Tuesday, December 23, 2025

Manipulation (စိတ်ပိုင်းဆိုင်ရာ လှည့်စားထိန်းချုပ်မှု)



Manipulation ဆိုတာ ရေခဲတောင် (Iceberg) တစ်ခုလိုပါ၊ရေပေါ်ပေါ်နေတဲ့ အပိုင်းက နည်းနည်းလေး ဖြစ်ပေမယ့် ရေအောက်မှာ မြှုပ်နေတဲ့ အပိုင်းကတော့ အင်မတန် ကြီးမားနက်ရှိုင်းပါတယ်။

၁။ သူတို့ ဘာကြောင့် Manipulation လုပ်ကြသလဲ

ပထမဆုံး နားလည်ထားရမှာက Manipulator (လှည့်စားထိန်းချုပ်သူ) တွေဟာ သူတို့ကိုယ်တိုင် မလုံခြုံမှု (Insecurity) တွေ ရှိနေတတ်ကြသလို သူတို့ဟာ အခြေအနေတစ်ခုကို ထိန်းချုပ်မထားရရင် စိတ်မလုံခြုံဘူးလို့ ခံစားရတယ်။ ဒါကြောင့် တစ်ဖက်သားကို ထိန်းချုပ်ခြင်းအားဖြင့် သူတို့ရဲ့ စိတ်အာဏာကို တည်ဆောက်ကြတာမျိုးပါ၊ တချို့ကျတော့လည်း Narcissistic Personality (အတ္တလွန်ရောဂါ) ရှိနေတာကြောင့် ကိုယ့်ကိုယ်ကို ဗဟိုပြုပြီး သူတပါးကို ကစားစရာအဖြစ် သဘောထားတတ်ကြပါတယ်။

၂။ သတိထားရမယ့် အန္တရာယ်ရှိသော နည်းလမ်းများ (Advanced Tactics)

သာမန် အပြစ်တင်တာလောက် မဟုတ်ဘဲ၊ ပိုပြီး နက်နဲတဲ့ နည်းလမ်းတွေကို သူတို့ သုံးလေ့ရှိပါတယ်။

ဆက်ဆံရေး အစပိုင်းမှာ အလွန်အကျွံ ဂရုစိုက်ပြမယ်၊ လက်ဆောင်တွေပေးမယ်၊ ချီးကျူးစကားတွေ ပြောမယ်။ ကိုယ်က "ဟာ... ငါ့ဘဝမှာ ဒီလောက်ကောင်းတဲ့သူမျိုး မတွေ့ဖူးဘူး" လို့ ထင်သွားအောင် လုပ်တာပါ Love Bombing (အချစ်ဗုံးကြဲခြင်း)မျိုးပေါ့၊ ကိုယ်က သူတို့အပေါ် လုံးဝ မှီခိုသွားပြီ (Dependent ဖြစ်သွားပြီ) ဆိုတဲ့ အချိန်ကျမှ သူတို့ရဲ့ စစ်မှန်တဲ့ သွင်ပြင်ကို ထုတ်ပြပြီး ထိန်းချုပ် ပါတော့တယ်။

ပြဿနာတစ်ခု ဖြစ်လာရင် ဖြေရှင်းဖို့ မကြိုးစားဘဲ လုံးဝ စကားမပြောဘဲ နေလိုက်တာမျိုးလည်း လုပ်တတ်ပါတယ်၊ ဒါဟာ "မင်း ငါ့စကားကို နားမထောင်ရင် ငါ့ရဲ့ မေတ္တာကို ရမှာမဟုတ်ဘူး" ဆိုတဲ့ သွယ်ဝိုက်သော ခြိမ်းခြောက်မှုပါပဲ၊ The Silent Treatment (တိတ်ဆိတ်ခြင်းဖြင့် အပြစ်ပေးခြင်း) သဘောလိုပါ၊ ခံရသူက မနေနိုင်ဘဲ "ငါ ဘာမှားသွားလို့လဲ" ဆိုပြီး တောင်းပန်လာအောင် စောင့်နေတာ ဖြစ်ပါတယ်။

နှစ်ယောက်ကြားက ကိစ္စမှာ တတိယလူ တစ်ယောက်ကို ဆွဲထည့်ပြီး နှိုင်းယှဉ်တာမျိုးလုပ်တတ်ကြပါ တယ်၊ ဥပမာ - "ဟိုတစ်ယောက်ကတော့ သူ့ချစ်သူကို ဘယ်လို ဂရုစိုက်တာ၊ မင်းကျတော့ ငါ့ကို ဂရုမစိုက်ဘူး" ဆိုပြီး ကိုယ့်ကို အခြားသူနဲ့ ယှဉ်ပြီး တန်ဖိုး နှိမ့်ချတာမျိုးပေါ့၊ Triangulation (တတိယလူကို ဆွဲထည့်ခြင်း)မျိုးတွေပေါ့ဗျာ၊ ဒါက မနာလိုစိတ် (Jealousy) နဲ့ မလုံခြုံမှု (Insecurity) ကို ဖြစ်ပေါ်စေပါတယ်။

