Saturday, February 14, 2026

" ၆၃ ပြည်နယ် "



□ တိုင်း၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ဆိုပြီး သန္ဓေများသွားသည့်အခါ ပြည်ထောင်စုဟာ ရှုပ်ထွေးသွားတယ်။

■ အဆင့်အတန်း တန်းတူသည့် ဖက်ဒရယ်ယူနစ်များကို ရိုးရှင်းစွာ ဖွဲ့စည်းထားသင့်တယ်။ တရုတ်နှင့်ရုရှားမှာကဲ့သို့ ဖက်ဒရယ်ယူနစ် အဆင့်ခွဲခြားထားသည်ထက် တညီတည်းသော အမေရိကန်ပြည်နယ်များ နှင့် Swiss Canton များသဏ္ဍာန်ဆောင်သင့်တယ်။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
□ ၈ ခုမကသော လူမျိုးတွေအတွက် ပြည်နယ်တွေ ပျောက်နေတယ်။

■ လူဦးရေ တန်းတူညီမျှ ရှိပါလျက်သားနှင့် တမျိုးကလူများစု ဖက်ဒရယ်ပြည်နယ်ရှိပြီး နောက်တမျိုးက တဆင့်နိမ့် Sub-unit ဖြစ်နေခဲ့လျှင် သမမျှတသည်ဟု မဆိုနိုင်ပါ။ တအာဝ်း ၊ ပအိုဝ်း ၊ ကိုးကန့် ၊ ဝ ၊ လားဟူ ၊ လီဆူ ၊ သျှမ်းနီ ၊ နာဂ ၊ ထားဝယ် ၊ ယော ၊ အင်းသား ၊ ကယန်း ၊ ဓနု . . . ပြည်နယ်ရထိုက်သူချည်းသာ။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
□ ကရင် ၁ ကျပ် ၊ ဗမာ ၁ ကျပ် ၊ ရှမ်း ၁ ကျပ် ၊ အင်းသား ၁ ကျပ် မှာ လူဦးရေ အချိုးအစားမတူပါ။

■ လူမျိုးတခုဟာ ပြည်နယ် ( ဖက်ဒရယ်ယူနစ် ) တခုထက် မကမှာ လူများစု ဖြစ်နေနိုင်တယ်။ တချိန်တည်းမှာ ပြည်နယ်တခုတွင် လူမျိုးတခုထက်မက ယှဥ်တွဲနေနိုင်တယ်။

ကမ္ဘောဇ ( ရှမ်း ) ၊ ကျိုင်းတုံ ၊ သျှမ်းနီ ယူနစ် ၃ ခုမှာ ရှမ်းမျိုးနွယ်တွေ လူများစု ဖြစ်နေနိုင်တယ်။ ကွတ်ခိုင်တွင် တအာဝ်း , မုန်းဝန်း, ကချင် နှင့် သျှမ်း တို့ ဆတူနီးပါး ရှိနေလိမ့်မယ်။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
□ ဖက်ဒရယ်ယူနစ်တိုင်းဟာ လူမျိုးကိုသာ အခြေပြုထားမလား။

■ လူမျိုးကိုအခြေမပြု လူသားကိုသာအခြေပြုပါတယ် ။ နယ်မြေတခုအတွင်း နေထိုင်သူ လူဦးရေ၏ ရွေးချယ်မှုသည်သာ အခရာဖြစ်တယ်။ မိမိကိုယ်ကို လူမျိုးတခုနှင့် Identify လုပ်ထားသူ များပြားလျှင် ၄င်းပြည်နယ်၏ ဝိသေသ ၊ အမည် နှင့် ဥပဒေများတွင် ၄င်းလူမျိုး၏ လိုလားချက်များ၊ အမျိုးသားရေးလက္ခဏာများ လွှမ်းမိုးအောင် ပြည်နယ်လွှတ်တော်ကတဆင့် ဥပဒေပြုကြပါလိမ့်မယ်။

