Thursday, September 25, 2025

တရုတ်လူမျိုးတွေ ဘာကြောင့် အသံကျယ်ကျယ်နဲ့ ပြောတတ်ကြပြီး တန်းစီတဲ့အခါ ဘာကြောင့် ကြားဖြတ်ဝင်တတ်ကြတာလဲ။

တရုတ်လူမျိုးတွေ ဘာကြောင့် အသံကျယ်ကျယ်နဲ့ ပြောတတ်ကြပြီး တန်းစီတဲ့အခါ ဘာကြောင့် ကြားဖြတ်ဝင်တတ်ကြတာလဲ။"
တရုတ်ရဲ့ ယဉ်ကျေးမှုနဲ့ တရုတ်လူမျိုးများကို လေ့လာကြည့်ရှုခြင်း
++++++++++++++++++++++++++++++++
ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ကမ္ဘာ့အင်အားကြီးတရုတ်နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး အခင်းအကျင်းမှာ တရုတ်နိုင်ငံက အမြဲတမ်းပါဝင်ပတ်သက်နေပါတယ်။
ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ စစ်တပ်အုပ်ချုပ်မှုအောက်က အလွန်ညံ့ဖျင်းတဲ့ ပညာရေးအောက်မှာ သင်ကြားခဲ့ရတဲ့အတွက် လေ့လာသုံးသပ်မှုစွမ်းရည် အလွန်နည်းသလို အချက်အလက်အပေါ်မှာ အခြေခံပြီး ပြောဆိုတာမျိုးလည်း မလုပ်တတ်ကြပါဘူး။
ဂျပန်နိုင်ငံကတော့ အားလုံးသိကြတဲ့အတိုင်း အနောက်နိုင်ငံတွေက အသိအမှတ်ပြုရတဲ့ နည်းပညာ အရရော စီးပွားရေးအရရော လွန်စွာဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့အဆင့်မီနိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေနဲ့ နှစ်ပေါင်း၂၀ ကျော်ကြာ လက်တွဲအလုပ်လုပ်နေတဲ့သူတစ်ဦးအနေနဲ့ ဂျပန်လူမျိုးတွေရဲ့ သုသေတနစွမ်းအားနဲ့ လေ့လာသုံးသပ်နိုင်စွမ်းကို မျက်မြင်တွေ့ရှိနေရပြီး ဘာကြောင့် စစ်ရှုံးနိုင်ငံတခုအနေနဲ့ ပြာပုံဘဝကနေ တိုးတက်လာခဲ့တာလဲဆိုတာရဲ့ အဖြေကိုလည်း တွေ့မြင်ထားတဲ့သူတစ်ဦးအနေနဲ့ တရုတ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေကို အခြေခံကနေ လေ့လာနေတဲ့စာရေးဆရာ ကွန်ဒို ဒိုင်းဆုကေရဲ့ စာအုပ်တွေထဲကနေ အချက်အလက်အချို့ကို ကောက်နှုတ်တင်ပြလိုက်ပါတယ်။
ကမ္ဘာ့အင်အားကြီးတရုတ်နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ မြန်မာလူမျိုးတွေအနေနဲ့ တရုတ်တွေကို နားလည်ထားဖို့ လိုအပ်ပါတယ်။
