❝ ခင်ဗျား စမတ်ကျလား ❞
⸻
IQ
(Intelligence Quotient)
‘ The Logic Smart’ တွေပေါ့။
ပဟေဠိတစ်ခု ဒါမှမဟုတ် သင်္ချာ တစ်ပုဒ်ရဲ့ အဖြေကို IQ မြင့်တဲ့သူတွေဟာ ယုတ္တိဗေဒကျကျ၊ ကျိုးကြောင်းဆင်ခြင်မှုနဲ့ ဖြေရှင်းတဲ့နေရာမှာ သိပ်တော်ကြတယ်။ အချက်အလက် အသစ်တွေကို သင်ယူရာမှာ အရမ်းမြန်ကြတယ်။
IQ မြင့်သူတွေအတွက် ကျောင်းစာမေးပွဲတွေဆိုတာက လွယ်ပြီးသား။
သူတို့ ဦးနှောက်မှာ မှတ်ဉာဏ်အလွန်ကောင်းမွန်တဲ့ IQ ကိရိယာတစ်ခု ရှိနေတာပါ။
⸻
EQ
(Emotional Quotient)
The Feeling Smart တွေပါ။
သူတို့က တစ်ပါးသူတွေရဲ့ ခံစားချက်တွေကို ဝင်ပြီး နားလည် ခံနိုင်စွမ်းရှိသူတွေပါ။ သူငယ်ချင်းတစ်ယောက် ဝမ်းနည်းနေတဲ့အခါ သိနိုင်ပြီး သူတို့ကို ဘယ်လို ပျော်ရွှင်အောင်လုပ်ပေးရမလဲဆိုတာ သိတယ်။
ကိုယ် စိတ်ဆိုးနေတဲ့အခါလည်း ကိုယ့်ရဲ့ ခံစားချက်တွေကို မျက်နှာမှာမပေါ်ခင် လျှော့ချ စီမံခန့်ခွဲနိုင်တယ်။
သူတို့က တစ်ပါးသူ စိတ်ဆိုးရင် ဘယ်အချိန်မှာ တောင်းပန်ရမလဲဆိုတာလည်း သိပ်သိတယ်။
သူတို့ ဦးနှောက်မှာ ကြင်နာမှုနဲ့ စာနာမှုအတွက် စူပါပါဝါ ‘EQ’ တစ်ခုရှိတာပါ။
⸻
CQ
(Creative Quotient)
သူတိို့က အသစ် ဖန်တီးတဲ့နေရာမှာ သိပ်စမတ်ကျတာ..။
ဒါက အကြောင်းအရာတစ်ခုကို ကိုယ်ကဘယ်လို တွေးခေါ်သလဲဆိုတာနဲ့ ပတ်သက်ပါတယ်။ စိတ်ကူးဉာဏ်၊ အနုပညာ၊ စာရေးတာ၊ အတွေးအခေါ်အသစ်တွေရှိတာ၊ အဖြစ်အပျက် ဇာတ်လမ်းတွေကို သုံးသပ်တဲ့အခါ သာမန်မဟုတ် အခြားသူတွေ သိပ်မမြင်တဲ့ အမြင်မျိုးရှိတာ၊ အကြံဉာဏ်အသစ်တွေ တီထွင်နိုင်တာမျိုးပါ။
သူတို့ရဲ့ ဦးနှောက်ထဲမှာ ရိုးရိုးခဲတံတစ်ခုရှိနေတာမျိုးမဟုတ်၊ ရောင်စုံဆေးသုတ်တံတစ်ချောင်း ရှိနေတဲ့သူတွေပေါ့။
⸻
CQ
(Cultural Quotient)
နောက်ထပ် CQ တစ်ခုရှိသေးတယ်။ သူတို့က ယဉ်ကျေးမှုနဲ့ ဆိုင်ရာ ဉာဏ်ရည် (Cultural Intelligence ) မြင့်သူတွေပါ။
သူတို့က ကိုယ့် ယဉ်ကျေးမှုမှ မြင့်တယ်လို့ မတွေးဘူး။ မတူညီတဲ့ ယဉ်ကျေးမှုတွေကို လေးစားတယ်။ ဒါကြောင့် နိုင်ငံတကာမှာနေလို့ အဆင်ပြေတယ်။ လူပေါင်းစုံက ကိုယ်နဲ့ တူမနေဘူးဆိုတာကို နားလည်တဲ့ ဉာဏ်ရည် မြင့်တယ်။
သူတို့က နိုင်ငံတကာမှာ အောင်မြင်တဲ့ စီးပွားရေးသမားတွေ၊ အစိုးရပိုင်းဆို သံတမန်ရေးရာ ကျွမ်းကျင်သူတွေ ဖြစ်လာတယ်။
ဦးနှောက်ထဲမှာ ကမ္ဘာကြီးကလူမျိုးစုံကို နားလည်နိုင်စွမ်းရှိတဲ့ ဉာဏ်မြင့်သူတွေပေါ့..။
⸻
