Tuesday, December 23, 2025

ပုံစံခွက်

 ပုံစံခွက် 

🔹▫️🔻🔸🔘

ကျွန်မတို့ နေထိုင်ရာ လူ့အဖွဲ့အစည်းမှာ "ပုံစံခွက် (Norms)" တွေဆိုတာ အမြဲ အဆင်သင့်ရှိနေတတ်ပါတယ်။ မိသားစု၊ ကျောင်း၊ အလုပ်ခွင်နဲ့ ဘာသာတရား/ ကိုးကွယ်မှု ယုံကြည်သက်ဝင်မှု ဆိုတဲ့ နယ်ပယ်တိုင်းမှာ မတူညီခြားနားခြင်းကို လက်မခံပဲ တူညီဖို့ အတင်းအကျပ် သွတ်သွင်းဖို့ ကြိုးစားနေကြသလို၊ ကျွန်မတို့ကိုယ်တိုင်ကလည်း အများနဲ့နည်းတူ ဖြစ်လာဖို့ အံဝင်ခွင်ကျ ဖြစ်အောင် အစွမ်းကုန် ကြိုးစားနေကြရပါတယ်။

ဒါပေမဲ့ ဒီပုံစံခွက်ထဲ ဝင်ဖို့ ကြိုးစားရတာဟာ တစ်ခါတစ်ရံမှာ အလွန်နာကျင်ဖို့ ကောင်းပါတယ်။ ကိုယ်က "လေးထောင့်" ပုံစံ ဖြစ်တည်နေချိန်မှာ လောကက သတ်မှတ်ထားတဲ့ ဘောင်က "အဝိုင်း" ဖြစ်နေခဲ့ရင်... ကျွန်မတို့ဟာ အဲ့ဒီအဝိုင်းထဲ ဝင်ဆံ့ဖို့အတွက် ကိုယ့်ရဲ့ အဖိုးတန်တဲ့ အစွန်းအထွက်လေးတွေကို ကိုယ်တိုင် ဖြတ်တောက်ပစ်လိုက်ကြရပါတယ်။

ကျွန်မတို့တွေ ဒီနေရာလေးမှာ ကိုယ့်ကိုယ်ကိုယ် မေးခွန်းလေး တစ်ခု ပြန်မေးကြည့်ရအောင်။

အဲ့ဒီလို ဖြတ်တောက်ရင်းနဲ့ ကျွန်မတို့ရဲ့ ပင်ကိုယ် "စွမ်းအား (Power)" တွေ ဘယ်လောက်တောင် ဆုံးရှုံးခဲ့ရပြီလဲ❓

System တစ်ခုကို ဥပမာအနေနဲ့ ပေးရမယ်ဆိုရင် ကျွန်မတို့ အစောဆုံးထိတွေ့ခဲ့ရတဲ့ မိသားစုစနစ် (Family System)ကနေပဲ ပြန်စကြည့်ရအောင်မိသားစုဆိုတာ ကျွန်မတို့ မွေးဖွားလာရာ ဒီကမ္ဘာမြေမှာ ပထမဆုံး စတင်ထိတွေ့ရတဲ့ "အသိုက်အမြုံ" လေးပဲဖြစ်ပါတယ်။

ဒါပေမဲ့ စိတ်မကောင်းစရာက အဲ့ဒီအသိုက်အမြုံလေးထဲမှာ ကျွန်မတို့ကို ကြိုဆိုနေတာက နွေးထွေးမှုတင်မကဘဲ “The Family Mold” လို့ခေါ်တဲ့ မိသားစုရဲ့ ရှေးအဆက်ဆက်ထဲက လက်ဆင့်ကမ်းလာကြတဲ့ ပုံစံခွက်တွေပါ တွဲပါ်လာတတ်တာပါပဲ။

မိသားစုဟာ ပထမဆုံးသော ကမ္ဘာငယ်လေးဖြစ်ပေမဲ့၊ တစ်ခါတစ်ရံမှာတော့ အဲ့ဒီကမ္ဘာဟာ "အချစ်"ဆိုတဲ့ ခေါင်းစဉ်အောက်မှာ "ထိန်းချုပ်မှု"တွေကို လက်ဆောင်ပေးတတ်ကြပါတယ်။