ပြည်နယ် အမည် ရွေးချယ်ခြင်းသည်လည်းကောင်း
ရုံးသုံးဘာသာစကား သတ်မှတ်ခြင်းသည်လည်းကောင်း ( Eng + မြန်မာ + --- + --- )
မြေယာဥပဒေ၊ အခွန်ဥပဒေ ပြဌာန်းခြင်းတို့သည်လည်းကောင်း ပြည်နယ်သားတို့ ရွေးချယ်သည့် လွှတ်တော်၏ လုပ်ပိုင်ခွင့်ဖြစ်ပါတယ်။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
□ နှစ်ဖက်ဆိုင် ၊ သုံးဖက်ဆိုင် ပဋိပက္ခရှိနေ​သော ပိုင်ဆိုင်လိုကြသည့် နယ်မြေများလည်း ရှိတယ်။

■ အထက်တွင် ဆိုထားသလို လူမျိုးတမျိုးမက ယှဥ်တွဲနေနိုင်သည့် ဖက်ဒရယ်ယူနစ်များကို ဖွဲ့စည်းထားခြင်းသည် နှစ်ဦးနှစ်ဖက်အတွက် တရားမျှတမှုရှိပါတယ်။ Compromising ဖြစ်သည့် အဖြေပါ။ နမ့်ခမ်း ( မိုဝ်း​မောဝ် ) နှင့် ပလက်ဝ တို့ဟာ သီးခြား ဖက်ဒရယ်ပြည်နယ် ဖြစ်ဖို့ရာ လူဦးရေနှင့် နယ်မြေအကျယ်အဝန်း လုံလောက်ပါတယ်။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
□ ဖွဲ့စည်းပြီး ပြည်နယ်များသည် ရာသက်ပန် မပြောင်းမလဲ တည်တံ့ရန် မလိုအပ်ပါ။

■ ပြည်နယ်အသစ် ဖွဲ့စည်းဖို့ရာ လွတ်လပ်ရေးတိုက်ယူရသလောက် မခက်ခဲသင့်ပါ။ သမမျှတသည့် ( Criteria ) သတ်မှတ်ချက် ပြည့်မှီလျှင် ဒေသခံလူထု၏ ဆန္ဒခံယူနိုင်ပြီး ဖက်ဒရယ်ယူနစ် ( ပြည်နယ် ) အသစ် ခွဲထွက်ဖွဲ့စည်းခွင့် ရှိသင့်ပါတယ်။

ဥပမာအားဖြင့် လူဦးရေ ဤရွေ့ဤမှ အထက်ရှိရမည်။ တဆက်စပ်တည်းသော နယ်မြေရှိရမည်။

ဆိုရရလျှင် လူဦးရေ ၅ သောင်းနှင့် ၅သန်းဝန်းကျင်အကြား ဖက်ဒရယ်ယူနစ်များဟာ သင့်လျှော်တယ်လို့ ထင်မိတယ်။ ရှိပြီးသား ပြည်နယ်များသည်လည်း အလိုရှိက ပြန်လည် ပေါင်းစည်းနိုင်ပါတယ်။

ရန်ကုန် , မန္တလေး , နေပြည်တော် စသည့် လူဦးရေ သန်းဂဏန်းအထက် Multi-ethnic Metropolitan Area များသည် ပြည်နယ်နှင့် တန်းတူသည့် ဖက်ဒရယ်စီးတီး ( ဖက်ဒရယ်ယူနစ်တခု ) ဖြစ်နိုင်ပါတယ်။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
□ ပြည်နယ်ယူနစ်အထက်တွင် ပြည်ထောင်စုအစိုးရ နှင့် အခြေခံဥပဒေ ရှိပါလိမ့်မယ် ။

