Thursday, June 26, 2025

Banana Cake 2

 အိမ်မှာ ဌက်ပျောသီးတွေလည်းရှိနေတယ်။ နေ့လည်လက်ဘက်ရည်သောက်ချိန်မှာ မိန်းမဘက်က အမျိုးတွေ ဧည့်သည်တွေလည်းရှိနေတော့ ကိတ်လေးတလုံးလောက် ကျွေးချင်လို့ ဌက်ပျောသီးကိတ် ဖုတ်တာ သင်ပေးပါလားဆိုတာနဲ့ Oven နဲ့ရော Air Fryer နဲ့ရော ၂မျိုးလုံးနဲ့ လုပ်မယ်ဆိုပြီး ကိတ်ခွက် ၃ခွက်စာ တခါတည်းပြင်ဆင်ခိုင်းလိုက်တယ်။

ဌက်ပျောကိတ်ပေါ့ဗျာ။ ၃လုံးစာအတွက်ဆို
အထွေထွေသုံး ဂျုံနု ၆၄၀ဂရမ်
ကြက်ဥ ၈လုံး
သကြား ၄၀၀ ဂရမ်
ဒိန်ချဥ် ၂၀၀ဂရမ်
ဆီ ၃၀၀ဂရမ်
ဌက်ပျောသီး ၆လုံး
ဘေကင်ပေါင်ဒါ ၂၈ဂရမ်
ဘေကင်ဆိုဒါ ၉ဂရမ်
စပျစ်ခြောက်ရှိရင် အနည်းငယ်
ဆား လက်ဖက်စားဇွန်း ၁ဇွန်း
ဌက်ပျောသီးအနံ့ရှိရင် ၁စက် ၂စက်လောက် ဒါပဲလိုအပ်တယ်။ မရှိလည်းရတယ်။ ကျွန်တော့်မှာမရှိလို့ မထည့်နေတော့ဘူး။ မဖုတ်ခင်မှာ ကျွန်တော့် Oven က 48L မို့ 170°C နဲ့ ၁၀မိနစ် Pre Heat ပေးထားလိုက်တယ်။ ခွက်တွေကိုလည်း မကပ်အောင် ဆီသုတ်ခိုင်းထားလိုက်တယ်။
ဌက်ပျောသီး သကြား ဆား ကို Hand Mixer နဲ့ ရောပြီး ကျေအောင်မွှေခိုင်းထားတယ်။ ​ကျေပြီဆိုတာနဲ့ ကြက် ဥတလုံးချင်းထည့်ပြီး ဒိန်ချဥ် ဆီ ထည့်ပြီး မွှတ်နေအောင် သကြားတွေလည်း​ကျေအောင် ဆက်တိုက်မွှေခိုင်းထားတယ်။ ဂျုံ ဘေကင်ပေါင်ဒါ ဘေကင်ဆိုဒါ တဖြည်းဖြည်းချင်းထည့်ပြီး မုန့်သားတွေ ကျေညပ်ချောမွတ်လာအောင် မွှေခိုင်းလိုက်တယ်။ မုန့်သားတွေရရင် ခွက် တ၀က်စီထည့်ပြီး မျှလိုက်တယ်။ ၂လုံး အ၀ိုင်းခွက်က ၈လက်မ ကိတ်ခွက်မို့ ကျွန်တော့် Air Fryer 5L နဲ့ မဆန့်ဘူး။ Oven နဲ့ ဖုတ်ပြီး လေးထောင့်ကို Air Fryer နဲ့ ဖုတ်လိုက်တယ်။
Oven နဲ့ 170°C နဲ့ မိနစ် ၃၀လောက်ပဲ ဖုတ်လိုက်ရတယ်။ သွားကြားထိုးတံနဲ့ထိုးကြည့်တော့ ရနေပြီ။ အရောင်လေးလည်းလှတယ်။
Air Fryer ကျတော့ 170°C နဲ့ မိနစ် ၃၀လောက် ဖုတ်လိုက်တယ်။ သွားကြားထိုးတံနဲ့ ထိုးကြည့်တော့ နဲနဲစိုနေသေးလို့ နောက် ၁၀မိနစ်လောက်ထားလိုက်တယ်။ အရောင်ကျတော့ မျက်နှာပြင်က ရဲနေပြီး အတွင်းသားက အိတယ်။
ဒီ ဌက်ပျောကိတ်ကို ၂မျိုးလုံးနဲ့ ယှဥ်ကြည့်ပြီး ပြောချင်တာကတော့ Oven ကျ ကာလာမှန်တယ်။ အပေါ်မီး အောက်မီးပါတော့ ဘယ်လောက်ထူထူ စုံကျက်တယ်။ Air Fryer ကျတော့ မုန့်သားအထူကြီးဆိုရင် စုံမကျက်ဘူး။ မုန့်သားပါးရင်တော့ အချိန်ကုန်မြန်တယ်။ မီးမစားဘူးပေါ့လေ။
မိန်းမကမေးတယ် ဘေကင်ပေါင်ဒါရော ဘေကင်ဆိုဒါရော ဘာလို့သုံးတာလဲ မေးခွန်းထုတ်တော့ ဌက်ပျောသီးကိတ်မို့ ပွအောင်ထည့်ရတာလို့ ဒီပမာဏဖုတ်လို့ ကျစ်သွားရင် စားမကောင်းဘူးလို့ ​ဖြေရတယ်။ ပြီးတော့ ၂ဆပွတာမို့ မုန့်သားကို ခွက်တ၀က်ပဲထည့်ရတယ်။ ပိုထည့်ရင် ပွတက်ပြီး လျှံသွားရင် ကိတ်သားလည်းမလှဘူးပေါ့။
ဒီနေ့ နေ့လည်ခင်း Tea Time ကတော့ ဌက်ပျောကိတ်နဲ့ လက်ဘက်ရည် ဧည့်ခံဖြစ်လိုက်တယ် 😊

Banana Cake 1

 Banana Cake ကို ကျွန်တော် Air Fryer နဲ့ရော Oven နဲ့ရော ဖုတ်တာ ရေးပေးဖူးတယ်။ ထုံးစံအတိုင်း သင်္ဘောပေါ် တပတ် ၃ရက်လောက် အချိုပွဲလုပ်တယ်။ ဒီနေ့ကတော့ Banana Cake ပေါ့။ ကျွန်တော် ပြီးခဲ့တဲ့လ ၂၇ ရက်နေ့က Join Ship လုပ်တော့ Provision ဘုတ်ညနေမှ လာလို့ တညလုံးသယ်လိုက်ရတဲ့အကြောင်း ရေးလိုက်သေးတယ်။ ဌက်ပျောသီးက ကီလို ၄၀လောက်ပါလာတယ်။ ကိုယ့်သင်္ဘောသားတွေကို နေ့လည်တိုင်း အသီးတမျိုးမျိုးကျွေးတယ်။ ဌက်ပျောသီးကို တရက်ခြားကျွေးတာတောင် မကုန်လို့ မဲလာပြီ ပျော့လာပြီ။ ဒီတော့ အမြဲသုံးလို့ရနေအောင် ခဲထားလိုက်တယ်။ ကိတ်မုန့်ဖုတ်ချင်ရင် အခဲအသားခန်းထဲထုတ်ပြီး သုံးရုံပဲပေါ့။

ကျွန်တော့်မှာ ကိတ်မုန့်လုပ်တဲ့ဂျုံနုမရှိဘူး။ ရိုးရိုး All Purpose Flour တွေပဲရှိတယ်။ ပြသနာမရှိဘူး အထွေထွေသုံးဂျုံဖြစ်ရင်ပြီးရော ဆိုင်ကထက်တောင်ကောင်းမဲ့ကိတ်မျိုး လုပ်တတ်ရင် ရတာပေါ့ဗျာ။ ကျွန်တော်အခု ပြထားတဲ့ ကိတ်ခွက် ၄လုံးစာရတာပေါ့။
အထွေထွေသုံး ဂျုံ ၅၈၀ ဂရမ်
ကြက်ဥ ၈လုံး
သကြား ၄၀၀ ဂရမ်
ဒိန်ချဥ် ၂၀၀ဂရမ်
ဆီ ၃၀၀ဂရမ်
ဌက်ပျောသီး ၆လုံး ၆၄၀ဂရမ်
ဘေကင်ပေါင်ဒါ ၂၈ဂရမ်
ဘေကင်ဆိုဒါ ၉ဂရမ်
စပျစ်ခြောက်ရှိရင် အနည်းငယ်
ဆား လက်ဖက်စားဇွန်း ၁ဇွန်း
ဌက်ပျောသီးအနံ့ရှိရင် ၁စက် ၂စက်လောက် ဒါပဲလိုအပ်တယ်။ မရှိလည်းရတယ်။ စပျစ်ခြောက်မရှိလည်း ဘာမှမဖြစ်ဘူး။ ကျွန်တော့်မှာ ဘေကင်ဆိုဒါမရှိလို့ အခုတောင်မထည့်ထားဘူး။ ဒါပေမဲ့ လုံး၀ကိုရှယ်အရသာရတယ်။
Oven ကောင်းရင် ပုံမှန်ဆို 170 180°C လောက် Pre Heat ပေးရင်ရပြီ။ မိနစ် ၃၀လောက် ဖုတ်ရင်ရတယ်။
ဌက်ပျောသီး သကြား ဆား ကို Hand Mixer နဲ့ ရောပြီး ကျေအောင်မွှေတယ်။ ကျေပြီဆိုတာနဲ့ ကြက် ဥတလုံးချင်းထည့်ပြီး ဒိန်ချဥ် ဆီ ထည့်ပြီး မွှတ်နေအောင် သကြားတွေလည်းကျေအောင် ဆက်တိုက်မွှေတယ်။ ဂျုံ ဘေကင်ပေါင်ဒါ ဘေကင်ဆိုဒါ တဖြည်းဖြည်းချင်းထည့်ပြီး မုန့်သားတွေ ကြေညပ်ချောမွတ်လာအောင် မွှေလိုက်တယ်။ မုန့်သားရပြီဆို ဖုန်မဲ့ခွက်တွေကို ဆီလေးပွတ်ထားလိုက်တယ်။ မကပ်အောင်ပေါ့။ ခွက်တွေထဲ ထည့်လိုက်တယ်။
Oven နဲ့ ဆို 170°C နဲ့ မိနစ် ၃၀လောက်ပဲ ဖုတ်လိုက်မှာ။ ကျွန်တော့် ဒီက Oven ကြီးက အပူချိန် ၂၀၀ မှာထားရတယ်။ ကြာချိန်ကလည်း မိနစ် ၅၀လောက်ပေးရတယ်။ ဒါတောင် ကျွန်တော်သိပ်မကြိုက်သေးဘူး။ သွားကြားထိုးတံနဲ့ ထိုးကြည့်တော့ နဲနဲစိုနေသေးလို့ ထားရသေးတယ်။
ဌက်ပျောကိတ်လုပ်ရင် ဘေကင်ပေါင်ဒါရော ဘေကင်ဆိုဒါရော ဘာလို့သုံးတာလဲဆိုလို့ ထည့်ရင် ပွပြီးပိုစားကောင်းတယ်။ ဌက်ပျောသီးကိတ်မို့ ပွအောင်ထည့်ရတယ်။ တခြားကိတ်တွေမှာ လိုတဲ့အမျိုးအစားလိုတာရှိသလို မလိုတာတွေလည်းရှိတယ်။ ပွတက်လာလို့ ခွက် တ၀က်ပဲ ထည့်ရတာပေါ့လေ။
သင်္ဘောသားတွေအတွက် အကောင်းဆုံး အစားအစာတွေနေ့စဥ် ပြုလုပ်ပေးနေရတာနဲ့တင် ကျွန်တော့်အလုပ်မှာ ပျော်ရွှင်နေပါတယ်။ ကျွန်တော့်ကို ထမင်းကျွေးနေတဲ့အလုပ် မိသားစုစား၀တ်နေရေးအတွက် ကျွန်တော် လုပ်နေတဲ့ ကျွန်တော့် Galley လုပ်ငန်းခွင်ကိုလည်း ချစ်တယ်။ ပျော်လည်းပျော်ပါတယ်။

ပေါင်မုန့်ကြက်ဥကြော်အိအိလေး joy the pa chyl FB

လူမျိုးစုံလင်ကွဲပြားခြင်းနှင့် အမျိုးသားနိုင်ငံအပေါ်အခြေခံသောတိုင်းပြည်တွင် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း Part 4

 *လူမျိုးစုံလင်ကွဲပြားခြင်းနှင့် အမျိုးသားနိုင်ငံအပေါ်အခြေခံသောတိုင်းပြည် အမျိုးသားရေးဝါဒခေတ်တွင် ဗဟိုချုပ်ကိုင်ခြင်းမှ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း* အပိုင်း ၄

