Wednesday, November 12, 2025

တရားသောစစ် ဓမ္မယုဒ္ဓ

 ဓမ္မယုဒ္ဓ

-------

“တရားသောစစ်” ဆိုတဲ့ ဝေါဟာရကို မဟာဘာရတမှာ “ဓမ္မယုဒ္ဓ” လို့ သုံးပါတယ်။

နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းလို့ မရတဲ့အခါ စစ်‌ရေးက နည်းလမ်းတစ်ခုဖြစ်လာတယ်။ ဒါပေမယ့် စစ်ဆိုတာ ဘယ်လိုပဲကြည့်ကြည့် လူ့တွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးပါးစေတယ်။ ပြဿနာကို တရားနည်းလမ်းကျကျ မဖြေရှင်းနိုင်ရင် ဒုစရိုက်တရား, အဓမ္မတရားတွေက လောကကို လွှမ်းမိုး ဖျက်ဆီးတော့မယ့် အခြေအနေနဲ့ ကြုံတဲ့အခါ စစ်ရေးနည်းလမ်းကို Necessary Evil အနေနဲ့ ရွေးချယ်ကြရတယ်။ ဒါကိုပဲ “တရားသောစစ်” လို့ သုံးနှုန်းကြပါတယ်။
တကယ်တော့ ဗုဒ္ဓဘာသာမှာ “တရားသောစစ်” ဆိုတဲ့ အယူအဆ Just War Theory မရှိပါဘူး။ ဒါပေမယ့် ပါရမီဖြည့်ကျင့်နေတဲ့ အလောင်းတော်တွေ ဘဝမှာ စစ်တိုက်ရတာမျိုးတွေ ရှိပါတယ်။ မဟာဇနကမင်းက သူ ရထိုက်တဲ့ ထီးနန်းကို ပြန်တိုက်ယူဖို့ အတွက် fund ရှာဖို့ အတွက် ပင်လယ်ခရီးထွက်ပြီး ကုန်ကူးခဲ့တယ်။ မဟောသဓာကလည်း မိမိတို့ထက် အင်အားသာလွန်တဲ့ စူဠနီ ဗြဟ္မဒတ်မင်းကို War Strategy တွေ ဆွဲပြီး တိုက်ခဲ့တယ်။

စစ်ဟာ "အကုသိုလ်" အမှုသာ ဖြစ်ရင် အလောင်းတော်တွေက ဘာကြောင့် စစ်ရေးနည်းလမ်းကို ရွေးချယ်ခဲ့ကြသလဲ။ စစ်ကို လွှဲရှောင်လို့ ရသမျှ လွှဲရှောင်ပါတယ်။ ရှောင်လွှဲလို့ မရဘဲ စစ်ရေးနည်းကို ရွေးချယ်ရတဲ့အခါမှာလည်း ရန်သူကို သတ်ဖြတ် ချေမှုန်းဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုး မထားဘဲ၊ သတ္တဝါတွေကို ဆင်းရဲဒုက္ခကနေ လွတ်မြောက်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်ထားပါတယ်။ သတ္တဝါတွေကို သနားကြင်နာတဲ့ “ကရုဏာ” နဲ့ ဆင်းရဲကနေ လွတ်မြောက်အောင် စွမ်းဆောင်နိုင်တဲ့ “ပညာ” တို့ကို အထွတ်တင်ပြီး အထိအခိုက်အနည်းဆုံး ဗျူဟာကို သုံးပါတယ်။ အနိုင်ရတဲ့ အခါမှာလည်း ရန်သူကို ညှင်းဆဲသတ်ဖြတ်ခြင်း မပြုဘဲ၊ သစ္စာခံစေပြီး လွှတ်ပေးတယ်။ ဒါမှမဟုတ် ထိုက်သင့်တဲ့ အပြစ်ဒဏ်ကိုသာ ပေးတယ်။

အနောက်တိုင်း Just War Theory သဘောအရ ပြောရင် “တရားသောစစ်” ဆိုတာ သုံးပိုင်း ရှိပါတယ်။

