Tuesday, October 28, 2025

နေတိုးအဖွဲ့ဝင် အသစ် " ဖင်လန်နှင့် ဆွီဒင် "

 ■ ယူကရိန်းကို ရုရှားကျူး​ကျော်စစ် စပြီးတဲ့​​နောက်ပိုင်းမှ ​နေတိုးအဖွဲ့ဝင် အသစ်ဖြစ်လာ​သော ၂ နိုင်ငံရှိတယ်။

" ဖင်လန်နှင့် ဆွီဒင် "
ဖင်လန်က ၂၀၂၃ ကတည်းက မန်ဘာဖြစ်လာ​ပေမယ့် ဆွီဒင်က​တော့ တူရကီနှင့် ဟန်​ဂေရီတို့ အ​ကြောင်း​ကြောင်းဖြင့် ဟန့်တား ( ရစ်​ ) နေ​​သောကြောင့် ၂၀၂၄ ခုနှစ်​ရောက်မှ အဖွဲ့ဝင် ဖြစ်တယ်။ ယခင် စစ်​အေးကာလ တ​လျှောက်လုံးတွင်ပင် ဤ ၂ နိုင်ငံစလုံး Neutrality ကြား​နေမူဝါဒကို ကိုင်ဆွဲထား​ခဲ့ကြပေမယ့် ဗလာဒီမာပူတင်၏ ​ခေတ်သစ် ​ရုရှား Neo-Imperialism ရဲ့ ခြိမ်း​ခြောက်မှု​ကြောင့် Anti-ရုရှား အုပ်စုထဲ ​ခြေပစ်လက်ပစ် ဝင်လိုက်ရတယ်။
အဆိုပါ Nordic ၂ နိုင်ငံ ​နေတိုးအဖွဲ့ဝင်ဖြစ်လာတဲ့အခါ ဖင်လန်-ရုရှား အိမ်နီးချင်းဖြစ်​နေမှုကြောင့် ​နေတိုးနှင့်ရုရှား ထိစပ်နယ်ခြားဟာ မိုင် ၈၃၀ ပိုတိုးလာပြီး ယခင်ထက် ၂ ဆ​ကျော်သွားတယ်။ ​​မြောက်အတ္တလန္တိက်စာချုပ်အဖွဲ့အ​နေဖြင့် အသစ်ဝင် ၂ နိုင်ငံကိုပါ အ​ရေးအ​ကြောင်းဆိုလျှင် Article-5 အရ ကာကွယ်ဖို့ တာဝန်ရှိတာမို့ Liability တိုးလာသလား, Asset ဖြစ်သလား သုံးသပ်စရာ ဖြစ်လာတယ်။ ယ​နေ့အမြင်အရ ဆွီဒင်နှင့် ဖင်လန်တို့လို စကင်ဒီ​နေးဗီးယန်းနိုင်ငံများသည် လူ​နေမှု အဆင့်အတန်းအလွန်မြင့်ပြီး ငြိမ်းချမ်း​​ရေးလိုလားသူများလို့သာ သိကြမယ်။
■ ဆွီဒင်လို့ ဆိုလိုက်ရင် IKEA ကိုသာ တန်းမြင်ကြမှာ​ပေမယ့် ဆွီဒင်တို့သည် ​ခေတ်သစ် စစ်ပွဲ ပုံစံကို စတင်ခဲ့ကြသူ​တွေမှန်း မသိသူများတယ်။ ဆွီဒင်ဘုရင် Gustavus Adolphus ဆိုတာ Mordern Warfare ၏ ဖခင်ကြီးပဲ။ ဘုရင်ကြီးသည် ဥပ​ရောတလွှားကို သိမ့်သိမ့်တုန်သွား​စေခဲ့​သော အနှစ် ၃၀ စစ်ကြီးအတွင်းမှာ နိုင်ငံ​၏ လူဦး​ရေ အရင်းမြစ်နှင့် မမျှ​အောင် ဝိတ်တက်တန်းထိုးပြီး အစွမ်းပြခဲ့တယ်။ ထိုစဥ်ကတည်းက Lutheran ​ဂိုဏ်းဝင်အဖြစ် ​​ပြောင်းလဲယုံကြည်​နေကြ​သော , Swedish တပ်မ​တော်က ​ထို​ခေတ်၏ စပါတာပဲ။ စည်းစနစ်ကျတယ် , ကျစ်လစ်တယ် , စိတ်ဓါတ်ပြင်းပြတယ် , ပူး​ပေါင်းစစ်ဆင်​ရေးဆိုတာ ယင်းတို့က စတင်တယ်။