AQ
(Adaptability Quotient)
AQ မြင့်တဲ့ သူက ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် နေတာ တော်တယ်။
ဒီလို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်မှုကလည်း ဉာဏ်ရည် တစ်မျိုးပါပဲ။ အခြေအနေအသစ်တွေကိုလိုက်လျောညီထွေဖြစ်အောင် အမြန်ဆုံးလုပ်ဆောင်နိုင်စွမ်းပါ။
ကျောင်းအသစ်တစ်ခုကို ပြောင်းရွှေ့တာ ဒါမှမဟုတ် ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခုကို ရင်ဆိုင်ရရင် AQ မြင့်တဲ့သူတွေက အခြေအနေအသစ်ကို လက်ခံတာ၊ နားလည်တာမြန်တယ်၊ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်တယ်။
ဦးနှောက်ထဲမှာ ပတ်ဝန်းကျင်ကို သိနားလည်တဲ့ အလွန်လိမ္မာပါးနပ်တဲ့ ကိရိယာတစ်ခုရှိနေတဲ့သူတွေပေါ့။
⸻
SQ
(Social Quotient)
သူက AQ နဲ့ ဆင်ပါတယ်။ လူမှုဆက်ဆံရေးဘက် ဉာဏ်ရည်ထက်မြက်မှုရှ်ိသူပါ။
SQ ( လူမှုဆက်ဆံရေး) မြင့်တဲ့သူတွေဟာ အခုမှတွေ့တဲ့ လူအသစ်ဖြစ်စေ၊ လူ အဟောင်းဖြစ်စေ အဆင်ပြေပြေ စကားပြောနိုင်တဲ့သူပါ။ လူချစ်လူခင်ပေါတယ်။ သူငယ်ချင်းများတဲ့သူ..။ အဖွဲ့လိုက် (Team work ) အလုပ်တွေကို ကျွမ်းကျွမ်းကျင်ကျင် တည်ဆောက်နိုင်တယ်။
ဘယ်လောက်ခက်တဲ့သူနဲ့ပဲဖြစ်ပါစေ ဆက်ဆံရေးတည်ဆောက်နိုင်တယ်။
သူတို့ ဦးနှောက်မှာ ဒီလူကို ဘာပြောရမလဲ ဆိုတာနဲ့ ဘာမပြောရဘူးဆိုတာကို သိနိုင်တဲ့ ဉာဏ်မြင့်တယ်။
⸻
SQ
(Spiritual Quotient)
အပေါ်က SQ (လူမှုရေး) ဖြစ်ပြီး
အခု SQ (ဝိညာဉ်ရေးရာ) ပါ။
သူတို့က စိတ်ထားတတ်တဲ့နေရာမှာ အလွန်သာလွန်တဲ့ သူတွေပါ။
သူတိို့က ဘဝရဲ့ အဓိပ္ပာယ်ကို နားလည်တဲ့သူ၊ ကိုယ့်ကိုကိုယ် (ကိုယ့်ရဲ့ အတွင်းစိတ်ကို ) သိတဲ့သူ။
SQ မြင့်တဲ့သူတွေဟာ “ငါ ဘာလို့ ဒီမှာ ရှိနေရတာလဲ”၊ “ငါ ဘယ်လို လူအမျိုးစားဖြစ်ချင်တာလဲ” ဆိုတာကို ပြတ်ပြတ်သားသားသိကြတယ်။
SQ မြင့်တဲ့သူဟာ ဘယ်သူမှ မကြိုက်လည်း မှန်တဲ့အရာဘက်မှာရပ်တယ်၊
ဘဝရဲ့ ခက်ခဲသောအချိန်တွေမှာ တည်ငြိမ်စွာနေထိုင်နိုင်တယ်။
ပြီးတော့ သူတို့က သူတစ်ပါးကိုလည်း တန်ဖိုးထားတယ်၊ရည်ရွယ်ချက်ကြီးတယ်၊ ကရုဏာကြီးတယ်၊ သမာဓိရှိရှိ လုပ်တယ်။ (ဒီနေရာမှာဘာသာတရားတစ်ခုတည်းနဲ့ မသက်ဆိုင်ပါဘူး။)
ဦးနှောက်ထဲမှာ SQ မြင့်တဲ့သူတွေက ပိုမိုကြီးမားတဲ့ ရှုထောင့်ကစဉ်းစားနိုင်တဲ့ ဂရုဏာရှင်တွေပါ။
⸻
MQ
(Moral Quotient)
