက်ပြားခြင်းဆိုတဲ့ Trust Crisis အဆင့်ကို ရောက်နေပြီ ..( ပုံထဲက level 4 အဆင့်
ရောက်နေပြီ ..level 5 အစိတ်စိတ်အမွှာမွှာ ပြိုကွဲတဲ့အဆင့်ရောက်တော့မယ်)
ဒါက အတော်လေးစိုးရိမ်စရာ အနေအထားဆိုတာ အချင်းချင်း သတိပြုမိဖို့ အတော်လေး လိုအပ်နေပြီ။
တစ်ဖက်က သွေးခွဲဖို့ကြိုးစားလာရင် အခြေနေ ဘယ်လိုပြန်ထိန်းမလဲဆိုတဲ့ ပြန်လည်တည့်မတ် ထိန်းကျောင်းပေးနိုင်မယ့်သူတွေလည်း အများကြီးလိုအပ်တယ်။
ဒီလိုဖြစ်ပျက်နေတာတွေ ကြည့်ပြီး စကစ တွေ ဘယ်လောက် လက်ခုပ်တီးနေမလဲ ..
ငါတို့ဗျူဟာ အလုပ်ဖြစ်တယ်ဆိုပြီး တလရ အကွဲအပြဲက သူတို့အတွက် စိတ်ခွန်အား ဖြစ်စေနိုင်တာကိုလည်း သတိထားရပါမယ်။
ဗိုလ်နဂါးကိစ္စကိုကြည့်ရင် ဗိုလ်နဂါးထောက်ခံသူတွေ ကိုယ်အသုံးချခံလိုက်ရတာကို ဝန်မခံနိုင်တဲ့အပြင် ဒီတလရ ဘက်ပြန်မပါလာပဲ အကုန် third အုပ်စုတွေ ဖြစ်…ဒီဘက် တလရ ဘက်သူတွေကို လည်း အဆုံးစွန်ဝေဖန် တိုက်ခိုက်နေကြတာ မြင်ရတယ်။
အချို့တွေကလည်း တလရ လုပ်နေပေမယ့် စကစ ဘက်က သွေးခွဲဖို့ မက်လုံးတွေနဲ့ ကမ်းလှမ်းခံရတာမျိုးတွေ ရှိပါလိမ့်မယ်။
အထူးသဖြင့် တလရ အားကောင်းအောင် အားဖြည့်နေသူတွေ ပိုသတိထားရတယ်။ တလရ အားလျော့သွားအောင် အဆုံးအစွန်ကြိုးစားနေကြတော့ ဒီ တစ်တပ်တစ်အား ဖြည့်နေသူတွေဘက်ကို target ထားလေ့ရှိတယ်။
အဲ့လို စကစ ဘက်က မက်လုံးပေးပေမယ့် လက်မခံတဲ့သူတွေကိုလည်း စကစ ဘက်တော်သားပုံစံ offense ဖြစ်တဲ့ ပုံစံမျိုးတွေနဲ့ ကိုယ့်လူ သူ့ဘက်သားဖြစ်အောင် ကိုယ်ကိုယ်တိုင် မတွန်းထုတ်မိဖို့လိုတယ်။
ရန်သူက အမျိုးမျိုး မက်လုံးပေါင်းစုံနဲ့ စည်းရုံးသိမ်းသွင်းနေတယ်ဆိုတာကို သတိထားဖို့လိုတယ်။ ရန်သူ့ဘက် % ပိုသာပိုရောက်သွားအောင် ကျွန်မတို့ မလုပ်မိဖို့လိုတယ်။ စည်းရုံးလှုံ့ဆော်ရေးပိုင်းကို အားထည့်ကြဖို့လိုတယ်။
