Friday, February 13, 2026

"လူ​တွေ" ကို စီမံခန့်ခွဲတတ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ Soft Skills (၅) ခု

 နိဒါန်း (Introduction)

​
ယ​နေ့​ခေတ် လုပ်ငန်းခွင်မှာ Technical Skill (လုပ်ငန်းကျွမ်းကျင်မှု) ဆိုတာက လူတစ်​ဦးအတွက် အောင်မြင်မှုရဲ့အစပဲ ရှိပါသေးတယ်။ အထူးသဖြင့် Manager, Supervisor ဒါမှမဟုတ် Team Lead တစ်ဦးဦးဖြစ်လာပြီဆိုရင် အလုပ်တွေကို ကိုယ်တိုင်လုပ်တတ်ရုံနဲ့ မလုံလောက်တော့ပါဘူး။ အဓိက လိုအပ်လာတာကတော့ People Management လို့ခေါ်တဲ့ "လူတွေကို စီမံခန့်ခွဲနိုင်စွမ်း" ပါပဲ။
​
People Management ဆိုတာ ကိုယ့်အဖွဲ့ထဲမှာရှိတဲ့ လူတစ်ဦးချင်းစီရဲ့ အရည်အချင်းတွေကို ဆွဲထုတ်ပြီး အဖွဲ့လိုက် ပန်းတိုင်တစ်ခုဆီ ရောက်အောင် လမ်းညွှန်ပေးနိုင်ခြင်း ဖြစ်ပါတယ်။ လူကို မစီမံနိုင်တဲ့အခါ အဖွဲ့ဝင်တွေကြားမှာ Motivation တွေ ကျလာမယ်၊ ဘယ်သူက ဘာတာဝန်ယူရမှန်း မရှင်းလင်းတော့ဘဲ Team Performance ပါ ကျဆင်းလာတတ်ပါတယ်။
​
ဒီဆောင်းပါးမှာ စီမံခန့်ခွဲသူတစ်ဦးအနေနဲ့ အဖွဲ့ကို အောင်မြင်အောင် ဦးဆောင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ People Management Soft Skills (၅) ခုနဲ့ လက်တွေ့အသုံးချနည်းတွေကို မျှဝေပေးသွားပါမယ်။
​
(၁) Leadership – အာဏာမဟုတ်၊ သြဇာဖြင့် ဦးဆောင်ခြင်း
​
Leadership ဆိုတာ "ငါ ခေါင်းဆောင်ပဲ၊ ငါပြောတာလုပ်" ဆိုတဲ့ အာဏာပြခြင်းမျိုး မဟုတ်ဘဲ အဖွဲ့သားတွေ လိုက်လုပ်ချင်လာအောင် ဆွဲဆောင်နိုင်တဲ့ "သြဇာ" တည်ဆောက်ခြင်းပါ။ ခေါင်းဆောင်ဟာ အမိန့်ပေးသူထက် လမ်းညွှန်ပြသသူ (Guide) နဲ့ ရှေ့ဆောင်နမူနာပြသူ (Role Model) ဖြစ်ဖို့ ပိုအရေးကြီးပါတယ်။

Leadership မရှိရင် ဘာဖြစ်မလဲ?

Leader တစ်ယောက်အပေါ် အဖွဲ့သားတွေကယုံကြည်မှု (Trust) ​ပျောက်ဆုံးလာတာမျိုး၊ အဖွဲ့ရဲ့ ဦးတည်ချက် (Direction) ကို ဂရုမစိုက်ဘဲ မိမိစိတ်ကြိုက် လုပ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

​လက်တွေ့ Leadership လုပ်နည်း -

• ​Lead by Example: အဖွဲ့သားတွေကို အလုပ်ကြိုးစားစေချင်ရင် ကိုယ်တိုင်က အရင်ဆုံး တာဝန်ယူမှုရှိရှိ ကြိုးစားပြပါ။

• ​Involvement: ဆုံးဖြတ်ချက်ချတဲ့အခါ "ငါ သိတယ်" ဆိုတာထက် Team ရဲ့ အသံတွေကို နားထောင်ပြီး ပါဝင်စေပါ။

