■ ယခုရက်ပိုင်း ပြောင်းလဲလာသည့် နိုင်ငံရေး Dynamic မှာ ဝါရှင်တန်ကိုလည်းကောင်း , ဘေဂျင်းကိုလည်းကောင်း , ဘက်ပေါင်းစုံကို မကျေမချမ်း ဖြစ်စရာတွေ ပေါ်ပေါက်သည့်အခါ မိမိဘက်ကနေ အင်အားတည်ဆောက်ခြင်းအပြင် ဘာများ ပြင်ဆင်ထားဖို့လိုသနည်း မေးခွန်းရှိလာတယ်။
အင်စတီကျူးရှင်းနှင့် Command ကို ခိုင်မာအောင် တည်ဆောက်ခြင်း , စံပြု လက်နက်နှင့် ခဲယမ်းကို လိုသလောက် ကိုယ်တိုင်ထုတ်လုပ်နိုင်ခြင်း ( သို့ ) Supply Chain ရှိနေစေခြင်းတို့သည် တိုက်တွန်းကြသူ များသောကြောင့် ဖန်တရာထပ်နေပြီ။ လုပ်ကိုလည်း လုပ်ရမည့် အရာလည်း ဖြစ်တယ်။
သည့်အပြင်ကတော့ တွေးခေါ်မှု လမ်းကြောင်းကို Modify လုပ်ခြင်းသာ ရှိမယ်။
■ တော်လှန်ရေးများသည် ပင်ကိုယ်အရ Universal သဘာဝဆန်တယ်။ မိမိတို့၏ နိုင်ငံရေး , လူမှုရေး ယုံကြည်ချက်သဘောတရားများနှင့် လိုလားသော လူ့ဘောင်အသစ် တည်ဆောက်မည့် ဆန္ဒကို ပကတိအမှန်တရားအဖြစ် ပျံ့ပွားစေလိုတယ်။ Export လုပ်ချင်တယ်။
ထို့ကြောင့်ပင် မူလအထိုင်ဖြစ်သော State Actors များသည် ယင်းဂယက် ကူးဆက်လာမည်ကို ကြောက်ကြတယ်။ Containment လုပ်ဖို့ရာ ကြိုးစားကြတယ်။ ပြင်သစ်တော်လှန်ရေး ဖြစ်သည့်အခါ အိမ်နီးချင်း နိုင်ငံများကနေ ယင်းပြောင်းလဲမှု ဖြစ်စဥ်ကို ဟန့်တားဖို့ရာ ကြိုးပမ်းကြတယ်။ ရုရှားတော်လှန်ရေးတွင်လည်း စနစ်ဟောင်းကို ခုခံပေးဖို့ရာ ဝင်ပါကြတယ်။
ရုရှားအင်ပါယာသည် ကမ္ဘာပေါ်တွင် အကြီးမား အကျယ်ပြန့်ဆုံးဖြစ်သလို ၁၈ ရာစုနှောင်း ပြင်သစ်သည် လူဦးရေ ၂၈ သန်းရှိ၍ ဥရောပတိုက်တွင် အများဆုံးဖြစ်နေတယ်။ ဤမျှ ပြည်တွင်းထုထည် ကြီးမား၍ ပြင်ပအင်အားတို့၏ သက်ရောက်နိုင်စွမ်း အကန့်အသတ် ရှိနေသည့်တိုင် ဝင်ရောက် စွက်ဖက်ဖို့ရာ ကြိုးပမ်းခဲ့ကြတယ်။
■ On the Contrary , ဆန့်ကျင်ဘက် အနေဖြင့် မြန်မာ့နွေဦးသည် စူပါပါဝါကြီးများ , နိုင်ငံတကာ အစုအဖွဲ့ Civilization ဇုန်များအလယ်က ပထဝီ အကန့်အသတ် တခုတွင် ညပ်လျက် ဖြစ်ပွားခြင်းလို့ ဆိုရမယ်။ ပြင်သစ်တော်လှန်ရေး ဖြစ်ပွားချိန်က Enlightment Era ၏ ဥာဏ်အလင်းလှိုင်း , ရုရှားတော်လှန်ရေး ပေါက်ကွဲစဥ်က လက်ဝဲဆိုရှယ်လစ် အတွေးအခေါ်များက ခေတ်၏ အသွင်ဟန် Zeigeist ဖြစ်နေတယ်။
