■ မြန်မာတွင် အင်းဝနှင့် ခေတ်ပြိုင် ဥရောပမြောက်ပိုင်း Nordic ဒေသရှိ ဘုရင့်နိုင်ငံများ အားလုံးကို ပဒေသရာဇ်တဦးတည်း လက်အောက်တွင် စုစည်းထားသော Kalmar Union ဟူသော ပြည်ထောင်စု ရှိခဲ့ဖူးတယ်။ ခရစ် ၁၃၉၇ ကနေ ၁၅၂၃ အထိ တည်တံ့ခဲ့ပါတယ်။
ယနေ့တွင်သာ ပြန်၍ ပေါင်းစုမယ်ဆိုလျှင် ဆွီဒင် , ဒိန်းမတ် , နော်ဝေး , ဖင်လန် , အိုက်စလန် , ဂရင်းလန် နှင့် ဖာရိုး ကျွန်းစုများ ပါဝင်မယ်။ လူဦးရေအရ သန်း ၃၀ ဝန်းကျင် , ဧရိယာအကျယ်အဝန်း စတုရန်း ကီလိုမီတာ ၁ သန်းကျော် ရှိလာမှာဖြစ်ပြီး အရေးပါလှသည့် သယံဇာတ ကြွယ်ဝရာ ဒေသအများအပြားကို ထိမ်းချုပ်ထားနိုင်မယ်။ စုပေါင်း GDP USD ၂ ထရီလျံ ခန့်ရှိတာကြောင့် မော်ကြည့်ထိုက်သော အင်အားတခု ဖြစ်လာလိမ့်မယ်။
■ ကိန်းဂဏန်းများအရ ကနေဒါနိုင်ငံနှင့် မကွာလှသော နိုင်ငံတခုလို့ ယူဆနိုင်ပေမယ့် ပထဝီအနေအထားအရ ကနေဒါကဲ့သို့ အမေရိကန်အပေါ် လုံးလုံးလျားလျား မှီခိုရမှု မရှိဘူး။ ဥရောပ နိုင်ငံအများနှင့် အိမ်နီးချင်း ဖြစ်ပြီး ပိုမို လွတ်လပ်သော နိုင်ငံခြား မူဝါဒကို ကျင့်သုံးနိုင်မယ်။ အာတိတ်ဒေသ ထိမ်းချုပ်ရေးမှာလည်း နေရာပိုရလာမယ်။
ကြွယ်ဝလှသော နော်ဝေး၏ ဘဏ္ဍာရေးအရံအင်အား , ဆွီဒင်၏ ခိုင်မာသည့် Defence Industries , စစ်ရေးအရ အမြဲအသင့်ရှိနေသော ဖင်လန်တို့ကို ကျယ်ဝန်းလှသည့် ဒိန်းမတ်ပိုင် နယ်မြေများဖြင့် စုစည်းလိုက်ပါက ကျားကို အတောင်ပံ တပ်ထားသကဲ့သို့ ဖြစ်လာမယ်။
■ ဗိုက်ကင်းသားတို့၏ ဒေသဖြစ်သော Nordic နိုင်ငံတွေသည်လည်း ရွှေထီးဆောင်းခဲ့စဥ်က အလွန်ပင်မာကျောပြီး လူစွာဖြစ်ခဲ့ကြတယ်။ ဒိန်းမတ် Cnut ဘုရင်ကြီး လက်ထက် North Sea Empire တွင် အဂ်လန်ပြည်ကိုပင် သိမ်းသွင်းအုပ်ချုပ်နိုင်ခဲ့တယ်။ ဆွီဒင်တို့ တန်ခိုးထွားစဥ် ၁၇ ရာစုခန့်က ဥရောပတလွှား လျှမ်းလျှမ်းတောက်၍ တိုက်တိုင်းအောင် မော်ဒန်တပ်မတော်တခုကို အဦးဆုံး ဖွဲ့စည်းထားနိုင်ခဲ့တယ်။
နေတိုး အဖွဲ့ဝင်နိုင်ငံများချည်း ဖြစ်ကြသော Nordic ၅ နိုင်ငံကို ပေါင်း၍ Nordic Defence Cooperation ဆိုပြီး ပူးပေါင်းဆောင်ရွက်နေတာ ရှိပြီးသားပါ။ လတ်တလောတော့ နော်ဝေးနှင့် ဆွီဒင်တို့သည် Nordic ညီအကိုတော် ဒိန်းမတ်ကို ကူညီဖေးမသောအားဖြင့် ဂရင်းလန်ကို တပ်ဖွဲ့ဝင်များ စေလွှတ်ပါလိမ့်မယ်။
■ နိုင်ငံသစ်တွေ ခွဲထွက်လိုကြသည့် အကြောင်းကို တွင်တွင်ကြားရပေမယ့် သဘောညီလို့ ပေါင်းစုသည့် တော့ပစ်က ရှားပါးတယ်။ မဖြစ်နိုင်တာတော့ မဟုတ်ပါ။ တနေ့ကပင် မော်လ်ဒိုဗာ သမ္မတ မိုင်ယာဆန်ဒူက ရိုမေးနီးယားနိုင်ငံနှင့် ပြန်လည်ပေါင်းစည်းဖို့ သဘောထားတင်ပြလာတယ်။ ရုရှား ခြိမ်းခြောက်မှုကြောင့် သွေးသားနှင့် ဘာသာဗေဒအရ ပို၍ နီးစပ်သော ဆွေမျိုးများဖြင့် ရင်ခွင်ခြင်း အပ်လိုသည့် သဘောကို နားလည်နိုင်တယ်။
Nordic နိုင်ငံများ အနေဖြင့်လည်း ဗလာဒီမာပူတင်၏ မဟာရုရှားရည်မှန်းချက် အန္တရာယ်အပြင် ထွမ့်အမေရိကန်၏ ခြိမ်းခြောက်မှုပါ တခုတိုးလာရာ လက်ချင်းချိတ်လို့ အင်အားစုထားလျှင် ပို၍ လုံပါလိမ့်မယ်။ တူတူတန်တန် လယ်ဗယ်တက်ပါမယ်။ Rules-based စနစ် ယိုယွင်းလို့ Great Power တို့ ထင်တိုင်းကျဲလာသော ကမ္ဘာ့နိုင်ငံရေးတွင် ကိုယ်တိုင် Great Power မဖြစ်တောင် Great Power နီးပါး Leverages များ တည်ဆောက်နိုင်ပါမှ တော်ကာကျပါမယ်။
သို့ဆိုလျှင် Nordic ပြည်ထောင်စု ပြန်လည်စုစည်းဖို့ရာနှင့် သဘောတရားတူညီနိုင်မည့် အင်ဒိုချိုင်းနားပြည်ထောင်စု အဖြစ် အရှေ့တောင်အာရှ ကုန်းမကြီးရှိ နိုင်ငံများကို ပေါင်းစည်းဖို့ မဖြစ်နိုင်သလော။
၁၅ ဇန်နဝါရီ ၂၀၂၆
No comments:
Post a Comment