• ​Ownership: အမှားဖြစ်လာရင် အဖွဲ့သားကို လက်ညှိုးမထိုးပါနဲ့။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ တာဝန်ယူပြပြီး အတူတူ ပြုပြင်ပါ။
​
ဥပမာ - Deadline မမီတဲ့အခါ အဖွဲ့သားကို "ဘာလို့ မပြီးတာလဲ" လို့ အော်ငေါက်မယ့်အစား "ဘယ်နေရာမှာ အခက်အခဲရှိနေလဲ၊ ငါတို့ အချိန်မီပြီးအောင် ဘယ်လို အတူတူ ဝိုင်းဖြေရှင်းကြမလဲ" ဆိုပြီး ရှေ့ကနေ ဦးဆောင်ဖြေရှင်းပြတာမျိုးပါ။
​
(၂) Delegation – အလုပ်ကို စနစ်တကျ ခွဲဝေပေးခြင်း
​
Leader အတော်များများ မှားတတ်တဲ့အချက်က "ငါကိုယ်တိုင်လုပ်မှ စိတ်ချရမယ်" ဆိုပြီး အလုပ်တွေ အကုန်လုံး ဆုပ်ကိုင်ထားတာပါ။

Delegation ဆိုတာ အလုပ်တွေကို ကိုယ်မလုပ်ချင်လို့ သူများကို ထိုးပေးလိုက်တာ မဟုတ်ပါဘူး။ အလုပ်တစ်ခုကို ရည်ရွယ်ချက်၊ မျှော်မှန်းထားတဲ့ ရလဒ်တွေနဲ့အတူ ရှင်းရှင်းလင်းလင်း လွှဲပြောင်းပေးအပ်ခြင်း ဖြစ်ပါတယ်။
​
Delegation မလုပ်နိုင်ရင် ဘာဖြစ်မလဲ?

Leader က အလုပ်တွေပိပြီး ပင်ပန်းလွန်း (Burnout) ဖြစ်နေချိန်မှာ အဖွဲ့သားတွေကတော့ သင်ယူခွင့်မရဘဲ တိုးတက်မှု ရပ်တန့်နေတတ်ပါတယ်။
​
Delegation လက်တွေ့ ကျင့်သုံးနည်း

• ​Know your team: ဘယ်သူက ဘာအားသန်လဲဆိုတာ သိအောင်လုပ်ပြီး လူမှန်နေရာမှန် ခွဲပေးပါ။

• ​Authority + Responsibility: တာဝန်ပေးရင် လုပ်ပိုင်ခွင့်ပါ တပါတည်း ပေးပါ။ ဆုံးဖြတ်ခွင့်မရှိဘဲ တာဝန်ကြီးပဲ ပေးထားရင် အလုပ်မတွင်ပါဘူး။

• ​Trust but Verify: အလုပ်အပ်ပြီးရင် မျက်စိဒေါက်ထောက်ကြည့်နေတာ (Micromanage) မျိုး မလုပ်ပါနဲ့။ ဒါပေမဲ့ လုံးဝ လွှတ်မထားဘဲ လိုအပ်တဲ့အချိန်မှာ ဝင်ကူညီနိုင်အောင် Follow-up လုပ်ပါ။

ဥပမာ - Presentation တစ်ခု လုပ်ရမယ်ဆိုရင် Slide ပြင်တာ၊ Data ရှာတာတွေကို အဖွဲ့သားတွေရဲ့ အားသန်ရာအလိုက် ခွဲဝေပေးပြီး ကိုယ်က အချောသတ်ပဲ စစ်ဆေးတာမျိုးပါ။
​
(၃) Motivation – အလုပ်လုပ်ချင်စိတ် ဖြစ်လာအောင် လှုံ့ဆော်ခြင်း
​
Motivation မရှိတဲ့ အဖွဲ့တစ်ခုဟာ "စက်ရုပ်တွေ" နဲ့ တူပါတယ်။ ခိုင်းတာတော့ လုပ်ပေးမယ်၊ ဒါပေမဲ့ ကိုယ့်ဘက်က စပြီး ဦးဆောင်လုပ်ကိုင်လိုစိတ် (Initiative) တော့ ရှိမှာ မဟုတ်ပါဘူး။ အလုပ်ကို ပြီးပြီးရော အနည်းဆုံး ပမာဏလောက်ပဲ လုပ်ကြပါလိမ့်မယ်။

​လူတွေကို ဘယ်လို Motivation ပေးမလဲ?