မြန်မာ့နွေဦးသည်မူ ကမ္ဘာတလွှား လက်ယာယိမ်း၍ မိမိကိုယ်ကိုယ် ကာကွယ်လိုသော , Hard Power သုံးလိုသော Strongman များ အာဏာရလာချိန်တွင် ဖြစ်နေသည်မို့ ခေတ်၏ လှိုင်းနှင့် ထပ်တူဖြစ်မနေသည့် ဝိရောဓိ ရှိတယ်။ ထို့ကြောင့် ပြင်ပမှ လာသော လက်တွေ့ အကူအညီ ပါးလျ၍ ကဖျက်ကယက် ပြုလိုသူ, ယုံမှားသံသယမကင်း ရှိသူများသာ များပြားတယ်။
■ အကန့်ခွဲပါ။ မိမိတို့ ပိုင်နိုင်သည့် လက်လှမ်းမှီသော ပထဝီနှင့် အင်အားဘောင်အတွင်းက ကိစ္စများကိုသာ ရှင်းလင်းဖို့ အလျင်ကြိုးပမ်းသင့်တယ်။
မြန်မာ့နွေဦး မျက်မှန် စံနှုန်းဖြင့် တိုင်းတာ၍ အမေရိကန်နိုင်ငံရေး စနစ်ကိုလည်းကောင်း , တရုတ်ပြည်တွင်းရေးကိုလည်း အာချောင်၍ နွေဦး Standard ကို Export လုပ်ဖို့ အသံကျယ်လောင်နေခြင်းသည် လက်တွေ့ အကျိုးများစရာ မရှိပဲ , ဒုတ်ရဖို့သာ ရှိတယ်။ တော်လှန်ရေး စံနှုန်းများ မြန်မာကျော်လွန်၍ ကမ္ဘာလွှမ်းစေရမည့်ဟု ကြွေးကျော်နေပါက ကျော်မလာခင် အရင် အရိုက်ခံရတယ်။
■ ကဏ္ဍများကို သီးခြားဆီ အကန့်ခွဲပြီး အမြတ်ထုတ်ယူခြင်းကို လက်တွေ့မြင်စရာရှိတယ်။
ဆီးရီးယား သမ္မတသစ် အယ်လ်ရှာရာသည် အယ်ကေဒါးဟောင်း ဂျီဟတ်ဒစ်ဖြစ်သော်လည်း ပြည်တွင်းတကဏ္ဍ , ပြည်ပ တကဏ္ဍဖြင့် လက်တွေ့နိုင်ငံရေးလမ်းစဥ်ကို လိုက်တယ်။ ယခင် ဘာသာရေးအယူအဆကို ပြည်ပကို တင်ပို့ဖို့ , Universal ဖြစ်ဖို့ရာ မကြိုးပမ်းတော့လို့ အသွင်ပြထားတယ်။
တရုတ်နိုင်ငံတွင် ပါတီ နှင့် State သည် သီးခြားဖြစ်၍ ပါတီက State ကို အုပ်ချုပ်တယ်။ ပါတီသည် ကွန်မြူနစ်ဝါဒကို ယုံကြည်ဆဲဖြစ်သော်လည်း State တွင် စျေးကွက်စီးပွားရေးကို ကျင့်သုံးစေတယ်။
■ လွန်ခဲ့သော နှစ်များက ဟာသ တခုတွေ့ဖူးကြမယ်။ အမျိုးသားများ၏ ဦးဏှောက်သည့် Box များ အကန့်ခွဲထား၍ ကဏ္ဍများသည် သီးခြားရှိနေတယ်။ အမျိုးသမီးတဦး၏ ဦးဏှောက်မှာမူ Box တခုတည်းတွင် ဝါယာများ ရှုပ်ထွေးသကဲ့သို့ ဖြစ်နေ၏လို့ဆိုတယ်။ ကျား-မ ခွဲခြား Stereotype လုပ်ခြင်းထက် Emotion များ၏ သက်ရောက်မှုကို ညွှန်းချင်တယ်။
စိတ်ခံစားမှုအလိုက် မြန်မာ့အရေးနှင့် ထိုင်ဝမ်အရေး , ကျားဖြန့်အရေးနှင့် တရုတ်အရေး စသည်စသည် ကဏ္ဍအထွေထွေကို လုံးထွေးပြီး ရှုပ်ယှက်ကုန်ခြင်းသည် ဘယ်အရာကိုမှ ရှင်းမရပဲ ပိုရှုပ်ကုန်စေ့မယ်။ Framework နှင့် ခံယူချက် မပြောင်းလဲသည့်တိုင် ပြသာနာများကို တခုချင်း , တကန့်ချင်းဆီ ဖြေရှင်းနိုင်ရင် ဇာတ်ရှုပ်ဖြစ်ခြင်းကနေ ရှောင်နိုင်မယ်။
