မိဘဖြစ်လာတဲ့အခါ ချုပ်ထိန်းရအခက်ခဲဆုံးအရာ ဘာလို့ထင်ပါသလဲ?
မလုပ်သင့်တာ မဖြစ်သင့်တာ မပေါက်ကွဲသင့်တာလည်းသိတယ်၊ အကျိုးဆက်ကိုလည်းသိတယ်၊ ပြီးရင်ကိုယ်ပဲ ခံစားရမှာကိုလည်း သိတယ် ဒါပေမယ့် ထိန်းချုပ်မရဘဲ ပေါက်ကွဲမိတယ်။ ဒါဟာ ကျွန်မတို့မိဘတွေ အထူးသဖြင့် တစ်နေကုန် လူကွဲမရှိဘဲ ကလေးကိစ္စ အိမ်ကိစ္စအဝဝကို လုပ်ရတဲ့ မိဘတွေရုန်းကန်နေရတဲ့ အကြောင်းတရားပဲဖြစ်ပါတယ်။
ဒါပေမယ့် ကျွန်မတို့ဟာ ချုပ်ထိန်းနိုင်ဖို့လိုကိုလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးထက် အသိဥာဏ်ပိုကြွယ်ပြီး ကျိုးကြောင်းဆီလျော်စွာတွေးတောဆင်ခြင်နိုင်တဲ့ ဦးနှောက်ဖွံ့ဖြိုးပြီးသား လူကြီးတွေဖြစ်နေလို့ပါ။
ဒီလို ချုပ်ထိန်းနိုင်ဖို့ ကျွန်မတို့အနေနဲ့ ကလေးတွေရဲ့ သဘောသဘာဝတွေကို နားလည်ဖို့လိုပါတယ်။
ကျွန်မ Tantrum နဲ့ပတ်သတ်တဲ့ဆောင်းပါးတွေရေးထားဖူးပါတယ် comment မှာ link တွေချပေးပါ့မယ်။
ကျွန်မတို့ မိခင်တွေ ဘယ်အချိန်တွေမှာ ပေါက်ကွဲတတ်ကြသလဲ?
မေမေတို့အတွေ့အကြုံလေးတွေလည်းပြောပြခဲ့နော်။
ကလေးတွေ ပြောစကားနားမထောင်တာ(ဒီထဲမှာ အစားမစားတာ၊ မအိပ်တာ၊ ရေမချိုးတာ သွားမတိုက်တာ၊ အင်္ကျီမလဲတာ စသဖြင့်အကုန်ပါတာပေါ့နော်) အလိုမပြည့်နိုင်ဘဲ ဂျီကျတာ၊ အငိုမတိတ်နိုင်ဘဲ အီနေတာ၊ ကလေးကဘာလုပ်လုပ်စိတ်မရှည်ဘဲ မိဘကိုပဲခေါ်နေ အော်နေတာ၊ အိမ်ကပစ္စည်းတွေ ဖွပစ် ခွဲပစ် လွှင့်ပစ်တာ၊ အာရုံမစူးစိုက် ဒေါသမထိန်းနိုင်ဘဲအော်ဟစ်သောင်းကျန်းနေတာ စတဲ့ အခြေအနေတွေဟာ နေ့တဓူဝ၊ ဒါမှမဟုတ် တစ်နေ့တည်းမှာ အကြိမ်ပေါင်းများစွာဖြစ်လာပြီး အဲ့ဒီအချိန်တွေမှာလည်း ကလေးနဲ့အတူထိန်းချုပ်ဖြေရှင်းရတဲ့သူကလည်း ကိုယ်ချည်းပဲ ဖြစ်နေတာ စတဲ့အခြေအနေတွေမှာဖြစ်တတ်ပါတယ်။
ကလေးတွေ ဒီလိုဖြစ်တဲ့ အခြေအနေတွေကများပေမယ့် အကြောင်းရင်းက နည်းပါတယ်။
-သူတို့ရဲ့ စိတ်ခံစားချက်နဲ့ ဘာကြောင့်အလိုမကျဘူးဆိုတာတွေကို သူတို့ကိုယ်တိုင်မသိတာ
-ဦးနှောက်အစိတ်အပိုင်းအားလုံးမဖွံ့ဖြိုးသေးတဲ့အတွက် သူတို့ကိုယ်သူတို့ ပြန်မထိန်းချုပ်နိုင်တာ
-သူတို့ နေရ၊ ခံစားရတာ သက်တောင့်သက်သာမဖြစ်တာ၊ ဖွံ့ဖြိုးမှုနောက်ကျတာ
-မိဘတွေရဲ့ တုံ့ပြန်ပုံ၊ သည်းခံနိုင်စွမ်းနဲ့ အခြေအနေကို ဖြေရှင်းပုံတွေကို စမ်းသပ်တာ
-ပျင်းတာ နဲ့ စိတ်မရှည်တာ
စတာတွေကြောင့်ဖြစ်ကြပါတယ်။
မိဘတွေ ဘာလုပ်ရမလဲ?
-အသက်ဝဝရှူပါ။ ကလေးရဲ့ အခြေအနေကို ပြန်သုံးသပ်ပါ။
-ကလေးနဲ့ ထိပ်တိုက်မတွေ့ဘဲ ခဏ ရှောင်လိုက်ပါ (ကိုယ်ခွဲမရှိတဲ့အမေတွေက ဒီအချက်သိပ်မဖြစ်နိုင်ပေမယ့် ရှောင်တယ်ဆိုတာ စက္ကန့်ပိုင်းဖြစ်ဖြစ် မိနစ်ပိုင်းဖြစ်ဖြစ် ကလေးကို Response မလုပ်ဘဲ ရှောင်နေလိုက်တာမျိုးပါ)
-တည်ငြိမ်သွားချိန်တိုင်း ကလေးကို စကားများများပြောပေးတာ၊ အပြုအမူတိုင်းကို ရှင်းပြပေးတာမျိုး အဓိကက ကလေးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးပျိုးထောင်ပေးဖို့ လုပ်ပေးပါ။
-ကြိမ်ဖန်များစွာ ကလေးအပေါ် လွန်လွန်ကြူးကြူးဒေါသထွက်လာတာ၊ လက်ပါလာတာက ကလေးပြဿနာထက် လူကြီးပြဿနာလို့သုံးသပ်ရပါမယ်။ လူကြီးက အကူအညီလိုနေတာလား၊ အထီးကျန်နေတာ အလုပ်ပိနေတာ အိပ်ရေးပျက်နေတာစတဲ့ အကြောင်းရင်းတွေရှိနေလားသုံးသပ်ပြီး မိသားစုဝင်တွေ အိမ်ထောင်ဖက် သူငယ်ချင်းစတဲ့သူတွေကို ပြောပြရင်ဖွင့်ပါ အကူအညီတောင်းပါ။ လိုအပ်ရင် တတ်ကျွမ်းနားလည်သူတွေနဲ့ဆွေးနွေးတိုင်ပင် အကြံဥာဏ်ယူရပါမယ်။
အားလုံးအဆင်ပြေကြပါစေရှင်။
Dr. ရတနာမျိုးညွန့်
No comments:
Post a Comment