Monday, November 3, 2025

ငြင်းပယ်ခြင်း အနုပညာ

 ငြင်းပယ်ခြင်း အနုပညာ

---------------------------
"To refuse what ought to be refused is an act of true courage and responsibility."
ကျွန်တော် ထိုစကားလေးကို သဘောကျသည်။
"ငြင်းသင့်တာကို ငြင်းပယ်ခြင်းဟာ စစ်မှန်တဲ့သတ္တိနဲ့ တာဝန်ယူခြင်းပဲ" ဟူ၍ ပြန်ရမည်ထင်ပါသည်။
ငြင်းသင့်သည်ကို ငြင်းပယ်ရဲသည့်သတ္တိ ကျွန်တော်တို့မှာ ရှိသင့်သည်။
ငြင်းသင့်တာကို ငြင်းပယ်ခြင်းသည် ခေါင်းဆောင်မှု (Leadership)၊ ကိုယ်ကျင့်တရား (Integrity) နှင့် ဘဝ၏ ဆုံးဖြတ်ချက်ချမှတ်မှု (Decision-Making) တို့တွင် အလွန်အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်နေပါသည်။
စစ်မှန်သည့်သတ္တိ (True Courage) ဆိုသည်မှာ အဘယ်နည်း။
သတ္တိဆိုသည်ကို လူတွေက ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ကို ရင်ဆိုင်ရဲခြင်းဟု ထင်ကြသည်။ လုပ်ရဲ၊ ကိုင်ရဲ၊ ရင်ဆိုင်ရဲတာကို သတ္တိဟု မြင်ကြသည်။
“ငြင်းပယ်ခြင်း” ဆိုသည်မှာ စိတ်ပိုင်းဆိုင်ရာသတ္တိဖြစ်သည်။ တစ်နည်းပြောရလျှင် ကိုယ်ကျင့်တရားဆိုင်ရာ သတ္တိ (Moral Courage) ဖြစ်သည်။
စဉ်းစားဉာဏ်ရှိသည့် လူတစ်ယောက်သည်
“ဒါလုပ်သင့်လုပ်ထိုက်တဲ့အလုပ်မဟုတ်ဘူး”
“ဒါကြီးကမှားနေတယ်” ဆိုတာကိုသိပြီး ကိုယ့်အထက်လူကြီး သို့မဟုတ် အဖွဲ့အစည်းနှင့် လူအများ၏ဆန္ဒကို ကြည့်ကာ ငြင်းသင့်တာကို ငြင်းလိုက်ခြင်းသည် ထိုသူတွင် စိတ်ဓာတ်ခွန်အားရှိခြင်းဖြစ်သည်။ မိမိလုပ်လိုက်သည့် အလုပ်တစ်ခုသည် မိမိဘဝနှင့် ရင်းရမည်ကိုသိလျှင် ငြင်းသင့်သည်ကို ငြင်းရမည်။
လူတစ်စုက “လုပ်လိုက် … လုပ်လိုက်” ဟု အမှားတစ်ခုခုပြုစေရန် တိုက်တွန်းနေချိန်တွင်
“ဒါ မဟုတ်ဘူး”
“ဒါ မမှန်ဘူး”
“ငါ မလုပ်ဘူး” ဟု ရဲရဲဆုံးဖြတ်ခြင်းသည် ကိုယ့်မှန်ကန်သည့် ရပ်တည်ချက်ကို ကိုယ်တိုင် ကာကွယ်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ရေစီးကြောင်းအတိုင်း မလိုက်ဘူးဆိုသည့် ဆန့်ကျင်ရဲသော သတ္တိလည်းဖြစ်သည်။
မလုပ်သင့် မလုပ်ထိုက်သည်တို့ကိုလုပ်လိုက်လျှင်အပြစ်ခံရမည်၊ ဒဏ်ခတ်ခံရမည် သို့မဟုတ် အရှက်ရမည် ဆိုခြင်းကို သိပြီး၊ ကိုယ့်လမ်းကြောင်းအမှန်အတိုင်း ရွေးချယ်နိုင်စွမ်းသည် စစ်မှန်သောသတ္တိဖြစ်သည်။ တစ်နည်းဆိုရလျှင် “ပညာသတ္တိရှိခြင်း” ဟုလည်းဆိုနိုင်သည်။
