“အပြစ်တင်ခြင်း" ဆိုတဲ့ စွဲလမ်းမှု
ကျနော်တို့ရင်ထဲမှာစွဲနေတဲ့အရာတခုရှိခဲ့ဖူးကြတယ် အဲဒါက
"အပြစ်တင်ခြင်း" ဆိုတဲ့ အကျင့်ဆိုးတစ်ခု အကြောင်းပါ။ ဒါဟာ ဝေဖန်ထောက်ပြခြင်း (Constructive Criticism) နဲ့ လုံးဝ မတူပါဘူး။
"အပြစ်တင်ခြင်း" ဆိုတာ... ဖြေရှင်းနည်းကို ရှာတာ မဟုတ်ဘူး။ "တရားခံ" ကို ရှာတာ။
"အပြစ်တင်ခြင်း" ဆိုတာ... တာဝန်ယူမှုရဲ့ ဆန့်ကျင်ဘက်ပဲ။
ဒါဟာ လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကိုရော၊ ပတ်ဝန်းကျင်ကိုပါ အဆိပ်ခတ်နိုင်တဲ့ အရာတစ်ခုပါ။
ဒီအဆိပ်က ဘယ်က စသလဲ ဆိုတော့...
ကလေးဘဝကလို့ပြောရမယ်
ကျွန်တော်တို့ထဲက တချို့တွေမှာလဲ…. "အပြစ်တင်ခြင်း" ကိုပဲ အဓိက သုံးတဲ့ မိသားစုပုံစံထဲမှာ ကြီးပြင်းခဲ့ရတဲ့သူတွေရှိနိုင်ပါတယ်။
အိမ်မှာ ပန်းကန်တစ်ချပ် ကွဲသွားပြီ ဆိုပါစို့။
ပထမဆုံး ထွက်လာတဲ့ စကားသံဟာ... "သား/သမီး ထိခိုက်သွားသေးလား" "ကဲ... အတူတူ ရှင်းလိုက်ရအောင်" မဟုတ်ခဲ့ဘူး။
"ဘယ်သူ့လက်က လွတ်တာလဲ!" "နင့်ကြောင့်!" "နင် မနိုင်ဘဲ ကိုင်လို့!" ဆိုတဲ့ လက်ညှိုးထိုးသံတွေ အရင်ထွက်လာတယ်။
အဲ့ဒီအခါ ကလေးတစ်ယောက် ဘာသင်ယူလိုက်ရလဲ။
"အမှားလုပ်မိတာ မဟုတ်ဘူး... 'အပြစ်တင်' ခံရမှာက အကြောက်ဆုံး" ဆိုတာကို သင်ယူလိုက်ရတယ်။
ဒီလိုနဲ့... အမှန်တရားကို ဝန်ခံရဲတာထက်... လိမ်ညာဖို့၊ ဒါမှမဟုတ် ကိုယ့်အမှားကို သူများဆီ အရင်လွှဲချဖို့ (Blame-shifting) သင်ယူခဲ့ရတယ်။
အိမ်ရဲ့ စားပွဲဝိုင်းတွေမှာ၊ မိဘနှစ်ပါးကြားမှာ... တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေမှုတွေကို "နင့်ကြောင့်" "ရှင့်ကြောင့်" နဲ့ အပြန်အလှန် "တရားခံ" ရှာနေတာကို မြင်ပြီး ကြီးပြင်းခဲ့ရတယ်။
အရွယ်ရောက်လာသောအခါ... အဲ့အဆိပ် ကပျံ့နှံလာတော့တာပါပဲ
အဲ့ဒီ "အပြစ်တင်တတ်တဲ့" အကျင့်ဟာ ကိုယ့်ရဲ့ အရိုးထဲ၊ အသားထဲထိ စွဲသွားတော့တာပဲ။ ကိုယ်တိုင်တောင် သတိမထားမိလိုက်ဘဲ...