နပိုလီယန်နှင့် ဟစ်တလာတို့ မတိုင်ခင် ရုရှားကို ကျူး​ကျော်ဝင်တိုက်ပြီး ​ရှေးဦး အ​ရေးနိမ့်ခဲ့ဖူးသူဟာ ဆွီဒင်ဘုရင် ၁၂ ဆက်​မြောက် ချားလ်စ်။ မဟာ​မြောက်ပိုင်းစစ်ပွဲကြီး ( Great Northern War ) တွင် ရုရှားဧကရာဇ် မဟာပီတာ ​​အောင်ပွဲရခဲ့တယ် ဆို​ပေမယ့် တဦးချင်းစွမ်းရည် , စည်းစနစ်နှင့် စစ်မက်လိုလားမှု , စိတ်ဓါတ်ပြင်းထန်မှုတို့မှာ ချားလ်စ်က​တောင် သာလွန်မယ်။ ရုရှား၏ ​ပထဝီ , ရာသီဥတုနှင့် စစ်​ရေး လူအင်အားရင်းမြစ် ပြန်လည်ဖြည့်တင်းနိုင်စွမ်း ကုန်ခမ်းမှုကြောင့်သာ ရှုံးနိမ့်ရတယ်။ ယင်းစစ်ပွဲကြီး ပြီး​သောအခါ ဆွီဒင်၏ အင်အားကြီးဟူသော ဂုဏ်ပုဒ်ကို ရုရှားက လွှဲ​ပြောင်းယူသွားတယ်။
■ ဆွီဒင်တို့ ​ကောင်းစားစဥ်က ​ဘော်လတစ်ပင်လယ်ကို ဆွီဒစ် ​ရေကန် ( Swedish Lake ) လို့ ​ခေါ်လို့ရ​အောင် ယ​နေ့​​ခေတ် ဆွီဒင်နိုင်ငံ , ဖင်လန်နိုင်ငံ , လတ်ဗီးယားနိုင်ငံ , ရုရှားနိုင်ငံ စိန့်ပီတာစဘဂ်စ့် ( ထိုစဥ်က Ingria ) အပြင် ဂျာမန်ီ​မြောက်ပိုင်း Pomerania ပါ ဆွီဒင်အင်ပါယာထဲ ပါဝင်တယ်။ ယခုတဖန် ဆွီဒင်တို့ ၂နိုင်ငံ ​နေတိုးအဖွဲ့ဝင် ပြန်ဖြစ်လာ​သောအခါ ​နေတိုး​ရေကန် ပြန်ဖြစ်လာတယ်။ စိန့်ပီတာစဘဂ်ဆိပ်ကမ်းက ဝင်ထွက်​သော Baltic Sea ​ရေလမ်းတ​လျှောက်တွင် ရုရှား Exclave ဖြစ်​သော Kaliningrad ( ယခင်မူလ ပရပ်ရှားနယ်​မြေ ) တခုကလွဲလို့ ​နေတိုးအဖွဲ့ဝင် နိုင်ငံများကသာ ​မေးတင်ထားတယ်။
ဆွီဒင်တပ်မ​တော်သည် အရွယ်အစား​သေးတယ်။ သို့​ပေမယ့် နည်းပညာအဆင့်မြင့်ပြီး Defence Industry အ​ခြေခိုင်တယ်။ နာမည်ကြီး 4th Gen Gripen ​တွေ​ဆိုတာ ဆွီဒင်ဖြစ်​တွေပါ။ လက်တ​​လော အ​နောက်ဥ​ရောပနိုင်ငံ​တွေမှာ အရှိန်မြှင့်​နေတဲ့ စစ်​ရေးဘက်ဂျက်တိုးမြှင့်ပြီး စစ်လက်နက် ပြန်လည်တပ်ဆင်ခြင်းမှာ စ​တော့ဟုမ်းလည်း ပါဝင်တာ​ကြောင့် ယခုထက် Firepower ပိုတက်လာရန်ရှိတယ်။
■ ( Finland ) ဖင်လန်သည် နှစ် ၁၀၀ ​ကျော်ခန့်သာ သက်တမ်းရှိ​သော နိုင်ငံသစ်ပါ။ ယခင်က ဆွီဒင်အစိတ်အပိုင်းဖြစ်ခဲ့ပြီး ၁၉ ရာစုဦးမှာ ရုရှားထံ လက်လွှဲခံရကာ ပထမကမ္ဘာစစ်အပြီးတွင် လွတ်လပ်​ရေးရတယ်။ ယခု​နောက်ပိုင်း မြန်မာနွယ်ဖွား​တွေလည်း အများအပြား အ​ခြေချ​နေကြပြီ။
ဒုတိယကမ္ဘာစစ်ကာလ ( Winter War ) ဖင်လန်-​ဆိုဗီယက်စစ်ပွဲတွင် အ​ရေးနိမ့်​ပေမယ့် မိမိထက် အဆမတန်အင်အားကြီးမား​သော တပ်နီ​တော်ကို အာတိတ်နှင်း​တောအကြား ပြဲကွဲပြီး ၅ ဆ​ကျော်အထိအခိုက်များပြား​စေသည်အထိ အထိနာ​အောင် ခုခံနိုင်ခဲ့တယ်။ အဆိပ်ပြင်းတယ်။
စစ်​အေးကာလ တ​လျှောက် ကြား​နေမူဝါဒကို ကျင့်သုံးထားခဲ့​သော ဆက်ဆံ​ရေးတည်ဟန်ကို Finlandization လို့သိကြတယ်။ အင်အားကြီး နိုင်ငံတခုဟာ အိမ်နီးချင်းနိုင်ငံငယ်တခုကို တဘက်နှင့် ရာနှုန်းပြည့် ပူး​ပေါင်းမသွား​စေသလို နိုင်ငံ​ရေးစနစ်ကိုလည်း ​ပြောင်းလဲ​အောင် ဖိအားမ​ပေး​သော အသွင်​ပေါ့​လေ။ မြန်မာ-တရုတ် ဆက်ဆံ​​​ရေးအတွက် ဥပမာ​ကောင်း ဖြစ်နိုင်မလား။
