Thursday, November 6, 2025

သံလွင်မြစ် Arsenic အကြောင်း

 မနေ့က သဘာဝပတ်ဝန်းကျင်ဖက်က ညီမတစ်ယောက်က သံလွင်မြစ် Arsenic အကြောင်းကို ပြောထားတာတွေ့လို့ လက်ရှိမြန်မာရဲ့ River Pattern နဲ့ Arsenic အကြောင်းကိုလည်း ပြောချင်လာလို့ပါ။ Arsenic အကြောင်းမပြောခင် သံလွင်မြစ်ဆိုတာ မြန်မာရဲ့အဓိကမြစ် ဧရာဝတီမြစ်လိုပဲ အတော်အရေးပါတဲ့မြစ်ပါ။ တရုတ်ကနေထိုင်းအထိ အရေးပါသလို အာစီယံနိုင်ငံတွေထဲကမြစ်တွေထဲလည်း အရေးအကြီးဆုံးမြစ်သုံးစင်းထဲပါတယ်။ မြန်မာအတွက်လည်း ဂျိုင်းမြစ် အတ္တရံမြစ်တွေနဲ့ ချိတ်ဆက်ထားလို့ ရှမ်းပြည်အတွက်တင်မဟုတ်ဘဲ မြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ ကရင်၊ မွန်တွေအတွက်ပါ အရေးအပါဆုံးမြစ်ဖြစ်နေတယ်။ ဆိုတော့ ဒီမြစ်သာနာမကျန်းဖြစ်ရင် မြန်မာနိုင်ငံရဲ့ တခြားဒေသတွေပါ သက်ရောက်တယ်လို့ပြောလို့ရတယ်။ သံလွင်မြစ်အကြီးအကျယ် ပြဿနာကြီးလာတာကို သေချာသိခဲ့ရတာက မနှစ်ကဒီလိုအချိန် မဲဆောက်မှာလုပ်တဲ့ Workshopတစ်ခုကို onlineကတက်ရင်း သိခဲ့ရတယ်။ သိပ်မကြာဘူး ကူမင်း Forumကို Ecocide Activist အနေနဲ့သွားတက်ရင်း ပြည်ကြီးတရုတ်တွေ သံလွင်ကိုဘယ်လိုတောင်သိမ်းထားလဲကို သိခဲ့ရတယ်။ နောက်တော့ ကိုယ်လည်းတခြားလုပ်စရာတွေနဲ့ မေ့မေ့ပျောက်ပျောက်ပဲ စိတ်ထဲထားလိုက်တယ်။ မကြာသေးခင်ရက်က ထိုင်းမှာထုတ်ပြန်ချက်တစ်ခု ထွတ်လာခဲ့တယ်။ ထုတ်ပြန်ချက်ထက် ဘာ Scientific Data မှမပါဘဲ Social Mediaမှာ ထိုင်းတွေနဲ့ ဒေသခံတွေကစိုးရိမ်လာလို့ မကောင်းတတ်တာနဲ့ထုတ်ပြန်ပုံလို့တောင်ထင်ရတယ်။ စာထဲ​မှာ မယ်ဟောင်ဆောင်ခရိုင်ထဲက ခရိုင်ခွဲဖြစ်တဲ့ Sop Moei ဒေသခံတွေကို သံလွင်မြစ်ကရေနဲ့ငါးတွေကို အသုံးမပြုကြဖို့၊ ဖမ်းယူမစားသောက်ကြဖို့ ကြေညာခဲ့တယ်။ အဲ့ဒေသက တခြားမဟုတ်ဘူး သောင်ရင်းနဲ့ သံလွင်မြစ်ဆုံတဲ့နေရာမှာရှိသလို ကရင်ပြည်နဲ့လည်း တိုက်ရိုက်ပတ်သက်နေတယ်။ ထုတ်ပြန်ချက်ထဲ Arsenicosis Levelလို့ပြောကြတဲ့ အာဆင်းနစ်စွန့်ထုတ်ညစ်ညမ်းမှုအဆင့် ငါးအထိရောက်နေကြောင်းလည်းပါတယ်။ ဆိုတော့ ထိုင်းဖက်ကကျ သူ့ဒေသခံတွေအတွက် ကြေငြာချက်ထုတ်ပြီး ကရင်ပြည်ကဒေသခံတွေအတွက်ကျ ဘာမှမထုတ်ပြန်ထားခဲ့ဘူး။ ကရင်ပြည်ထဲကလူတွေလည်း ဒီမြစ်ထဲကရေနဲ့ငါးတွေကိုပဲ မှီခိုနေကြရတာမို့ ဘယ်လိုရင်ဆိုင်ကြမလဲ။