ကိုယ့်အိမ်ထောင်ဖက်အပေါ်၊ ကိုယ့်သားသမီးအပေါ် ပြန်သုံးတယ်။ ကိုယ် အလုပ်မှာ စိတ်ညစ်လာတယ်။ အိမ်ပြန်ရောက်တော့ အိမ်က ရှုပ်နေတာနဲ့ "မင်းအိမ်ကိုဘယ်လိုကြည့်နေတာလဲ!" ဆိုပြီး အပြစ်တင် ပေါက်ကွဲပစ်လိုက်တယ်။ တကယ်တော့ ကိုယ့်စိတ်ညစ်တာကို အိမ်ရှုပ်တာအပေါ် အကြောင်းရှာပြီး ပုံချလိုက်တာ။
Project တစ်ခု မအောင်မြင်ဘူး။
Meeting မှာ... "ကျွန်တော်တို့ Process ဘယ်နေရာမှာ မှားသွားလဲ" လို့ မဆွေးနွေးဘူး။ "ဒါ Marketing ဌာနက စာရင်းမှားပေးလို့" "ဒါ IT ဘက်က Support အားနည်းလို့" ဆိုပြီး ဌာနအချင်းချင်း၊ လူအချင်းချင်း "တရားခံ" ရှာပွဲကြီး ဖြစ်သွားရော။
ဒီလို ပတ်ဝန်းကျင်မှာ ဘယ်သူမှ တာဝန်ယူရဲတော့မှာ မဟုတ်ဘူး။
ချိန်းထားတာ နောက်ကျတယ်။ "Sorry ကွာ၊ ငါ ဘာဖြစ်လို့ နောက်ကျသွားတယ်" လို့ ရှင်းပြတာထက်... "နင်က စောကြီး ထွက်လာဖို့ ပြောထားရမှာပေါ့" "မင်းကြောင့် ငါလည်း..." ဆိုပြီး သူငယ်ချင်းကို အပြစ်တင်ဖို့ လမ်းကြောင်းရှာတယ်။
ဒါက အဆိုးဆုံးပဲ။ စားသောက်ဆိုင်မှာ ဟင်းတစ်ပွဲ အရသာမကောင်းဘူး။ "ညီလေး... ဒီဟင်းက နည်းနည်း ငန်တယ်နော်၊ ပြန်ပြင်ပေးလို့ ရမလား" လို့ ပြောရမယ့်အစား... "မင်းတို့ဆိုင်က ဘယ်လို ဖြစ်တာလဲ! မင်းတို့ ဘယ်လို လုပ်နေတာလဲ!" ဆိုပြီး စားပွဲထိုး ဝန်ထမ်းလေးကို ကိုယ့်ရဲ့ ဒေါသမီးတောက်တွေနဲ့ ပက်ဖျန်းပစ်တယ်။
ကိုယ့်မှာ "အာဏာ" နည်းနည်း ရှိတာနဲ့ ကိုယ့်အောက်ကလူကို အပြစ်တင်ပြီး ကိုယ့်ကိုယ်ကိုယ် သာယာမှု ယူတယ်။
"အပြစ်တင်ခြင်း"ဟာ
“အကျင့်" (Habit) တစ်ခု ဖြစ်နေပြီ။
တော်ရုံနဲ့ ဖျောက်ရခက်တယ်။ ဒါကို ပြင်ဖို့ဆိုရင်...
၁။ "ခဏရပ်ပြီးမှစပါ
တစ်ခုခု မှားယွင်းသွားပြီ၊ ကိုယ့်စိတ်ထဲမှာ "သူ့ကြောင့်!" ဆိုတဲ့ အတွေး ဝင်လာပြီ၊ လက်ညှိုးထိုးချင်စိတ် ပေါက်လာပြီ ဆိုတာနဲ့... ဘာစကားမှ မပြောခင် (၁၀) စက္ကန့်လောက် အသက်ပြင်းပြင်းရှူပြီး "ခဏရပ်" လိုက်ပါ။
၂။ အကြောင်းအရာ “မေးခွန်း" ကို ပြောင်းလဲပစ်ဖို့လိုပါတယ်
ကိုယ့်ဦးနှောက်ကို မေးတဲ့ မေးခွန်းကို ပြောင်းလိုက်ပါ။
"ဘယ်သူ့ အမှားလဲ?"ဆိုတဲ့ မေးခွန်းအစား...