ပထမကောက်နှုတ်ချက်အနေနဲ့ "တရုတ်လူမျိုးတွေ ဘာကြောင့် အသံကျယ်ကျယ်နဲ့ ပြောတတ်ကြပြီး တန်းစီတဲ့အခါ ဘာကြောင့် ကြားဖြတ်ဝင်တတ်ကြတာလဲ။" ဆိုတဲ့ အချက်ကို ဘာသာပြန်ပြီး ကောက်နှုတ်တင်ပြလိုက်ပါတယ်။
တရုတ်လူမျိုးတွေက ဘာကြောင့် အသံကျယ်ကျယ်နဲ့ ပြောပြီး တန်းစီတဲ့အခါ ဘာကြောင့် ကြားဖြတ်ဝင်တတ်ကြတာလဲ။ ဂျပန်လူမျိုးတွေရဲ့ ခံစားချက်နဲ့ နားလည်ဖို့ ခက်ခဲတဲ့ တရုတ်လူမျိုးရဲ့ လုပ်ရပ်တွေရဲ့ အရင်းခံမှာ ကျွန်တော်တို့ စိတ်ကူးလို့တောင် မရနိုင်တဲ့ ခက်ခဲကြမ်းတမ်းတဲ့ လူ့အဖွဲ့အစည်းရဲ့ အခြေခံမူတွေ ပုန်းကွယ်နေပါတယ်။
ဂျပန်နိုင်ငံရဲ့ ထိပ်တန်း တရုတ်လေ့လာသူဖြစ်တဲ့ စာရေးဆရာ ကွန်ဒို ဒိုင်းဆုကေရဲ့ “တကယ့်တရုတ်ပြည် ဂျပန်လူမျိုးတွေ မသိတဲ့ အတွေးအခေါ်နဲ့ လုပ်ဆောင်ပုံ အခြေခံမူများစာအုပ်ထဲက ဂျပန်လူမျိုးတွေမသိတဲ့ တရုတ်လူမျိုးတွေရဲ့ ထူးခြားတဲ့ အတွေးအခေါ်နဲ့ လုပ်ဆောင်ပုံနဲ့ အခြေခံမူတွေကို ရှင်းပြထားပါတယ်။
ဒီတစ်ကြိမ်မှာတော့ ဒီစာအုပ်ထဲကနေ အချို့အစိတ်အပိုင်းတွေကို ထုတ်နုတ်ပြီး တရုတ်လူမျိုးတွေက ဘာလို့ အသံကျယ်ကျယ်နဲ့ ကိုယ့ပဲမှန်ကြောင်း ပြောတတ်ကြတာလဲ။ အဲဒီနောက်ကွယ်က "အားကြီးသူသာ ရှင်သန်တယ်" ဆိုတဲ့ တရုတ်လူ့အဖွဲ့အစည်းရဲ့ အခြေအနေမှန်တွေကို မိတ်ဆက်ပေးသွားပါမယ်။
အသံကျယ်သူက အနိုင်ရတဲ့ လူ့အဖွဲ့အစည်း
ဂျပန်နိုင်ငံမှာ တရုတ်ခရီးသွားတွေကို တွေ့ရတဲ့အခါ တရုတ်လူမျိုးတွေဟာ အမြဲတမ်း အသံကျယ်ကျယ်နဲ့ စကားပြောနေတာကို တွေ့ရတတ်ပါတယ်။ ဖုန်းပြောတာတောင် အသံကျယ်ကြတယ်။ ဘာလို့ တရုတ်လူမျိုးတွေက အသံကျယ်ကျယ်နဲ့ ပြောတာလဲ။
ကျွန်တော် စဉ်းစားမိတဲ့ အကြောင်းရင်း ၅ ခု ရှိပါတယ်။
ပထမတစ်ခုကတော့ သူတို့ရဲ့ နိုင်ငံက ကျယ်ပြန့်ပြီး "နေထိုင်မှုစကေး" က ကြီးမားလို့ပါ။
ဒုတိယတစ်ခုကတော့ "အသံကျယ်သူက အနိုင်ရတဲ့ လူ့အဖွဲ့အစည်း" ဖြစ်နေလို့ပါ။
တတိယတစ်ခုကတော့ နောက်ပိုင်းမှာ ဖော်ပြမယ့်အတိုင်း ပါးစပ်ဖွင့်ပြီး ပေါက်ကွဲသံတွေထွက်အောင် ပြောရတဲ့ ရှုပ်ထွေးတဲ့ တရုတ်စာရဲ့ ဖွဲ့စည်းပုံကြောင့်ပါ။