နိုင်ငံရေး, သံတမန်ရေး နည်းလမ်းတွေနဲ့ ဖြေရှင်းလို့ မရနိုင်တော့ဘဲ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ပြည်သူတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်လာတဲ့ အခါမှာ စစ်ရေးနည်းလမ်းကို ရွေးချယ်တာကို Just Cause (Jus ad Bellum) တရားမျှတတဲ့ အကြောင်းရင်း လို့ခေါ်ပါတယ်။ ဗုဒ္ဓဘာသာစာပေတွေက “ဓမ္မိကာ ရက္ခာဝရဏ ဂုတ္တိ” ဆိုတာက ဒီနေ့ခေတ်မှာ R2P လို့ ခေါ်နေကြတဲ့ ပြည်သူတွေရဲ့ အခွင့်အရေးကို တရားနည်းလမ်း ကျကျ ကာကွယ်စောင့်ရှောက်ပေး, လုံခြုံမှုပေးရတဲ့ တာဝန်ပါပဲ။

“တရားသောစစ်” လို့ ပြောနိုင်ဖို့အတွက် တရားမျှတတဲ့ အကြောင်းရင်း ဖြစ်ရုံသာမက၊ တရားမျှတတဲ့ စစ်ရေးကျင့်ဝတ် Just Conduct (Jus in Bellum) တွေကိုလည်း လိုက်နာရပါတယ်။ တိုက်ပွဲမှာ မပါတဲ့ သူတွေကို တိုက်ခိုက်မှု မလုပ်ရဘူး၊ အင်အားအလွန်အကြွံ မသုံးရဘူး၊ အရပ်သားတွေ ထိခိုက်နစ်နာမှု (collateral damage) အနည်းဆုံး ဖြစ်အောင် သတိထားရတယ်။ ရပ်ရွာတွေကို မီးရှို့ဖျက်ဆီး လုယက်တာ၊ ဘာသာရေး အဆောက်အအုံ, ဆေးရုံ, ကျောင်းတွေကို တိုက်ခိုက်ဖျက်ဆီးတာ၊ သုံ့ပန်းတွေကို တရားမဲ့ နှိပ်စက် သတ်ဖြတ်တာ စတာတွေက စစ်ရာဇဝတ်မှု မြောက်တဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။ တရားသော စစ်ဆိုတာက ရက်စက်စွာ ကလည့်စားချေတာ, သွေးကြွေးဆပ်တာ မဟုတ်ပါဘူး။ မတရားမှုတွေ ချုပ်ငြိမ်းသွားအောင် မရက်စက်တဲ့ နည်း, မကောက်ကျစ်တဲ့ နည်းတွေနဲ့ တရားသဖြင့် တုန့်ပြန်ခြင်း, ကာကွယ်စောင့်ရှောက်ခြင်းသာ ဖြစ်ရပါတယ်။

ရေနစ်သူက ထောက်ကူရာ သစ်ဝါးမရခဲ့ရင်၊ ခွေးသေကောင်ပုပ်ကိုတွေ့လည်း ခွေးသေကောင်ပုပ် အကူအညီနဲ့ပဲ ကမ်းကိုရောက်အောင် ကူးခပ်ရပါတယ်။ စက်ဆုပ်ရွံရှာဖွယ် ခွေးသေကောင်ပုပ်က အခြေအနေအရ ရွေးချယ်ရတဲ့ အထောက်အကူ နည်းလမ်း တခုသာဖြစ်ပြီး၊ ကမ်းကိုရောက်တဲ့အခါ လည်မှာ အမြတ်တနိုး ချိတ်ဆွဲထားရမယ့် ပန်းတိုင် မဟုတ်ပါဘူး။ ကမ်းကိုရောက်တဲ့အခါ ခွေးသေကောင်ပုပ်ရဲ့ အနံ့အသက်ဆိုးတွေနဲ့ အနိဋ္ဌာရုံတွေကို သန့်စင်အောင် လုပ်ဖို့ လိုပါတယ်။ စစ်ပွဲတခု ပြီးဆုံးတဲ့အခါ ရှုံးနိမ့်သွားတဲ့ ရန်သူကို (ကလဲစားချေခြင်းမျိုး မဟုတ်ဘဲ) တရားသဖြင့် အပြစ်ပေးစီရင်ရတယ်။ စစ်ရဲ့ အနိဋ္ဌာရုံတွေကို အမြန်ဆုံးဖယ်ရှားပြီး၊ ပြန်လည်ထူထောင်ရေးတွေ လုပ်ရတယ်။ ငြိမ်းချမ်းရေးကို တည်ဆောက်ရတယ်။ ဒါကို အနောက်တိုင်းမှာ Justice After War (jus post bellum) လို့ ခေါ်ပါတယ်။
ဒီလက္ခဏာသုံးနဲ့ ပြည့်စုံတဲ့ စစ်ကို ‘တရားသောစစ်’ လို့ သတ်မှတ်ကြပါတယ်။ ဒါပေမယ့် စစ်ဆိုတာက ဘယ်လို စစ်မျိုး မဆို အပြစ်အနာအဆာတွေ, အနိဋ္ဌာရုံတွေ ပြည့်နှက်နေတတ်ပါတယ်။ ဒီလို စစ်ရဲ့ အကျည်းတန်မှုတွေ ကြားကပဲ ကိုယ်ပါဝင် ဆင်နွဲနေရတဲ့ စစ်ကို “တရားသောစစ်” ဖြစ်စေဖို့ ကြိုးပမ်းကြရပါတယ်။

