စကားလုံးတွေကို မှတ်ပုံမှတ်နည်းတွေအများကြီးရှိတယ်ဗျာ။အလွတ်ကျက်တာဟာ နည်းလမ်းတခု ဆိုပေမယ့် ရှေးကျပြီးသိပ်မထိရောက်တော့တဲ့နည်းပေါ့။ ပုံနဲ့တွဲမှတ်တာ၊ အုပ်စုခွဲမှတ်တာ၊ လုပ်ဆောင်ချက်နဲ့မှတ်တာ၊ စကားလုံးဖွဲ့စည်းပုံ(ရှေ့ဆက်/နောက်ဆက်/ရင်းမြစ်)စတာတွေနဲ့မှတ်တာ၊ context လို့ခေါ်တဲ့ အခြေအနေအဆက်အစပ်နဲ့မှတ်တာ၊ အသံနဲ့ခွဲမှတ်တာ စတာတွေရှိမယ်ပေါ့။ အခု ဘာသာဗေဒသဘောတရားအရ ဥပမာ cognitive linguistics အရ စကားလုံးအသစ်တွေကို မှတ်ပုံမှတ်နည်းဆိုတာထက် စကားလုံးတွေ ( ကိုယ်သိပြီးသားလည်း ဖြစ်ချင်ဖြစ်မယ်၊အခုမှလေ့လာ မယ့်စကားလုံးလည်းဖြစ်ချင်ဖြစ်မယ်)ကို ပွားယူတဲ့နည်းကတော့ တော်တော်စိတ်ဝင်စားစရာ ကောင်းပြီး အသုံးဝင်လိမ့်မယ်လို့ ကျနော်ထင်တယ်။
ဥပမာ- argumentative essay တပုဒ်မှာ သုံးမယ့်စကားလုံးတွေဆိုပါစို့- assert/posit/prepare/ground/defend/reinforce/breakdown/spearhead/examine/analyse/argue/counterargue/challenge/contend/refute/demonstrate/substantiate စသဖြင့် ရှိမယ်ပေါ့။ ဒီလိုစကားလုံးတွေကို cognitive linguistics မှာရှိတယ် conceptual metaphor သီအိုရီ အရ argument is war ဆိုတဲ့ metaphor နဲ့ ဒီစကားလုံးတွေကို frame ချမယ်။ ထပ်ပြီးထွက်လာနိုင်ဖွယ် သို့မဟုတ် သုံးရနိုင်တဲ့ စကားလုံးတွေကိုလည်းပွားယူကြည့်မယ်ပေါ့ဗျာ။ ဒီဟာမစခင် သေချာနှလုံးသွင်းထားရမှာက ဒီလောကကြီးဟာ တင်စားမှုတွေနဲ့ပြည့်နေတဲ့ လောကကြီးပဲ။ ဘာသာစကားကိုဆိုတာကလည်း ကိုယ့်ဆိုလိုရင်းကို ဖလှယ်တင်စားပြီး ပြောဆိုရာက ဖြစ်တာတာပဲဆိုတာကိုပါ။ ကဲ စကြည့်ကြစို့ဗျာ။
ဒီ "Argument is War" (ဆွေးနွေးငြင်းခုံခြင်းဟာ စစ်ပွဲ တပွဲပဲ) ဆိုတဲ့ အယူအဆကို လက်ခံလိုက်တာနဲ့ ကျနော်တို့ စိတ်ထဲမှာ မြင်ကွင်းတခု ပေါ်လာလိမ့်မယ်။ အဲဒါကတော့ ကိုယ့်ရဲ့ အယူအဆတွေကို ခံတပ်တခုလို တည်ဆောက်မယ်၊ တဖက်လူရဲ့ အချက်အလက်တွေကို တိုက်ခိုက်မယ်၊ ကိုယ့်ဘက်က ပြန်ခုခံမယ် ဆိုတဲ့ မြင်ကွင်းမျိုးပေါ့။
ဒီ Frame နဲ့တင် စကားလုံးတွေကို အုပ်စုလေးတွေ ခွဲကြည့်ရအောင် -
ဥပမာ-ခံစစ်ပြင်ဆင်တယ် (Defensive/Positioning) ဆိုတာ ကိုယ့်ရဲ့ အယူအဆကို စတင်ချပြတာဟာ စစ်မြေပြင်မှာ နေရာတခုကို အပိုင်စီးလိုက်တာနဲ့ တူပါတယ်။Posit/Assert: ကိုယ့်ရဲ့ ရပ်တည်ချက်ကို တရားဝင် ကြေညာတာ၊ Ground/Establish: အခြေခံ ခိုင်မာအောင် လုပ်တာ (Foundational ground ညှိတာ)။ Substantiate/Reinforce: ကိုယ့်အဆိုပြုချက်ကို အထောက်အထားတွေနဲ့ အားဖြည့်တာ (စစ်ကူလွှတ်သလို၊ ခံတပ်ကို ခိုင်အောင် လုပ်သလိုမျိုးပေါ့)၊ Defend: တဖက်က ဝေဖန်လာရင် ကိုယ့် Point ကို မကျရှုံးအောင် ကာကွယ်တာ၊ ဒါတွေဟာ ခံစစ်ပြင်တဲ့အဆင့် တနည်းအားဖြင့် ကိုယ့်အဆိုကို သူများက လာမတိုက်ခိုက်နိုင်အောင်ကာကွယ်တဲ့အဆင့်အတွက် သုံးလို့ရတဲ့စကားလုံးတွေပေါ့။
ထိုးစစ်ဆင်တာ (Offensive/Attacking)ကျတော့ တဖက်လူရဲ့ အဆိုပြုချက်မှာ ရှိတဲ့ အားနည်းချက်ကို ရှာပြီး တိုက်ခိုက်တဲ့ စကားလုံးတွေပါ။ အဲ့ဒီမှာ Challenge/Spearhead: တဖက်လူရဲ့ အယူအဆကို စိန်ခေါ်တာ၊ ဦးတိုက်တိုက်ခိုက်တာ၊ Refute/Counterargue: တဖက်က ပေးတဲ့ အချက်အလက်တွေကို ချေဖျက်တာ (လက်နက်ဖြုတ်သိမ်းသလိုမျိုးပေါ့)၊ Undermine: တဖက်လူရဲ့ argument အခြေခံကို ပြိုလဲအောင် အောက်ခြေကနေ လှန်တာ၊ Demolish: တဖက်လူရဲ့ အချက်အလက်တွေကို အမှုန့်ဖြစ်အောင် ချေမှုန်းပစ်တာ (ဒါဆိုရင်တော့ အတော်လေး ပြင်းထန်တဲ့ အသုံးအနှုန်း ဖြစ်သွားပြီ) စတာတွေပါမယ်။
နောက်တဆင့်ကျ ကိုယ့်သုတေသနဧရိယာ တနည်းအားဖြင့် ကိုယ့်စစ်မြေပြင်ကို လေ့လာမယ် (Exploration/Strategy)ဆိုပါစို့။ ဒီလိုစကားလုံးတွေထွက်လာနိုင်တယ်- Examine/Analyse: ရန်သူ့စခန်းကို အကဲခတ်သလိုမျိုး အချက်အလက်တွေကို သေချာ စိစစ်တာ၊ Break down: ရှုပ်ထွေးနေတဲ့ အရာတွေကို တစစီ ခွဲထုတ်ပြီး အားနည်းချက် ရှာတာ စတာတွေပေါ့။
