Wednesday, December 10, 2025

မိမိ စိတ်ဒဏ်ရာ(trauma)ကို လက်ဆင့်မကမ်းလိုတဲ့မိဘတွေ

 သားသမီးနဲ့ မိဘ အပါအဝင် မိသားစု အသိုင်းအဝိုင်းတိုင်းအားလုံးမှာ ကာယကံရှင်တွေကိုယ်တိုင်သာသိတဲ့ အခြေအနေ၊ စိတ်ခံစားချက်နဲ့ ဖြတ်သန်းလာတဲ့ဘဝတစ်လျှောက်ကိစ္စအမျိုးမျိုးရှိတတ်ကြတာမို့ ပြဿနာတစ်စုံတစ်ခုဖြစ်ကြတဲ့အခါ မသိတဲ့သူတွေက ပြောရင်တော့ ဝေဖန်တာပဲ ဖြစ်မှာပါပဲ။ ဒါပေမယ့် ကိုယ့်မိသားစု၊ ကိုယ့်သားသမီး၊ ကိုယ့်အသိုင်းအဝိုင်းကို အတတ်နိုင်ဆုံး ပြဿနာကင်းပြီး ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နေဖို့ လုပ်ဆောင်နိုင်စွမ်းကတော့ကိုယ့်မှာရှိပါတယ်။


ဒီနေ့ဆောင်းပါးလေးကတော့ စိတ်ပညာအပေါ်အခြေခံပြီး ယနေ့ခေတ်မိဘတွေရဲ့ခံစားချက် အထူးသဖြင့် ကျွန်မတို့ Millennial parents တွေရဲ့ ခံစားချက်တွေအကြောင်းအနည်းငယ်ဆွေးနွေးပေးလိုပါတယ်။

ယနေ့ခေတ် မိဘအဖြစ်ကို ရောက်နေကြတဲ့ မြန်မာနိုင်ငံက generation အများစုက ကျွန်မတို့ Millenniums ခေါ် Generation Y တွေဖြစ်ပြီး ဒီ generation ဟာ Parenting နဲ့ပတ်သတ်ပြီး အရင်ခေတ်လူတွေထက် အများကြီး အာရုံစိုက်ကြိုးစားလေ့လာကျင့်သုံးနေတဲ့ မျိုးဆက်ဖြစ်ပါတယ်။

ဒါပေမယ့် ဒီမျိုးဆက်စိီမှာပဲ မိဘတွေဆီက လက်ဆင့်ကမ်းခဲ့ရတဲ့ Trauma များစွာရှိနေတာကို တွေ့ရပါတယ်။
အရင်ခေတ်အချို့ မိဘတွေ၊ ယောက္ခထီးယောက္ခမတွေ၊ ဆရာ ဆရာမတွေဟာ မိမိတို့လက်ထက်မှာ ခံစားခဲ့ရတဲ့ စိတ်ဒုက္ခတွေ Trauma တွေကို ကိုယ့်လက်ထက်မှာလည်း တူညီတဲ့နေရာရောက်ရင် နောက်မျိုးဆက်ကို တူညီစွာ လက်ဆင့်ကမ်းပေးလေ့ရှိကြပါတယ် (ငါတို့တုန်းကဘယ်လိုခံရတာ၊ ငါတို့တုန်းကလည်း ဒီလိုပဲ ခံစားရတာ စသဖြင့်) ကိုယ်ကြုံခဲ့ရတဲ့ trauma ကို သိရက်ဖြစ်စေ၊ မသိလိုက်ဘဲဖြစ်စေ သားသမီးတွေ တပည့်တွေကို လက်ဆင့်ကမ်းလိုက်ကြပါတယ် ဒါဟာ trauma ကို အပြီးသတ်မယ်ဆိုတဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်မရှိတာရယ်၊ အခြား နိုင်ငံတွေ တိုင်းပြည်တွေက လူငယ်တွေက ကိုယ်တွေနဲ့ ဘယ်လောက်ကွာခြားနေလဲ စတာတွေကို မလေ့လာမသိရှိလို့ဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်မတို့ခေတ်မှာ ကမ္ဘာကြီးကို အလွယ်တကူတွေ့မြင်နိုင်ပြီး မိဘ ဆရာတွေရဲ့ ပဲ့ကိုင်မှု၊ မျိုးဆက်တွေကို ပညာရှိစွာထိန်းကျောင်းမှုနဲ့ ပျိုးထောင်နိုင်စွမ်းတွေကြောင့် ကလေးငယ်တွေလူငယ်တွေ ဘယ်လောက်ကွာခြားနေကြပြီလဲဆိုတာသိလာကြပါပြီ။
ဒါကြောင့် ကျွန်မတို့အလှည့်မှာ အများစုသော မိဘတွေဟာ ကိုယ်ကြုံတွေ့ဖြတ်သန်းခဲ့တဲ့ မကောင်းတဲ့အမှတ်တရ၊ စိတ်ခံစားချက်နဲ့ trauma စတာတွေကို အတတ်နိုင်ဆုံး သားသမီးထံ လက်ဆင့်မကမ်းမိအောင် ကြိုးစားနေကြပြီ ဖြစ်ပါတယ်။