ငြင်းပယ်နိုင်ခြင်းသည် အနုပညာတစ်မျိုးလည်းဖြစ်သည်။
ငြင်းပယ်ခြင်းသည် လုပ်ဆောင်မှုတစ်ခုခုကို မပြုရန် ရပ်တန့်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် စစ်မှန်သော တာဝန်ယူမှု (True Responsibility) တစ်ခုလည်းဖြစ်သည်။
အသိပညာဉာဏ်ရှိသော လူတစ်ယောက်အနေဖြင့် အမှားတစ်ခုကို လုပ်ဆောင်လိုက်ခြင်းအတွက် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးအားလုံးကို ကြိုတင်မြင်နိုင်ရမည်။ ထိုဆိုးကျိုးကြီး မဖြစ်လာစေရန် ကိုယ်တိုင်က ငြင်းပယ်လိုက်ခြင်းသည် မကောင်းမှုတစ်ခုမဖြစ်လာစေရန် တားမြစ်လိုက်ခြင်းလည်းဖြစ်သည်။
ငြင်းပယ်လိုက်ခြင်းသည် အလှတရားတစ်ခုလည်းဖြစ်သည်။ အနည်းဆုံးတော့ ကိုယ့်လိပ်ပြာက လှနေမည် ဖြစ်သည်။
“ဒီအလုပ် လုပ်လိုက်ရင် ငါ့ကိုယ်ငါ ရှက်မိလိမ့်မယ်၊ ဒါဟာ ငါ့အနေအထားနဲ့လည်း မကိုက်ညီဘူး” ဟူ၍ တွေးပြီး ငြင်းပယ်လိုက်ခြင်းသည် ကိုယ့်အတွင်းစိတ် (Conscience) ကိုတာဝန်ယူလိုက်ခြင်းလည်းဖြစ်သည်။
ငြင်းပယ်တတ်ခြင်းသည် ကိုယ့်အနာဂတ်ကို ကိုယ်တာဝန်ယူခြင်းလည်းဖြစ်သည်။ အကျိုးအမြတ် တစ်ခုခု အတွက် သို့မဟုတ် ကြောက်ရွံ့မှုအတွက် မလုပ်သင့်တာကို လုပ်လိုက်ခြင်းမှာ ရေရှည်ကြီးမားသော ပျက်စီးမှု တစ်ခုခုကို ဖြစ်စေနိုင်လျှင် ငြင်းရမည်သာဖြစ်သည်။
ငြင်းသင့်သည်ကို ငြင်းပယ်ခြင်းသည် အမှန်တရားကိုမြတ်နိုးခြင်းလည်းဖြစ်သည်။
မှန်ကန်မှုကို လက်ကိုင်ထားပြီး၊ လွဲမှားသည့်လမ်းကြောင်းကို တည့်တည့်ဝင်မတိုးခြင်းလည်းဖြစ်သည်။
မဖြစ်နိုင်သည်ကို “မဖြစ်နိုင်ဘူး” ဟု ပြောရဲခြင်းသည် အမှားကို တားဆီးခြင်းလည်း ဖြစ်သည်။
မလုပ်သင့် မလုပ်ထိုက်သည်ကို “မလုပ်နိုင်ဘူး” ဟု ငြင်းခြင်းသည် စစ်မှန်သောသတ္တိဖြစ်သည်။
ငြင်းပယ်သင့်သည်ကို ငြင်းပယ်ခြင်းသည် လူ့အဖွဲ့အစည်း၏ မှားယွင်းသော ဆုံးဖြတ်ချက်များ၊ ကိုယ်ကျင့်တရား ပျက်ယွင်းနေမှုများမှ ကယ်တင်နိုင်မည့် စစ်မှန်သော ခေါင်းဆောင်မှု အရည်အချင်းတစ်ခုလည်း ဖြစ်သည်။
ခေါင်းဆောင်လုပ်လိုသူတိုင်း ငြင်းပယ်ခြင်းအနုပညာကို ကျွမ်းကျင်စွာ တတ်မြောက်ထားရန်လိုသည်။
သင်ဘယ်နှကြိမ် ငြင်းခဲ့ပြီးပြီနည်း။
တင်ညွန့်
၃၀.၁၀.၂၀၂၅

No comments:

Post a Comment