• ​Explain the 'Why': "ဒါလုပ်လိုက်" လို့ ပြောမယ့်အစား "ဒီအလုပ်ကို လုပ်ရင် လုပ်ငန်းအတွက် ဘယ်လောက် အကျိုးရှိသွားမလဲ၊ မင်းအတွက် ဘယ်လို အတွေ့အကြုံရမလဲ" ဆိုတာကို ရှင်းပြပါ။ အလုပ်ရဲ့ အဓိပ္ပါယ်ကို သိရင် လူတွေက ပိုကြိုးစားတတ်ပါတယ်။

• ​Appreciation: ရလဒ်ထွက်မှ ချီးကျူးတာမျိုး မဟုတ်ဘဲ၊ ကြိုးစားအားထုတ်မှု (Effort) ကိုပါ အသိအမှတ်ပြုပေးပါ။

• ​Individual Needs: တချို့က ပိုက်ဆံလိုချင်တယ်၊ တချို့က ရာထူးလိုချင်တယ်၊ တချို့က အသိအမှတ်ပြုခံချင်တယ်။ ကိုယ့်လူတွေ ဘာလိုအပ်လဲဆိုတာ နားလည်အောင် ကြိုးစားပါ။

ဥပမာ - Project ရဲ့ ရလဒ်က ရာနှုန်းပြည့် မထွက်လာသေးရင်တောင်မှ အဖွဲ့သားတွေရဲ့ ညမအိပ်ဘဲ ကြိုးစားခဲ့တဲ့ အားထုတ်မှုကို အသိအမှတ်ပြု ချီးကျူးပေးတာမျိုးပါ။
​
(၄) Coaching & Mentoring – လူ​ကို တိုးတက်အောင် ကူညီခြင်း
​
Leader ကောင်းဆိုတာ ကိုယ့်ထက်တော်တဲ့သူတွေ ပေါ်ထွက်လာအောင် မြေတောင်မြှောက်ပေးသူပါ။ Coaching က လက်ရှိအလုပ်ကို ကောင်းကောင်းလုပ်တတ်ဖို့ ဖြစ်ပြီး Mentoring ကတော့ ရေရှည် Career အတွက် လမ်းကြောင်းပြသပေးတာ ဖြစ်ပါတယ်။
​
Coaching & Mentoring မလုပ်ရင် ဘာဖြစ်မလဲ?

ဝန်ထမ်းတွေရဲ့ အရည်အချင်း (Skill) တိုးတက်မလာပါဘူး။ တော်တဲ့ဝန်ထမ်းတွေက သူတို့အတွက် တိုးတက်လမ်းမမြင်ရင် အလုပ်ထွက်ပြီး တခြားနေရာ ပြောင်းသွားကြပါလိမ့်မယ်။

​လက်တွေ့ Coaching လုပ်နည်း

• ​Ask questions: အမှားလုပ်မိရင် ချက်ချင်း အပြစ်တင်မယ့်အစား "မင်း ဘယ်လို စဉ်းစားပြီး ဒီလိုဆုံးဖြတ်လိုက်တာလဲ?"၊ "နောက်တစ်ခါဆို ဘယ်လိုလုပ်ရင် ပိုကောင်းမလဲ?" ဆိုတဲ့ မေးခွန်းတွေနဲ့ ကိုယ်တိုင်စဉ်းစားတတ်အောင် သင်ပေးပါ။

• ​Constructive Feedback: အားနည်းချက်ကို ထောက်ပြရမှာ ဝန်မလေးပါနဲ့။ ဒါပေမဲ့ လူကြားထဲမှာ အရှက်ခွဲတာမျိုး မဟုတ်ဘဲ သီးသန့်ခေါ်ပြီး လမ်းညွှန်ပါ။