ကျွန်မတို့ ကြားဖူးကြမှာပါ။

"ငါတို့မျက်နှာကို ထောက်ထားစမ်းပါ…"
"နင်က ဘာလို့ တခြားကလေးတွေလို မဟုတ်ရတာလဲ.."
"နင့်ရဲ့ အဲ့ဒီစိတ်ကူးတွေက အပိုတွေ စိတ်ကူးတွေပဲထိုင်ယဉ်မနေနဲ့…"
"ငါ့အိမ်မှာနေရင် ငါ့စည်းကမ်းအတိုင်းနေ မနေနိုင်ရင် ထွက်သွား…"စသဖြင့်

မိသားစုတိုင်းမှာ သူတို့ရဲ့ Family System ဟန်ချက်ညီမှုကို ထိန်းသိမ်းဖို့အတွက် ရှေးရိုးစွဲ စည်းမျဉ်းတွေ၊ အခန်းကဏ္ဍတွေဟာ အမြဲရှိကြပါတယ်။

တကယ်လို့ ကျွန်မတို့တွေက ဒီစနစ်ဟောင်းကြီးရဲ့ အမှားတွေကို စတင်မေးခွန်းထုတ်လာသူ၊ ပွင့်လင်းလွန်းသူ၊ ဒါမှမဟုတ် လမ်းဟောင်းကို စွန့်ခွာပြီး လမ်းသစ်ဖောက်ချင်သူ ဖြစ်လာပြီဆိုရင် ကိုယ်ဟာ သူတို့ရဲ့ စံနှုန်းနဲ့ မကိုက်ညီတော့ပါဘူး။

အဲ့ဒီအခါ မိသားစုက သူတို့ သယ်ဆောင်လာတဲ့ စနစ်ကြီး မှန်ကန်ကြောင်း သက်သေပြဖို့ ကိုယ့်ကို "မူမမှန်သူ"ဒါမှမဟုတ် မိသားစုထဲ ကွဲထွက်နေသူ "အဆင်မပြေသူ" တစ်ယောက်အဖြစ် တံဆိပ်ကပ်ဖို့ ကြိုးစားကြပါတော့တယ်။

မိသားစုရဲ့ အတွင်းမှာ မကျန်းမာတဲ့ အလေ့အထတွေ (ဥပမာ- ဒေါသတွေကြီးကြတာ၊ လိမ်ညာတက်ကြတာ၊ ထိန်းချုပ်မှုတွေလွန်ကဲလွန်းကြတာ) စတာတွေကို ကိုယ်က စတင်ထောက်ပြမိတဲ့အခါ မေးခွန်းထုတ်တဲ့သူဖြစ်လာတဲ့အခါ “စနစ်”က ကိုယ့်ကို "ရန်သူ"တစ်ယောက်လို ဆက်ဆံလာတတ်ပါတယ်။

"နင်က အထိမခံ ပျော့ညံ့လွန်းတဲ့သူ။"
"နင်က ပြဿနာကောင် ပြဿနာတွေပဲ လိုက်ပတ်ရှာနေတယ်”

စသဖြင့် ခေါ်ဝေါ် Label တွေတပ်လိုက်ခြင်းဟာ မိသားစုအတွင်းက ဖုံးဖိထားတဲ့ အမှန်တရားတွေ (ပဋိပက္ခတွေ၊ ချို့ယွင်းနေတဲ့ ဆက်ဆံရေး) တွေကို ဖုံးကွယ်ဖို့ အလွယ်ကူဆုံး နည်းလမ်းတစ်ခု ဖြစ်နေတတ်ပါတယ်။

စိတ်ပညာရှင် Murray Bowenရဲ့ အဆိုအရ မိသားစုထဲမှာ သူတို့အတွက် ဖိအားနဲ့ စိုးရိမ်ပူပန်မှုတွေ များလာတဲ့အခါ အဲ့ဒီဖိအားကို လျှော့ချဖို့ "ဓားစာခံ (Scapegoat)"တစ်ယောက်ကို သတ်မှတ်လိုက်တတ်ကြပါတယ်။