ကိုယ်ကျင့်တရားထက်မြက်တဲ့သူတွေကို ခေါ်ပါတယ်။ သူတို့က မှန်တာနဲ့မှားတာကို သိတယ်၊ လူတွေရဲ့ တန်ဖိုးကိုသိတယ်၊ ဘဝမှာ အဆင်ပြေမှုထက် ကျင့်ဝတ်ကို ရွေးချယ်တယ်။
MQ မြင့်တဲ့သူတွေဟာ စံနမူနာယူထိုက်သူတွေဖြစ်တယ်။
⸻
PQ
(Physical Quotient)
PQ မြင့်တဲ့သူတွေက သူတို့ ခန္ဓာကိုယ် က ဘယ်လောက်ကျန်းမာတယ်၊ ဘယ်အထိပဲ ခံနိုင်ရည်ရှိတယ်။ သူတို့ ခန္ဓာကိုယ်ရဲ့ ဘယ်အပိုင်းကို ဂရုစိုက်ရမယ် ဆိုတာသိတဲ့သူ။
အဲဒါ အားကစားလိုက်စားသူ၊ အလှမယ်တစ်ဦးဖြစ်သူတွေနဲ့ မသက်ဆိုင်ပါဘူး၊ အခြေခံကျန်းမာရေး၊အသိပညာနှင့် ကိုယ့်ကျန်းမာရေးကိုသိသူ၊ ဂရုစိုက်သူတွေနဲ့ သာ သက်ဆိုင်ပါတယ်။
PQ မြင့်သူတွေက အိပ်ချိန်ကို ဂရုစိုက်တယ်။ ကျန်းမာစေတဲ့ အစာစား၊ လေ့ကျင့်ခန်းလုပ် (သို့) ခန္ဓာကိုယ်လှုပ်ရှားမှု ၊အနားယူ— စတာတွေက နိစ္စဓူဝ အခြေခံရှိပြီးသား။
IQ ကို ဦးနှောက်စွမ်းအား လို့ခေါ်မယ်ဆို PQ က ခန္ဓာကိုယ်စွမ်းအားပေါ့။
⸻
TQ
(Time Quotient )
ဒါကနောက်ဆုံး Q ပါ။ အချိန်ကို ပညာရှိရှိ အသုံးပြုနိုင်တဲ့သူပါ။ ဘယ်အချိန်မှာ ဘာ ထ လုပ်ရမယ်၊ ဘယ်အချိန်မှာ စိတ်ရှည်ရှည်နဲ့ နေရဦးမယ်ဆိုတာကို သိတဲ့သူ..။
သူတို့က အရေးကြီးတဲ့ ပလန် (plan ) တွေချတဲ့နေရာတွေမှာ အရမ်းတော်တယ်။ ဘာကို ဦးစားပေးလုပ်ရမယ်ဆိုတာသိတယ်။ သူတို့အတွက်ပဲဖြစ်ဖြစ်၊ အများနဲ့ လုပ်ရင် အများအတွက်ပဲဖြစ်ဖြစ်အရေးမကြီးတဲ့အရာတွေမှာ အချိန်မဖြုန်းဘူး။ အရာအားလုံးကို အလျင်စလိုမလုပ်ဘူး၊ ဒါပေမဲ့ နှောင့်နှေးမနေပါဘူး။
TQ မြင့်သူတွေက အလုပ်ပဲ သေအောင်လုပ်နေတာမျိုးမဟုတ်ဘူး၊ ကောင်းကောင်းလည်းအနားယူတတ်ပါသေးတယ်။
⸻
စမတ်ကျတယ်ဆိုတာ တံခါးတစ်ချပ်တည်းနဲ့ မပြီးဘူး၊ အခန်းတွေအများကြီးပါတဲ့ အိမ်တစ်လုံးလိုပဲနော်။
တချို့ကျ အခန်းတစ်ခန်းတည်းမှာ မီးတွေ ထိန်နေတဲ့အိမ်ရှိသလို။ တချို့အိမ်ကျ အခန်းအများကြီးမှာ ထွန်းလင်းတောက်ပနေကြတယ်။
Q အားလုံးက အရေးကြီးပါတယ်။ ခင်ဗျားရော ဘယ် Q တွေအားကောင်းပြီး ဘယ် Q တွေအားနည်းလဲ ဖြေကြည့်ပါလား။
IQ မြင့်မှ ဉာဏ်ကြီးရှင်မဟုတ်ဘူး၊ ကိုယ့်မှာ မြင့်တဲ့ Q တွေ အများကြီးရှိနေမှာပါလို့..။
⸻
ကိုယ်က TQ အားအနည်းဆုံးပဲ၊ ဘာပဲလုပ်လုပ် အချိန်နဲ့ အခါ မသိ၊ အခုအထိ၊ ဒါပေမဲ့ အချိန်တော့ မှန်အောင်ကြိုးစားပါတယ် — 
References
Howard Gardner ရဲ့ audio books တွေကို နားထောင်ပြီး နားလည် လွယ်အောင် ကြိုးစားရေးထားပါတယ်။
No comments:
Post a Comment