မိဘတွေရဲ့ အမှုမဲ့ အမှတ်မဲ့ ပြောစကားဟာ သားသမီးတွေအပေါ်အများကြီးသက်ရောက်မှုရှိပါတယ်။ ဒီလို စကားတွေ အပြုအမူတွေကနေပဲ သားသမီးတွေမှာ trauma ဖြစ်လာပြီး ဘဝတစ်လျှောက်လွှမ်းမိုးတာပါ။
ဥပမာပြောရရင်- ကလေးတစ်ယောက်/ လူငယ်
တစ်ယောက်ပူဆာတာ လိမ္မာတာ ဆိုးတာ စသဖြင့် တစ်ယောက်နဲ့တစ်ယောက် မတူညီတာ သဘာဝပါ၊ မောင်နှမ ဘယ်လောက်များများ၊ အကြီးဆုံးဖြစ်ဖြစ် အလတ်ဖြစ်ဖြစ် အငယ်ငယ်ဖြစ်ဖြစ်၊ ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် သားသမီးတွေဟာ အကုန်အတူတူပါပဲ၊ ဒါပေမယ့် မိဘတွေက အကြီးမို့ ဘယ်လိုဖြစ်သင့်တယ် အငယ်မို့ ဘယ်လိုဖြစ်သင့်တယ် စသဖြင့်၊ နောက်ပြီး တစ်ယောက်တည်းမွေးထားတာမဟုတ်လို့ မိဘကို ဘယ်လိုသိတတ်သင့်တယ် မိဘက သားသမီးကြောင့် ဘာတွေ ပေးဆပ်ထားရတယ် ဆုံးရှုံးရတယ် စသဖြင့် ပြောဆိုတတ်ကြပါတယ်။
ဒီအခါမှာ ကလေးငယ်အရွယ်ရောက်လာတဲ့အခါ ငါသာတစ်ယောက်တည်းမွေးလာခဲ့ရင် ငါ့ဘဝ ဒီထက်ပိုအဆင်ပြေလောက်လား၊ ငါသာ အကြီးဆို ပိုအချစ်ခံရလောက်လား ငါသာအငယ်ဆို ပိုအခွင့်ရေးရမလား စသဖြင့် မောင်နှမကြား မလိုလားအပ်တဲ့ စိတ်နေစိတ်ထားတွေဖြစ်လာတာ၊ ကိုယ့်အလှည့်ကျ သားသမီးမွေးမြူပျိုးထောင်ဖို့ ယုံကြည်ချက်မရှိတော့တာ၊ သားသမီးများများ မမွေးချင်တာ စသဖြင့် များစွာသော စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေရှိလာပါတယ်။
ကျွန်မတို့ခေတ် မိဘတွေမှာ ဒီလို trauma အသေးလေူကနေစလို့ အလွန်ကြီးမားတဲ့ စိတ်ဒဏ်ရာတွေအထိရှိနေတတ်ကြပါတယ်။ ဒါပေမယ့် အများစုဟာ ကိုယ့်သားသမီး ဒီလို trauma တွေ လက်ဆင့်မကမ်းမိအောင် ကြိုးစားနေတဲ့ Generation ဆိုရင်လည်းမမှားပါဘူး။