ရန်သူက နည်းဗျူဟာပေါင်းစုံ သုံးနေချိန် ကျွန်မတို့ ရပ်ကွက်ဆန်တဲ့ ပြစ်တင်ပြောဆို ဆဲဆိုရန်ဆောင်မှုတွေ မလုပ်မိကြဖို့ သတိထားရမယ်။
သူ့ဘက် နည်းဗျူဟာနဲ့သွားရင် ကိုယ့်ဘက်ကလည်း နည်းဗျူဟာနဲ့သွားဖို့လိုတယ်
ဒါကြောင့် ကိုယ့်ဘက်ကို လူတွေ ပြန်ပါလာစေချင်ရင် သူတို့ကို "ဂုဏ်သိက္ခာဆယ်ခွင့်" ပေးရပါတယ်။
ဒါကျွန်မတို့ Business နယ်ပယ်မှာ သုံးကြတဲ့ သီအိုရီပါ။
ပြိုင်ဘက်တွေကို ဂုဏ်သိက္ခာရှိရှိ ထွက်ခွာနိုင်မယ့် ထွက်ပေါက်ပေးလိုက်ခြင်းကို ကိုယ့်လုပ်ငန်းကို ပြန်လည်တိုက်ခိုက်ဖျက်စီးမယ့် ရန်သူ တစ်ပါးလျော့သွားခြင်း ဆိုတဲ့ concept ပါ။
လူဆိုတဲ့အမျိုးက ကိုယ်အမှားလုပ်မိတာကို သိရင်တောင် ဂုဏ်သိက္ခာ မာန ထိခိုက်မှာစိုးကြလို့ ဝန်မခံချင်ကြပါဘူး။
အဲ့တော့ သူ့ရဲ့ ဂုဏ်သိက္ခာ မာန်မာနတွေကို မထိခိုက်အောင် ထိန်းသိမ်းပေးပြီး သူ့အတွက် အသက်ရှူပေါက် ကယ်ပေါက်ရအောင် ဖန်တီးပေးမှသာ သူ့အမှားကို ဖုံးကွယ်ဖို့အတွက်နဲ့ အခြားသူတွေကို ပတ်မရမ်းတော့မှာပါ။
လုပ်ငန်းခွင်မှာလည်း ဒီလို ကြုံခဲ့ဖူးတာ ဝ နေပြီမို့… ဒီလို လူတွေဆိုတာက သူတို့ဂုဏ်သိက္ခာကို ဆယ်ခွင့်မပေးမချင်း သူထွက်ပေါက်မရှိမချင်း သေတဲ့အထိကို ပတ်ရမ်းတတ်ကြတဲ့သူမျိုးတွေပါ
လူတွေက အမှားလုပ်မိတာထက် အမှားကြောင့် အရှက်ရမှာကို ပိုကြောက်တတ်ကြပါတယ်။
ဒါ့ကြောင့် ကိုယ့်ဘက် ရန်သူတွေ ပိုမများလာအောင် သူ့ကို အားပေးထောက်ခံသူတေွ ကိုယ့်ဘက်လူဖြစ်လာအောင် စုစည်းမှုပိုအားကောင်းအောင် …
တစ်ခုခုဖြစ်လာရင် သူတို့ကို ခနဲ့တာ ရွဲ့စောင်းပြောတာ ဘလိန်းတာမျိုးထက် ..