မည်သို့ဖြစ်​​စေ ကြီးမားလှ​​သော ရုရှား၏ ​ ခြိမ်း​ခြောက်မှု ရှိ​နေတာ​ကြောင့် ဖင်လန်တွင် စစ်​ရေးအစဥ်အလာမြင့်တယ်။ Mandatory စစ်မှုထမ်းစနစ်ရှိပြီး ဖင်လန် အ​မြှောက်တပ်၏ အလက်အ​ရေအတွက်သည် ယူ​ကေနှင့် ပြင်သစ် ၂ နိုင်ငံ​ပေါင်းထက်ကိုပင် အ​တော်ပိုများ​တယ်။
■ ဤ Nordic နှစ်နိုင်ငံ ​​​​နေတိုးအဖွဲ့ဝင် ဖြစ်လာခြင်းသည် ဥ​ရောပတိုက် နိုင်ငံတကာဆက်ဆံ​ရေး အဓိကအ​ပြောင်းအလဲ တခုလို့လဲ ဆိုနိုင်တယ်။ စစ်လက်နက်ပြန်လည် တပ်ဆင်လာကြတာနဲ့ အမျှ အ​မေရိကန်ကို မှီခိုမှုနည်း​သော ဥ​ရောပဝင်ရိုးတခုလည်း ဖြစ်တည်လာနိုင်တယ်။ ​
မော်စကိုအ​နေဖြင့် ယူကရိန်းစစ်​ကြောင့် ​ပေးဆပ်ထားရတာ အ​တော်များ​နေပြီ။ ​ရေရှည်နည်းဗျူဟာတခုဖြစ်တဲ့ ​Chronically ​သွေးထွက်​စေခြင်းမှာ ယူကရိန်းကို ရင်းပြီး ရုရှားကို ချိနဲ့နိမ့်ပါး​စေခြင်းလည်း အလုပ်ဖြစ်သွားနိုင်တယ်။ ဝိတ်ကျသွား​သော ရုရှားနှင့် အင်အားပြန်တက်လာ​သော ဥ​ရောပလက်ယာများ ​ပြန်​ပေါင်းထုပ်ပြီး လွှမ်းခြုံ​သော Western အမျိုးသား​ရေးဝါဒရပ်ဝန်းထဲလည်း ဝင်လာနိုင်မလားဆိုတာလည်း ဖြစ်တန်​ခြေတခုပါ။
■ ဖြည့်စွက်လိုခြင်းက​​တော့ ရုရှားဘိုးဘွားတို့ ကိုယ်ပိုင်ပင်လျှင် ယ​နေ့ ဆွီဒင်နိုင်ငံ​ အရပ်​ဒေသက​နေ ၈ ရာစုပိုင်းကစတင်လို့ ဖင်လန်နိုင်ငံ ဖြစ်လာမည့်​လမ်း​ကြောင်းကို ဖြတ်သန်းကာ ယ​နေ့ရုရှားနိုင်ငံရှိရာသို့ ​ရွေ့​ပြောင်းလာသူ ဗိုက်ကင်းအနွယ်များ ဖြစ်ကြတယ်။ ထိုတုန်းက ယင်းတို့ကို Rus' လို့သိကြပြီး ကိဗ်တွင် နိုင်ငံစတင် ထူ​ထောင်ခဲ့ကြတယ်။ ​ဘိုင်ဇန်တင်းတို့က​တော့ ယင်းကျယ်ဝန်းလှ​သော လွင်ပြင်ကျယ်ကြီးကို ​ရွေ့​ပြောင်းလာကြ​သော စကင်ဒီ​နေဗီးယန်းသားတို့ကို ခြုံငုံလို့ Varangians လို့ ​ခေါ်ခဲ့ကြပြီး ယင်းတို့ကို ​ကြေးစားငှားပြီး ဧကရာဇ်၏ သက်​တော်​စောင့် Varangian Guard ဖွဲ့စည်းထားခြင်းက နာမည်​ကျော်တယ်။
ဆွီဒင်တွင် မူလဇစ်မြစ် စတင်လို့ ရွေ့​ပြောင်းရာ လမ်းတ​လျှောက် ( ဖင်လန်သား) Finns မျိုးနွယ်တို့နှင့်ပါ ​သွေး​နှောခြင်းလည်းရှိခဲ့တာ​ကြောင့် ယ​နေ့ ရုရှားလူမျိုးနှင့် ဆွီဒင် , ဖင်လန် ​တို့သည် ​ဆွေမျိုးနီးစပ်များသာ ဖြစ်​နေကြခြင်းပင်။
၂၈ ​အောက်တိုဘာ ၂၀၂၅

No comments:

Post a Comment