-အမျိုးသားနိုင်ငံဆိုတာ စိတ်ကူးနဲ့ပုံဖော်ထားတဲ့ လူ့အသိုက်အဝန်း၊ အဲဒီအသိုက်အဝန်းမှာ အားလုံး ပါမလား၊ တချို့ကို ချန်ထားခဲ့မလား?
အထက်မှာ ဖော်ပြခဲ့ပြီးတဲ့အတိုင်း ကိုလိုနီခေတ်တုံးကကော၊ ဒီကနေ့ခေတ်မှာပါ ရှိနေတဲ့၊ လူမျိုးအုပ်စုဆက်ဆံရေးကို ပြဋ္ဌာန်းလွှမ်းမိုးတဲ့ စနစ်ဆိုင်ရာအကြောင်းချင်းရာတွေ၊ တဦးချင်းနဲ့ဆိုင်တဲ့ ပုဂ္ဂလိကအကြောင်းချင်းရာတွေဟာ လက်ရှိမှာ အမျိုးသားနိုင်ငံကို ကျနော်တို့ ဘယ်လိုပြဋ္ဌာန်းပုံဖော်ချင်သလဲ စဉ်းစားတဲ့အပေါ်မှာ လာပြီးတော့ လွှမ်းမိုးမှုရှိနေပါတယ်။ အမျိုးသားနိုင်ငံကို အားလုံးပါဝင်မှုရှိတဲ့ အမျိုးသားနိုင်ငံအဖြစ် စဉ်းစားမလား၊ ဒါမှမဟုတ် တချို့ကို ချန်လှပ်ထားခဲ့မလားဆိုတာပေါ့။
ဘန် အန်ဒါဆင်က သူ့ရဲ့ ထင်ရှားကျော်ကြားတဲ့ စာအုပ် “စိတ်ကူးပုံဖော်ထားတဲ့အသိုက်အဝန်း” စာအုပ်မှာ အမျိုးသားနိုင်ငံဆိုတာဟာ ပုံနှိပ်ထုတ်ဝေမှုအရင်းရှင်စနစ် print capitalism နဲ့အတူ ပေါ်ပေါက်ထွန်းကားလာတဲ့ ခေတ်ပေါ်လူလုပ်အယူအဆ modern construct ပဲလို့ ဆိုပါတယ်။ အမျိုးသားရေးဝါဒ nationalism ကို တခြား ဝါဒ တွေ (ဥပမာ လစ်ဘရယ်ဝါဒ၊ ရှေးရိုးစွဲဝါဒ၊ ဆိုရှယ်လစ်ဝါဒ စတာတွေနဲ့) ယှဉ်ထိုးစဉ်းစားကြည့်ရင် အမျိုးသားရေးဝါဒရဲ့ အနှစ်အသားက ဘာလဲ၊ အမျိုးသားနိုင်ငံဆိုတာ ဘာလဲဆိုတာကို နားလည်ဖို့ခက်တယ်၊ ရှုပ်ထွေးတယ်လို့ သူက ဆိုပါတယ်။ ဒီတော့ အန်ဒါဆင်က နေးရှင်း အမျိုးသားနိုင်ငံဆိုတာဟာ “စိတ်ကူးနဲ့ပုံဖော်ထားတဲ့နိုင်ငံရေးအသိုက်အဝန်းဖြစ်တယ်။ စိတ်ကူးနဲ့ပုံဖော်ရာမှာ တခါထဲ ကန့်သတ်ထားပြီးဖြစ်သလို အချုပ်အခြာအာဏာပိုင်စိုးတယ်လို့လဲ စိတ်ကူးထားပြီး ဖြစ်တယ်” လို့ အနက်အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ “စိတ်ကူးနဲ့ပုံဖော်ထားတယ်”လို့ ပြောရတဲ့အကြောင်းကတော့ “အသေးငယ်ဆုံး အမျိုးသားနိုင်ငံကလေးမှာတောင် သူ့အဖွဲ့ဝင်တွေဟာ ဘယ်သောအခါမှ သူ့ရဲ့ တနိုင်ငံထဲသားချင်း၊ အဖွဲ့ဝင်တွေအကုန်လုံးကို သိကျွမ်းဖို့မဖြစ်နိုင်လို့ဖြစ်ပါတယ်။ ဒီလိုသာ အကုန်လုံးကို သိကျွမ်းဖို့ မဖြစ်နိုင်တာသာရှိရမယ်၊ သူတို့ တယောက်ချင်းစီရဲ့ စိတ်ထဲမှာတော့ သူတို့အားလုံးရဲ့ တစည်းတလုံးထဲ၊ တသိုက်တဝန်းထဲ ဖြစ်မှုဆိုတဲ့ ပုံရိပ်က ရှိနေလို့ပါပဲ။” ဒီလို စိတ်ကူးပုံဖော်ထားရာမှာ “ကန့်သတ်ထားတယ်”လို့ ပြောရတဲ့အကြောင်းကတော့ စိတ်ကူးပုံဖော်ထားတဲ့ အမျိုးသားနိုင်ငံမှာ နယ်နိမိတ်လဲ ပါရှိပြီး ဖြစ်နေလို့ ဖြစ်ပါတယ်။ အမျိုးသားနိုင်ငံဟာ ခေတ်ဟောင်းက အင်ပါယာကြီးတွေလို အကျယ်အပြန့် လွှမ်းမိုးထားတယ်ဆိုတာမျိုးလဲ မဟုတ်လို့ ဖြစ်ပါတယ်။ တခါ စိတ်ကူးထဲမှာ “အချုပ်အခြာအာဏာပိုင်စိုးတယ်”လို့ စိတ်ကူးပုံဖော်ထားတယ်ဆိုတဲ့သဘောက အမျိုးသားနိုင်ငံဟာ “ဉာဏ်သစ်လှုပ်ရှားမှုနဲ့ တော်လှန်ရေးကြောင့် ဘုရင်ဟာ ဘုရားသခင်က အာဏာအပ်နှင်းထားတာဆိုတဲ့ တရားဝင်မှု မရှိတော့တဲ့အချိန်၊ အဆင့်ဆင့်အထက်အောက်အုပ်ချုပ်တဲ့ ဘုရင်စနစ်မရှိတော့တဲ့အချိန်မှာ ပေါ်ပေါက်လာတာဖြစ်ပြီးတော့ ... အမျိုးသားနိုင်ငံတွေဟာ လွတ်လပ်တယ်လို့ စိတ်ကူးစဉ်းစားကြကာ... အဲဒီလွတ်လပ်မှုရဲ့ တံဆိပ်အမှတ်သညာဟာ အချုပ်အခြာအာဏာပိုင်တိုင်းပြည်” ဖြစ်လို့ပဲ ဖြစ်ပါတယ်။
ပြီးတော့ အမျိုးသားနိုင်ငံဟာ “အသိုက်အဝန်းတခု” ဖြစ်ပါတယ်။ ဒီလိုပြောရခြင်းအကြောင်းကတော့ “အမျိုးသားနိုင်ငံမှာ ဘယ်လိုပဲ မမျှတမှုတွေ၊ ခေါင်းပုံဖြတ်မှုတွေ ရှိနေပါစေ၊ အမျိုးသားနိုင်ငံကို စိတ်ကူးကြည့်မြင်ကြပုံကတော့ နက်ရှိုင်းတဲ့ ရေပြင်ညီ သွေးသောက်ဘက်၊ ရဲဘော်ရဲဘက်စိတ်နဲ့ ကြည့်မြင်ကြလို့ပဲဖြစ်ပြီး၊... ဒီ အိုးစားဘက်စိတ်ကပဲ...လူပေါင်းများစွာ... ဒီကန့်သတ်ထားတဲ့ စိတ်ကူးပုံဖော်မှုအတွက် သူတို့အသက်ကို စတေးနိုင်လောက်အောင် အစွမ်းထက်တာဖြစ်ပါတယ်။”
အမျိုးသားနိုင်ငံဆိုတာ စိတ်ကူးပုံဖော်ထားတဲ့နိုင်ငံရေးအသိုက်အဝန်းဆိုတာ၊ အကန့်အသတ်နဲ့ရှိတယ်၊ အချုပ်အခြာအာဏာပိုင်စိုးတယ်ဆိုတာကို လက်ခံပြီဆိုရင်တော့ ဆက်ပြီး မေးစရာ မေးခွန်းက ဘယ်လိုစိတ်ကူးပုံဖော်မှုတွေ ကျနော်တို့မှာ ရှိနေသလဲ၊ ဘယ်လိုစိတ်ကူးပုံဖော်မှုတွေကို သုံးပြီး အဲဒီ စိတ်ကူးနဲ့ပုံဖော်ထားတဲ့ နိုင်ငံရေးအသိုက်အဝန်း တနည်းအားဖြင့် အမျိုးသားနိုင်ငံ nation ကို ပုံဖော်တည်ဆောက်ကြမလဲ၊ နားလည်စဉ်းစားကြမလဲဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။
အန်သနီ စမစ်က သူ့ရဲ့အရေးကြီးတဲ့ စာအုပ်ဖြစ်တဲ့ “Ethnic Origins of Nations” အမျိုးသားနိုင်ငံများရဲ့ လူမျိုးအုပ်စုဆိုင်ရာအခြေခံများ စာအုပ်မှာ အမျိုးသားနိုင်ငံ ဆိုတာ ခေတ်ပေါ် မော်ဒန် လူလုပ်အယူအဆ modern construct ပဲဆိုတာကို သဘောတူပါတယ်။ ဒါ့အပြင် သူ ဆက်လက်ပြီး တင်ပြတာက နေးရှင်း ခေါ်တဲ့ အမျိုးသားနိုင်ငံကို စိတ်ကူးပုံဖော်ကြရာမှာ အဓိက စံပုံစံ နှစ်ခု ရှိပါတယ်တဲ့။ “လူမျိုးအုပ်စု-သွေးသားတော်စပ်မှု” “ethnci-genealogical” အခြေခံ ပုံစံ နဲ့ “နိုင်ငံသား-နယ်နိမိတ်” “civic-territorial” အခြေခံပုံစံ ဆိုတဲ့ စံပုံစံ နှစ်ခု ဖြစ်ပါတယ်။
လူမျိုးအုပ်စု-သွေးသားတော်စပ်မှု အခြေခံ စိတ်ကူးပုံဖော်မှုဆိုတာက ကျနော်တို့ရဲ့ လူမျိုးအုပ်စု ethnic၊ ထုံးဓလေ့ cultural နဲ့ ယုံကြည်ကိုးကွယ်မှု religious attributes တွေ (အခြေခံတွေ) အပေါ် မူတည်ပြီး အမျိုးသားနိုင်ငံဆိုတာကို တည်ဆောက်ပုံဖော်တာမျိုးကို ဆိုလိုပါတယ်။ ဘာသာစကား၊ ဓလေ့ထုံးတမ်းနဲ့ ယုံကြည်မှုအစွဲအလမ်းတွေကို အဓိက အသားပေးပါတယ်။ အတီတေ အတိတ်က “ဘယ်လိုသမိုင်းကြောင်းရှိခဲ့တယ်”ဆိုတာကို ပရိုမိုးရှင်းလုပ်ပါတယ်။ ဒဏ္ဍာရီတွေ၊ သမိုင်းပုံပြင် legends တွေ myths တွေအပါအဝင်ပေါ့။ အဲဒီရှိရှိသမျှသော ethnic အခြေခံ လူမျိုးအုပ်စုအခြေခံတွေကို သုံးပြီး လက်ရှိပစ္စုပ္ပန် အကြောင်းကို ဆင်ခြင်ဖို့လုပ်ပါတယ်။ အနာဂတ်ကို ပြဋ္ဌာန်းဖို့လဲ သုံးပါတယ်။
ဒီလိုပုံစံမျိုးနဲ့ အမျိုးသားနိုင်ငံကို စိတ်ကူးပုံဖော်ကြတာ ကမ္ဘာမှာ များစွာ တွေ့ရပါတယ်။ နှစ်ရာစုများစွာလဲ တွေ့ရပါတယ်။ လူတွေဟာ တယောက်နဲ့တယောက် ဘယ်လောက်အလှမ်းဝေးကွာ နေကြပါစေ၊ အသက်သာကုန်သွားမယ် အဲဒီ တခုတည်းသော စိတ်ကူးပုံဖော်ထားတဲ့အသိုက်အဝန်းမှာပါကြတဲ့ လူတွေ တယောက်နဲ့တယောက် တွေ့ကြဆုံကြဖူးဖို့ဆိုတာ ဘယ်လိုပဲမဖြစ်နိုင်ပါစေ၊ လူတွေအားလုံးကို စိတ်ကူးပုံဖော်ထားတဲ့ အသိုက်အဝန်းတခုထဲရဲ့ အဖွဲ့ဝင်တွေအဖြစ် အပေါ်ကပြောခဲ့တဲ့နည်း လူမျိုးအုပ်စု-သွေးသားတော်စပ်မှုနည်းနဲ့ စုပေါင်းစည်းရုံးတာဟာ အားကြီးပြီး အော်ဂဲနစ်နည်းမျိုး ဖြစ်ပါတယ်။
ဒါပေမဲ့လဲ အဲသလို နည်းမျိုးနဲ့ အမျိုးသားနိုင်ငံကို စိတ်ကူးပုံဖော်တဲ့နေရာမှာ ဒီအမျိုးသားနိုင်ငံကို ဗဟု-လူမျိုးအုပ်စု ဗဟု-ယုံကြည်ကိုးကွယ်မှုရှိတဲ့ လူ့အဖွဲ့အစည်းမျိုးမှာ ကျင့်သုံးတယ်ဆိုပါစို့။ ဥပမာ လူများစုအုပ်စုတွေက လူနည်းစုအုပ်စုတွေအပေါ် မလေးရှားမှာ၊ အင်ဒိုနီးရှားမှာ၊ ဗမာပြည်မှာ လုပ်သလိုမျိုး လူများစု လူမျိုးအုပ်စု-ယုံကြည်ကိုးကွယ်မှု ရှိတဲ့ သူတွေကိုသာ အခွင့်သာစေပြီး လူနည်းစု “တခြား”လူအုပ်စုတွေဟာ ဒီလူများစုနဲ့ ဘာသာစကားအားဖြင့် မတူလို့၊ ပုံပြင်ဒဏ္ဍာရီတွေ၊ သမိုင်းဆိုင်ရာအမှတ်တရတွေ၊ ယုံကြည်ကိုးကွယ်မှုဆိုင်ရာအယူသဘောတွေ မတူကြလို့၊ သူတို့ အနေနဲ့ ဒီ အမျိုးသားနိုင်ငံဟာ သူတို့နဲ့ မဆိုင်ဘူးလို့၊ သီးခြားဖယ်ကျဉ်တယ်လို့ စိတ်ထဲမှာ ခံစားလာရနိုင်ပါတယ်။ နိုင်ငံသား-နယ်နိမိတ်အခြေခံ အမျိုးသားနိုင်ငံမှာတော့ ဒီလိုမျိုး လူမျိုးအုပ်စု-ဘာသာရေးဆိုင်ရာ အခြေခံတွေကိုချည်းပဲ ကွက်ပြီး အခြေမခံပါဘူး။ ဆိုင်ရာ နယ်နိမိတ်အတွင်းမှာ နေထိုင်ကြတဲ့ မည်သူမဆို၊ လူမျိုးအုပ်စု၊ ဂျန်ဒါ၊ ဒေသ၊ လူမျိုး၊ အသက်၊ တခြားနောက်ခံအခြေအနေတွေအပေါ်မူတည်ပြီး ခွဲခြားမှုမျိုး မလုပ်ဘဲ တန်းတူရည်တူ ရပိုင်ခွင့်၊ တန်းတူရည်တူ အခွင့်အရေးပေးဖို့ ပရိုမုတ်လုပ်ပါတယ်။
ဒီလို နိုင်ငံသား-နယ်နိမိတ်အခြေခံပြီး အမျိုးသားနိုင်ငံကို စဉ်းစားတဲ့ ပုံစံမှာ နိုင်ငံသားတွေအားလုံး တူညီတဲ့အခွင့်အရေးတွေ ရှိသလို၊ နိုင်ငံသားတာဝန်တွေလဲ ရှိပြီးတော့ ဒီလို အခွင့်အရေးတွေ၊ တာဝန်တွေ ရှိတဲ့နိုင်ငံသားတွေဟာ အနာဂတ်ကာလကို အတူတူ အသိုက်အဝန်းတခုအနေနဲ့ ဆက်လက်ချီတက်သွားနိုင်ကြဖို့ကို အဓိက ဦးစားပေးစဉ်းစားပါတယ်။ သေချာတာကတော့ ဒီလိုအမျိုးသားနိုင်ငံမျိုးမှာ ဘုံဘာသာစကား(တခု ဒါမှမဟုတ် အများ) ရှိပါလိမ့်မယ်။ ဒီအမျိုးသားနိုင်ငံမှာ အားလုံး မျှဝေလက်ခံတဲ့ ယုံကြည်ယူဆမှုတွေ၊ သမိုင်းကြောင်းအစဉ်အလာ၊ ဒဏ္ဍာရီတွေ ရှိရပါလိမ့်မယ်။ အတိတ်သမိုင်းကို နိုင်ငံလုံးဆိုင်ရာ ပိတ်ရက် national holidays တွေနဲ့ ဂုဏ်ပြုတာ၊ ပျော်ပွဲရွှင်ပွဲတွေ ဆင်နွဲတာတွေလဲ ရှိမှာဖြစ်သလို အမှတ်သရုပ်လက္ခဏာတွေဟာလဲ အားလုံးပါဝင်မှုရှိတဲ့၊ လူများစုအုပ်စုတွေထံကကော လူနည်းစုအုပ်စုတွေထံကပါ, ပါဝင်ရယူထားတဲ့ အမှတ်သရုပ်လက္ခဏာတွေ ဖြစ်လာမှာဖြစ်ပါတယ်။ ဒီလိုနည်းအားဖြင့် မူဝါဒတွေ၊ အစီအစဉ်တွေနဲ့ ဗဟုဓလေ့ဝါဒ multiculturalism ကို မြှင့်တင်ပေးတာတွေဟာလဲ နိုင်ငံသား-နယ်နိမိတ်အခြေခံ အမျိုးသားနိုင်ငံကို စိတ်ကူးပုံဖော်စဉ်းစားမှုမှာ အစိတ်အပိုင်းတရပ်အနေနဲ့ ပါဝင်လာရမှာဖြစ်ပါတယ်။
ဆက်ပါဦးမည်။
Loh, Francis Kok Wah. “Ethnic Diversity and the Nation State: From Centralization in the Age of Nationalism to Decentralization amidst Globalization.” Inter-Asia Cultural Studies 18, no. 3 (July 3, 2017): 414–32. https://doi.org/10.1080/14649373.2017.1346165. ကို ပါမောက္ခဖရန်စစ်လို အသက် ၇၀ ပြည့် မွေးနေ့အကြို အမှတ်တရအဖြစ် ထက်မင်းလွင် ဘာသာပြန်ဆိုသည်။

