Sunday, November 9, 2025

Exposing the hidden horrors on Myanmar’s battlefields I Al Jazeera Investigations

 Al Jazeera သတင်းဌာနကနေ မြန်မာပြည်တွင်းစစ်အကြောင်း ဖော်ပြထားတဲ့ မှတ်တမ်းဗီဒီယို documentary video အသစ်တစ်ခု ရှိပါတယ်။ တစ်နာရီလောက် ရှည်တယ်။ ရှေ့တန်းစစ်မြေပြင်က တော်လှန်ရေးရဲဘော်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ အင်တာဗျူးမေးမြန်းထားတာ၊ တိုက်ပွဲဝင်ဗီဒီယိုတွေ ပါဝင်တယ်။ ဒါ့အပြင် စစ်တပ်ကိုစွန့်ခွာပြီး အလင်းဝင်လာသူတွေကိုလည်း အင်တာဗျူးမေးမြန်းထားပါတယ်။

ဒီလို အလင်းဝင်လာသူတွေကနေ ပေးပို့တဲ့ဓါတ်ပုံတွေအရ စစ်တပ်က Y-8 လို သယ်ယူပို့ဆောင်ရေးလေယာဉ်တွေကနေ ဘယ်လိုလုပ်ပြီး ဗုံးကြဲနေလဲ ဆိုတာကို Al Jazeera ရဲ့ documentary video မှာ ဖော်ပြထားပါတယ်။
Y-8 လေယာဉ်က သယ်ယူပို့‌ဆောင်ရေးလေယာဉ်ဖြစ်တာကြောင့် ဗုံးသီးချိတ်ဆွဲစရာ hard point တွေ မပါရှိပါဘူး။ ဒါ့ကြောင့် စကမကနေ လေယာဉ်နောက်တံခါး rear ramp မှာ PVC ပိုက်လုံးတွေဆင်ပြီး ဗုံးကြဲချနေတာပဲ ဖြစ်ပါတယ်။ ဒါက သယ်ယူပို့ဆောင်ရေးလေယာဉ်ကို လက်ပူတိုက် ပြင်ဆင်ပြီး ဗုံးကြဲလေယာဉ်အဖြစ် အသုံးပြုနေတာပဲဖြစ်ပါတယ်။
ဗီဒီယိုထဲမှာတော့ 4kg ဗုံးသီးတွေ ကြဲချတယ်လို့ ဖော်ပြထားတယ်။ လေယာဉ်ပေါ်မှာ ဗုံးသီးတွေ ရာနဲ့ချီပြီး သယ်လာမယ်၊ ပြီးရင် နောက်ကိုထုတ်ထားတဲ့ PVC ပိုက်တွေကနေ ဗုံးသီးတွေ အများအပြားပစ်ချမယ့် ဒီဇိုင်းဖြစ်ပါတယ်။ တိကျမှုကောင်းမှာ မဟုတ်ပဲ ကျချင်တဲ့နေရာကျမှာ ဖြစ်ပါတယ်။
ဒါက ဆီးရီးယားမှာ အာဏာရှင်အာဆတ်ဒ်က‌နေ ပြည်သူတွေအပေါ် အကြမ်းဖက် ဗုံးကြဲသတ်ဖြတ်ရာမှာ အသုံးချခဲ့တဲ့ barrel bomb တွေနဲ့တောင် သဘောတရားတူနေပါတယ်။ သယ်ယူပို့ဆောင်ရေးလေယာဉ်ပေါ်ကနေ လက်နဲ့ ဗုံးကြဲချပြီး ထိချင်တဲ့သူထိဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။
စကမရဲ့ လုပ်ပုံက လေယာဉ်ပေါ်ကနေ တိကျမှုမရှိပဲ ဗုံးသီးတွေ ရာနဲ့ချီ ကြဲချနေတာပဲ ဖြစ်ပါတယ်။ ပြောရရင် ဗုံးပဒေသာ၊ ကလပ်စတာဗုံး cluster bomb ကြဲချနေတာပါ။ ဒီလို ရာနဲ့ချီပြီး ကြဲချတာမှာ မပေါက်ကွဲတဲ့ ဗုံးသီးတွေလည်း ပါဝင်နေဖို့ ရာခိုင်နှုန်းများလာပြီး နှစ်ပေါင်းများစွာ ပြည်သူလူရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေမယ့် အကြမ်းဖက်ဗုံးကြဲနည်းပဲ ဖြစ်ပါတယ်။
Tactical Raptor
Raptorone

No comments:

Post a Comment