Sunday, November 9, 2025

“အဆင့်မြင့် ဒရုန်းတွေကို ဘယ်လို ခုခံမလဲ”

 “အဆင့်မြင့် ဒရုန်းတွေကို ဘယ်လို ခုခံမလဲ”

သေနင်္ဂဗျူဟာတွေအမျိုးမျိုး ရေးခဲ့တာ ကြာပါပြီ။ အမှုမဲ့အမှတ်မဲ့ တန်ဖိုးမထား၊ အလေးအနက်မထားကြလို့သာ ရန်သူက အဆင့်မြင့်ဒရုန်းတွေသုံးလို့ ရှုံးနိမ့်ရတယ် ဆိုတာတွေ ဖြစ်လာတာ။
စစ်တိုက်တယ် ဆိုတာ သေနတ်ချင်းယှဉ်ပစ်၊ လက်သီးချင်းယှဉ်ထိုး ပစ်အားကောင်းတဲ့သူ ဗလတောင့်တဲ့သူ နိုင်စတမ်း အလုပ် မဟုတ်ပါဘူး။
ဉာဏ်ရည်သာ သာသလို၊ ပညာတတ် တတ်သလို၊ စာဖတ် ဖတ်သလို စစ်ရေးမှာ သာပါတယ်။
တော့ပ်ဂန်း ဒုတိယပိုင်းမှာ ဝါရင့်ပိုင်းလော့ကြီး မေးဂရစ်ဗ် ပြောလိုက်သလိုပါပဲ။
အဓိက က လူ ပါပဲ။ ဘယ်လောက် အဆင့်မြင့်တဲ့ လက်နက်သုံးပါစေ၊ လူ ရဲ့ စွမ်းဆောင်မှုက အဓိက ပါ။
ထောက်လှမ်းရေးဒရုန်းတွေဟာ ယျေဘူယျအားဖြင့် သာမန်ကင်မရာပဲ တပ်ထားတာပါ။
အဆင့်မြင့် လူရဲ့ ခန္ဓာကိုယ်အပူချိန်ကို တိုင်းပြီး၊ နံရံအကွယ်၊ အဆောက်အဦတွင်းထိ ထောက်လှမ်းနိုင်တဲ့ ဒရုန်းတွေဟာ အရမ်းအဆင့်မြင့်၊ အရမ်းစျေးကြီးတဲ့အတွက် စစ်အုပ်စု လက်လှမ်းမီနိုင်သေးမယ် မယူဆပါ။
သာမန်ထောက်လှမ်းရေးဒရုန်းကို နည်းလမ်းမျိုးစုံနဲ့ တုန့်ပြန်လို့ ရပါတယ်။
၁။ ရှေ့စာမှာ ဖေါ်ပြခဲ့သလို မိမိတို့ လက်နက်တပ်ဆင်ထားရာ၊ ကင်းချရာ နေရာတွေကို ပိုက်ကွန်တွေနဲ့ ကာကွယ်ထားရင် ဒရုန်းတွေက မြင်နိုင်စွမ်းမရှိပါဘူး။ (လက်ရှိ ရုရှား ယူကရိန်း အပြန်အလှန် ဒီနည်းကို သုံးနေကြပါတယ်)
၂။ စစ်ယောင်၊ စစ်မြူ၊ စစ်ပရိယာယ်ကြွယ်ရင် ဒရုန်းလဲ မနိုင်နိုင်။
ရှေ့ဉီးကတည်းက မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းက စစ်ပရိယာယ်ကြွယ်တဲ့ တိုက်ပွဲတွေအကြောင်း အကြိမ်ကြိမ်ရေးခဲ့ပြီးသားပါ။
ခံတပ်တု၊ ကတုတ်ကျင်းတု၊ စစ်သားတု၊ ကင်းတုတွေ ဖန်တီးပါ။
ဒရုန်းက အတုအစစ် မခွဲနိုင်ပါ။ အတု ကို အစစ်ထင်ပြီး ကျည်ကုန် ဒုံးကုန် ဗုံးကုန်သည် ထိ တိုက်ပါစေ။
အစစ်တွေ ဘယ်လိုဖျောက်မလဲ။
တောင်းထဲဝင်နေ၊ ပုံးထဲဝင်နေ၊ သေတ္တာထဲဝင်နေ၊ အုတ်ခံတုထဲ ဝင်နေ၊ သစ်ပင်ပေါ်တက်နေ၊ ဒရုန်းလဲ မမြင်နိုင်။
ကင်းရှင်းသည်ယူဆပြီး ရန်သူဝင်လာမှ အနီးကပ် တိုက်လို့ရပါတယ်။
၃။ shot gun သုံးပါ။
ရှော့ဂန်း တွေက အံ့သြစရာ အနိမ့်ပျံသန်းလာတဲ့ ဒရုန်းတွေကို ပစ်ချစွမ်းတယ်။