သူတို့က တော်လှန်ရေးစိတ်ထက်သန်လွန်းလို့ အသုံးချခံလိုက်ရတာ ဆိုတဲ့ narrative ကို ပြောင်းပြီး သူတို့ထွက်ပေါက်ရအောင် လုပ်ပေးနိုင်ရင် ဘုံရန်သူ ဘယ်သူဆိုတာမြင်ပြီး ကိုယ့်ဘက် ပတ်ရမ်းရန်ပြု တာတွေ လျော့သွားပါလိမ့်မယ်။
ဒါက သူ့ရဲ့စေတနာကို အသိအမှတ်ပြုရာရောက်ပြီး သူ့ကို သိက္ခာရှိရှိ ပြန်လှည့်လာဖို့ လမ်းကြောင်းပေးလိုက်ရာလည်း ကျသွားစေ ပါတယ်။
အပြစ်တင်ရမှာက အမှားလုပ်မိတဲ့ ပြည်သူမဟုတ်ဘဲ၊ လိမ်လည်လှည့်စားသွားတဲ့သူ သို့မဟုတ် သွေးခွဲနေတဲ့ စကစသာ ဖြစ်ရပါမယ်။ ဒီဘုံပစ်မှတ်ကို မြင်လာကြဖို့လိုပါတယ်။
လူတစ်ယောက်ကို "မင်းက လူဆိုးပဲ မင်းက သစ္စာဖောက် သူတို့ဘက်ကလူပဲ" လို့ တံဆိပ်ကပ်ဖိအားပေးလွန်းရင် သူက "အေး... ငါ့ကို လူဆိုးလို့ပဲ မြင်နေကြတာ၊ လူဆိုးပဲ လုပ်တော့မယ်" ဆိုတဲ့ စိတ်မျိုး ဝင်သွားတတ်ပါတယ်။
တော်လှန်ရေးမှာ အမာခံမဟုတ်ရင်တောင် ကြားနေသူတွေ အမှားပြင်ချင်သူတွေ ရှိပါတယ်။ သူတို့ကို ရန်ရှာခြင်းက သူတို့အတွက် လုံခြုံရာဟာ စစ်ကောင်စီဘက်ပဲ ဖြစ်သွားစေပါတယ်။
လူတွေက သူတို့ရဲ့ Self-Esteem ကို ထိခိုက်လာရင် အမှန်တရားထက် သူတို့ရဲ့ ရှင်သန်လွတ်မြောက်ရေးကို ပိုရွေးချယ်တတ်ကြပါတယ်။
တော်လှန်ရေးရဲ့ အောင်နိုင်မှုဟာ လူဦးရေအသာစီးရမှုပေါ်မှာလည်း အများကြီး မူတည်ပါတယ်။
လူတစ်ယောက်ကို ဘလိန်းလုပ်ပြောဆိုပစ်မျိုးတွေက ရန်သူ့အင်အားကို တစ်ယောက်တိုးစေပြီး ကိုယ့်အင်အားကို တစ်ယောက် လျော့စေပါတယ်။
ဒါ့ကြောင့်အမှားလုပ်မိသူတွေ နောင်တရပြီး ပြန်လာချင်အောင် လက်ကမ်းကြိုဆိုတဲ့ အသိုက်အဝန်းရှိမှသာ ပြန်လှည့်လာချင်ကြမှာပါ။
Blame Game ကစားနေတာတွေ လျှော့သင့်တာလျှော့ပြီး
အချင်းချင်း သံသယဖြစ်နေမကြယ့်အစား၊ ဒီသွေးခွဲမှုတွေက ဘယ်သူ့ဆီက လာတာလဲဆိုတာကို အမြဲ အချင်းချင်း သတိထားနိုင်အောင် သတိပေးပြီး
ကိုယ့်ဘက်ကလည်း သတိမမူ ဂူမမြင်မဖြစ်ရအောင် စကစ သွေးခွဲထည့်ထားသူတွေကို မျက်ခြေမပြတ် သတိထားနိုင်အောင် ...
သတိထားစောင့်ကြည့်ရေး တွေ လုပ်တန်တာတွေလည်း လုပ်ပါ။
ဝေဖန်ပြောဆိုလာရရင်တောင် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာမျိုးမဟုတ်ဘဲ မူဝါဒနဲ့ လုပ်ရပ်ပေါ်မှာပဲ အခြေခံ ပြောဆိုတာက ပိုသင့်ပါတယ်။
တလရ ဆိုတာ လူတွေကို ဖယ်ထုတ်ဖို့မဟုတ်ဘဲ စုစည်းဖို့ ဖြစ်တယ်ဆိုတာကိုလည်း သတိချပ်ရပါမယ်။
No comments:
Post a Comment