• ​Practice: စာတွေ့သင်ပေးရုံမဟုတ်ဘဲ လက်တွေ့လုပ်ခိုင်းကြည့်ပြီး ဘေးကနေ ထိန်းကျောင်းပေးပါ။
​
ဥပမာ - Junior တစ်ဦး အမှားလုပ်မိတဲ့အခါ အများရှေ့မှာ အရှက်မခွဲဘဲ သီးသန့်ခေါ်ပြီး "ဒီနေရာမှာ ဒီလိုလေး ပြင်လိုက်ရင် နောက်တစ်ခါ ပိုအဆင်ပြေသွားမယ်" လို့ လမ်းညွှန်ပေးတာမျိုးပါ။
​
(၅) Performance Feedback – အလုပ်ရလဒ်ကို မှန်ကန်စွာ ပြန်လည်သုံးသပ်ပေးခြင်း
​
​Feedback မပေးတဲ့အခါ ဝန်ထမ်းတွေက သူတို့ ဘာမှားနေလဲ မသိသလို၊ ဘာတွေ တိုးတက်ဖို့ လိုလဲဆိုတာလည်း မမြင်နိုင်တော့ပါဘူး။

Feedback ပေးရာမှာ သတိထားရမယ့်အချက်များ

• ​Focus on Action: လူကို တိုက်ခိုက်တာမျိုး (ဥပမာ - "မင်းက ပျင်းတယ်") မလုပ်ဘဲ၊ လုပ်ရပ်ကိုသာ ပြောပါ (ဥပမာ - "Report တင်တာ နောက်ကျနေတယ်")။

• ​Be Timely: အမှားလုပ်ပြီးပြီးချင်း (သို့) အောင်မြင်မှုရပြီးပြီးချင်း ပြောပါ။ ကြာသွားရင် မထိရောက်တော့ပါဘူး။

• SBI Model သုံးပါ: Situation (အခြေအနေ)၊ Behavior (လုပ်ရပ်) နဲ့ Impact (သက်ရောက်မှု) ကို ရှင်းလင်းစွာ ပြောပါ။
​
ဥပမာ - "မင်း တော်တယ်" လို့ ယေဘုယျ ပြောမယ့်အစား "ဒီနေ့ Meeting မှာ (S) မင်းရဲ့ ပြင်ဆင်မှုက (B) Team တစ်ခုလုံးကို အလုပ်ပိုနားလည်စေခဲ့တယ် (I)" လို့ တိတိကျကျ ပြောပေးတာမျိုးပါ။
​
နိဂုံး (Conclusion)

​People Management Soft Skills ဆိုတာ လူတွေကို ထိန်းချုပ်ဖို့ မဟုတ်ဘဲ လူတွေ တိုးတက်လာအောင် ကူညီပေးဖို့ ဖြစ်ပါတယ်။ ကိုယ့်အဖွဲ့သားတွေကို လက်ရှိထက်ပိုပြီး တိုးတက်လာအောင်၊ စွမ်းဆောင်ရည် မြင့်လာအောင် ကူညီပံ့ပိုးပေးခြင်းသာ ဖြစ်ပါတယ်။
​
​ခေါင်း​ဆောင်ကောင်းဆိုတာ "ငါ ဘယ်လောက်တော်လဲ" ဆိုတာကို ပြတဲ့သူမဟုတ်ဘဲ "ငါ့ Team ကဘယ်လောက်တော်အောင် လုပ်ဆောင်နိုင်လဲ" ဆိုတာကို သက်သေပြနိုင်သူသာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီ Soft Skills (၅) ခုကို နေ့စဉ် အလုပ်ခွင်မှာ ကျင့်သုံးပြီး အောင်မြင်တဲ့ အဖွဲ့တစ်ခုကို တည်ဆောက်နိုင်ကြပါစေလို့ ။ ။
​
---------

Zar Ni Kyaw - People Skills Expert

Be the Better You.

---------

မကြာခင် ဖွင့်မယ့် Soft Skills သင်တန်း​လေးပါ 👇

https://www.facebook.com/share/p/1CBoSsZtLt/

No comments:

Post a Comment