ဒီတော့ ရလဒ်မှန်ကန်အောင်က နည်းမှန်လမ်းမှန်
ကြိုးစားဖို့လိုအပ်ပါတယ်။
နည်းလမ်းမမှန်ရင်က ဖြစ်ချင်စိတ်ရှိတယ်၊ ကြိုးစားချင်စိတ်ရှိတယ်၊ ကြိုးစားချင်တယ် ဒါပေမယ့် ရလဒ်က လိုချင်သလိုဖြစ်မှာမဟုတ်ပါဘူး။

⭐️ဘယ်လိုနည်းလမ်းတွေသုံးမလဲ?

-စိတ်ဒဏ်ရာ သေးသေးကြီးကြီး လုံးဝပျောက်သွားအောင်လုပ်ဖို့က အချိန်ယူရပါတယ် ပြီးတော့ အချို့ trauma တို့မည်သည် ကြုံကြိုက်တိုက်ဆိုင်မှပေါ်လာတာပါ တစ်ခါတစ်ရံ ကိုယ်တိုင်က ရှိနေမှန်းတောင်မသိနေတာမျိုးပါ။ ဥပမာ- ဒေါသအရမ်းထွက်လာတဲ့အခါမျိုးမှာမှ ကိုယ့်စိတ်နဲ့ ခန္ဓာထဲက မှတ်ဥာဏ်အဟောင်း (program အဟောင်း) ကို run ပစ်လိုက်သလိုမျိုးဖြစ်ပါတယ်။

-ဒါကြောင့် မိဘဖြစ်လာတဲ့အခါ အမြဲအသိနဲ့သတိရှိဖို့လိုပါတယ်။ နောက်ပြီး မိဘဖြစ်ဖူးတဲ့အတွေ့အကြုံမရှိပေမယ့် သားသမီးဖြစ်ဖူးကြတာမို့ ကိုယ်ချင်းစာစိတ်လေးနဲ့ ဆက်ဆံပေးဖို့လိုပါတယ်။

-ကလေးနဲ့ ပြဿနာထိပ်တိုက်ဖြေရှင်းရတဲ့အခါ ဘာမှ မပြောမိခင်၊ မလုပ်မိခင် အသက်ဝဝရှူပါ၊ အရင်စဉ်းစားပါ။ စိတ်နဲ့ကိုယ်က မှတ်ဥာဏ်အတိုင်းပြုမူဖို့ memory ကအရင် ထွက်လာပါလိမ့်မယ်။ ဒါကို အမြဲ ကျော်လွှားနိုင်ဖို့ကြိုးစားရပါမယ်။

-ကျော်လွှားဖို့က ကိုယ့်ကိုယ်ကိုယ် အရင်မြင်အောင်ကြည့်ပါ၊ Trigger လို့ခေါ်တဲ့ တွန်းပို့တဲ့ အခြေအနေတွေ ဥပမာ- ကိုယ့်ကိုယ်ကိုယ် ကလေးနဲ့ ထိပ်တိုက်ဖြစ်မယ့်အခြေအနေအထိ မရောက်အောင် အမြဲသတိပြု ပြင်ဆင်ပါ။

-ကိုယ်ကအမှားလုပ်မိရင် ကိုယ်သားသမီးဖြစ်ပါစေ ပြန်တောင်းပန်ဖို့အမြဲသတိပြုပါ။ ကျွန်မဆောင်းပါးလေးရေးဖူးပါတယ် comment မှာ link ထည့်ပေးပါ့မယ်။

အားလုံးအဆင်ပြေကြပါစေရှင်။
Dr. ရတနာမျိုးညွန့်

#လွတ်လပ်စွာမျှဝေနိုင်ပါတယ်တဆင့်ကူးယူတင်ပြခြင်းခွင့်မပြုပါ
#parenting #ParentingTips

No comments:

Post a Comment