ဘာ မှားသွားတာလဲ?
ဒါကို ဘယ်လို ဖြေရှင်းကြမလဲ?
...လို့ ပြောင်းမေးလိုက်ပါ။
ပထမမေးခွန်း (ဘယ်သူ့အမှားလဲ) က "လူ" (Person) ကို တိုက်ခိုက်တယ်။
ဒုတိယမေးခွန်း (ဘာမှားတာလဲ) က "ပြဿနာ" (Problem) ကို ဖြေရှင်းတယ်။
"အပြစ်တင်ခြင်း" ဆိုတဲ့ "အဆိပ်" ကို ဖြေဖို့ "ဆေး" ကတော့...
၁။ တာဝန်ယူမှု (Responsibility) ဆိုတဲ့ စိတ်ပါပဲ
ပြဿနာတစ်ခုမှာ ကိုယ့်အမှား 1% ပဲ ပါရင်တောင်... အဲ့ဒီ 1% ကို ရဲရဲကြီး ဝန်ခံလိုက်ပါ။ "Sorry၊ ဒီကိစ္စမှာ ငါလည်း စောစောက မကြည့်လိုက်မိဘူး။"
ကိုယ့်ဘက်က "တာဝန်ယူမှု" ကို အရင်စပြလိုက်တာနဲ့... တခြားလူတွေလည်း "တရားခံ" မရှာတော့ဘဲ ဖြေရှင်းဖို့ ပူးပေါင်းလာပါလိမ့်မယ်။
၂။ နောက်ထပ်က နားလည်မှု (Empathy) ဆိုတဲ့ စိတ်ပါ
သူ ဘာလို့ ဒီလို လုပ်လိုက်တာလဲ။သူ ဘယ်လို အခက်အခဲ ရှိနေလို့လဲ။
အပြစ်တင်မယ့်အစား... သူ ဘာကြောင့်ဒီလို ဖြစ်သွားရသလဲ ဆိုတဲ့ သူ့နေရာက ဝင်ကြည့်တဲ့ "နားလည်မှု" ကို အစားထိုးကြည့်ပါ။
"အပြစ်တင်ခြင်း" ဆိုတာ ရွှံ့ဗွက်ကို လက်နဲ့ ပစ်ပေါက်သလိုပဲ။ တခြားလူကို ရွှံ့တွေ ပေသွားနိုင်ပေမယ့်... ကိုယ့်လက်ကတော့ အရင်ဆုံး ပေနေပါပြီ။ ကိုယ့်စိတ်က အရင်ဆုံး ပူလောင်နေပါပြီ။
ခွန်အားအစစ်အမှန်ဆိုတာ... သူများအမှားကို လက်ညှိုးထိုးနိုင်တာ မဟုတ်ပါဘူး။
ပြဿနာတစ်ခုကို ဝင်ပြီး "ဖြေရှင်း" ပေးနိုင်တာ၊ "တာဝန်ယူ" ပေးနိုင်တာကမှ ခွန်အားအစစ်အမှန်ပါ။
ဒါကြောင့်... ကျွန်တော်တို့ဟာ "အပြစ်တင်သူ" (Accuser) တွေ ဖြစ်မယ့်အစား... "ဖြေရှင်းသူ" (Problem Solver) တွေ၊ "ကုစားသူ" (Healer) တွေ ဖြစ်လာအောင်ကြိုးစာကြရမှာပါ။
ကျန်းမာကြပါစေ
ဆရာနေဇော်စိုး
NK Professional
No comments:
Post a Comment