copy from:

လူမျိုးစုံလင်ကွဲပြားခြင်းနှင့် အမျိုးသားနိုင်ငံအပေါ်အခြေခံသောတိုင်းပြည်တွင် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း Part 3

 *လူမျိုးစုံလင်ကွဲပြားခြင်းနှင့် အမျိုးသားနိုင်ငံအပေါ်အခြေခံသောတိုင်းပြည် အမျိုးသားရေးဝါဒခေတ်တွင် ဗဟိုချုပ်ကိုင်ခြင်းမှ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း* အပိုင်း ၃

-လူမျိုးအုပ်စုပုံသေကားကျများ ethnic stereotypes
အထက်မှာတင်ပြခဲ့တဲ့အတိုင်း လူမျိုးအုပ်စုတွေအကြားဆက်ဆံရေးကို ပိုဆိုးရွားစေတဲ့၊ တချို့အခြေအနေတွေမှာဆို ပုန်ကန်ထကြွမှု rebellion ကိုတောင် ဖြစ်စေတဲ့ စနစ်ဆိုင်ရာ ယေဘူယျ အကြောင်းချင်းရာတွေ structural objective factors တွေကို ဆွေးနွေးပြီးတဲ့နောက်မှာ လူမျိုးအုပ်စုပြဿနာရဲ့ တဦးချင်းစီနဲ့ဆိုင်တဲ့ ဝါ ပုဂ္ဂလိက ထုံးဓလေ့ယဉ်ကျေးမှုဆိုင်ရာအခြမ်း subjective cultural aspect ကိုလဲ ထည့်သွင်းဆွေးနွေးဖို့လိုပါတယ်။ အကြောင်းကတော့ မတူတဲ့ လူမျိုးအုပ်စုအသီးသီးကြားမှာ (လူမျိုးအုပ်စုတွေနဲ့စပ်လျဉ်းပြီး) အခြေအမြစ်မရှိတဲ့ အစွဲအလမ်းတွေ prejudice တွေ အများကြီး ရှိနေသေးလို့ဖြစ်ပါတယ်။ ဒီအစွဲအလမ်းတွေကလဲ ကိုယ်မဟုတ်တဲ့ အခြားအုပ်စုတွေ the Others အပေါ် လှေနံဓားထစ်၊ ပုံသေကားကျစဉ်းစားချက် stereotypes တွေကနေ ထွက်လာတာ များပါတယ်။ အဲဒီ ပုံသေကားကျစဉ်းစားချက်တွေဟာလဲ ကိုလိုနီစနစ်ရဲ့ လူမျိုးရေးခွဲခြားတဲ့ဝါဒ colonial racism ကနေ အခြေတည်လာတာများပါတယ်။ ဒီပြဿနာက ကိုလိုနီလူမျိုးရေးခွဲခြားတဲ့စနစ်ရဲ့ ဆိုးမွေးဖြစ်လေတော့ အခု အောက်မှာ ဆက်ဆွေးနွေးတဲ့အခါမှာ လူမျိုးအုပ်စု ethnicity ဆိုတဲ့ စကားလုံးအပြင် လူမျိုး race ဆိုတဲ့ စကားလုံးကိုပါ မရှောင်သာလို့ သုံးရပါတော့မယ်။
“လူမျိုးရေးပြဿနာ race problem” ကို အများသူငါ နားလည်အနက်ဖွင့်ဆိုကြပုံက ဒါဟာ လူမျိုးအုပ်စုအသိုက်အဝန်းတွေကြားမှာ စေ့စပ်မရလောက်အောင်ကွဲပြားခြားနားတဲ့ ယဉ်ကျေးမှု ထုံးဓလေ့အစဉ်အလာတွေရှိနေလို့ ဘယ်လိုမှ မရှောင်သာတဲ့ ပွတ်တိုက်မှုတွေအပေါ်မှာ အခြေခံတယ်လို့ နားလည်ဖွင့်ဆိုကြပါတယ်။ ဒီအခြေအနေတွေရှိနေတော့ တသားတည်းဖြစ်အောင်လုပ်ဖို့ assimilation နဲ့ ပေါင်းစည်းရေး integration ဟာ ဘယ်လိုမှလက်လှမ်းမမှီကွာဝေးတဲ့ အနေအထားမျိုး ဖြစ်တယ်ပေါ့။ တကယ်တမ်းကျတော့ ခေတ်မီ မော်ဒန်လူမျိုးရေးဆက်ဆံရေးတွေကို အတင်းအကျပ်ထိန်းသိမ်းကျပ်တည်းထားတဲ့ အုပ်စုအကန့်အသတ်၊ ဘောင်တွေအားဖြင့် တွေ့ရတာက ပိုများပါတယ်။ အဲဒီ အတင်းထိန်းထားတဲ့အုပ်စုအကန့်အသတ် rigid group boundaries တွေဆိုတာလဲ ၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ရာစုအစောပိုင်း အနောက်ရဲ့ကိုလိုနီနယ်ချဲ့ဝါဒကလာတဲ့ ဘေးထွက်အကျိုးဆက်တွေပါ။ ဒီ့အရင်က အရှေ့တောင်အာရှမှာ ရှိတဲ့ အာရှသားလူတွေရဲ့ လူမျိုးအုပ်စုကြားဆက်ဆံရေးဟာ ယဉ်ကျေးမှုထုံးဓလေ့ဆိုင်ရာပုံသေကားကျတွေ cultural stereotypes တွေနဲ့ တခါတခါ ရန်လိုတဲ့သဘောတောင်ရှိတဲ့အမြင်တွေရှိတာကိုလဲ တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ လူမျိုးအုပ်စုအကြား မဟာမိတ်စုဖွဲ့မှုတွေ၊ အပြန်အလှန်အိမ်ထောင်ရက်သားကျကြတာတွေ၊ ယဉ်ကျေးမှုအားဖြင့်တသားထဲကျပေါင်းစည်းမှုတွေလဲ ရှိတဲ့အခါ ရှိတာပါပဲ။ ဆိုတော့ နိုင်ငံရေး၊ စီးပွားရေးအရ ကိုလိုနီစနစ်ရဲ့ အကျိုးဆက်တွေကို ထားဘိဦး၊ ကိုလိုနီအုပ်စိုးမှုဟာ ဥရောပလူမျိုးရေးအယူအဆတွေကို ယူသွင်းလာပြီး လူမျိုးရေးကို အခြေခံတဲ့ လူမှု၊ နိုင်ငံရေးစနစ်တခုကို တည်ဆောက်လာခဲ့တာဖြစ်ပါတယ်။
တနည်းပြောရရင် လူမျိုးရေးဝါဒ racism၊ လူမျိုးအုပ်စုဝါဒ ethnicism တို့ဟာ ဂဲ့(ရ်တ်)ဇ်ပြောသလို “primodialism” ဓားမဦးချဝါဒ အပေါ်အခြေခံတာမဟုတ်ပါဘူး။ တကယ်တန်းကျတော့ လူမျိုးတို့၊ လူမျိုးအုပ်စုပဋိပက္ခတို့ဟာ ကိုလိုနီစနစ်ကပဲ ဖန်တီးတာ၊ အင်စတီကျူးရှင်းအဖြစ်သွတ်သွင်းချထားတာ၊ ပြီးတော့ ကိုလိုနီစနစ်ကပဲ ပြုပြင်ပြောင်းလဲပြီး ယူလာတာဖြစ်ပါတယ်။ ဒါကို အထင်ကရထောက်ပြကြသူတွေထဲမှာ ဖရန့်ဇ်ဖာနွန် Franz Fanon တို့၊ အဲလဘတ် မေမိမိ Albert Memimi တို့ပါပါတယ်။
ဒီလိုဆိုတော့ ကိုလိုနီနယ်ချဲ့ဝါဒမှာ ဒီ လူမျိုးအုပ်စုကြားတင်းမာမှုတွေကို ပိုပြီးဖြစ်အောင် စေ့ဆော်လှုံ့ဆော်ဖို့ ဘာအကြောင်းရှိလို့တုန်းလို့ မေးဖွယ်ရာပါပဲ။ မလေးရှားဖြစ်စဉ်ကတော့ သေသေချာချာကို သုတေသနလုပ်၊ လေ့လာထားပြီးဖြစ်တော့ မလေးရှားဖြစ်စဉ်နဲ့ပဲ ရှင်းပြရရင် မလေးရှားမှာ ဗြိတိသျှကိုလိုနီစနစ်ကြောင့် ဖြစ်ရတဲ့ အထိန်းအကွပ်မဲ့ လူဝင်မှုမူဝါဒဟာ
ထုံးဓလေ့ယဉ်ကျေးမှုအားဖြင့် အများကြီးကျယ်ပြန့်ကွဲလွဲတဲ့ လူအုပ်စုတွေအကြားမှာ လူဦးရေအရ မတည်ငြိမ်နှုကို ဖြစ်ပေါ်စေတယ်လို့ တချို့က အလေးအနက်တင်ပြကြပါတယ်။ ဗမာပြည်နဲ့အင်ဒိုနီးရှားဖြစ်စဉ်တွေမှာဆိုရင်လဲ ဗြိတိသျှအင်ပါယာရဲ့ နိုင်ငံရေး၊ စီးပွားရေးအကျိုးကိုသာကြည့်ပြီး ထင်သလို လက်လွတ်စပယ် နိုင်ငံရေးနယ်နိမိတ်တွေကို သတ်မှတ်ပိုင်းခြားပစ်လိုက်ခြင်းဟာ အရေအတွက်များပြားတဲ့၊ ဒါပေမဲ့လဲ ဘုံတူညီတာ ဘာမှမရှိလှတဲ့ လူမျိုးစုအုပ်စုတွေကို ပေါင်းပြီးနေခိုင်းတဲ့ အမျိုးသားနိုင်ငံအပေါ်အခြေခံတဲ့တိုင်းပြည်သစ်တွေ ဖြစ်ပေါ်လာစေပါတယ်။ တကယ်ကျတော့ ဒီလူမျိုးစုအုပ်စုတွေဟာ စစ်ဖြစ်တဲ့အခါလောက်ပဲ တဘက်နဲ့တဘက် ထိတွေ့ဆက်ဆံမှုဆိုတာရှိတာမျိုးပါ။
ဒါ့အပြင်မှာ ကိုလိုနီနယ်ချဲ့သမားဟာ မတူကွဲပြားတဲ့အာရှလူအုပ်တွေအကြား အကြောက်တရားနဲ့ မသင်္ကာမှုတွေကို ဖြစ်ပေါ်စေတဲ့ “ခွဲခြားအုပ်ချုပ်တဲ့” divide and rule မူဝါဒတွေကိုလဲ ကြည့်သုံးတယ်လို့ မီးမောင်းထိုးပြကြပါတယ်။ လက်တွေ့မှာ ၁၉ ရာစုနှောင်းပိုင်းကာလမှာ ဥရောပ “လူမျိုးရေးဝါဒ”ကို တင်သွင်း၊ ဖြန့်ချိ၊ အင်စတီကျူးရှင်းဘောင်သွင်းလာတာနဲ့အတူ လူမျိုးအုပ်စုဆက်ဆံရေးနဲ့ တွေးခေါ်မှုအယူဝါဒ ideology မှာ qualitative shift ရှိလာတယ်လို့ ပြောနိုင်ပါတယ်။ ဆိုလိုတာက အမေရိကန်ပြည်ထောင်စုကိုကြည့်ပါ၊ အမေရိကန်ပြည်ထောင်စုမှာ လူမျိုးခွဲခြားတဲ့ racial categories တွေနဲ့ လူမျိုးရေးအိုင်ဒီယော်လော်ဂျီဟာ တကယ်တန်း အစောပိုင်းအမေရိကန်နေလူတွေမှာရှိတဲ့ အတင်းဖိအားပေးစေခိုင်းတဲ့ လေဘာစနစ် coercive labor system ရဲ့ ထုံးစံဓလေ့က ဖြစ်လာတဲ့ ဘေးထွက်ဖြစ်ရပ်ပဲလို့ ပြောလို့ရပါတယ်။ ဆိုလိုတာက ကျွန်စနစ်ဆိုတဲ့ ကမ္ဘာပေါ်မှာ ပေါ်ပေါက်ခဲ့ဘူးသမျှ အင်စတီကျူးရှင်းတွေထဲမှာ လူမဆန်ဆုံး ခေါင်းပုံဖြတ်တဲ့ အင်စတီကျူးရှင်းမူဘောင်ကြီး ပေါ်ထွက်လာတာ၊ အဲဒါကြီးကို ဆက်ပြီး ထိန်းထားနိုင်ဖို့ဆိုရင် ဒါကို ကာကွယ်ပေးမဲ့ အလွန်ကိုပဲ အားကောင်းလွှမ်းမိုးတဲ့ အိုင်ဒီယော်လော်ဂျီ တခု လိုပါတယ်။ ထိုနည်းလည်းကောင်းပဲ၊ ကိုလိုနီဝါဒမှာ ပေါ်ပေါက်လာတဲ့ နိုင်ငံရေး၊ စီးပွားရေးစနစ်တွေကို ဖွံ့ဖြိုးလာအောင်လုပ်ဖို့၊ ထိန်းသိမ်းဖို့ဆိုရင်လဲ လူမျိုးရေးခွဲခြားတဲ့အိုင်ဒီယော်လော်ဂျီတခု လိုတာပါပဲ။ တနည်းအားဖြင့် လူမျိုးတွေအကြားမှာ အစကတည်းကိုက မတူညီမှုတွေ ပါလာတယ်၊ ရှိနေတယ်ဆိုတာကို အသေအချာ ပြောတဲ့ အိုင်ဒီယော်လော်ဂျီတခုပေါ့။
ဒီလို လူမျိုးရေးခွဲခြားတဲ့အိုင်ဒီယော်လော်ဂျီကို ရှေ့တန်းတင် ပရိုမိုးရှင်းလုပ်တဲ့ အချိန်နဲ့ လူမျိုး race ဆိုတာကို နားလည်တာ ပြောင်းလဲလာတဲ့အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ အရင်က လူမျိုးဆိုတာကို လူတွေကို ဘယ်လိုစံသတ်မှတ်ချက်မျိုးနဲ့မဆို ခွဲခြားအမျိုးအစားခွဲဖို့ သုံးခဲ့ရာကနေ ခုကျ ပိုပြီး ကျဉ်းမြောင်းတဲ့၊ ဇီဝသတ်မှတ်ချက်များအပေါ်အခြေခံတဲ့ subspecies တွေ အဖြစ်ခွဲခြားသတ်မှတ်ဖို့ သုံးတဲ့ဘက်ကို ရောက်လာတယ်။ ဒါနဲ့အတူ ဘယ်လူမျိုးဆိုရင်တော့ အကျင့်က ဘယ်လိုရှိတယ်၊ စရိုက်က ဘယ်လိုမျိုး၊ ဘယ်လူမျိုးကတော့ ဘာအလုပ်ဘယ်နေရာမှာ ပိုစွမ်းတယ်၊ ပိုသာတယ်ဆိုတာမျိုး၊ တနည်းအားဖြင့် ဒါတွေဟာ ဇီဝနည်းအားဖြင့် သတ်မှတ်ပြဋ္ဌာန်းထားပြီးဖြစ်တယ် biologically determined ဆိုတဲ့ အယူအဆတွေလဲ တွဲပြီးပါလာပါတယ်။