■ ဖက်ဒရယ်ယူနစ်တို့သည် နယ်မြေလူထု၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အကျိုးပြုရန်သာဖြစ်ပြီး အခြားတပါးသော နိုင်ငံသားများကို အခက်တွေ့စေရန် မရည်ရွယ်ကောင်းပါ။ လွတ်လပ်စွာ ကိုးကွယ့်ခွင့်၊ နိုင်ငံတွင်း လွတ်လပ်စွာ ရွေ့ပြောင်းသွားလာခွင့်သည် နိုင်ငံသားအခွင့်အရေး ဖြစ်ပါတယ်။

မည်သည့် ပြည်နယ်၊ ဖက်ဒရယ် ဥပဒေမဆို လူမျိုး၊ ဘာသာကို အခြေပြုပြီး အားသာချက်ဖြစ်စေ၊ ဖိနိုပ်ခြင်းဖြစ်စေ မရှိစေရန်ကိုလည်း အခြေခံဥပဒေက အကာအကွယ်ပေးရပါလိမ့်မယ်။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
□ တော်လှန်ရေးအလွန်ကာလတွင် လက်ရှိအခင်းအကျင်းကနေ အသွင်ပြောင်းမှု လုပ်ဖို့ရာလိုအပ်တယ်။

■ ပစ္စုပ္ပန်သည် တော်လှန်စစ်ကာလဖြစ်တာကြောင့် နိုင်ငံရေး၊ စစ်ရေးအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်တို့သည် စစ်ရေးလိုအပ်ချက်နှင့်၊ စိတ်ခံစားမှု​ပေါ်မူတည်ပြီး ရည်မှန်းထားသည့် ဖက်ဒရယ်မူဝါဒတို့နှင့် လွဲချော်နေသည်များ ရှိနေနိုင်ပါတယ်။ သိမ်းပိုက် ထိမ်းချုပ်နယ်မြေများသည်လည်း ဒေသခံလူထုနှင့် ထပ်တူကျမှု မရှိသည်များလည်း ရှိနိုင်တယ်။

ကိုယ်ပိုင်ပြဌာန်းခွင့်ဆုံးရှုံးခြင်း နှင့် ဖွဲ့စည်းပုံမှားယွင်းခြင်းသည် ပြည်တွင်းပဋိပက္ခ၏ ဇစ်မြစ်ဖြစ်ပါတယ်။ အဆိုပါ အမှားကို အနာဂတ်သို့ လက်ဆင့်မကမ်းသင့်ပါ။

နယ်မြေပိုင်ဆိုင်မှုသည် အလံစိုက်ယူ၍ရသော်လည်း ဒေသတွင်း ဝိသေသကို မပြောင်းလဲနိုင်ပါ။ နယ်မြေပိုကျယ်သွားခြင်းသည် လူနည်းစု ပြန်ဖြစ်သွားခြင်းလည်း ဖြစ်သွားနိုင်တယ်။

နိုင်ငံရေးအဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များသည် ပြည်ထောင်စုအဆင့် သို့မဟုတ် ဖက်ဒရယ်ပြည်နယ်အဆင့် အုပ်ချုပ်ရေး ၊ ဥပဒေပြုရေး မဏ္ဍိုင်များတွင် ရွေးကောက်ခံများအဖြစ် အသွင်ပြောင်းရပါမယ်။

လက်နက်ကိုင်အဖွဲ့အစည်းများသည် ဖက်ဒရယ် ပြည်ထောင်စုတပ်မတော်သို့ စုဖွဲ့၍ လည်းကောင်း ၊ ပြည်နယ် အမျိုးသားအစောင့်တပ်များအဖြစ် လည်းကောင်း အသွင်ပြောင်းနိုင်ရပါမယ်။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
လူသား သည်သာ အဓိကပါ။
လူသား ကို ဗဟိုပြု၍ နိုင်ငံတည်နိုင်သော် ကောင်းခြင်းမင်္ဂလာနှင့် ပြည့်စုံပါလိမ့်မည်။

#Augustus_Linn
၁၂ ဖေဖော်ဝါရီ ၂၀၂၅

No comments:

Post a Comment