ဒီနေရာမှာ သံလွင်မြစ်နဲ့ပတ်သက်တဲ့ ဒီဆယ်နှစ်ထဲလုပ်ထားခဲ့သမျှ သုတေသနစာတမ်းတချို့ကို ပြန်အစဆွဲထုတ်ကြည့်ရင် သံလွင်မြစ်ဟာ အာဆင်းနစ်ညစ်ညမ်းမှုအဆင့် အဆိုးဖက်ကိုရောက်ရောက်လာနေခဲ့ရာကနေ ၂၀၂၅ ခုနှစ်ထဲမှာ အဆိုးဝါးဆုံးအခြေအနေတရပ်ကို ရောက်လာခဲ့တယ်။ အကြောင်းအရင်းကတော့ မြစ်ရဲ့အထက်ပိုင်းထဲပါဝင်တဲ့ ရှမ်းပြည်ထဲကဝနဲ့ကိုးကန့်အခြမ်းတွေမှာ တရုတ်ကုမ္မဏီတွေလုပ်နေတဲ့ ရွှေတူးမှု၊ သတ္ထုတူးဖော်မှုနဲ့ ရာဘာချက်စက်ရုံတွေဟာ အဓိကအကြောင်းအရင်းထဲ ပါလာခဲ့တယ်။ အာဆင်းနစ်ဆိုတာ ရှမ်းမြောက်က ကျောက်တောင်တွေမှာ သဘာဝအတိုင်းရှိနေပြီး ဘူမိဗေဒအရ သိပ်မထူးဆန်းဘူး။ ဒါပေမဲ့ ဒီကျောက်တောင်တွေကို သတ္တုရိုင်းတူးရင်း ကြိတ်ခွဲမှုတွေမှာ Wasteကို မြစ်ထဲပြန်ထုတ်ရာကနေ ဓာတ်ပြုပြီး အာဆင်းနစ်levelကို တိုးလာစေခဲ့တယ်။ ဒီကနေ မြစ်မျှဝေသုံးစွဲကြတဲ့ နိုင်ငံတွေမှာဖြစ်တတ်တဲ့ Cross-Border Impact လို့ခေါ်တဲ့ နယ်စပ်ဖြတ်ကျော်သက်ရောက်မှုကိုပါ ဖြစ်ပေါ်လာစေခဲ့တယ်။ ဆိုတော့ ဒီ Cross-Border Impactရဲ့ ကနဦးအစကို ပြန်သွားကြည့်လိုက်ရင် မြန်မာထဲကဒေသတချို့လည်း ပါဝင်ပတ်သက်လာတယ်။
⚠️... ရာဘာနဲ့ သံလွင်မြစ်
မြန်မာဟာ ထိုင်းထက်စာရင် ရာဘာစိုက်ပျိုးမှုဧက မများပေမယ့် ထိုင်းထက်ဆိုးတဲ့ ပရမ်းပတာဖြစ်မှုတွေ များခဲ့တယ်။ အပစ်အခတ်ရပ်ဆဲရေးကာလအလွန်မှာ ​ဘီးစိုက်ခင်းတွေနေရာကို ရာဘာတွေဝင်လာခဲ့တယ်။ တိုင်းရင်းသားဒေသသုံးခုဖြစ်တဲ့ မွန်၊ ကချင်နဲ့ ရှမ်းပြည်ဟာ ရာဘာစိုက်ခင်းတွေ အစားထိုးဝင်ရောက်မှုနဲ့အတူ ဆယ်စုနှစ်နှစ်စုလောက်ကာလမှာတင် သစ်တောပြုန်းတီးမှုကနေလာတဲ့ ဒေသမျိုးရင်း မျိုးစိတ်ဖွဲ့စည်းမှု အပြောင်းအလဲ၊ ​အပင်မျိုးစိတ်တွေနဲ့ တောရိုင်းတိရိစ္ဆာန်မျိုးစိတ်တွေကို အခက်အခဲကြုံစေခဲ့တယ်။ အဲ့ဒီနောက်မှာ ကပ်ပါလာနေကျအတိုင်း ရေအရင်းအမြစ် လျော့နည်းလာမှု၊ မြေတိုက်စားမှု၊ မြစ်ချောင်းညစ်ညမ်းလာမှုနဲ့ လေထုညစ်ညမ်းလာမှုတွေကို ပြန်ရခဲ့တယ်။ လေထုညစ်ညမ်းမှုက ဘာကြောင့်ပါရသလဲလို့ မေးစရာရှိတယ်။ ရာဘာအစေးချက်တဲ့အခါ လေထုဘယ်လောက်ညစ်ညမ်းသလဲကို ရာဘာချက်တဲ့မြို့တွေမှာ နေထိုင်သူတိုင်းသိကြမှာပါ။ သာမန်လူအဖို့ အသက်ရှူပါရပ်ပြီး သေချင်လောက်တဲ့အထိ ပြင်းသလို ဒေသခံတွေရဲ့ အဆုတ်နဲ့ပတ်သက်တဲ့ရောဂါတွေ ရရှိမှုကလည်း မနည်းမနောပါပဲ။ ဒါပဲလားဆိုရင် ရာဘာရဲ့စွန့်ပစ်ပစ္စည်းတွေဟာ ရေအရင်းအမြစ်ကို အကြီးအကျယ်အဆိပ်သင့်စေတယ်။ တောင်ယာစိုက်ပျိုး​နေရာကနေ ဝင်ငွေကောင်းတယ်ဆိုလို့ ရာဘာတွေကိုစိုက်ခဲ့ကြပေမယ့် သာမန်တောင်ယာသမားတွေအဖို့ ထင်သလောက်မပြောင်းလဲစေခဲ့ဘူး။ ရာဘာစိုက်ပြီး နှစ်နှစ်ဆယ်သုံးဆယ်အကြာမှာ ဒီစိုက်ခင်းတွေနေရာမှာ ဘယ်လောက်ရင်ဆိုင်ရမယ်ကိုလည်း သေချာသိအောင် ရာဘာစိုက်သူတွေကို Awarenessပေးခဲ့မှုကလည်း MRPPA အနေနဲ့ မရှိသလောက်ပါပဲ။ ဒီအကြောင်းတရားတွေရဲ့နောက်ကွယ်မှာ အဓိကတရားခံများစွာရှိနေတယ်။ ဒီနေရာမှာ မြေပြင်အရှိတရားကိုမပြောရင် ပြည့်စုံမယ်မထင်ဘူး။ ဆိုတော့ မြန်မာနိုင်ငံမှာ ရာဘာကြောင့်အဆိုးဆုံးရင်ဆိုင်လာရမယ့် ဒေသတွေက ဘယ်ဒေသတွေလဲ...
ရှမ်းမြောက် ...... ဘီးစိုက် ဘီးချက်ရောင်းရာကနေ အပစ်အခတ်ရပ်အပြီး ရှမ်းပြည်နယ်ဟာ ရာဘာစိုက်ခင်းတွေရဲ့ အစားထိုးမှုကို ခံလိုက်ရတယ်။ Wildlife Trafficking နဲ့ Illegal Trafficking ကို မူးယစ်ဆေးပြီးရင် ဘိုးဘွားပိုင်စီးပွားရေးလိုလုပ်ခဲ့တဲ့ ရှမ်းစိမ်း SSPP/SSA ဟာ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး Wildlife Trafficking Line ကို တရုတ်နဲ့ချိတ်ခဲ့တယ်။ မြန်မာနိုင်ငံမှာရှိသမျှ တောရိုင်းတိရစ္ဆာန်မျိုးစိတ်အကုန် တရုတ်နိုင်ငံကိုစီးဆင်းသလို နယ်စပ်မြို့တချို့ဟာ စျေးတွေနဲ့ပါရောင်းချကြတဲ့အထိ ပွင့်လင်းခဲ့တယ်။ ဒါကိုရှမ်းစိမ်းဗိုလ်အချင်းချင်းတောင် မသိတဲ့ကိစ္စတွေမှ အများကြီးပဲ။ ဥပမာ - တိုက်ရိုက်ချိတ်ဆက်ထားတဲ့ အခုလက်ရှိမြေရှားနဲ့ရွှေကို သန့်စင်စက်ရုံတွေနဲ့ပါလုပ်နေတဲ့ NDAAကိုင်ထားတဲ့ မိုင်းလားပေါ့။ တရုတ်နိုင်ငံရဲ့ တိုင်းရင်းဆေးဝါးနဲ့ စားသောက်စရာအဖြစ်လိုအပ်တဲ့ ကုန်ကြမ်းမှန်သမျှကို တရားမဝင်တောရိုင်းတိရိစ္ဆာန်ကုန်သွယ်မှုအတွက် မဟာဗျူဟာအရ ရှမ်းပြည်နယ်ဟာ အရင်းအမြစ်ပြည်နယ်ဖြစ်ခဲ့တယ်။ နှစ်စဥ် Wildlife Product၊ ဆင်သားရေနဲ့ သင်းခွေချပ်တွေနဲ့တင် ယွမ်သန်းချီစျေးကွက်ရှိနေခဲ့တယ်။ ဒီကနေပဲ တစ်နိုင်ငံလုံးက စီးဆင်းလာတဲ့ အဖမ်းဆီးခံ တောရိုင်းတိရစ္ဆာန်တွေဟာ ရှမ်းပြည်နယ်ကတဆင့် Transportation Line ထဲရောက်ပြီး တရုတ်ဖက်ကိုစီးဆင်းခဲ့တယ်။ ဒီအတွက်လည်း ရှမ်းဖက်က BGFလိုလို လက်နက်ကိုင်တချို့ကဗိုလ်တွေဟာ ဆယ်စုနှစ်နဲ့ချီ အခွန်ငွေရခဲ့တယ်။ EIAက သတင်းထောက်တစ်ယောက် ရှမ်းပြည်ကိုလာပြီး ဒီစျေးကွက်စီးဆင်းပုံကို Documentary ရိုက်သွားတာတောင် Utubeမှာ ယနေ့ထက်ထိရှိဆဲပဲ။ ဒါ့အပြင် ရှမ်းပြည်ထဲက ရာဘာစိုက်ခင်းတွေရဲ့ နောက်ဆက်တွဲတရားခံတွေထဲမှာ ရှမ်းစိမ်းနဲ့ဝဟာ အပါအဝင်ဖြစ်ခဲ့တယ်။