အရှေ့တောင်အာရှရဲ့ အနေအထားကိုကြည့်မယ်ဆိုရင်တော့ ဒီကိုလိုနီလူမျိုးရေးဝါဒက ကိုလိုနီနယ်ချဲ့သမားက အသာစီးအပေါ်စီးကနေတာကို တရားတယ်လို့ ဝင်ပြီး တရားဝင်ဖြစ်အောင်လုပ်ပေးခဲ့ပါတယ်။ ဒေသခံတွေဟာ မသိနားမလည်တဲ့၊ အရိုးအအ၊ ကလေးငယ်တွေ၊ သူတို့အရေးအရာတွေကို သူတို့ မစီမံတတ်သေးဘူး၊ ဒါ့အပြင် ဒေသခံတွေဟာ ပျင်းတယ်၊ (ဒီလိုပျင်းမှတော့ မွဲတာ ဘာဆန်းသေးသလဲ)၊ တခါ ဒေသခံတွေဟာ နေ့စားလေဘာအလုပ်ကြမ်းကို မလုပ်ချင်ကြဘူး။ ဆာယိဟူဆင်အာလတာစ်က ဒီလိုမျိုး အရှေ့တောင်အာရှက မလေးတွေရဲ့ အကျင့်ဟာ တကယ်တော့ ပျင်းတာမဟုတ်ဘူးတဲ့၊ စီးပွားရေးအရ ဖြစ်သင့်ဖြစ်ထိုက်တာကို ရွေးချယ်တာသာဖြစ်သတဲ့။ အကြောင်းကတော့ လေဘာအလုပ်ကြမ်းအလုပ်တွေကိုလုပ်ရတာဟာ ပြောမထွက်လောက်တဲ့ စက်ဆုပ်ရွံရှာဖွယ်အတိ အခြေအနေတွေမှာလုပ်ရလို့ ဖြစ်ပါတဲ့။ ဒါကြောင့်ပဲ မလေးတွေဟာ မြေရှိတယ်ဆိုရင် လယ်အလုပ်ကိုပဲ လုပ်ဖို့ ရွေးကြတာဖြစ်ပါသတဲ့။
“ရှေးအစဉ်အလာဝါဒ” Traditionalism ဆိုတဲ့ စာအုပ်မှာ ဒေါ်နာ အာမိုရိုဆို Donna Amoroso က ၁၉ ရာစုနှောင်းပိုင်းကာလမှာ ဗြိတိသျှတွေရဲ့ မလေးအုပ်စိုးသူတို့အပေါ် ထားတဲ့သဘောထားပြောင်းလဲလာပုံကို ဆွေးနွေးပါတယ်။ ဒီမှာအရေးကြီးတဲ့ အပြောင်းအလဲက မလေးပြည်နယ်တွေကို ဗြိတိသျှ တိုက်ရိုက်အုပ်ချုပ်မှုကို တရားဝင်ဖြစ်အောင်လုပ်ဖို့နဲ့ပတ်သက်ပါတယ်။ အစက မလေးအုပ်စိုးသူတွေကို ဗြိတိသျှကသာ ကောင်းကောင်းမွန်မွန် အကြံပေးလို့ရှိရင် ဒီလူတွေဟာ ထိရောက်တဲ့ ခေတ်မီမော်ဒန်အုပ်စိုးသူတွေ ဖြစ်လာနိုင်တယ်လို့ ယူဆတယ်။ နောက်ကျတော့ ဒီအုပ်စိုးသူတွေဟာ သင်လဲ ကောင်းကောင်းမတတ်ဘူးလို့ ပြောင်းလဲယူဆလာပြီးတော့ ကိုလိုနီစနစ်အောက်မှာ ဗြိတိသျှတိုက်ရိုက်အုပ်ချုပ်တာနဲ့ အစားထိုးမှပဲ ဖြစ်တော့မယ်လို့ ယူဆလာကြပါသတဲ့။
ဒီလိုပဲ ရွှေ့ပြောင်းအခြေချနေထိုင်ကျတဲ့ တရုတ်ကုန်သည်တွေ၊ လက်မှုအနုပညာသည်တွေနဲ့ တခြားရွှေ့ပြောင်းအခြေချနေထိုင်သူတွေအပေါ်ကျတော့ ကိုလိုနီသမားတွေဟာ သိပ်ပြီး မကျေမနပ်ဖြစ်တာမျိုး ဘာညာမရှိလှဘူးတဲ့။ လာနေတာကို သဘောတောင်ကျသေးတယ်တဲ့။ အကြောင်းကတော့ ကိုလိုနီသမားဟာ ဒီလူတွေကိုကျတော့ ကိုလိုနီစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေတယ်လို့ ထင်မြင်ယူဆလို့ဖြစ်ပါတယ်။ ဝေါဟိုင်းမ် က “တရုတ်လူမျိုးတွေဟာ ကိုလိုနီစီးပွားရေးစနစ်အတွက် အများကြီးကောင်းကျိုးပေးပါတယ်၊ ဒါပေမဲ့ တပြိုင်နက်တည်းမှာပဲ သူတို့ကို လူထုတွေက တခုခုကို မကျေနပ်လို့ အကျပ်အတည်းတွေ့၊ အခြေအနေမကောင်းရင် ထိုးကျွေးပစ်ဖို့ လွယ်တဲ့ လူအုပ်စု convenient scapegoat အဖြစ် သုံးတာ ခံရပါတယ်”လို့ ကောက်ချက်ချပါတယ်။ ဒီလိုဆိုတော့ ကိုလိုနီသမားက တရုတ်တွေကို ဒေသခံမဟုတ်တဲ့ လူတွေ၊ ဒါ သူတို့က အိမ်သည်မဟုတ်တဲ့လူတွေလို့ ယူဆပြီး ဘယ်လောက်ပဲ သက်တမ်းရှည်ကြာနေလာကြပါစေ၊ ကိုလိုနီသမားလို၊ ဒေသခံလူကုံထံတွေလို နိုင်ငံရေး၊ အုပ်ချုပ်ရေးယန္တရားထဲကို ထည့်လိုက်ဖို့၊ ပါဝင်ခွင့်ပေးဖို့ မလိုတဲ့လူတွေလို့ ယူဆပါတယ်။ ဒါ့ထက်ပိုဆိုးတာက “တနယ်တကျေးကလာပြီးစွန့်စားအခြေချနေသူတရုတ်တွေ” sojourners တွေအတွက် သီးသန့်ဥပဒေအစီအမံတွေ ဖော်ထုတ်ပြဋ္ဌာန်းပြီး ကာကွယ်ပေးရမဲ့သူများဆိုတာမျိုး “Protectors” အောက်မှာ ထားလိုက်ပါတယ်။ နောက်ဆုံးကျတော့ သူတို့ဟာ နယ်မြေအားဖြင့်လဲ သီးခြားခွဲခြားခံရတယ်၊ စီးပွားရေး၊ လူမှုရေးအားဖြင့်လဲ ဒေသခံလူတွေနဲ့ ခွဲခြားခြင်းခံလိုက်ကြရပါတယ်။ ဒီ လူမျိုးရေးအခြေခံပုံသေကားကျတွေကပဲ ကိုလိုနီစနစ်မူဝါဒဖြစ်တဲ့ “ခွဲခြားအုပ်ချုပ်တဲ့” မူဝါဒရဲ့ အခြေခံတွေ ဖြစ်လာပါတော့တယ်။
ဒီလိုဆိုတော့ ဒီ ကိုလိုနီနယ်ချဲ့သမားရဲ့ စဉ်းစားပုံ၊ အမူအကျင့်တွေကို အာရှသားတွေက ဆက်အမွေခံကြတာ ဆန်းတော့လဲ မဆန်းပါဘူး။ ဥပမာဆိုပါစို့ ကိုလိုနီနယ်ချဲ့သမားက တရုတ်တွေကို ဆိုင်ရာတိုင်းပြည်မှာ အမြဲတမ်းနေထိုင်သူများ permanent residents အဖြစ် ခွင့်မပြုခဲ့သလို၊ သူတို့ရဲ့ ဆိုင်ရာတိုင်းပြည်အပေါ် သစ္စာရှိမှုကို အမြဲ သံသယရှိနေခဲ့သလိုပါပဲ၊ ဒေသခံအီလစ်လူကုံထံတွေနဲ့ တခါတလေ အမျိုးသားရေးဝါဒီ နေရှင်နယ်လစ်ခေါင်းဆောင်တွေကပါ ဒီအတိုင်း ပြုမူကြပါတယ်။ တရုတ်တွေကိုဖြင့် သူတို့ တည်ဆောက်နေတဲ့ အသစ်ပေါ်ထွန်းလာတဲ့ အမျိုးသားနိုင်ငံအပေါ်အခြေခံတဲ့ တိုင်းပြည်မှာ တန်းတူရည်တူ နိုင်ငံရေးအခွင့်အရေးတွေ မပေးထိုက်ဘူးဆိုတာမျိုးပေါ့။ ဒီလိုဆိုတော့ နေရှင်နယ်လစ်ခေါင်းဆောင်တွေဟာ ကိုလိုနီသမားရဲ့ လူဖြူက အစစ သာတယ်ဆိုတဲ့ အတွေးအခေါ်တွေကို ဆန့်ကျင်လက်မခံဘူး၊ ကိုယ့် လူမျိုးအုပ်စုတွေအပေါ် ကိုလိုနီသမားရဲ့ ပုံသေကားကျ အစွဲအလမ်းတွေကို ဆန့်ကျင်လက်မခံဘူးသာဆိုတယ်၊ ကိုယ့်တိုင်းပြည်မှာပဲ အတူတူ နေနေကြတဲ့ တခြား လူမျိုးတွေအတွက်ကျတော့ အဲဒီ အခြေအမြစ်မရှိတဲ့ ဝါးလုံးရှည်နဲ့သိမ်းကျုံးရမ်းတဲ့ အစွဲအလမ်းတွေကို လက်ခံပစ်လိုက်ကြပါရော။ ဒီလိုနည်းနဲ့ မလေးရှားရဲ့ ခေါင်တဲ့အစွန်အဖျားမှာ၊ တောင်ပေါ်တွေမှာ စသဖြင့် နေကြတဲ့ အိုရန် အာဆယ်တွေ၊ အိုရန် အက်စ်လီတွေအပေါ် မကောင်းတဲ့ပုံသေကားကျ အစွဲအလမ်းတွေကို ဆက် ကိုင်စွဲထားကြတယ်။ ဒါမျိုးကလဲ ဒီလို ပုံသေကားကျ အစွဲအလမ်းတွေဆိုတာ ပေါ်လာပြီးရင် သေရာပါတဲ့ အမျိုးတွေ မဟုတ်လား။
ဗမာပြည်မှာကျတော့ ဒီလိုမျိုး မကောင်းတဲ့ အပျက်သဘောဆောင်တဲ့ ပုံသေကားကျစဉ်းစားတာ၊ အမူအကျင့်တွေဟာ တရုတ်တွေတင်သာမကပဲ ရွှေ့ပြောင်းအခြေချ နေထိုင်ကျတဲ့ အင်ဒီးယန်းတွေကိုပါ ဟိန္ဒူ၊ မွတ်စလင်မခွဲပဲ ဆက်ဆံစဉ်းစားကြတယ်။ တကယ်တမ်း ဟိန္ဒူ၊ မွတ်စလင်လူဦးရေက ကိုလိုနီခေတ်အခါက တရုတ်ထက် ပိုများတာကိုး။ ဒီနေ့ခေတ်မီဒီယာတွေက ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ဗမာတွေက ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံတဲ့ စဉ်းစားချက်၊ အမူအကျင့်တွေကိုပဲ အလေးပေးတင်ပြနေကြတယ်။ တကယ်က ဒါတွေအားလုံးအရ အစ ပထမက ကိုလိုနီခေတ်လို့ ပြောလို့ရတယ်။ ရိုဟင်ဂျာကစလို့ မွတ်စလင်တွေပါမကျန်၊ ဟိန္ဒူလဲအပါအဝင် အသားမဲလေလေ၊ သူတို့အပေါ် အစွဲအလမ်း prejudices တွေ ကြီးလေလေဖြစ်ပြီး ကုလား လို့ ခေါ်တာဟာ နှိမ်ခေါ်တာဖြစ်လာတယ်။
-လူများစု၊ လူနည်းစု
အန်ဒါဆင့်အလိုအရ လူမျိုးအုပ်စုလို့ သိလာမှု ethnic consciousness နဲ့ပတ်သက်လို့ပြောတာက ဒီလိုပါ။ “ကိုလိုနီအစိုးရအုပ်ချုပ်မှု သက်တမ်းရလာတာနဲ့အမျှ အဲဒီ ကိုလိုနီအုပ်စိုးမှုကို လူများစုအမျိုးသားရေးဝါဒက ဆန့်ကျင်တာ ကြီးထွားလာတယ်။ ဒီလိုကြီးထွားလာရာကနေ နိုင်ငံရေးနဲ့ ဓလေ့ထုံးစံတော်လှန်ရေးတွေ ပေါ်ပေါက်လာရာ”ကနေ “လူများစုနဲ့ လူနည်းစု”ဆိုတဲ့ သိမှုအမှတ်သညာ မွေးဖွားပေါ်ပေါက်လာတယ်။ အဲဒီပေါ်ပေါက်လာတဲ့ လူများစု၊ လူနည်းစုဆိုတဲ့ အမှတ်အညာနဲ့ လူမျိုးအုပ်စုလို့ သိလာမှု ethnic consciousness ဟာ ဆက်စပ်နေတယ်လို့ အန်ဒါဆင်က ယူဆပါတယ်။ ကိုလိုနီဝါဒ ထိပ်ဆုံးရောက်နေတဲ့ အချိန်တွေမှာ ကိုလိုနီအုပ်ချုပ်မှု၊ ကိုလိုနီအစိုးရကို ဟိုးအောက်ခြေ ခရိုင်အဆင့် ဒါမှမဟုတ် ကာဘူပါတန်အဆင့်ကနေ ပြည်နယ်အဆင့်၊ မြို့တော်အဆင့်အထိ အဆင့်ဆင့် ပျံ့နှံ့တည်ရှိတဲ့ အဆင့်မြင့်အုပ်ချုပ်ရေးယန္တရားက ထောက်ကန်ပေးထားခဲ့ပါတယ်။ ကိုလိုနီပါဝါဟာ စတင်ထွန်းကားစပြုလာတဲ့ အခွန်ဘဏ္ဍာစနစ်ကိုအမှီပြုပြီး စစ်ရေးနဲ့ စီးပွားရေးအင်အားကိုလည်း ပိုင်ဆိုင်တယ်။ ကိုလိုနီအုပ်စိုးသူတွေရဲ့ အဓိကတခုထဲသော အားနည်းချက်ကတော့ သူတို့ဟာ သိသိသာသာကြီးကိုပဲ မြင်သာတဲ့ လူနည်းစုဖြစ်နေတယ်ဆိုတဲ့ အချက်ပါပဲ။ ကိုလိုနီဆန့်ကျင်ရေးသမားတွေအတွက် အဓိကအရေးအကြီးဆုံး ကိစ္စကတော့ ဒေသခံ လူမျိုးအုပ်စု မျိုးစုံကို ဘယ်လိုစုရုံး၊ စည်းရုံးသိမ်းသွင်းပြီး ကိုလိုနီလူနည်းစုကို ထိထိရောက်ရောက် ပြန်လည်တုံ့ပြန်စိန်ခေါ်နိုင်မဲ့ နိုင်ငံရေးလူများစုကို စုဖွဲ့မလဲဆိုတဲ့ ကိစ္စပဲဖြစ်ပါတယ်။