စတုတ္ထတစ်ခုကတော့ "ခေါင်းလောင်းသံလို အသံကျယ်ကျယ်နဲ့ ပြောဆိုဖတ်ကြားပါ" လို့ သင်ကြားတဲ့ ကျောင်းပညာရေးရဲ့ သက်ရောက်မှုကြောင့်ပါ။
ပဉ္စမတစ်ခုကတော့ ပတ်ဝန်းကျင်က လူတွေကို ဂရုမစိုက်လို့ပါ။
ယေဘုယျအားဖြင့် ပြောရရင် သူတို့ကိုယ်တိုင် အသံကျယ်ကျယ်နဲ့ ပြောနေတယ်ဆိုတဲ့ အသိစိတ်တောင် မရှိကြပါဘူး။
စကားမစပ် တရုတ်လူမျိုးတွေဟာ တီဗီကြည့်တဲ့အခါမှာလည်း အသံကျယ်ကြီးနဲ့ ဖွင့်ထားတတ်ပြီး သူတို့အိမ်ကို အလည်သွားတဲ့အခါ အံ့အားသင့်ရတဲ့ အဖြစ်မျိုးတွေ ရှိပါတယ်။
ဒါ့အပြင် အပိုဆောင်းပြောရမယ်ဆိုရင် ပုစဉ်းရင်ကွဲအော်သံဟာလည်း တရုတ်ပြည်က ပုစဉ်းရင်ကွဲတွေက ဂျပန်က ပုစဉ်းရင်ကွဲတွေထက် အများကြီး ပိုကျယ်ပြီး ပိုပြီးတော့ ကြမ်းတမ်းစွာ အော်တတ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် တရုတ်လူ့အဖွဲ့အစည်းဟာ "ငါ" နဲ့ "ငါ" အချင်းချင်း အမြဲတမ်း ပြင်းပြင်းထန်ထန် ထိပ်တိုက် တွေ့နေတာကြောင့် အားကြီးသူသာ ရှင်သန်တဲ့ လူ့အဖွဲ့အစည်း ဖြစ်လာပါတယ်။ ခေတ်ကာလနဲ့အညီ လူ့အဖွဲ့အစည်းက နူးညံ့လာနေပေမယ့် အခြေခံပုံစံကတော့ လုံးဝမပြောင်းလဲသေးပါဘူး။
တရုတ်နိုင်ငံရဲ့ အားသာသူကို ဦးစားပေးသော ယာဉ်သွားလာရေး အခြေအနေများ
+++++++++++++++++++++++++++++
ဥပမာအားဖြင့် ဂျပန်နိုင်ငံရဲ့ ယာဉ်စည်းကမ်းတွေက အားနည်းသူများကို ကာကွယ်ဖို့အတွက် ရေးဆွဲထားပေမယ့် တရုတ်နိုင်ငံမှာတော့ အားသာသူတွေကိုပဲ ဦးစားပေးပါတယ်။
အားအကြီးဆုံးဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အတွက် အမြန်လမ်းမပေါ်မှာ ဦးစားပေးလမ်းကြောပင် ရှိပါတယ်။ သာမန်လမ်းတွေမှာလည်း ကျွန်တော်နေထိုင်ခဲ့တဲ့ ပေကျင်းမြို့ရှိ တိုက်ခန်းအနီးမှာ ၈ လမ်းသွား လမ်းမကြီး တစ်ခုရှိခဲ့ပြီး၊ ဒီနေရာမှာ လူကူးလမ်းအတွက် မီးစိမ်းပြတာဟာ ၁၅ စက္ကန့်သာဖြစ်ပါတယ်။
ဒါ့ကြောင့် မီးနီကနေ မီးစိမ်းကို ပြောင်းတာနဲ့တပြိုင်နက် လူတွေဟာ အပြေးပြိုင်ပွဲဝင်သလို အရှိန် နဲ့ လမ်းဖြတ်ကူးကြရပါတယ်။ ဒီလိုနေရာတွေမှာ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေကို ကျွန်တော် တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး။