ရှမ်းပြည်နယ်ရဲ့ရာဘာအကြောင်းပြောရင် အဓိကအကျဆုံးဖြစ်တဲ့ ဝရဲ့ရာဘာဧကတွေက မပါမဖြစ်ပါ။ ဝအနေနဲ့ ၂၀၀၅ ခုနှစ်မှာ တရုတ်ရဲ့ဖိအားကြောင့် ဘိန်းမစိုက်ရတော့တဲ့ ရှမ်းပြည်ကို ရာဘာသွင်းခဲ့တဲ့ ကနဦးအဖွဲ့ဆိုလည်း မမှားဘူး။ ဒေသခံစီးပွားရေးကို ရည်ရွယ်မှုလို့ဆိုတဲ့ တောင်ယာလုပ်တဲ့ဒေသခံအများစုကို ရာဘာခင်းတွေဖက်ရောက်စေခဲ့သလို ရှမ်းပြည်နယ်ရဲ့အမွေဖြစ်တဲ့ လူသားစိုက်ယူလို့မရတဲ့ သဘာဝ Closed Forest ဧရိယာတချို့ကို ရာဘာစိုက်ခင်းတွေအဖြစ် ပြောင်းလဲခဲ့တယ်။ ဒီအကျိုးဆက်က ၂၀၂၅ ခုနှစ်မှာ ရှမ်းမြောက်က ဒေသငှက်မျိုးစိတ်အများအပြား ရှားပါးလာခဲ့သလို ဒေသတွင်းဂေဟစနစ်၊ ရေအရင်းအမြစ်နဲ့ ကျန်းမာရေးဆိုရာပြဿနာတွေကို စကြုံလာရတယ်။ တစ်ဆက်တည်းမှာ ရှမ်းပြည်နယ်ရဲ့မြောက်ပိုင်းနဲ့အရှေ့ပိုင်းမှာရှိတဲ့ Key Biodiversity Areas (KBAs) လို့ခေါ်တဲ့ ဇီဝမျိုးစုံမျိုးကွဲ ဧရိယာတချို့ကို ထိခိုက်စေခဲ့တယ်။ မြန်မာနိုင်ငံမှာ KBA နေရာ (၁၃၂) နေရာရှိခဲ့ပြီး ရှမ်းပြည်မှာဆိုရင် သံလွင်မြစ်တလျှောက်က တောတွေမှာ အများဆုံးရှိနေတယ်။ KBA ဆိုတာ တစ်နိုင်ငံတည်းနဲ့သက်ဆိုင်တာမဟုတ်ဘဲ နိုင်ငံတကာ စံနှုန်းများနဲ့အညီ သတ်မှတ်ထားတတ်တဲ့ ဇီဝမျိုးစုံမျိုးကွဲတွေအပေါ် ထိန်းသိမ်းရေးအတွက် ကမ္ဘာလုံးဆိုင်ရာ အရေးပါတဲ့နေရာတွေပါ။ (KBAအကြောင်း အရင်ကအများကြီးရေးခဲ့ဖူးလို့ များများစားစားထည့်မပြောတော့ဘူး။) ဒါပေမဲ့ ရာဘာခင်းတွေနဲ့ ရာဘာချက်စက်ရုံတွေကို မြို့နဲ့ကပ်ထားခဲ့ကြလို့ ဒေသခံတွေက တိုင်ကြားခဲ့ပေမယ့် NLDလက်ထက်မှာတောင် အဲ့ဒီတိုင်ကြားစာကို အရာမသွင်းခဲ့ဘူး။ ဥပမာ - ဟိုပန်၊ နမ့်တစ်နဲ့ ကွမ်းလုံလိုမြို့တွေဟာ ရာဘာခင်းကလွဲရင် ဘာသဘာဝသစ်တောမှ မမြင်ရတော့တာ ဆယ်စုနစ်နဲ့ချီခဲ့ပြီ။ KBA တချို့လည်း ပျောက်သွားပြီလို့တောင်ပြောရမယ့်အထိ အရင်ကမြင်နေကျငှက်မျိုးစိတ်တွေကိုတောင် မမြင်ရတော့ဘူး။ တရုတ်ပုဂ္ဂလိကကုမ္ပဏီတွေအနေနဲ့လည်း လုပ်ကွက်မြေယာနေရာ ခွဲယူပြီးမှလုပ်ခဲ့ကြတာကြောင့် ဆယ်စုနှစ်သုံးစုစာတော့ ဒေသခံတွေဟာ ရင်ဆိုင်ကြရတော့မယ်။ ဝဖက်ကကြည့်ရင်လည်း လက်ရှိဝရဲ့ရပ်တည်မှုရဲ့ ရာခိုင်နှုန်းအများအပြားဟာ ရာဘာစိုက်ခင်းတွေကတဆင့်ပဲ ရနေတာကြောင့် ငြင်းပယ်ရခက်တယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့လည်း တရုတ်ရဲ့ EIAမပါဘဲ နယ်မြေချဲ့ထွင်စီးပွားလုပ်မှုကိုတားဖို့ Environmental လုပ်အားအရင်းအမြစ် ရှိမနေခဲ့တာက ဒီသက်ရောက်မှုကိုဖြစ်ပေါ်လာစေတယ်။
မွန်၊ ကရင်ပြည်နယ်...... အပစ်အခတ်ရပ်ပြီးတဲ့နောက်မှာ ရာဘာစိုက်ပြီးအချမ်းသာဆုံးဖြစ်ခဲ့တဲ့ ပထမဆုံးတိုင်းရင်းသားသူဌေးတွေကိုပြောပါဆိုရင် မွန်စီးပွားရေးသမားတွေပါပဲ။ မွန်တပ်ရဲ့ အရာရှိတွေပိုင်တဲ့ ရာဘာစိုက်ခင်းတွေထက်ကို ပိုများသလို ကရင်ဖက်ကနဲ့ပေါင်းရင် ဒေသခံတွေကိုမောင်းထုတ်ပြီး ယာမြေတွေကို ရာဘာဧကလုပ်ခဲ့တာလည်း ဧကသောင်းချီပါပဲ။ ရာဘာကိုပရမ်းပတာအလုပ်ဆုံး အမြတ်ထွက်ဆုံးအုပ်စုကိုပြောပါဆိုလည်း မွန်နဲ့ကရင်လက်နက်ကိုင်ဗိုလ်တချို့က ထိပ်ဆုံးကပဲ။ တနင်္သာရီတိုင်းအထိကို ဒီ Processက ကူးစေခဲ့ပြီး မြန်မာပြည်အောက်တစ်ဝက်ရဲ့ အဓိကရာဘာစိုက်ခင်းတွေရဲ့ ရာခိုင်နှုန်းတစ်ခုကို လုပ်ကိုင်ခဲ့တယ်။ ဒီကနေပြန်ရခဲ့တာကလည်း မွန်၊ ကရင်ဒေသတွင်းက နို့တိုက်သတ္တဝါ၊ ငှက်မျိုးစိတ်နဲ့ ဒေသဇီဝမျိုးကွဲတချို့ကို ရှားပါးလာစေခဲ့တယ်။ ဆိုတော့ အဲ့ဒီကာလက တခြားပြည်နယ်တွေမှာရောလို့မေးရင် တရုတ်ရာဘာစိုက်ခင်းကွန်ရက်ကနေ လွတ်မြောက်ခဲ့တာဆိုလို့ ရခိုင်နဲ့ချင်းပဲ ရှိခဲ့တယ်။
ဧရာဝတီလင်းပိုင်အကြောင်းကြုံလို့ထည့်ပြောရရင် လက်ရှိမြန်မာမှာ ပျောက်ကွယ်စပြုနေတာဟာ ဧရာဝတီလင်းပိုင်တစ်မျိုးတည်းဟုတ်မနေဘဲ ရာဘာခင်းတစ်မျိုးတည်းကြောင့်နဲ့တင် ပျောက်ကွယ်စပြုခဲ့တဲ့ ငှက်မျိုးစိတ်တွေနဲ့ ဇီဝမျိုးကွဲတွေ အများအပြားရှိလာ​တယ်။ ဒါတွေကို ဘယ်သဘာဝပတ်ဝန်းကျင် NGO မှလည်း မထိရဲခဲ့သလို ပြုပြင်လို့လည်း မရခဲ့ဘူး။ ရှမ်းမြောက်မှာဆိုရင် တရုတ်ဆီကနေ ပေါင်းစားလိမ်စားနေတဲ့ သဘာဝပတ်ဝန်းကျင် NGO တချို့တောင် ဝ၊ကိုးကန့်နဲ့ပလောင်နယ်တွေထဲ အခန့်သားပဲ။ သစ်တောပြုန်းတီးမှု၊ ဆီအုန်းနဲ့ရာဘာစိုက်ခင်းတွေ ဝင်ရောက်နေရာယူမှု၊ ဒေသတွင်း ဇီဝမျိုးကွဲမျိုးစိတ်တွေ ကျဆင်းလာရမှု၊ တောရိုင်းတိရိစ္ဆာန် အစိတ်အပိုင်း တရားမဝင်ရောင်းချမှု၊ ကုန်ကူးမှုကွန်ရက်တွေကြောင့် ဧရာဝတီလင်းပိုင်လိုပဲ ဇီဝမျိုးကွဲတချို့ဟာ ပျောက်ချင်းမလှပျောက်လာရတယ်။ အကြောင်းတရားကို ပြန်ကြည့်ရရင် သာမန်ဒေသခံတွေဆိုတာ ဆင်းရဲမွဲတေမှုဒဏ်ကြောင့် ကိုယ်မှီခိုနေထိုင်ရာ သဘာဝပတ်ဝန်းကျင်ထဲကနေ အခြေခံလိုအပ်ချက်တွေကို ဖြည့်တင်းကြရတယ်။ ဒီအပေါ်မှာ တစ်ကိုယ်စာကြည့်သူတွေကတော့ ချမ်းသာမှုဒဏ်ကို အမှီလိုက်ဖို့ အခြေခံလိုအပ်ချက်တွေထက်ကျော်လွန်တဲ့ စည်းဘောင်မဲ့လုပ်ဆောင်မှုတွေနောက်ကို လိုက်ကြရတယ်။ ရှမ်းပြည်၊ မွန်ပြည်နဲ့ ကရင်ပြည်က လက်နက်ကိုင်အရာရှိ၊ တိုင်းရင်းသားရာဘာသူဌေးတွေကို လေ့လာလိုက်ရင်ပဲ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း (MRPPA) တစ်သင်းလုံးထက်တောင် ပိုချမ်းသာသလို သူတို့မိသားစုတွေဟာလည်း ကိုယ်ခေါင်းပုံဖြတ်ထားတဲ့ ရာဘာခြံထဲ နေကြတာမဟုတ်ဘူး။ သဘာဝပတ်ဝန်းကျင်ကောင်းတဲ့ နိုင်ငံတွေမှာပဲ နေကြသူတွေပါ။ ဒီနိုင်ငံအတွက် ကျခံရမယ့် Monoculture နဲ့ Deforestation နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း စိတ်မဝင်စားကြသလို မျိုးသုဥ်းပျောက်ကွယ်လာမယ့် ဇီဝမျိုးကွဲတွေအတွက်လည်း စိတ်မဝင်စားကြပါဘူး။
⚠️...REMနဲ့ ISL
သံလွင်မြစ်နဲ့ဆက်စပ်နေတဲ့ ရှမ်းပြည်နယ်ထဲက ရာဘာလိုပဲ မြေရှား၊ ရွှေနဲ့ သတ္ထုတူးဖော်မှုတွေကို လေ့လာကြည့်ရင် ပြည်ကြီးတရုတ်တွေနဲ့ တရုတ်ကုမ္မဏီတွေရဲ့ Siteတွေက နေရာပိုယူထားခဲ့တယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာဆိုရင် သန့်စင်စက်ရုံတွေနဲ့ပါ လုပ်လာကြတယ်။ ဥပမာ- လက်ရှိနမ့်ခုတ်မြစ်တလျှောက်မှာဆိုရင် မြေရှားနဲ့ ရွှေကို စည်းမဲ့ကမ်းမဲ့ကို တိုးချဲ့တူးနေကြတဲ့လုပ်ကွက်တွေမှ အထင်းသားပဲ။ ရှမ်းပြည်နယ်ထဲက သတ္ထုတူးတဲ့ Rare Earth Mineral Mining လို့ခေါ်ကြတဲ့ REM Site တွေကိုကြည့်ရင် ISL လို့ခေါ်တဲ့ In-Situ Leaching System နဲ့လုပ်ကြတာချည်းပါပဲ။ ISL ဟာ ကောင်းကွက်တွေရှိသလို ဆိုးကွက်တွေလည်းအများအပြားပဲ။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ Chemical တွေရောပြီးလုပ်ရတဲ့ Injection of Lixiviant ဖြစ်စဥ်နဲ့ပါ တွဲလုပ်ရတယ်။ ရွှေတူးတာမှာလည်း ဆိုင်ယာနိုက်နဲ့ ပြဒါးကို အသုံးပြုကြရလို့ ဒီကနေထုတ်တဲ့ Waste တွေကို ကန့်သတ်ဧရိယာမထားဘဲ သံလွင်မြစ်ထဲကိုတိုက်ရိုက်စွန့်ပစ်ကြတယ်။ ဒီကနေမိုးရွာလို့ ရေစီးတဲ့အခါ Site တွေက Waste တွေကပါထပ်ပြီး စွန့်ပစ်ကျောက်တွေနဲ့အတူ မြစ်ထဲကိုတိုက်ရိုက် မျောပါသွားတယ်။ ဒါက သံလွင်မြစ်တလျှောက်က ရေအားလျှပ်စစ်စီမံကိန်းတွေနဲ့တန်းတူ သက်ရောက်လာစေခဲ့တယ်။ အခုထိုင်းအာဏာပိုင်တွေကထုတ်တဲ့စာမှာ Arsenicosis Effect ကိုထည့်ပြောသွားတယ်။ Arsenicosis Effect ကနေဖြစ်တတ်တဲ့ လူ့ကျန်းမာရေးဆိုင်ရာပြဿနာတွေက ထင်ထားတာထက်ဆိုးပါတယ်။ အရေပြားရောဂါတွေအပြင် အရေပြားရောဂါထဲမှာမှ Hyperkeratosis လို့ခေါ်တဲ့ လက်ဖဝါးနဲ့ ခြေဖဝါအရေပြားတွေ တင်းမာလာတာမျိုးဆိုရင် ရှမ်းပြည်နယ်က မြို့တချို့ရဲ့ဒေသခံတွေမှာ အဖြစ်များလာကြပြီ။ အဆုတ်၊ ဆီးအိမ်၊ ကျောက်ကပ်၊ အသည်း၊ သွေးတိုး၊ ဆီးချိုအပြင် နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေကို အချိန်ကြာလာတာနဲ့အမျှ ဓာတ်စုစည်းလာရင်း ခံစားရနိုင်တယ်။ မြစ်ရေညစ်ညမ်းမှုနဲ့အတူ ပါလာတတ်တဲ့ ရေသယံဇာတအရင်းအမြစ်ရှားပါးမှုကိုလည်း ဖြစ်စေနိုင်တယ်။ မြေအောက်ရေအဆိပ်သင့်ပြဿနာကိုလည်း ဖြစ်စေနိုင်သလို ရွှေတူးဖော်ရေးမှာ မဖြစ်မနေပါတဲ့ Cyanide- Contamination ကြောင့် မြစ်ကိုထိခိုက်မှုကလည်း မြင့်တက်စေတယ်။ ဒါကြောင့်လည်း ထိုင်းဖက်ကထုတ်တဲ့စာမှာ သူတို့အခုလိုခံစားရမှုဟာ မြန်မာက သတ္ထုနဲ့ရွှေတူးဖော်မှုတွေကနေလာတဲ့ အဆိပ်အတောက်စိမ့်ထွက်မှု၊ စည်းကမ်းမဲ့ တွင်းထွက်ပစ္စည်းထုတ်ယူမှုကိစ္စတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်လို့ အစီရင်ခံစာမှာ ထည့်ပြောသွားတယ်။
အဆုံးသတ်ပြောရရင် လက်ရှိဖြစ်ပေါ်နေတဲ့ သံလွင်မြစ်ကိစ္စဟာ ပြည်တွင်းထဲမငြိမ်မသက်ချိန် တရုတ်ကအမြတ်ဝင်ထုတ်တဲ့ ပမာဏအားများလာမှုကြောင့်လို့ ပြောနိုင်တယ်။ သံလွင်မြစ်တလျှောက်က ရှမ်းပြည်နယ် မြို့တွေမှာလုပ်နေတဲ့ REM တူးဖော်မှု၊ တခြားသတ္ထုတူးဖော်မှုနဲ့ ရွှေတူးဖော်မှုတွေမှာ ဘာ EIA၊ EIP အလေးထားမှုမှမပါတဲ့အပြင်ကိုမှ ဖြစ်ချင်ရာဖြစ်လုပ်နေကြတာချည်းပဲ။ ပိုဆိုးတာက ရွှေတူးဖော်ရေးတွေမှာတောင် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းတွေက ကုန်ကြမ်းပဲပေးတာဖြစ်လို့ ထင်သလောက်လည်းရမနေကြဘူး။ ဒါပေမဲ့ မြေကြီးတူးခိုင်းတာကို ဒီလောက်ရတယ်ထင်ပြီး ပေးနေကြတဲ့Site တွေမှ အများကြီးပဲ။ ဒီအကျိုးဆက်ရဲ့နောက်မှာ ဂေဟစနစ်တွေ၊ KBA တွေ၊ သဘာဝပတ်ဝန်းကျင်တွေကို ထည့်မစဥ်းစားရင်တောင် ဒေသခံတွေခံလာရမယ့် ခံလည်းခံနေရတဲ့ ကျန်းမာရေးဆိုင်ရာအကျိုးဆက်တွေက ပြန်ရတာနဲ့အဆမတန် ပိုပေးဆပ်လာနေရတယ်။ ဒါကဒေသခံတွေနဲ့လည်း တိုက်ရိုက်ပတ်သက်သလို ဘယ်သူမှလည်း ဝင်ကယ်လာနေမှာမဟုတ်ဘူး။ ကယ်ပါပြောရင်တောင် ရှောင်လိမ့်မယ်။ ထိုင်းဆိုလည်း သူ့လူမျိုးသူပဲ အလေးထားမှာပါ။ ဒါကဒေသခံတွေအဖို့ ကိုယ့်ဒုက္ခကို ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းတောင်းဆိုမှပဲ ရမယ့်အခြေအနေမှာရှိနေတယ်။ နောက်တစ်ချက်က သံလွင်မြစ်ပဲဖြစ်တာ ငါတို့နဲ့မဆိုင်ဘူးလို့ တွေးကောင်းတွေးနိုင်ပေမယ့် သံလွင်မြစ်နဲ့စပ်ဆက်ပြီး မြန်မာနိုင်ငံမှာ ဒီမြစ်အပေါ်မှီခိုနေရတဲ့ တခြားဒေသတွေက လူသန်းနဲ့ချီရဲ့အရေးလည်း ဖြစ်နေတယ်။ ဒီဆက်စပ်မှုတွေကနေပဲ တနိုင်ငံလုံးစားသောက်လည်ပတ်နေကြတာကိုပါ တွက်ဆရမယ်။ လက်ရှိဧရာဝတီမြစ် Pollution ကြောင့်တောင် ခက်ခဲမှုပေါင်းအမြောက်အများပို သံလွင်မြစ်ကိစ္စပါထည့်ပေါင်းရင် တနိုင်ငံလုံးအရေးလို့တောင် ပြောနိုင်တယ်။ ဒီမြစ်နှစ်စင်းတလျှောက်က သတ္ထုတူးဖော်ရေး၊ ရွှေတူးဖော်ရေး၊ ရာဘာချက်စက်ရုံတွေနဲ့ Deforestion Rate ဟာ တနိုင်ငံလုံးနဲ့ တိုက်ရိုက်ပတ်သက်မှုပါ။ ဆိုင်ရာဒေသခံတွေတစ်ကန့်စာလောက်နဲ့တင် ပတ်သက်နေမှုမျိုးမဟုတ်ဘဲ နိုင်ငံရဲ့ဂေဟစနစ်တွေ၊ သဘာဝသက်ရောက်မှုတွေကို ထည့်မတွေးရင်တောင် ကျန်းမာရေးဆိုင်ရာပြဿနာတွေက မလိုချင်လည်းရလာမယ့်ဆိုးမွေတွေပါပဲ။ ဒီနေရာမှာ လက်ရှိစိုးမိုးထားတဲ့အုပ်စုတွေနဲ့ပတ်သက်ရင် အများကြီးတော့မပြောချင်ဘူး။ ကိုယ်တိုင်မြင်ခဲ့ရတဲ့ကိစ္စတွေနဲ့တင် အတော်ရင်လေးစရာမို့ပါ။ ဆိုတော့ ဒီလို Situation မှာ ပြည်သူချင်းကျယ်လောင်မှုကနေပဲ တချို့တဝက်ကို Solution ထုတ်နိုင်လာလိမ့်မယ်။ အလုံးစုံဖြေရှင်းနိုင်ဖို့ကတော့ မမျှော်လင့်နဲ့ ဘယ်ဘုရားဆင်းလာကယ်ကယ် ပြန်ပြင်မရတော့မယ့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုကို ရင်ဆိုင်လာရမှာဖြစ်သလို နောက်မျိုးဆက်အတွက်လည်း အမွေချန်ထားပြီးသားကိစ္စရပ်တွေ ရှိနှင့်နေပြီ။ ရှိရင်းစွဲကို ပိုမဆိုးလာဖို့ကိုပဲ ဝိုင်းဝန်းဖြေရှင်းကြရတော့မှာပါ။
Photo: Mongabay
Global Watch
ကိုယ်တိုင်ရိုက်

No comments:

Post a Comment