ကဲ... အခုနက "ပွားယူလို့ရတယ်" ဆိုတဲ့ အပိုင်းကို ကြည့်ရအောင်။ စစ်ပွဲဆိုတဲ့ frame ထဲမှာ နောက်ထပ် ဘာတွေ ရှိနိုင်သေးလဲဆိုတော့ စစ်ပွဲမှာ ရန်သူ့ဟာကွက် ဖြစ်နေတဲ့ နေရာတွေ ရှိတတ်တယ်၊ အဲဒါကို "Gaps in the argument" လို့ သုံးလို့ရတယ်။ ကိုယ်က တဖက်လူ မထင်မှတ်ထားတဲ့ အချက်နဲ့ တိုက်မယ်ဆိုရင် "Flank the opponent's logic" လို့ တင်စားနိုင်တယ်။ ကိုယ့်အယူအဆက လုံးဝ အထိအခိုက်မခံနိုင်အောင် ခိုင်မာနေရင် "Invulnerable position" ဒါမှမဟုတ် "Impregnable defense" လို့ သုံးလို့ရမယ်။
အဲ့တော့ Vocabulary ကို စာအုပ်ထဲမှာ ပိတ်မိနေတဲ့ စာလုံးတွေအဖြစ် မမြင်ဘဲ "Argument is War" ဆိုတဲ့ သက်ဝင်လှုပ်ရှားနေတဲ့ frame ထဲ ထည့်လိုက်တဲ့အခါ စကားလုံးတွေက အချင်းချင်း ဆက်စပ်ကုန်ကြတယ်။ context နဲ့ မှတ်ရတာ ပိုလွယ်သွားသလို၊ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီး ဘယ်လက်နက် (စကားလုံး) ကို ထုတ်သုံးရမလဲဆိုတာ ပိုပြီး ပေါ်လွင်လာတာပေါ့။
ဒါတွေက စကားလုံးမှတ်ပုံမဟုတ်ဘူး။ စကားလုံးကို အသက်ဝင်အောင်လက်တွေ့ဘဝထဲခေါ်ယူ ဆက်ဟပ်ပုံ၊ အသက်သွင်းပုံ activate လုပ်ပုံတွေပါ။ ဆိုလိုတာက ကျက်တာထက် ထိရောက်တယ်လို့ ပြောချင်တာ။ ကိုယ့်စကားလုံးတွေဖြစ်သွားအောင် လုပ်တဲ့နည်းပေါ့။ ဒါတောင် ဒါက အကယ်ဒမစ်အက်ဆေးမှာ သုံးတဲ့စကားလုံးတွေကို အသက်သွင်းပုံပဲ ရှိသေးတာနော်။ နေ့စဥ်သုံးစကားလုံးကျ ပိုလွယ်တာပေါ့ဗျာ။
ကျနော် အခုပြောပြသွားတဲ့အယူအဆတွေဟာ Cognitive Linguistics ရဲ့ အခြေခံအကျဆုံးနဲ့ အရေးအပါဆုံးသော သီအိုရီတွေဖြစ်တဲ့ Conceptual Metaphor Theory (CMT) နဲ့ ချိတ်ဆက်ပြီးပြောပြတာပါ။ အရင်ကတော့ Metaphor (တင်စားချက်) ဆိုတာကို ကဗျာဆရာတွေ၊ စာရေးဆရာတွေပဲ သုံးတဲ့ "Literary Device" (စာပေအသုံးအနှုန်း) တစ်ခုလို့ပဲ ထင်ခဲ့ကြတာ။ ဒါပေမဲ့ George Lakoff နဲ့ Mark Johnson တို့က သူတို့ရဲ့ "Metaphors We Live By" (၁၉၈၀) ဆိုတဲ့ စာအုပ်မှာ ဘာပြောခဲ့သလဲဆိုတော့ — Metaphor ဆိုတာ စကားလုံးတင်မဟုတ်ဘူး၊ ကျနော်တို့ရဲ့ အတွေးအခေါ် (Thought) ကိုယ်တိုင်က Metaphorical ဖြစ်နေတာတဲ့။ ဥပမာ - "Argument is War" ဆိုတာ စာအုပ်ထဲမှာ လှအောင်ရေးထားတာ မဟုတ်ဘဲ၊ ကျနော်တို့ တကယ် ငြင်းခုံတဲ့အခါ တဖက်လူကို "ရန်သူ" လို သဘောထားပြီး "အနိုင်တိုက်" ဖို့ ကြိုးစားနေတာက ကျနော်တို့ ဦးနှောက်က Argument ကို War (စစ်ပွဲ) အဖြစ် Frame ချထားလို့ပဲ ဖြစ်ပါတယ်။