ကားမောင်းနှင်တာနဲ့ ပတ်သက်ပြီးပြောရရင်လည်း ဂျပန်နိုင်ငံမှာ ယာဉ်မောင်းသူတွေဟာ တစ်ဦးကိုတစ်ဦး လမ်းပေးတာကို ယဉ်ကျေးမှုတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့ လမ်းတွေပေါ်မှာတော့ ယာဉ်မောင်းတွေကတော့ အနည်းငယ် လစ်ဟသွားတာနဲ့ “ငါအရင်” ဆိုတဲ့စိတ်နဲ့ ရှေ့ကို ဝင်ရောက်နိုင်ဖို့ ကျားတစ်ကောင်လိုမျိုး အသင့်စောင့်ကြည့်ပြီး မောင်းနှင်နေကြပါတယ်။
ကားတိုက်ခံရသူကပဲ အမှားဖြစ်နေတာလား
++++++++++++++++++++++++
ကျွန်တော် တစ်ခါတုန်းက တရုတ်ပြည်မှာ လမ်းဖြတ်ကူးနေတုန်း ဘေးကနေ ရုတ်တရက် ထွက်လာတဲ့ မော်တော်ဆိုင်ကယ်တစ်စီးနဲ့ တိုက်မိပြီး လဲကျသွားခဲ့ပါတယ်။ ခြေထောက်နာနေလို့ မထနိုင်ဘဲ ရှိနေတုန်းမှာ ဆိုင်ကယ်မောင်းတဲ့ အလယ်ပိုင်းအရွယ် အမျိုးသားက ကျွန်တော့်ကို လက်ညှိုးထိုးပြီး အသံကျယ်ကျယ်နဲ့ အပြစ်တင်ခဲ့ပါတယ်။
"မင်းကြောင့် မှန်ကွဲသွားပြီ၊ အခုချက်ချင်း လျော်ပေး!"
ကျွန်တော် မနည်း ထရပ်ပြီး ပြန်ပြောဖို့ ကြိုးစားခဲ့ပေမယ့် ခြေထောက်နာနေလို့ အသံက တုန်နေခဲ့ပါတယ်။ ဆိုင်ကယ်မောင်းသူကတော့ စုရုံးလာတဲ့ ပွဲကြည့်ပရိသတ်တွေကို အသံကျယ်ကြီးနဲ့ အော်ဟစ်ပြောဆိုခဲ့ပြီး ရောက်လာတဲ့ ယာဉ်ထိန်းရဲကိုလည်း အသံကျယ်ကျယ်နဲ့ပဲ ပြောခဲ့ပါတယ်။ အဲဒီရဲ့ရလဒ်ကတော့ ယာဉ်ထိန်းရဲက ကျွန်တော့်ကို ပြောလိုက်တာက...
"တကယ်ပဲ မင်းက ကားတိုက်ခံရတဲ့သူဖြစ်ပေမယ့် မင်းမှားတယ်ကွ။ အခုပဲ ၃၀ ယွမ် (၆၀၀ ယန်းခန့်) ကို မောင်းသူကို ပေးလိုက်"
အဲဒီနေ့ကစပြီး ကျွန်တော်ဟာ မနက်အိပ်ယာထတာနဲ့ မှန်ရှေ့မှာ ကိုယ်ဟန်အမူအရာတွေပါ ထည့်ပြီး အသံကျယ်ကျယ်နဲ့ အသံထွက်လေ့ကျင့်ခန်း လုပ်ခဲ့ပါတယ်။ အဲဒီကတည်းက ဒဏ်ကြေးတွေ ပေးရတော့တာ မရှိတော့ပါဘူး။
ဂျပန်မှာတော့ ယာဉ်နဲ့လူမှာ လူကို ဦးစားပေးတဲ့နိုင်ငံဖြစ်တဲ့အတွက် တိုက်မိလို့လဲသွားတဲ့သူကို ဘာမှမလုပ်ပေးရင် အဲ့ဒီယာဉ်မောင်းမှာ အပစ်ရှိပါတယ်။

Grace ဘာသာပြန်သည်။ 

No comments:

Post a Comment