ဒီ လူများစု-လူနည်းစု ဆက်ဆံရေးကို သတိပြုမိလာတာဟာ ကိုလိုနီနယ်ချဲ့သမားက သူ့ကိုလိုနီလူအုပ်စုရဲ့ သန်းခေါင်စာရင်း ကောက်ယူဖို့ လုပ်ဆောင်လာတာနဲ့လဲ တိုက်ရိုက် ဆက်စပ်နေပါတယ်။ သန်းခေါင်စာရင်းကောက်ဖို့လုပ်တာကနေ လူတွေကို “ethnic group”ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ လူမျိုးခွဲခြားတာ စပြီးလုပ်လာပါတော့တယ်။ ကိုလိုနီနယ်ချဲ့သမားဟာ ဒီလိုလုပ်ရာကနေ “လူများစုညွန့်ပေါင်း” “majority coalition” ဖြစ်လာအောင် ဆွဲဆောင်သိမ်းသွင်းနိုင်လောက်စရာ လူနည်းစုလူအုပ်စုလို့ ခေါ်ကြမဲ့ လူအုပ်စုတွေကို စပြီး သတ်မှတ် identify လုပ်နိုင်လာပြီး ဒီလူများစုညွန့်ပေါင်းနဲ့ ဟိုဘက် အမျိုးသားရေးဝါဒီအုပ်စုတွေကို ပြန်ဆန့်ကျင်နိုင်မလားလို့ လုပ်လာပါတော့တယ်။ အကြောင်းကတော့ နေရှင်နယ်လစ်အုပ်စုတွေကသာ လူများစုညွန့်ပေါင်းကို ဖွဲ့နိုင်လောက်သွားရင် သူတို့ရဲ့ ကိုလိုနီအုပ်စိုးမှုကို ထိထိရောက်ရောက် ဆန့်ကျင်လာနိုင်မှာ၊ သူတို့အုပ်စိုးမှုဟာ ဘယ်လောက်တရားနည်းလမ်းမကျဘူးဆိုတာကို ထိထိရောက်ရောက် စိန်ခေါ်လာနိုင်မှာကို ထိတ်လန့်စိုးရိမ်ကြလို့ပဲ ဖြစ်ပါတယ်။ ဒီနောက်ခံအခြေအနေမှာ လူနည်းစုလူအုပ်စုတွေကို သတ်မှတ်ခွဲခြားခဲ့တာဖြစ်ပါတယ်။
အန်ဒါဆင်က လူနည်းစုလို့ဆိုရာမှာ သူ့ထူးခြားချက်နဲ့ သူရှိတဲ့ အုပ်စုလေးစုရှိတယ်လို့ ယူဆပါတယ်။ ပထမအုပ်ကတော့ “ခရစ်ယာန်အယူကိုသွတ်သွင်းထားတဲ့အုပ်စုတွေ” ဖြစ်ပါတယ်။ ဒီအုပ်စုတွေက ပညာရေးဘက်မှာ အများအားဖြင့် အခွင့်အရေးပိုရကြတယ်၊ ကိုလိုနီစစ်တပ်၊ ပုလိပ်တပ်ဖွဲ့၊ အရပ်ဘက်ဗျူရိုကရေစီဘက်စသည်မှာ နေရာ ရကြပါတယ်။ နောက်ပိုင်းကျတော့ ဒီအုပ်စုတွေရဲ့ ဘာသာရေးအရ အတန်းအစားခွဲခြားမှုဟာ လျော့သွားပြီးတော့ သူတို့ရဲ့ လူမျိုးအုပ်စု ကွဲပြားမှုက သူတို့ကို ကိုလိုနီသမားရဲ့ မဟာမိတ်ဖြစ်အောင် တွန်းပို့လာပါတယ်။ ဥပမာဆိုရင် ဒက်ချ်အင်ဒီးရဲ့ မိုလုကန်တွေနဲ့ ဗမာပြည်က ကရင်တွေ ဖြစ်ပါတယ်။
ဒုတိယအနေနဲ့ ကိုလိုနီသမားနဲ့ မဟာမိတ်ဖြစ်ဖို့ အလားအလာရှိတဲ့ အုပ်စုကတော့ တရုတ်လူနည်းစုလို့ သတ်မှတ်ပိုင်းခြားလေ့ရှိတဲ့ လူအုပ်စုက ထွက်ပေါ်လာပါတယ်။ သူတို့ဟာ မတူတဲ့ ဘာသာစကားပြောတယ်၊ ကွဲပြားတဲ့ ထုံးစံဓလေ့ရှိတယ် စတဲ့ အကြောင်းပြချက်တွေပေါ်မှာ အခြေခံပြီး သူတို့အတွက် သီးခြား တရားစီရင်ရေးစနစ်ကို ထူထောင်ပေးထားတာမျိုးပါ။ ရလဒ်ကတော့ တရုတ်တွေကို ဥပဒေကြောင်းအရ၊ နေထိုင်မှုအရ၊ အလုပ်အကိုင်အရ သီးသန့်ခွဲခြားထားမှု ပေါ်လာတာပဲဖြစ်ပါတယ်။ တကယ်တော့ အဲဒီပြောနေတဲ့ တရုတ်အုပ်စုထဲမှာ တရုတ်စကား မပြောတတ်၊ မဖတ်တတ်၊ မရေးတတ်တဲ့သူတွေ အများကြီးပါ။ များသောအားဖြင့်ကတော့ ဒီအုပ်စုလဲ ကိုလိုနီသမားရဲ့ မဟာမိတ် ဖြစ်သွားတတ်ပါတယ်။
တတိယအုပ်စုကတော့ လူဦးရေအားဖြင့် သေးငယ်ပြီး ပထဝီအနေအထားအရ ဝေးလံခေါင်ဖျားတဲ့နေရာတွေမှာ နေထိုင်ကြကာ စီးပွားရေးအရလဲ ရင်းမြစ်တွေ များများစားစား မရှိလှတဲ့ တောင်ပေါ်နေ မျိုးနွယ်စုတွေ ဖြစ်ပါတယ်။ သူတို့ကိုလဲ သီးခြား လူမျိုးအုပ်စုများရယ်လို့ သတ်မှတ်လိုက်ပြီးတော့ ကိုလိုနီသမားရဲ့ စုဖွဲ့မှု၊ ညွန့်ပေါင်းထဲကို ဆွဲသွင်းခြင်းခံရပါတယ်။ အစောပိုင်းက အရာမသွင်းခံရတဲ့ ဒီလူအုပ်စုတွေ (မလေးရှားမှာ အိုရန်အက်စလီ၊ ဗမာပြည်မှာဆို အရှေ့ပိုင်းက ကယား၊ မြောက်ပိုင်းက ချင်းနဲ့ ကချင်၊ ဖိလစ်ပိုင်လူဇွန်မှာဆို တောင်ပေါ်မျိုးနွယ်စုတွေ)ကိုလဲ နောက်ဆုံးကျမှ စုရုံးစည်းရုံးပြီးတော့ မင်းတို့ဟာတော့ အောက်ပိုင်းက လူမျိုးအုပ်စုတွေနဲ့ မတူဘူးလို့ ဖော်ပြတာမျိုး လုပ်ပါတယ်။
စတုတ္ထအုပ်စုကတော့ လူတန်းစား class အပေါ်အခြေခံပါတယ်။ ပြောရရင် လူများစုထဲက အစဉ်အလာအီလစ်လူကုံထံတွေပေါ့။ ဒီလူကုံထံအသိုင်းအဝိုင်းက အနောက်တိုင်းပုံစံ ပညာသင်နိုင်ဖို့ အခွင့်အရေးတွေလဲ ရကြသလို ကိုလိုနီဗျူရိုကရေစီရဲ့ အောက်ပိုင်းအဆင့်တွေမှာလဲ အလုပ်အကိုင်တွေ ရကြပါတယ်။ ဗြိတိသျှအတွက် အကောင်းဆုံး မဟာမိတ်ဖြစ်ခဲ့တာကတော့ မလေးရှားဥပမာ၊ မလေးရှားက “အုပ်ချုပ်ရေးအရာရှိတွေ” “administocrats” တွေဖြစ်ပြီးတော့ (အင်ဒို) ဒက်ချ်တွေအတွက်ကတော့ ဂျာဗားက ပရီဂျာဂျီတွေဖြစ်ပါတယ်။
ကိုလိုနီစနစ် နိဂုံးချုပ်ခါနီးလာတဲ့အခါ နေရှင်နယ်လစ်လှုပ်ရှားမှုတွေက ဥပဒေပြုရေးမှာ ပါဝင်ကိုယ်စားပြုမှုကို တောင်းဆိုတိုက်ပွဲဝင်လာတာနဲ့ အမျှ ကိုလိုနီသမားတွေဟာ သူတို့အတွက် သီးသန့် ဖယ်ထားတဲ့ အထူးထိုင်ခုံနေရာတွေ ယူရုံသာမကပါဘူး၊ သူတို့ရဲ့ မဟာမိတ် လူမျိုးအုပ်စုတွေအတွက် ထိုင်ခုံနေရာတွေလဲ ဖန်တီးလိုက်ကြပါတယ်။ ဒီလိုနည်းနဲ့ လူမျိုးအုပ်စုတွေထဲကမှ အခွင့်ထူးအခံရဆုံး၊ ရှေးရိုးစွဲ၊ ကိုလိုနီသမားနဲ့ပူးပေါင်းရေးလုပ်လာတဲ့ လူတွေဟာ အဲဒီလူမျိုးအုပ်စုတွေရဲ့ ခေါင်းဆောင်တွေ ရယ်လို့ ဖြစ်လာပြီး ဥပဒေပြုလွှတ်တော်များမှာ သူတို့အတွက် ထိုင်ခုံနေရာတွေ ရလာကြပါတယ်။
ဒီ ကိုလိုနီစနစ်ကလာတဲ့ လူမျိုးရေးခွဲခြားတဲ့စနစ် (racism) ရဲ့ အမွေ၊ အစဉ်အလာဟာ ကိုလိုနီစနစ်လွန်အရှေ့တောင်အာရှမှာ ဆက်ပြီး ရှင်ကျန်နေသေးတယ်လို့ ဘန် အန်ဒါဆင်က စောဒကတက်၊ တင်ပြပါတယ်။ အကြောင်းကတော့ အာဏာရ လူများစုညွန့်ပေါင်းတွေ ပေါ်ပေါက်လာကြပြီဆိုရင်လဲ ဒီအခြေခံစဉ်းစားချက်၊ တိမ်းညွတ်မှုတွေကနေပဲ ပေါ်ပေါက်လာတာ တွေ့ရသလို အဲဒီ အခြေခံတွေအပေါ်မှာပဲ ရပ်ခံပြီးတော့ သူတို့ရဲ့ အာဏာကို တည်မြဲအောင် ထိန်းသိမ်းနေကြလို့ပါပဲတဲ့။ တကယ်တော့ ဒီ ပုဂ္ဂလိက ဓလေ့ထုံးစံဆိုင်ရာ အတားအဆီးတွေ subjective cultural impediments တွေကပါ ယေဘူယျစနစ်ဆိုင်ရာအကြောင်းတရားတွေ objective structural factors တွေနဲ့အတူပါနေပြီး လူနည်းစုအုပ်စုတွေကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေမှာ ခွဲခြားဖယ်ကျဉ်တာတွေ ဖြစ်ပေါ်စေတာြဖစ်ပါတယ်။ ပုဂ္ဂလိက ကော၊ ယေဘူယျအကြောင်းတရားတွေကိုကော ထည့်သွင်းစဉ်းစားမှာ လူမျိုးအုပ်စုပြဿနာတွေဟာ အရှေ့တောင်အာရှမှာ ဘာကြောင့်ခုထိ ဆက်ကျန်နေရသလဲဆိုတာကို ရုပ်လုံးကြွ ရှင်းပြနိုင်မှာ ဖြစ်ပါတယ်။
အမျိုးသားနိုင်ငံထူထောင်ရေး လုပ်ငန်းစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ လူအားလုံး သူတို့ဟာ စိတ်ကူးပုံဖော်ထားတဲ့ အသိုက်အဝန်းတခုရဲ့ အဖွဲ့ဝင်၊ အသိုက်အဝန်းဝင်တွေဖြစ်တယ်လို့ လက်ခံယုံကြည်လာအောင် တိုက်တွန်းသိမ်းသွမ်းဆွဲဆောင်နိုင်ဖို့ ဖြစ်လေတော့ ဒီ အမျိုးသားနိုင်ငံထူထောင်ရေးအလုပ်ကို အလွယ်တကူ မလုပ်နိုင်ဘူးဆိုတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ၁၉၅၀နှောင်းပိုင်းနှစ်များမှာ အင်ဒိုနီးရှား အကျပ်အတည်းတွေကြုံရတာ၊ ဗမာပြည်မှာဆိုလဲ လူများစုဗမာတွေစုနေကြတဲ့ ဗမာပြည်အလယ်ပိုင်းနဲ့ အောက်ပိုင်း ဧရာဝတီမြစ်ဝှမ်းဒေသတွေနဲ့ ဗမာပြည် အရှေ့ဖျား၊ မြောက်ဖျားနဲ့ အနောက်မြောက်ဒေသတွေမှာ နေကြတဲ့ တောင်ပေါ်က လူနည်းစုလူမျိုးအုပ်စုတွေအကြား မပြီးနိုင်မစီးနိုင်ရှိနေရတဲ့ လူမျိုးအုပ်စုစစ်ပွဲတွေဟာ ဒီအထက်ဖော်ပြပါ ကိုလိုနီဆိုးမွေတွေနဲ့ ပတ်သက်ဆက်နွယ်နေတာဖြစ်ပါတယ်။
ဆက်ပါဦးမည်။
Loh, Francis Kok Wah. “Ethnic Diversity and the Nation State: From Centralization in the Age of Nationalism to Decentralization amidst Globalization.” Inter-Asia Cultural Studies 18, no. 3 (July 3, 2017): 414–32. https://doi.org/10.1080/14649373.2017.1346165. ကို ပါမောက္ခဖရန်စစ်လို အသက် ၇၀ ပြည့် မွေးနေ့အကြို အမှတ်တရအဖြစ် ထက်မင်းလွင် ဘာသာပြန်ဆိုသည်။

copy from:

လူမျိုးစုံလင်ကွဲပြားခြင်းနှင့် အမျိုးသားနိုင်ငံအပေါ်အခြေခံသောတိုင်းပြည်တွင် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း Part 2

 *လူမျိုးစုံလင်ကွဲပြားခြင်းနှင့် အမျိုးသားနိုင်ငံအပေါ်အခြေခံသောတိုင်းပြည် အမျိုးသားရေးဝါဒခေတ်တွင် ဗဟိုချုပ်ကိုင်ခြင်းမှ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း* အပိုင်း ၂

-“ethnic” (လူမျိုးအုပ်စု) “nation” (အမျိုးသားနိုင်ငံ) နှင့် “nation-state” (အမျိုးသားနိုင်ငံအပေါ်အခြေခံသော တိုင်းပြည်) ရှင်းလင်းချက်
တိုင်းပြည်ပေါင်း ၁၃၂ ပြည်ကို လက်တွေ့လေ့လာပြီး ကော်နာ တင်ပြတာကတော့ လူများစုလူအုပ်စုကနေကွဲပြားပြီး သီးခြား ကိုယ်ပိုင်ဘာသာစကား၊ ထုံးဓလေ့နဲ့/သို့မဟုတ် ဘာသာယုံကြည်ကိုးကွယ်မှုရှိကြတဲ့ လူနည်းစု လူအုပ်စုတွေကို သုတေသီတွေဟာ “ethnic group” (လူမျိုးအုပ်စု)လို့ ရည်ညွှန်းပြောဆိုလေ့ရှိကြပါသတဲ့။ တကယ်တန်းကျတော့ ကိုယ်ပိုင်ဘာသာစကား၊ ထုံးဓလေ့နဲ့ ဘာသာယုံကြည်ကိုးကွယ်မှု ရှိတယ်၊ ပိုင်ဆိုင်တယ်ဆိုတာ “အမျိုးသားနိုင်ငံ”ရဲ့ လက္ခဏာဖြစ်ပါတယ်။ ကော်နာရှင်းပြတာက အဖွဲ့ဝင်တွေအတွင်းမှာ ညီညွတ်စည်းလုံးမှုသာမဂ္ဂီသဘောရှိကြတဲ့ လူမှုအုပ်စုတွေလို့ လူမျိုးအုပ်စုကိုကော၊ အမျိုးသားနိုင်ငံကိုကော အနက်အဓိပ္ပာယ်ဖွင့်ဆိုကြတာဖြစ်ပါသတဲ့။ ကော်နာ တင်ပြတာက လူမျိုးအုပ်စု ကို “proto nation” “ရှေ့ပြေးအမျိုးသားနိုင်ငံ” လို့ မှတ်သားယူဆထိုက်ပါတယ်တဲ့။ စင်စစ်တော့ ဘယ် လူမျိုးအုပ်စုတိုင်းဟာမဆို အမျိုးသားနိုင်ငံဖြစ်နိုင်တဲ့ အလားအလာ ရှိနေကြတာချည်းပါပဲ။ လူမျိုးအုပ်စု နဲ့ အမျိုးသားနိုင်ငံအကြား ကွာခြားချက်ကတော့ တခုစီမှာ စုဆောင်းထားရှိ၊ ရရှိလာတဲ့ ညီညွတ်စည်းလုံးမှုသာမဂ္ဂီရဲ့ ဒီဂရီ ဖြစ်တယ်လို့ ကော်နာက ယူဆပါတယ်။ လူမျိုးအုပ်စုနဲ့ မတူတာက နေးရှင်း “အမျိုးသားနိုင်ငံ”မှာ အဖွဲ့ဝင်တွေဟာ ထုံးဓလေ့ယဉ်ကျေးမှု၊ ဘာသာစကား၊ ဘာသာယုံကြည်ကိုးကွယ်မှုတွေ တူညီမျှဝေယုံမကဘဲ ဘုံနိုင်ငံရေးပန်းတိုင် common political goal လဲ ရှိကြတယ်။ အုပ်စုရဲ့ ဘုံဦးဆောင်မှု၊ ခေါင်းဆောင်မှုကိုလဲ အသိအမှတ်ပြုကြတာဖြစ်ပါတယ်။ အမျိုးသားနိုင်ငံ ဟာ ပိုပြီးတော့ စည်းလုံးစုစည်းတဲ့ အသိုက်အဝန်း၊ အသင်းအပင်းသဘောကို ဆောင်ပြီး အနည်းဆုံး နိုင်ငံရေးအရ လူမျိုးအုပ်စုထက် ပိုပြီး စည်းလုံးစုစည်းပါတယ်။ လူမျိုးအုပ်စု ဆိုရာမှာကတော့ နိုင်ငံရေးအရစည်းလုံးညီညွတ်မှုသာမဂ္ဂီသဘော (sense of political solidarity) နဲ့ အသိုက်အဝန်းမှာ ဘုံဦးဆောင်မှုကို လက်ခံတာမျိုး မရှိဘူး သို့မဟုတ် အငြင်းပွားနေရဆဲဖြစ်တယ်လို့ ကော်နာက ဆိုပါတယ်။
ဒီလိုဖွင့်ဆိုရှင်းလင်းပြီး လူမျိုးအုပ်စု ethnic group၊ နေရှင်း အမျိုးသားနိုင်ငံ nation နဲ့ လူမျိုး race ဆိုတဲ့စကားရပ်တွေအစား ethnic-nation လူမျိုးအုပ်စု-နိုင်ငံ လို့ သုံးတာ ပိုပြီး ဆီလျော်သင့်တော်တယ်လို့ ကော်နာက အကြံပြုပါတယ်။ ဒီအခြေခံကနေပြီးတော့ပဲ သူ လေ့လာခဲ့တဲ့ ၁၃၂ နိုင်ငံနဲ့ ပတ်သက်လို့ အောက်ပါအတိုင်း အနှစ်ချုပ်တင်ပြပါတယ်¬–
(က) နိုင်ငံပေါင်း ၁၃၂ နိုင်ငံမှာ ၇ % ပဲ အမျိုးသားနိုင်ငံအပေါ်အခြေခံတဲ့ တိုင်းပြည် ဝါ နေရှင်းစတိတ် (nation-states) လို့ ပြောလို့ ရမယ် (ဆိုလိုတာကတော့ တခုထဲသော လူမျိုးအုပ်စု-နိုင်ငံ ethnic nation အနေနဲ့ ရှိတာ ၇% ပဲ ရှိတယ်)၊
(ခ) ၆၁%က လူများစု လူမျိုးအုပ်စု-နိုင်ငံ majority ethnic-nation ကော လူနည်းစု လူမျိုးအုပ်စု-နိုင်ငံ minority ethnic-nation ကောရှိတယ် (လူများစုဆိုရာမှာ လူဦးရေစုစုပေါင်းရဲ့ ၅၀% သို့မဟုတ် ၅၀% အထက်)၊
(ဂ) ၃၀% က လူမျိုးအုပ်စု-နိုင်ငံ တခုထက်ပိုပြီး ရှိတယ်၊ ဘယ် လူမျိုးစုအုပ်စုကမှ လူများစုအနေနဲ့ မရှိဘူး။ အားလုံးက လူနည်းစု လူမျိုးအုပ်စု-နိုင်ငံတွေပဲ ဖြစ်ကြတယ်။
နေရှင်းစတိတ် ဝါ အမျိုးသားနိုင်ငံအပေါ်အခြေခံတဲ့ တိုင်းပြည် အနည်းစုလက်တဆုပ်စာကသာ (ဂျပန်လို၊ ဂျာမနီလို ဂျာမနီတောင်သိပ်မသေချာ၊ နိုင်ငံမျိုးတွေ၊ ဒီနိုင်ငံတွေမှာ တင်းကျပ်တဲ့ လူဝင်မှုဥပဒေတွေ ရှိပြီးတော့ ဂျပန်မဟုတ်တဲ့၊ ဒါမှမဟုတ် ဂျာမန်မျိုးရိုးကမဟုတ်တဲ့ အမြဲနေတွေကို နိုင်ငံသားမပေးတဲ့နိုင်ငံတွေသာ) စစ်မှန်တဲ့ အမျိုးသားနိုင်ငံအပေါ်အခြေခံတဲ့တိုင်းပြည်တွေ ဝါ နေရှင်းစတိတ်တွေလို့ ပြောလို့ရမယ်။ သူတို့မှာ တခုထဲသော အင်အားကြီးတဲ့ လူမျိုးအုပ်စု-နိုင်ငံ ရှိမယ်ပေါ့။ အများစု အနောက်က စက်မှုထွန်းကားတဲ့ နိုင်ငံတွေ၊ ယခင်ကွန်မြူနစ်နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ကော်နာ့အဆိုအတိုင်း ပြောရရင် multi-ethnic-nation states ဗဟု လူမျိုးအုပ်စု-နိုင်ငံ အပေါ်အခြေခံတဲ့တိုင်းပြည်တွေ ဖြစ်ကြတယ်။
တိုင်းပြည်အများစုမှာ လူမျိုးအုပ်စုတခုထက်ပိုပြီး ရှိကြတာဖြစ်တော့ ဒါကြောင့်ပဲ ဗဟု-လူမျိုးအုပ်စု-နိုင်ငံတွေ “multi-ethnic-nation states”လို့ ခေါ်ထိုက်တယ်။ ရိုးရိုးပြောနေကျ “nation-states” ဆိုတာမျိုးက မလုံလောက်ဘူးပေါ့။ ဆိုတော့ကား ဒီ ဗဟု-လူမျိုးအုပ်စု-နိုင်ငံ တွေဟာ လူနည်းစု လူမျိုးအုပ်စု ဝါ လူမျိုးအုပ်စု-နိုင်ငံ တွေနဲ့ စပ်လျဉ်းပြီးတော့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေကြရပါတယ်။ တော်တော်များများဖြစ်ရပ်တွေမှာ လူမျိုးအုပ်စု-အမျိုးသားရေး လှုပ်ရှားမှုတွေဟာ လူများစု လူမျိုးအုပ်စု-နိုင်ငံ majority ethnic-nation ဒါမှမဟုတ် ဗဟိုကို ချုပ်ကိုင်ထားတဲ့ လူမျိုးအုပ်စုတွေကို ပြန်ရင်ဆိုင်တွန်းလှန်ဖို့ ပေါ်ပေါက်လာကြပါတယ်။ ဒီ လူမျိုးအုပ်စု-အမျိုးသားရေး လှုပ်ရှားမှုအများစုဟာ သီးခြား သူတို့ အများစုနေထိုင်ကြတဲ့ သက်ဆိုင်ရာဒေသတွေမှာ ထွက်ပေါ်လာတာဖြစ်လို့ ဒီလှုပ်ရှားမှုတွေကို တချို့ကလဲ လူမျိုးအုပ်စု-ဒေသဆိုင်ရာ လှုပ်ရှားမှုတွေလို့ နာမည်ပေးကြပါတယ်။
-အရှေ့တောင်အာရှက လူမျိုးအုပ်စုပဋိပက္ခ
အရှေ့တောင်အာရှမှာကတော့ တိုင်းပြည်တိုင်းဟာ ဗဟု-လူမျိုးအုပ်စု အမျိုးသားနိုင်ငံအပေါ်အခြေခံသော တိုင်းပြည် multi-ethnic nation state တွေ ဖြစ်ကြပါတယ်။ အောက်မှာကြည့်ပါ–
• မြန်မာ-ဗမာလူများစုအပြင် ကရင်၊ ကချင်၊ ချင်း၊ ကယား၊ ကယန်း၊ အခါ၊ ကိုးကန့်၊ ဝ၊ မွန်၊ အာရကန်၊ ရှမ်း၊ ပအိုဝ်း လူနည်းစုတွေအပြင် အခြေချရွေ့ပြောင်းနေထိုင်ကြတဲ့ immigrant -အိန္ဒိယနွယ်ဖွား၊ တရုတ်နွယ်ဖွား၊ ရိုဟင်ဂျာတွေ။
• ထိုင်း-လူများစုထိုင်းတွေအပြင် လီဆူ၊ အခါ၊ မယ်ဝို(မုံ)၊ အီဆန် (လော)တွေ အနောက်မြောက်ပိုင်း၊ မြောက်ပိုင်းမှာရှိပြီး တောင်ပိုင်းမှာက မလေးတွေ၊ immigrant တရုတ်နွယ်ဖွားတွေနဲ့ အိန္ဒိယနွယ်ဖွားတွေ။