တရားသော စစ်တိုင်းက အနိုင်ရမှာလား ...။

ရည်ရှည်မှာ “စစ်ပွဲတစ်ပွဲရဲ့ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်တာက စစ်ဦးချုပ်ရဲ့ အမိန့် မဟုတ်ပါဘူး၊ တပ်နေရာ ချထားမှုလည်း မဟုတ်၊ လက်နက်အင်အားလည်း မဟုတ်၊ တပ်သားအကျအဆုံးလည်း မဟုတ်ပါဘူး။ တပ်ရဲ့ စိတ်ဓာတ် (Spirit of the Army) ပါ” (တောလ်စတွိုင်း - စစ်နှင့်ငြိမ်းချမ်းရေး)။ အမေရိကန်တွေ ဗီယက်နမ်စစ်ပွဲမှာ ရှုံးနိမ့်ခဲ့တာက ... 'ဒါဟာ တရားသော စစ်ပွဲ မဟုတ်ဘူး' လို့ အမေရိကန်ပြည်သူတွေ ကိုယ်၌က ယုံကြည်ဆန့်ကျင်ကြတဲ့ အတွက် တပ်ရဲ့ စိတ်ဓာတ်ပျက်ပြားနေတာ၊ ဗီယက်နမ်တွေက တရားသော ခုခံစစ်အဖြစ် လက်ခံ ယုံကြည်ပြီး ဇွဲသတ္တိ ကောင်းကောင်း, စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ ရင်ဆိုင်နိုင်ခဲ့ကြတွေကြောင့် ဖြစ်ပါတယ်။ စိတ်ဓာတ်ပျက်ရင် တပ်ပျက်ပါတယ်။

ဗုဒ္ဓစာပေတွေမှာတော့ ရန်အောင်မြင်နိုင်တဲ့ စိတ်ဓာတ်ရဲ့ အရည်အသွေးတွေကို “သစ္စာ, ဒမ, ဓိတိ, စာဂ” လို့ ပြထားပါတယ်။ ဖြောင့်မတ်မှန်ကန်ခြင်း, အမှန်တရားကို မြတ်နိုးခြင်း (သစ္စာ)၊ အကြောက်တရား, အမုန်းတရားတွေကို သတိပညာနဲ့ ထိန်းချုပ်နိုင်ခြင်း, စည်းကမ်းရှိခြင်း (ဒမ)၊ ကောက်ရိုးမီးလို မဟုတ်ဘဲ မလျော့သော ဇွဲလုံ့လနှင့် အဆက်မပြတ် အားထုတ်ခြင်း, တာဝန်ကျေပွန်ခြင်း (ဓိတိ)၊ ဥစ္စာအသက်ကို မငဲ့မကွက်ဘဲ စွန့်လွှတ်ခြင်း (စာဂ) ဆိုတဲ့ တရားလေးပါးနဲ့ ပြည့်စုံညီညွတ်နေရင် ရန်ကို အောင်မြင်နိုင်ပါတယ်။

ပြည်သူအများစု ရွံမုန်းတဲ့ အဓမ္မဝါဒ ကျဆုံးမှာပါ။ တရားသော စစ်က အောင်မြင်မှာပါ။ 

No comments:

Post a Comment