မိသားစုတစ်ခုရဲ့ မိသားစုဝင်တွေကြားထဲ စိုးရိမ်ပူပန်မှု (Anxiety) တွေ၊ တင်းမာမှုတွေ အရမ်းများလာပြီဆိုရင် အဲ့ဒီမိသားစု "စနစ်" ကြီးတစ်ခုလုံးဟာ ယိုင်နဲ့လာပါတယ်။ အဲ့ဒီတင်းမာမှုတွေဟာ အဖေနဲ့အမေကြားက ကိစ္စတွေလည်း ဖြစ်နိုင်သလို၊ စီးပွားရေး အကျပ်အတည်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီပြဿနာအရင်းအမြစ်တွေကို ဖြေရှင်းရတာက ခက်ခဲပြီး နာကျင်ရတာမို့လို့ အဲ့ဒီအက်ကြောင်းကြီးကို ရင်ဆိုင်ရမှာ ကြောက်တဲ့အခါ (သတိမထားမိဘဲ) ဒီ family system ဟာ သူ့အတွက် အာရုံလွှဲစရာကို ရှာပါတော့တယ်။

"ငါတို့မိသားစု စိတ်မချမ်းသာရတာ
ဒီကလေး စကားနားမထောင်လို့၊
ဒီကလေး စာမကြိုးစားလို့။"

စသဖြင့် အပြစ်တင် ဝေဖန်မှုတွေနဲ့ ပုံချလိုက်တဲ့အခါ အားလုံးရဲ့ အာရုံက ကလေးဆီ ရောက်သွားပြီး တကယ့်အက်ကြောင်းကြီးကို ခဏမေ့ထားလိုက်ကြသလို "ငါတို့ကတော့ အဆင်ပြေပါတယ်၊ ဒီကလေးကြောင့်သာ..."ဆိုတဲ့ ခံစားချက်မျိုးနဲ့ မိသားစုကို ဟန်မပျက် ဆက်သွားစေတဲ့ အတုအယောင် ငြိမ်းချမ်းရေး (False Peace)ကို ဖန်တီးလိုက်ကြတာပါပဲ။

ဒါဟာ အိမ်တစ်အိမ်ရဲ့ အခြေခံအုတ်မြစ်တွေ အက်ကွဲနေတာကို မပြင်ဘဲ၊ နံရံက ပန်းချီကားတစ်ချပ် စောင်းနေတာကိုပဲ ဝိုင်းပြောနေကြတာနဲ့ တူပါတယ်။

များသောအားဖြင့်တော့ လူ့သဘာဝ စူးစမ်းရှာဖွေချင်တယ်ဆိုတဲ့ သိလိုစိတ် (Curiosity)၊ အမှန်တရားကို မေးခွန်းထုတ်တတ်သူ၊ စာနာစိတ်လွန်ကဲသူ (စိတ်ခံစားချက်တွေများသူ)တွေနဲ့ ပွင့်လင်းသူတွေဟာ ဒီအခန်းကဏ္ဍ (ဓားစာခံ) ကို ထမ်းဆောင်လိုက်ကြရတာပါ။

"နင်က အရမ်းတွေးလွန်းတာ။"
"နင်က မိသားစုကို အေးချမ်းအောင် မထားဘူး။"

ဆိုတဲ့ စကားလုံးတွေဟာ တကယ်တော့ သူတို့ကိုယ်တိုင် မရင်ဆိုင်ရဲတဲ့ ပဋိပက္ခတွေကို ကိုယ့်အပေါ် ပုံချလိုက်ခြင်းသာ ဖြစ်ပါတယ်။

ကျွန်မတို့ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ အန်ဒါဆင်ရဲ့ "The Ugly Duckling (အကျည်းတန် ဘဲကလေး)"ပုံပြင်ကို သိကြမယ်ထင်ပါတယ်။ ဘဲအုပ်ထဲမှာ ပေါက်လာပေမဲ့ အရောင်ရော၊ အသံရော မတူတဲ့ ဘဲကလေးအတွက် သူစတင်ထိတွေ့ရတဲ့ "အသိုက်" လေးဟာ သူ့ကို ပထမဆုံးသော အပြစ်ရှာခံရရာ နေရာလေး ဖြစ်ခဲ့တယ်။

ပတ်ဝန်းကျင်က ကိုယ့်ကို "နင်က ထူးဆန်းတယ် ဘာလို့ တခြားကလေးတွေနဲ့ မတူရတာလဲ"လို့ ပြောဖန်များတဲ့အခါ ကိုယ့်ရဲ့ မတူညီမှုကို အားနည်းချက်လို့ ကိုယ်တိုင်ယုံကြည်လာပြီး "False Self (အတုအယောင်ကိုယ်ထည်)"တစ်ခုကို တည်ဆောက်လိုက်ရတာဟာ စိတ်ပိုင်းဆိုင်ရာအရ အပင်ပန်းဆုံးပါပဲ။