လက်ရှိ အမေရိကန်အပါအဝင်နိုင်ငံတကာ တပ်တွေမှာ ရန်သူ့ဒရုန်းတွေကို ပစ်ချဖို့ ရှော့ဂန်းတွေကို အသုံးပြုလာကြပါတယ်။ ရှေ့ာဂန်းဆိုတာ အရင်ခေတ် နှစ်လုံးပြူးသေနတ်မျိုးတွေပါ။ ကျည်က တတောင့်ထဲ မဟုတ်ဘဲ၊ ဖြာထွက်တဲ့ စရိတ်ကျည်အမျိုးစားပါ။ တခါတလေ အတန်းလိုက်၊ တခါတလေ စက်ဝိုင်းပုံသဏ္ဍန်၊ တခါတလေ ဇစ်ဇက်ပုံသဏ္ဍန်အမျိုးမျိုး ကျည်တွေဖြာပါတယ်။ ဒီလို ဖြာထွက်တဲ့အတွက် အနိမ့်ပျံသန်းတဲ့ ဒရုန်းတွေ မရှောင်နိုင်ဘဲ ပစ်ချ ခံရတာပါပဲ။
၄။ ဒရုန်းချင်း စီးချင်းထိုး တိုက်ခိုက်ခြင်း
Drone to Drone fight နဲ့လည်း ရန်သူ့ဒရုန်းတွေကို ပြန်လည်တုန့်ပြန်ချေမှုန်းကြပါတယ်။ အဓိက ဒရုန်းပိုင်လော့တ်တွေရဲ့ ကျွမ်းကျင်မှု မိမိတို့ဒရုန်းများရဲ့ စွမ်းဆောင်ရည်တွေပေါ် မူတည်ပြီး တိုက်ရတာပါ။
၅။ ကာမီကာဇေဒရုန်းအုပ်လိုက် ဝိုင်းတိုက်ခြင်း
ရန်သူ့စွမ်းရည်မြင့် ဒရုန်းကြီးကို မိမိတို့ဘက်က ကာမီကာဇေ တခါသုံးထုတ်ထားတဲ့ ဒရုန်းအုပ်လိုက်ကြီးနဲ့ ဝိုင်းနှောင့်ဝိုင်းတိုက်တဲ့ တုန့်ပြန်မှုမျိုးကလည်း အသုံးတည့်တယ် ဆိုပါတယ်။
၆။ ရော့ကက်လောင်ချာ ဖြင့် ပစ်ချခြင်း
တချို့အကွာအဝေးတွေမှာ ကျွမ်းကျင်စစ်သည်တွေက ရော့ကက်လောင်ချာ ဒါမှမဟုတ် လေယာဉ်ပစ်၊ တင့်ကားပစ် ရိုင်ဖယ်တွေသုံးပြီး ဒရုန်းကို ပစ်ချတတ်ပါတယ်။ ဒီနေရာမှာ စနိုက်ပါသမားတွေကိုလည်း အသုံးပြုလို့ရပါတယ်။ ဒရုန်းရွေ့လျားမှုကို ရအောင် ထိအောင် ပစ်ချနိုင်ဖို့ပါပဲ။
လက်ရှိစစ်အုပ်စုဟာ တရကြမ်းထိုးစစ်ဆင်နေတယ်။ ဒီလို ထိုးစစ်မျိုးကို စစ်ပရိယာယ်ကြွယ်ကြွယ်သုံးပြီး ခံနိုင်မယ် ဆိုရင် ဒီစစ်ဆင်ရေးဟာ တခါတည်း အဆုံးအဖြတ်ပေးမယ့် စစ်ဆင်ရေးတောင် ဖြစ်သွားမှာပါ။
စစ်အုပ်စုဟာ ဒီထိုးစစ်အတွက် အတော့်ကို ရင်းထား ပြင်ထားပုံ ရပါတယ်။
ဒီထိုးစစ်လန်သွား ရှုံးသွားရင် တခါထဲနာလန်မထူနိုင် ဗုံးဗုံးလဲသွားနိုင်ချေရှိတယ်။
ဆုတ်ကြောင်းတွေ၊ စွန့်ခွာစခန်းတွေမှာ မိုင်းထောင်တာ၊ ဗုံးထောင်တာက အစ၊ ဆုတ်ယောင်ပြပြီး ခြုံခိုတိုက်ပွဲတွေ ဆင်နွှဲတာ။ ပျောက်ကြားစစ်ဆင်ရေးတွေ လုပ်တာ အများကြီးကို လုပ်နိုင်ပါတယ်။
နည်းစနစ်နဲ့ ဘောလုံးကန်တာနဲ့ ရပ်ထဲ ရွာထဲ ကန်တာနဲ့ ကွာသလိုပဲ တန်ဖိုးရှိတဲ့ နွေဦးလူငယ်တွေရဲ့ အသက်တွေကို အလဟဿမစတေးခံရဖို့ စစ်သေနင်္ဂဗျူဟာ ကြွယ်ဝစွာ ပို့ချသင်ယူပြီး တိုက်ကြဖို့ တိုက်တွန်းပါရစေ။
နွေဦးတော်လှန်ရေးအောင်မြင်ရမည်.
ချိုတူးဇော်
၈/၁၀/၂၀၂၅
ည ၁၁း၂၁
(ဒါ ရီပို့တ် ထုခံရတဲ့စာပါ။ စကမ တွေ အင်မတန်ကြောက်တဲ့ ပြည်သူတွေ မသိစေလိုတဲ့ နည်းပညာဗဟုသုတတွေမို့၊
ကော်ပီ လုပ်ပြီး ရှယ်ပေးကြပါ။ ရိုးရိုးရှယ် မလုပ်ပါနဲ့။)

No comments:

Post a Comment