■ မမှီမကမ်း လုပ်နိုင်စွမ်းက အရာများကို ခလုတ်သွား မတိုက်ပဲ ရှောင်ကြဥ်နိုင်ခြင်းသည် စိတ်သက်သာရာရမယ်။ မိမိတို့၏ နိုင်ငံရေး, လူမှုရေး ပြောင်းလဲမှု ဖြစ်စဥ်သည် တရုတ် , ထိုင်း စသော အိမ်နီးချင်းနိုင်ငံများကို အိုင်ဒီယော်လော်ဂျီအရ ကူးစက်စေလိုသော ဆန္ဒမရှိကြောင်းကို ကိုယ်စားပြုသူများက Convince လုပ်နိုင်လျှင် ကောင်းတယ်။ Sensitive ဖြစ်သော အရာများကို ရှောင်ပါ။
စစ်အေးခေတ် Finlandization ဖြင့် အလားတူနိုင်သော မြန်မာတွင် မည်သည့် နိုင်ငံရေးစနစ်ကို ပြောင်းလဲကျင့်သုံးသည်ဖြစ်စေ ၄င်းတို့နှင့် ဝါဒမတူသည့်တိုင် ကောင်းမွန်သော ဆက်ဆံရေးကို ထူထောင်နိုင်မည်ဆိုသော မော်ဒယ်မျိုးသည် ယခုကာလ Promote လုပ်ရန် Gold Standard ဖြစ်နေမယ်။
■ သည်အစား မိမိရှင်းလင်းနိုင်သော အရာ များကိုသာ အပိုင်အနိုင် ဖြစ်သည်အထိ ရှင်းရမယ်။ ပြင်ပက အင်အားကြီးသူကို ရှောင်၍ မိမိ စည်းဘောင်အတွင်းက ရှင်းစရာရှိသည့် ပြသာနာကို ရှင်းလင်း , စည်းရုံးနိုင်သူ မြိုနိုင်သူများကို စုရုံး၍ အင်အားတည်ဆောက်သင့်တယ်။
အကောင်းဆုံးဥပမာသည် မန်ချူး Qing မင်းဆက်ကို တည်ထောင်သူ Nurhaci ကို ပြရမယ်။ ၄င်းသည် ငယ်စဥ်က Ming တရုတ်အင်ပါယာကြီး၏ ကျေးတော်မျိုးအဖြစ် အမှုထမ်းခဲ့ပြီး ဘေဂျင်းနန်းတော်မှ ချီးမြှင့်သော အရှိန်အဝါ၏ အကာအကွယ်ကို ယူ၍ ခိုင်ဖြီးလာသောအခါ တကွဲတပြား ဖြစ်နေသော Jurchens Tribes များကို စုစည်းတယ်။ ယင်း Unification လုပ်ငန်းစဥ် အောင်မြင်လို့ လုံလောက်သော အင်အားပြည့်ဝသည့် အခါမှ မင်အင်ပါယာကို စိန်ခေါ်တော့တယ်။ ၄င်း၏ မျိုးဆက်များသည် တရုတ်ပြည်ကြီးကို အောင်နိုင်၍ Qing မင်းဆက်ကို ထူထောင်ခဲ့ကြတယ်။
■ မဟာ့မဟာ နိုင်ငံကြီးများပင် မနိုင်နိုင်သေးပါက မြိုချပြီး အင်အားတည်ဆောက်ကာ အခွင့်အရေးကို စောင့်ဆိုင်းတတ်ကြတယ်။ စိတ်ရှည်တယ်။ မနိုင်ဝင်တွေကို ကျော်မထမ်းပါ။
ကိုယ်နိုင်ရာ အကန့်ထဲက အရှုပ်အထွေးများကိုသာ အရင်ဖြေရှင်းခြင်းဖြင့် တခုတည်း တသားတည်းသော ထုထည်ကို အလျင် တည်ဆောက်စေလိုတယ်။
#Augustus_Linn
၂၇ နိုဝင်ဘာ ၂၀၂၅
No comments:
Post a Comment