"ငါးတစ်ကောင်ကို သစ်ပင်တက်ခိုင်းပြီး သူ့အရည်အချင်းကို တိုင်းတာမယ်ဆိုရင် အဲ့ဒီငါးဟာ တစ်သက်လုံး သူ့ကိုယ်သူ အသုံးမကျသူလို့ ထင်ပြီး နေထိုင်သွားရပါလိမ့်မယ်။"

ဆိုတဲ့ စကားလေးလိုပါပဲ။ လူတိုင်းဟာ သစ်ပင်တက်ဖို့ မွေးဖွားလာတာမဟုတ်ဘဲ သမုဒ္ဒရာကို ကူးခတ်ဖို့ မွေးဖွားလာတာလဲ ဖြစ်နိုင်သလို ဟိုးကောင်းကင်အမြင့်ကြီးတွေမှာလဲ ပျံသန်းနိုင်သူတွေ ဖြစ်နေနိုင်ပါတယ်။

ကိုယ့်ရဲ့ ပင်ကိုယ်အရည်အချင်း (Authenticity) ကို ဖျောက်ပစ်လိုက်တာဟာ "ကိုယ်နဲ့ စိတ်ဝေးကွာမှု (Self-alienation)"ကို ဖြစ်စေပြီး ရေရှည်မှာ စိတ်ကျရောဂါနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားမှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ကျွန်မတို့တွေ ဒါလေးကို သတိရပေးပါ... အမေတစ်ဦးတည်းက မွေးတဲ့ မွေးချင်းတွေတောင် အကြိုက်ချင်း၊ ပုံစံချင်း၊ စရိုက်လက္ခဏာချင်း မတူကြတာဟာ သဘာဝပါ။မတူညီခြင်းဟာ ပြဿနာမဟုတ်ပါဘူး။ အများနဲ့တူအောင် အတင်းညှိယူနေတာထက်၊ မတူညီတဲ့ ကိုယ့်ရဲ့ဖြစ်တည်မှုကို ချစ်ခင်ခြင်းကသာ ကိုယ့်ကိုကိုယ် စစ်မှန်တဲ့ လွတ်မြောက်မှုကို ပေးပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် ပုံစံခွက်တွေထဲမှာ အတင်းအကျပ် ညှိယူရင်း ပျောက်ဆုံးနေရသူတစ်ယောက်လို ခံစားနေရတယ်ဆိုရင် အခုချိန်ကစပြီး အများနဲ့ အံဝင်ဖို့ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် ပြုပြင်နေတာတွေကို ခေတ္တရပ်တန့်ကြည့်လိုက်ပါ။

ကိုယ့်ကို အရှိအတိုင်း ပြန်လည်လက်ခံပေးပါ။

မတူညီမှုဟာ အားနည်းချက်မဟုတ်ပါဘူး။ မတူညီမှုဟာ လူသားတစ်ယောက် ဖြစ်စေဖို့ သဘာဝကြီးကပေးတဲ့ Super Power ပါပဲ ဆိုတာ​လေးပြောရင်း

ပုံစံခွက်တွေထဲမှာ ပျောက်ဆုံးနေတဲ့ ကိုယ့်ရဲ့ စစ်မှန်တဲ့ ပုံရိပ်လေးကို ပြန်လည်ရှာဖွေပြီး အရှိအတိုင်း ရဲရဲဝံ့ဝံ့ ရှင်သန်နိုင်ဖို့ ဒီနေရာလေးကနေ ကိုယ့်ကိုယ်ကို ပြန်ရှာဖွေဖို့ အရင်အလုပ်လုပ်ကြည့်ချင်တာပဲဖြစ်ဖြစ်၊ နေ့စဉ်ပေါင်းသင်းဆက်ဆံရေးတွေမှာ မတူကွဲပြားမှုတွေကြောင့် ပြဿနာတွေ ကြုံနေရတာပဲဖြစ်ဖြစ် ကျွန်မတို့ To Day Psychology Classes က အပတ်စဉ် သောကြာနေ့တိုင်း ပြုလုပ်ပေးနေတဲ့ Yours Today group therapy sessions လေးတွေကို Join ပြီး ကိုယ့်ခံစားချက်တွေကို ရင်ဖွင့်ရင်းလည်း ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေနိုင်ပါတယ် ဆိုတာလေးလည်း ပြောပြချင်ပါတယ်။

No comments:

Post a Comment