Cognitive Linguistics မှာ Mapping ဆိုတဲ့ သဘောတရားရှိတယ်။ ကျနော်တို့ ကောင်းကောင်းသိပြီးသား ရုပ်ဝတ္ထုနယ်ပယ် (Concrete Domain) တစ်ခုကိုယူပြီး၊ မမြင်ရတဲ့ နာမ်ပိုင်းဆိုင်ရာ နယ်ပယ် (Abstract Domain) တစ်ခုပေါ်ကို ထပ်ပြီး ပုံဖော်လိုက်တာပါ။ဥပမာ- Source Domain (အခြေခံနယ်ပယ်)က War (စစ်ပွဲ)ဆိုပါစို့ - စစ်ပွဲအကြောင်း ကောင်းကောင်းသိပြီးသားပေါ့။ တိုက်ခိုက်မှုရှိမယ်၊ ခုခံမှုရှိမယ်၊ ဗျူဟာရှိမယ်။အဲဒါကို Target Domain (ဦးတည်နယ်ပယ်): Argument (ဆွေးနွေးငြင်းခုံခြင်း) - နဲ့ သွားထပ်ကြည်တဲ့သဘောပေါ့။ အဲဒီနှစ်ခုကို Map လုပ်လိုက်တဲ့အခါ စစ်ပွဲမှာ သုံးတဲ့ စကားလုံးတွေက Argument ထဲကို အလိုလို စီးဝင်လာပြီး Systematic (စနစ်တကျ) ဖြစ်သွားတာပါ။ ဒါကြောင့် "စကားလုံးတွေကို ပွားယူလို့ရတယ်" ဆိုတာ သီအိုရီအရ လုံးဝ ခိုင်လုံပါတယ်။
ကျနော်တို့ ဦးနှောက်က စကားလုံးတွေကို အဘိဓာန်ထဲကလို အက္ခရာစဉ်အတိုင်း (A, B, C...) မှတ်တာ မဟုတ်ဘူးဗျ။ Schemas (စိတ်ထဲစွဲနေတဲ့ ပုံစံခွက်တွေ) နဲ့ မှတ်တာ။ "War Schema" ထဲမှာ ဒီစကားလုံးတွေ အကုန် စုနေတာဖြစ်တဲ့အတွက် တစ်လုံးကို သတိရရင် ကျန်တာတွေက တွဲလျက် ပါလာတာပါ။
နိဂုံးချုပ်ရရင် ကျနော် အခုနက ရှင်းပြခဲ့တဲ့ Argument is War ဆိုတဲ့ framing က Cognitive Linguistics ရဲ့ Conceptual Blending နဲ့ Frame Semantics သဘောတရားတွေနဲ့ အညီ ဘာသာစကားသင်ယူမှုကို ချဉ်းကပ်ပြခဲ့တာပါ။ ဒါကြောင့် စကားလုံးတွေကို တစ်လုံးချင်း အလွတ်ကျက်နေမယ့်အစား ဒီလို Metaphorical Frame တွေကို သုံးပြီး ပွားယူတာဟာ ဘာသာဗေဒ သဘောတရားအရရော၊ ဦးနှောက်ရဲ့ မှတ်သားမှုသဘောအရရော အထိရောက်ဆုံး နည်းလမ်းတစ်ခုလို့ ပြောချင်တယ်။
No comments:
Post a Comment