Wednesday, November 5, 2025

ဘိန်းစားချင်း တစ်မူးပိုမရှူချင်နဲ့

 အချိန်ရတုန်း မျက်နှာကို စေ့စေ့ကြည့်ပြီး နဲနဲ ပြောချင်လို့- 

😊

ငယ်ငယ်က ကြားခဲ့ဘူးတဲ့စကားတစ်ချို့ကို ပြန်သတိရတယ်။

“သူတောင်းစားချင်း ခွက်စောင်းခုတ်ချင်တာလား။”
“ဘိန်းစားချင်း တစ်မူးပိုမရှူချင်နဲ့”
ဆိုတာမျိူးတွေ….

ဂျာမနီကို မြန်မာတွေ နှစ်ပေါင်းများစွာကတည်းက တစ်စိမ့်စိမ့် အခြေချလာကြတဲ့မြန်မာပြည်ဖွါးတွေကြားမှာ အနေစိမ်းကြ သူတွေရှိသလို အပြန်အလှန် အတင်းတုတ်ကြသူတွေလည်းရှိကြပေမယ့်
“နင်ကဘယ်လိုလာလို့ အဆင့်နိမ့်တယ်”
“ငါကတော့ ဘယ်လိုလာလို့ နင့်ထက်အဆင့်ပိုမြင့်တယ်”
ဆိုတာမျိုးတွေပြောကြလောက်အောင် လူရာမဝင်တဲ့ အတွေးအခေါ်အပြုအမူမျိုးတွေတော့ မမြင်ဖူး မကြား ဖူးခဲ့ဘူး။

အခုတော့ အရင်ကထက်လူပိုစုံလာပြီ အဲ့လို အောက်တန်းစားအတွေးအခေါ်တွေကိုအစဆွဲပြီး အာရုံစိုက်ခံရအောင်ကြိုးစားသူတွေလည်းရှိလာကြပြီ။ သံယောင်လိုက် အူသူတွေလည်းရှိလာပြီ။

အဲ့တော့ “တရားမဝင် လာတယ်” ဆိုတာက ဘယ်ကလာတာကို ပြောနေကြတာတုန်း။ “ဘယ်လိုလာတာကိုပြောတာတုန်း”
ကိုယ်သိထားသလောက်တော့ “ဂျာမနီကို ခြံစည်းရိုးဖြဲတိုးပြီး ဝင်လာတဲ့ မြန်မာတစ်ယောက်မှမရှိဘူး။”
(တူရကီကနေ တိုးဝင်လာတဲ့ဘက်က အာဖဂန်/ ဆီးရီးယား တွေကိုမပြောဘူးနော်)

မြန်မာအားလုံးက ဝေဟင်ခရီးကနေ လေယာဉ်စီးပြီးလာကြတာချည်းပဲ။ အတော်များများက သောက်ဆံ ဘုံးဘောလအော အကုန်ခံပြီးလာကြတာ။
“ခိုလှုံနေထိုင်ခွင့်လျှောက်ကြသူတိုင်းကို တရားမဝင်လာတာလို့ သတ်မှတ်လို့မရဘူး။”

မြန်မာမှမဟုတ်ဘူး။ တစ်ခြားနိုင်ငံကလာတဲ့သူတွေလည်း အဲ့သလိုပဲ။
ဂျာမနီကို အဲ့သလို ဝင်ရောက်ခိုလှုံအခြေချနေထိုင်လာသူ ၁၅ သန်းလောက်ရှိတယ်တဲ့။ ငါက ရွှေနိုင်ငံ လို့ကိုယ့်ဘာသာထင်နေတဲ့ လက်ရှိအနေအထားအရ အောက်ကျနောက်ကျအနိုင်ဆုံး နိုင်ငံကနေ ကံကောင်းထောက်မပြီး ဂျာမနီမှာ ကျောင်းတက်ခွင့်ရတာနဲ့ ကိုယ့်ကိုကိုယ် ပညာတတ်လို့ ထင်ပြီး ဒီလိုကြံဖန်ခွဲခြား ပြီး ဂုဏ်သရေရှိချင်နေတဲ့ အောက်တန်းစားစိတ်ဓါတ်ကို ပြင်နိုင်ပါမှ ဂျာမနီမှာ လူရာဝင်မှာနော်။ မဟုတ်ရင်တော့ တက္ကသိုလ်ကျောင်းတော်ကြီးမှာတက်ခွင်နေရင်လည်း ကိုယ်နေတဲ့နိုင်ငံအကြောင်း ဘာမှမသိတဲ့ ခပ်ဒူဒူထဲက ငစနူပဲ။ အဲ့ထက်ဆိုးတာက ဟိုခွဲခြား ဒီခွဲခြားနဲ့ စုတ်တီးစုတ်ပဲ့ နုံတိနုံချာအတွေးအခေါ်နဲ့ဆို ကြာလေ မြောင်းထဲရောက်လေနဲ့ လူတောတိုးမှာမဟုတ်ဘူး။

အဲ့တော့ သူများဘယ်လိုလာသလဲဆိုတာ စိတ်ဝင်စားနေဖို့ထက် ကိုယ်လက်ရှိဘယ်လိုနေ နေရသလဲ/ ဘယ်လိုရုန်းကန်နေရသလဲဆိုတာကို စိတ်ဝင်စား။ AI 🤖/ Google နဲ့ ဘာသာပြန်ပြီး မြောက်ကြွကြွလုပ်နေမယ့်အစား ဂျာမန်စာတတ်အောင်သင်။ လူတွေနဲ့ လူလိုပြောတတ်အောင်ကြိုးစားအားထုတ်ပြီး
ကိုယ့်ကိုကိုယ် လူရာဝင်အောင်အရင်လုပ်။ သူများထက်ပိုပြီး ဂုဏ်ရှိချင်းသေးတာဆိုရင် သူများထက်သာအောင် လက်တွေ့လုပ်ပြ။
အောက်တန်းစား အတွေးအခေါ်၊ ကလေကချေ အယူအဆ၊ တမူးပိုရှူချင်တဲ့ ရွံစရာ စိတ်ဓါတ်တွေကို အရေချွတ်ထားခဲ့ပြီး ဘဝအသစ်စဖို့ ကြိုးစား။
“ကုန်းကြောင်းလျှောက်လာတာ တစ်ယောက်မှမရှိဘူး”
ဟုတ်ပြီလား။

Patrick Myo Min
5.11.2025, HH

No comments:

Post a Comment