ကိုယ်က သူလိုချင်တာကို လုပ်ပေးလိုက်ပေမယ့် သူတို့က ကျေနပ်မသွားပါဘူး၊ သတ်မှတ်ချက်ကို ထပ်ပြီး မြှင့်လိုက်တယ်။ ဥပမာ - "မင်း ဒါလုပ်ပေးလို့တော့ ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ဟိုဟာလေးပါ လုပ်ပေးရင် ပိုကောင်းမှာ" ဆိုပြီး ကိုယ် ဘယ်လောက်ကြိုးစားကြိုးစား သူတို့ရဲ့ အလိုပြည့်တယ် ဆိုတာ မရှိအောင် ဖန်တီးထားတတ်ပါသေးတယ်၊ Moving the Goalposts (ပန်းတိုင်ကို ရွှေ့ပြောင်းခြင်း) လို့ဆိုပါတယ်။

၃။ ကိုယ့်ဘက်က ဘယ်လို တုံ့ပြန်မလဲ (The Antidote)

ဒီလို အခြေအနေမျိုး ကြုံလာရင် စိတ်ခံစားမှုနဲ့ တုံ့ပြန်မယ့်အစား နည်းဗျူဟာကျကျ ပြန်လည် ကိုင်တွယ်ဖို့ လိုပါတယ်။

JADE နည်းလမ်းကို ရှောင်ကြဉ်ရပါမယ်၊ JADE ဆိုတာ Justify (အကြောင်းပြချက်ပေးခြင်း), Argue (ငြင်းခုံခြင်း), Defend (ကာကွယ်ပြောဆိုခြင်း), Explain (ရှင်းပြခြင်း) ပါ၊ Manipulator တွေက ဒါတွေကို လိုချင်တာဖြစ်သလို ကိုယ်က ရှင်းပြလေလေ၊ သူတို့က အပြစ်ရှာလေလေ ဖြစ်မှာပါ။ ဒါကြောင့် မလိုအပ်ဘဲ အရှည်ကြီး ရှင်းမပြပါနဲ့။ "ငါ့သဘောထားက ဒါပဲ" လို့ တိုတိုနဲ့ လိုရင်း ပြောပါ။

သူတို့က အခုချက်ချင်း အဖြေလိုချင်ကြလေ့ရှိသလို "အခု မဆုံးဖြတ်ရင် အခွင့်အရေး ဆုံးရှုံးမယ်" ဆိုပြီး ဖိအားပေးတတ်ပါတယ်၊ အဲဒီအခါ "ငါ စဉ်းစားဖို့ အချိန်လိုတယ်" အချိန်ယူရမယ် (Take my Time) လို့ ပြတ်ပြတ်သားသား ပြောပါ။ သူတို့ရဲ့ ဖိအားအောက်မှာ ဆုံးဖြတ်ချက် မချပါနဲ့။

Grey Rock Method (ကျောက်တုံးတစ်တုံးလို နေပါ) လို့ပြောချင်ပါတယ်၊ ဒါကတော့ အရမ်းဆိုးရွားတဲ့ အခြေအနေတွေမှာ သုံးရမှာဖြစ်သလို ကျောက်တုံးတစ်တုံးဟာ စိတ်ခံစားချက် မရှိပါဘူး၊ သူတို့ ဘာပြောပြော စိတ်လှုပ်ရှားမှုကို မပြဘဲ "အင်း"၊ "ဟုတ်လား"၊ "အဲလိုလား" ဆိုတဲ့ စကားလုံးလောက်နဲ့ပဲ တုံ့ပြန်ပါ။ သူတို့က ကိုယ့်ဆီက ဒေါသ၊ ဝမ်းနည်းမှု စတဲ့ Drama ကို လိုချင်တာပါ။ ကိုယ်က ဘာမှ မတုံ့ပြန်ရင် သူတို့ စိတ်ပျက်ပြီး ရပ်သွားတတ်ပါတယ်။

Manipulation ခံရတာဟာ ကိုယ့်ရဲ့ အပြစ်မဟုတ်ပါဘူး၊ ဒီအဝန်းအဝိုင်းထဲက ရုန်းထွက်ဖို့ကတော့ ကိုယ့်ရဲ့ တာဝန်ဖြစ်ပါတယ်။ "ငါ့ရဲ့ စိတ်ချမ်းသာမှုက အရေးကြီးဆုံးပဲ" ဆိုတဲ့ အတွေးကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားပါ၊ တကယ်ချစ်တဲ့သူ၊ တကယ် စေတနာထားတဲ့သူက ကိုယ့်ကို ထိန်းချုပ်ဖို့ မကြိုးစားသလို ကိုယ့်ကို ရှင်သန်ကြီးထွားခွင့် ပေးတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကို တန်ဖိုးထားတဲ့ ဆက်ဆံရေးမျိုးကိုပဲ ရွေးချယ် တည်ဆောက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကိုယ်ကရှင်သန်ခွင့်ပေး ပေမယ့် လိုဘက်ပြည့်လို့ဖြေစုံကန်ချင်သူတွေကတော့ နွားဇာတ်ခင်းချင်နေတာသာဖြစ်ပါတယ်။

#dryin
#Advisor
#Inno_Vertex

No comments:

Post a Comment