• အင်ဒိုနီးရှား-လူများစုဂျာဗားလူမျိုးတွေအပြင်မှာ မလေး၊ အာချေနီ၊ မိနန်ကဘောင်၊ ဘာ့တာ့က်၊ မန်ဒလင်းတွေ ဆူမတြားမှာ ရှိပါတယ်။ ဂျာဗားမှာ မန်ဒူးရိစ်၊ ဆူဒန်နိစ်တွေ ရှိပါတယ်။ ကာလီမန်တန်မှာ ဒါယက် အုပ်စုတွေရှိပါတယ်။ ပြီးတော့ ဘာလီကျွန်း ဘာလီနီစ်တွေ၊ ဆွမ်ဘာ့ဝါ့နဲ့ လုံးဘော့ခ်လူမျိုးတွေ၊ တခါ နီဂရီတိုရုပ်ထွက်တဲ့ အန်ဘွန်၊ ဖလိုရီစ်၊ ဆွမ်ဘာ၊ အနောက်တီမောနဲ့ အနောက်ပါပူဝါတွေ အင်ဒိုကျွန်းစုရဲ့ အရှေ့ဘက်ခြမ်းမှာ ရှိကြပါတယ် (NTT လို့ခေါ်တယ်)။ ဒါ့အပြင် immigrant တရုတ်နွယ်ဖွား၊ အိန္ဒိယနွယ်ဖွားတွေနဲ့ အာရပ်နွယ်ဖွားတွေ၊ ကပြားယူရေးရှန်းတွေလဲ ရှိပါသေးတယ်။
• စင်္ကာပူ-လူများစုတရုတ်တွေအပြင်မှာ အင်ဒီးယန်းတွေ၊ အာရပ်တွေ၊ ယူရေးရှန်းတွေ၊ မလေးတွေ ရှိပါသေးတယ်။ မလေးကလွဲရင် ကျန်လူတွေက immigrants တွေ။
• ဖိလစ်ပိုင်-လူများစု တက်ဂါးလော့ဂ်ဘာသာပြောသူတွေက လူဇွန်ကျွန်းအလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ နေကြပြီး သူတို့အပြင် အီလိုကာနို နဲ့ အီဖူဂအိုတွေ လူဇွန်မြောက်ပိုင်းမှာရှိတယ်။ ဝိဆယင်တွေ အမျိုးစုံ (စီဘူးအာနိုး၊ နီးဂရိုး၊ ဆာမာ၊ လေ့ယ်တ် စတာတွေ)၊ မိုရိုတွေ (မာဂူအီဒနာအို နဲ့ တအောင်ဆု) တွေက မင်ဒနာအိုနဲ့ ဆူလူးကျွန်းတွေမှာ ရှိကြပါတယ်။ မူစလင်မဟုတ်၊ ခရစ်ယာန်မဟုတ်တဲ့ လူမာ့ဒ်တွေလဲ မင်ဒနာအိုကျွန်းပေါ်မှာ ရှိကြပါသေးတယ်။ immigrant တရုတ်လူအုပ်စုလဲ ရှိနေသေးသလို တရုတ်နဲ့ စပန်းနစ် မက်စ်တီဇိုတွေလဲ ရှိတယ်၊ သူတို့က အများစု အထက်တန်းလွှာတွေ။
• မလေးရှား-ကျွန်းပေါ်က လူများစုနဲ့ ဌာနေ မလေးတွေ၊ အိုရန်အက်စ်လီတွ အပြင် တရုတ်၊ အင်ဒီးယန်း၊ ယူရေးရှန်း၊ ဆင်ဟာလီ၊ အာရပ် immigrants တွေရှိတယ်။ ဆာရာဝက်မှာ ဒါယက် (အီဘန်၊ ဘိုင်ဒေးယူ၊ ကင်ယား၊ ကယန်း၊ ကေလဘိ(တ်)၊ ပေနန်)တွေက လူများစု လူမျိုးအုပ်စုတွေဖြစ်ပြီး ဆာဘာမှာ ကဒါဇန်ဒူဆွန်နဲ့အတူ မုရု၊ ရန်ဂုစ်၊ ဆုလု၊ ဘာ့ဂျာအူ၊ အီရာနန်တွေက လူများစု ဖြစ်နေတယ်။ ပြည်နယ်နှစ်ခုစလုံးမှာတော့ မလေးကော၊ တရုတ်ကော လူဦးရေ များများစားစားရှိနေပြီးနဲ့ လူနည်းစု အနေနဲ့က အင်ဒီးယန်းတွေ ရှိနေပါသေးတယ်။
လွယ်လွယ်ကောက်ချက်ချရရင်တော့ အရှေ့တောင်အာရှမှာ ရှိရှိသမျှ တိုင်းနိုင်ငံတွေဟာ ဗဟုဖြစ်တယ် ဝါ ဗဟု-လူမျိုးအုပ်စုဖြစ်တယ်။ ကော်နာပြောသလိုဆိုရင်ဖြင့် ဗဟု-လူမျိုးအုပ်စု အမျိုးသားနိုင်ငံအပေါ်အခြေခံတဲ့ တိုင်းပြည်တွေ လို့ ဆိုရမှာပေါ့။
အရှေ့တောင်အာရှ တိုင်းပြည်တွေရဲ့ ဗဟု၊ ဗဟု-လူမျိုးအုပ်စု၊ ဗဟု-လူမျိုးအုပ်စု အမျိုးသားနိုင်ငံအပေါ်အခြေခံတဲ့ တိုင်းပြည် တွေဖြစ်နေတဲ့ အနေအထား၊ သဘောသဘာဝပေါ်မူတည်ပြီး အရေးတကြီး ဆင်ခြင်စရာကိစ္စရပ်တခု ရှိပါတယ်။ အဲဒါကတော့ မော်ဒန် ခေတ်မီတိုင်းပြည်တခုတည်ဆောက်ကြတဲ့ ဖြစ်စဉ်မှာ လူမှုတရားမျှတမှုကို ထည့်သွင်းစဉ်းစားဖို့ အလွန်အရေးကြီးတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ လူများစုလူမျိုးအုပ်စုရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဓလေ့ထုံးတမ်းဆိုင်ရာ လိုလားချက်၊ တောင်းဆိုချက်တွေကိုပဲ စဉ်းစားသလား။ ဒါမှမဟုတ် လူနည်းစုတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဓလေ့ထုံးတမ်းဆိုင်ရာ လိုလားချက်၊ တောင်းဆိုချက်တွေကိုလည်း မျှမျှတတ ထည့်သွင်းစဉ်းစားရဲ့လား။ ဖွံ့ဖြိုးဆဲနိုင်ငံတနိုင်ငံအနေနဲ့ (ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလဲ အတူတူပါပဲ) အားကြီးတဲ့ လူအုပ်စုရဲ့ အကျိုးနဲ့ လိုအင်တွေကိုသာ ရှေ့တန်းတင်လို့ ဖြစ်နိုင်ရဲ့လား။ ဒါမှမဟုတ် တိုင်းပြည်ဟာ ဘယ်လူမျိုးအုပ်စုကပဲ ဖြစ်ဖြစ် ဆင်းရဲသားကျောမွဲတွေ အရေးကို ဦးစားပေး ရှေ့တန်းတင်ပြီး ဆောင်ရွက်ရဲ့လား။ တကယ်လို့ အုပ်စုတစုထဲကသာ စီးပွားရေးကို လက်ဝါးကြီးအုပ်၊ မောင်ပိုင်စီးထားတယ်၊ နောက်အုပ်စုတစုက အာဏာကို မလွှတ်စတမ်း တွယ်ကပ်ဖက်တွယ်ထားတယ်၊ ဒါမှမဟုတ် အုပ်စုတစု၊ တဖွဲ့၊ တသင်းတပင်းရဲ့ ထုံးစံဓလေ့နဲ့ ယုံကြည်ကိုးကွယ်မှုကသာ တတိုင်းပြည်လုံးရဲ့ ထုံးစံဓလေ့ ယဉ်ကျေးမှုကို လွှမ်းမိုးထားတယ်၊ ဒီလိုဆိုလို့ရှိရင်တော့ တခြားအုပ်စုတွေက သူတို့ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ထုံးစံဓလေ့ ယဉ်ကျေးမှုတွေ အကျိုးစီးပွားတွေကို ခွဲခြားဖယ်ကျဉ်ခြင်းခံရတဲ့အတွက်ကြောင့် သေချာပေါက် မကျေမနပ်ဖြစ်လာကြမှာပဲ ဖြစ်ပါတယ်။ အုပ်စုတစုထဲက နိုင်ငံရေးကိုသာမက၊ စီးပွားရေးကော ဓလေ့ထုံးစံယဉ်ကျေးမှုနယ်ပယ်တွေမှာပဲ လွှမ်းမိုးထားတယ်ဆိုလို့ရှိရင်တော့ ပဋိပက္ခက ပိုဆိုးလာဖို့သာ ရှိပါတယ်။
အင်ဒိုနီးရှားမှာ ဆိုပါစို့၊ ပါပူဝမ်တွေ၊ အာချေနီတွေ (ဆူနာမီမတိုင်မီထိ)၊ အရှေ့တီမောသားတွေ (လွတ်လပ်ရေးမရခင်ထိ) ဒီလူအုပ်စုတွေဟာ ဆူဟာတိုရဲ့ စနစ်သစ် (New Order)အုပ်ချုပ်ရေးအောက်မှာ ခွဲခြားဖိနှိပ် ဖယ်ကျဉ်နှိမ့်ချဆက်ဆံတာကို ခံခဲ့ရတဲ့ အုပ်စုတွေဖြစ်ပါတယ်။ လူလတ်တန်းစား ဝေဖန်စဉ်းစားတတ်တဲ့ လူအုပ်စုက ဦးဆောင်ပြီးတော့ ဒီစစ်အုပ်ချုပ်ရေးကို တော်လှန်ကြပြီးတဲ့အခါမှာ အစပိုင်းမှာ ဂျာဗားသားတွေပဲ လွှမ်းမိုးနေရာကနေ ပိုပြီး လွတ်လပ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ကို တောင်းဆိုလာကြပါတယ်။ တိုင်းပြည်ရဲ့ သယံဇာတတွေကို မျှမျှတတ ခွဲဝေပေးဖို့ တောင်းဆိုလာကြပါတယ်။ တချို့ကတော့ အဆုံးမှာ အင်ဒိုနီးရှားက ခွဲထွက်ဖို့အထိပါ တောင်းဆိုလာကြပါတော့တယ်။ ဒီဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် မူလက လူမျိုးအုပ်စုအနေနဲ့ ရှိနေရာကနေ သူတို့ကိုယ် သူတို့ လူမျိုးအုပ်စု-နိုင်ငံအဖြစ် ပြောင်းလဲသွားပြီး သူတို့ရဲ့ သီးခြားလွတ်လပ်တဲ့ တိုင်းပြည်တွေထူထောင်ဖို့အထိပါ ရောက်သွားတာကို တွေ့ရမှာဖြစ်ပါတယ်။
ထိုနည်းတူပါပဲ၊ ထိုင်းတောင်ပိုင်း ပက်သာနီးမှာ မလေး-မူစလင်တွေ ထကြွပုန်ကုန်နေကြတာ၊ ဖိလစ်ပိုင်တောင်ပိုင်းမှာ မိုရိုလူမျိုးတွေ ထကြွပုန်ကုန်နေကြတာ အဓိက အကြောင်းအရင်းခံကတော့ သူတို့ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဓလေ့ထုံးစံ ယဉ်ကျေးမှုဆိုင်ရာတွေမှာ ဘန်ကောက်ကလူတွေ၊ မနီလာကလူတွေ ခွဲခြားပီး နှိမ်ချဖိနှိပ်ဖယ်ကျဉ်ဆက်ဆံတာခံနေကြရလို့ပဲ ဖြစ်ပါတယ်။ ဘန်ကောက်၊ မနီလာမှာ အစိုးရတွေ တဆက်ပြီး တဆက် အသစ်အသစ်တက်လာတိုင်း ဒီပြဿနာတွေကို ဖြေရှင်းဖို့ အမျိုးမျိုး ကြိုးစားကြတာပါပဲ။ ဒါပေမဲ့ ထိုင်းတောင်ပိုင်းနဲ့ ဖိလစ်ပိုင်တောင်ပိုင်းပြဿနာတွေဟာ ခုထိ ဆက်ရှိနေသေးသလို လူနည်းစုလူအုပ်စုတွေဟာ တနေ့ထက်တနေ့ သူပုန်ခေါင်းဆောင်တွေရဲ့ ခွဲထွက်ရေးတောင်းဆိုချက်တွေကို ပိုပို ထောက်ခံလာတာကို တွေ့ရမှာဖြစ်ပါတယ်။
ဆက်ပါဦးမည်။
Loh, Francis Kok Wah. “Ethnic Diversity and the Nation State: From Centralization in the Age of Nationalism to Decentralization amidst Globalization.” Inter-Asia Cultural Studies 18, no. 3 (July 3, 2017): 414–32. https://doi.org/10.1080/14649373.2017.1346165. ကို ပါမောက္ခဖရန်စစ်လို အသက် ၇၀ ပြည့် မွေးနေ့အကြို အမှတ်တရအဖြစ် ထက်မင်းလွင် ဘာသာပြန်ဆိုသည်။
ပုံစာ- အလုပ်ရုံဆွေးနွေးပွဲတခုမှာ ဆရာဖရန်စစ်နဲ့ ဒေါ်ဒေါ်ဒေါ်ဝင်းမြမြ ဆွေးနွေးနေကြစဉ်(၂၀၁၈ ဖေဖော်ဝါရီ)

copy from:

လူမျိုးစုံလင်ကွဲပြားခြင်းနှင့် အမျိုးသားနိုင်ငံအပေါ်အခြေခံသောတိုင်းပြည်တွင် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း (Part 1)

 ပါမောက္ခဖရန်စစ်လို အသက် ၇၀ ပြည့် မွေးနေ့အကြို အမှတ်တရ

*လူမျိုးစုံလင်ကွဲပြားခြင်းနှင့် အမျိုးသားနိုင်ငံအပေါ်အခြေခံသောတိုင်းပြည် အမျိုးသားရေးဝါဒခေတ်တွင် ဗဟိုချုပ်ကိုင်ခြင်းမှ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း*
-မိတ်ဆက်
၁၉၅၀ပြည့်နှစ်တွေနဲ့ ၁၉၆၀အစောပိုင်းနှစ်တွေမှာ ethnic diversity (လူမျိုးအုပ်စုစုံလင်ကွဲပြားခြင်း)နဲ့ ethnic loyalties (လူမျိုးအုပ်စုအပေါ်သစ္စာစောင့်သိမှု) ကိစ္စတွေကို ဆွေးနွေးကြတဲ့အခါတိုင်း ဂျေ အက် ဖာနီဗယ်ပြောတဲ့ plural society (ဗဟုလူ့အဖွဲ့အစည်း) အယူအဆကို ထုတ်ဖော်ဆွေးနွေးလေ့ရှိပါတယ်။ ဖာနီဗယ့်အလိုအရ အရှေ့တောင်အာရှမှာရှိတဲ့ ဗဟုလူ့အဖွဲ့အစည်းတွေဟာ (ဥပမာ မလေးယား/နောင်မလေးရှား၊ အင်ဒိုနီးရှား၊ ဗမာပြည်) ကိုလိုနီစနစ်နဲ့ ပတ်သက်ဆက်နွယ်နေပြီး ဒီနိုင်ငံတွေ ကိုလိုနီဘဝက လွတ်လပ်ရေးရလာကြတဲ့အခါမှာ မော်ဒန်နိုင်ငံရေးထဲကို တွန်းပို့၊ ဝင်ရောက်လာကြတာနဲ့အမျှ ethnic conflict (လူမျိုးအုပ်စုပဋိပက္ခ)နဲ့ အကြမ်းဖက်မှု (violence) လဲဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။
မော်ဒန်နိုက်ဇေးရှင်းသီအိုရီတွေက ကြည့်ရင်တော့ ဒီ လူမျိုးအုပ်စု ဒါမှမဟုတ် လူအုပ်စုတခုနဲ့တခုကြား ပြဿနာတွေ ဖြစ်ရတဲ့အကြောင်းရင်းက လူ့အဖွဲ့အစည်း မော်ဒန်နိုင်ဇေးရှင်းဖြစ်လာနေတာတောင် ဒီဖွံ့ဖြိုးဆဲလူ့အဖွဲ့အစည်းတွေမှာ ရှေးရိုးစဉ်လာ ထုံးစံဓလေ့တွေ၊ စံတန်ဖိုးတွေနဲ့ အင်စတီကျူးရှင်းတွေဟာ ဆက်ပီး ဖက်တွယ်စွဲကျန်နေသေးလို့ ဖြစ်တယ်လို့ ယူဆပါတယ်။ ဒါကြောင့် ခေတ်မီ မော်ဒန်စံတန်ဖိုးတွေ၊ ထုံးဓလေ့တွေ၊ အင်စတီကျူးရှင်းတွေကို လူထုကြားမှာ ပျံ့နှံ့အမြစ်တွယ်အောင် အားပေးရမယ်၊ ရှေးရိုးစွဲပြီး ခေတ်မမီ ကျန်နေခဲ့တဲ့ အုပ်စုတွေကိုလဲ ခေတ်မီမော်ဒန် အသစ်ထူထောင်ဖန်တီးထားတဲ့ နိုင်ငံလုံးဆိုင်ရာနိုင်ငံရေးစနစ်ဘောင်ထဲကို တသားတည်းဖြစ်အောင်၊ ဒါမှမဟုတ် ပေါင်းစပ်သွားအောင် လုပ်ဖို့ကအရေးကြီးတယ်လို့ ယူဆပါတယ်။
ဒီ လူမျိုးရေး ဒါမှမဟုတ် လူအုပ်စုတခုနဲ့တခုကြားပဋိပက္ခတွေအပြင်မှာ တခြား အဓိကထားပြီး ပြောကြ၊ ဆွေးနွေးကြသေးတဲ့အကြောင်းအရာတွေကတော့ ဘာသာစကား၊ ဒေသိယစကား၊ အုပ်စု၊ ဘာသာယုံကြည်ကိုးကွယ်မှု၊ ဒေသစွဲ၊ အမျိုးဇာတ် စတာတွေဖြစ်ပါတယ်။ tribalism (အုပ်စုစွဲဝါဒ)၊ regionalism (ဒေသစွဲဝါဒ)၊ secession (ခွဲထွက်ရေး)၊ parochialism (လူမျိုးရေးအမြင်ကျဉ်းမြောင်းသည့်ဝါဒ)၊ particularism (တသီးတခြားဝါဒ) စသဖြင့် သဘောတရားရေး အယူအဆမျိုးစုံကို ပညာရှင်တွေ တီထွင်သုံးစွဲပြီးတော့ ဒီ sub-national (အမျိုးသားနိုင်ငံအဆင့်အောက်) အုပ်စုတွေရဲ့ ရပ်တည်ချက်အခြေအနေတွေ၊ စည်းရုံးလှုံ့ဆော်သာမဂ္ဂီ သဘောတွေကို ရှင်းပြဖို့ ကြိုးစားကြပါတယ်။ ဘယ်လိုသဘောတရားရေးကိုပဲ သုံးသုံးပါ၊ အဲဒီသဘောတရားရေးအယူအဆတွေ
အဓိက ပြောချင်တာကတော့ ရှေးရိုးစွဲသဘော၊ ဉာဉ်ဆိုတာရှိတယ် (traditionalism)။ အဲဒီ ရှေးရိုးစွဲချင်တဲ့ အယူအဆ၊ ဝါဒကို ခေတ်သစ်မော်ဒန်နိုက်ဇေးရှင်းနဲ့သာ ဖြေရှင်းနိုင်မယ်။ ခေတ်သစ်မော်ဒန် အမျိုးသားနိုင်ငံအပေါ်အခြေခံတဲ့ တိုင်းပြည် (modern nation-state) ရဲ့ ထုံးဓလေ့၊ စံတန်ဖိုးတွေ၊ အင်စတီကျူးရှင်းတွေနဲ့ လူတွေ ပိုပိုပြီး အသားကျလာမှပဲ ဒီကိစ္စ ပြေလည်မယ်လို့ စောဒနာကြတာပါပဲ။
သို့သော်လည်းပဲ ဟန်တင်တန် ပြောတာကကျတော့ ပေါင်းစည်းရေး (integration) ရဲ့ ပြဿနာတွေကို ဒီ အမျိုးသားနိုင်ငံအပေါ်အခြေခံသောတိုင်းပြည် (nation-state) ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကပဲ ပိုဆိုးစေတာတဲ့။ ခေတ်မီမော်ဒန် အမျိုးသားနိုင်ငံအပေါ်အခြေခံသောတိုင်းပြည်က လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို ပရိုမုတ်လုပ်တယ်။ တွန်းအားပေးတယ်။ မြို့ပြပိုဖြစ်လာတာ (urbanization)၊ စက်မှုထွန်းကားလာတာ၊ ဈေးကွက်စီးပွားရေးစနစ်၊ ဆက်သွယ်ရေးနည်းပညာတွေ၊ ပညာရေးစနစ်တွေ ပိုမို ကျယ်ပြန်လွှမ်းခြုံနိုင်လာတာ၊ ခေတ်မီတိုးတက်လာတာ စတာတွေပေါ့။ ဒါတွေနဲ့အတူ social mobilization (လူမှုရွေ့လျားမှု)လဲ ဖြစ်လာပြီးတော့ နိုင်ငံရေးမှာ လူထုပိုမိုပါဝင်လာနိုင်ရေးကို တိုက်တွန်းတောင်းဆိုတာတွေလဲ ပေါ်လာမယ်။ ဒါပေမဲ့ အဲဒီ တွန်းအားပေးတောင်းဆိုတာတွေကို နိုင်ငံရေးစနစ် (political institutionalization) နိုင်ငံရေးအင်စတီကျူးရှင်းတွေကို ဖန်တီးထူထောင်ခြင်းက လိုက်မမှီဘူးတဲ့။ အလျဉ်မမှီဘူးတဲ့။ ဒါကြောင့် နောက်ဆုံးမှာတော့ အန္တရာယ်ရှိတဲ့ “မြင့်တက်လာသော မျှော်လင့်ချက်တွေရဲ့ တော်လှန်ရေး” (revolution of rising expectations) ဖြစ်လာမယ်တဲ့။ ဒါကြောင့်မို့ပဲ နိုင်ငံရေးအရ ပါဝင်နိုင်ရေး ဖြစ်စဉ်ကို နှေးလိုက်ရမယ်၊ နိုင်ငံရေးအင်စတီကျူးရှင်းတွေကို ဖန်တီးထူထောင်ခြင်းဖြစ်စဉ်ကိုတော့ အရှိန်မြှင့်လုပ်ရမယ်လို့ ဟန်တင်တန်က အလိုရှိပါတယ်။ သူ ပြောနေကျ ဆောင်ပုဒ်ကတော့ဖြင့် ပါဝါကို မဖြန့်လိုက်ခင်၊ ပါဝါကို ခွဲဝေမပေးခင်မှာ ပါဝါကို centralized ဗဟိုမှာစုထားရမယ်ဆိုတာမျိုးပါပဲ။ ဒါကြောင့်ပဲ သူက ပြောင်းလဲနေတဲ့ လူ့အဖွဲ့အစည်းတွေမှာ နိုင်ငံရေးစနစ်ကို ထူထောင်ဖို့ အဓိက အရေးကြီးတယ်လို့ establishing “political order in changing societies” လို့ ပြောတာပါပဲ။
ဂဲ့(ရ်တ်)ဇ် (Geertz) ကလဲ ခေတ်မီမော်ဒန်နိုင်ငံရေးအင်စတီကျူးရှင်းတွေကို ထူထောင်ဖို့ဟာ အင်မတန်အရေးကြီးတယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ ဒါတင်မကသေးဘူးတဲ့။ ဂဲ့(ရ်တ်)ဇ်အလိုအားဖြင့်သာဆိုရရင် civic culture (နိုင်ငံသားထုံးဓလေ့) ဆိုတာရယ် ပြီးတော့မတူကွဲပြားတဲ့ ဓလေ့ထုံးစံတွေ၊ ယုံကြည်ကိုးကွယ်မှုနောက်ခံအခြေအနေတွေက လာကြတဲ့ လူအမျိုးမျိုးအဖုံဖုံကြားမယ် ဘုံနိုင်ငံသားအဖြစ် (common citizenship) ရယ်၊ ဒီနှစ်ခုကို ထူထောင်ဖို့လဲ လိုသေးပါသတဲ့။ ဒီလို ဖန်တီးထူထောင်တဲ့ လုပ်ငန်းစဉ်ကိုပဲ “integrative revolution” (ပေါင်းစည်းရေးဆိုင်ရာတော်လှန်ရေး) တရပ်လို့ ဒီလို နာမည်ပေးပါတယ်။
-အနောက်နဲ့ ယခင်ကွန်မြူနစ်နိုင်ငံတွေက လူမျိုးစုပဋိပက္ခ
လူမျိုးအုပ်စုတင်းမာမှုတွေနဲ့ လူမျိုးအုပ်စုပဋိပက္ခတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပဲ ထူးပြီးတော့ ဖြစ်တာမျိုးတော့လဲ မဟုတ်ပါဘူး။ ၁၉၆၀ နှောင်းပိုင်းနှစ်တွေကစလို့ လူမျိုးအုပ်စုတင်းမာမှုတွေ၊ ပဋိပက္ခတွေတင်သာမက၊ ခွဲထွက်ရေးလှုပ်ရေးမှုတွေကိုပါ အနောက်ကမ္ဘာက စက်မှုထွန်းကားတဲ့ လစ်ဘရယ်ဒီမိုကရက်တစ်နိုင်ငံတွေမှာ တွေ့လာရပါတယ်။
၁၉၇၀အစောပိုင်းနှစ်တွေကစလို့ ယခင်ကွန်မြူနစ်စနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာပါ လူမျိုးအုပ်စုပြဿနာတွေ ပေါ်ပေါက်လာပါတယ်။
ဒီလိုမျိုးအနောက်လစ်ဘရယ်နဲ့ ကွန်မြူနစ်လူထွက်တိုင်းပြည်တွေမှာ ပေါ်ပေါက်လာတဲ့ ကိစ္စရပ်တွေကို ရှင်းပြဖို့ ကြိုးစားကြရာမှာတော့ ethno-nationalism (လူမျိုးအုပ်စုအမျိုးသားရေး) ဆိုတဲ့ သဘောတရားရေးနဲ့ ethno-regionalism (လူမျိုးအုပ်စုဒေသဝါဒ) ဆိုတဲ့ သဘောတရားရေးတွေကို များများစားစား သုံးပြီးရှင်းပြတာတွေ့ရပါတယ်။ အနောက်ဥရောပတိုင်းပြည်တွေမှာတော့ ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့ရန်အတွက် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းနဲ့ ဗဟုဓလေ့ဝါဒ (multiculturalism) မူဝါဒတွေကို သုံးသင့်တယ်လို့ တိုက်တွန်း ပရိုမုတ်လုပ်ကြပါတယ်။ ဆိုဗီယက်ရုရှား USSR နဲ့ ယူဂိုဆလားဗီးယား ဖြစ်စဉ်တွေမှာတော့ ဖော်ြပခဲ့တဲ့ ပြဿနာတွေကြောင့် တိုင်းပြည်ပြိုကွဲသွားပြီး နိုင်ငံရေးနယ်နိမိတ်အသစ်တွေရေးဆွဲကာ အမျိုးသားနိုင်ငံအပေါ်အခြေခံသောတိုင်းပြည်သစ်တွေ ထွက်ပေါ်လာတာကို တွေ့ရမှာဖြစ်ပါတယ်။
ဒါကြောင့် လူမျိုးအုပ်စုအမေးပုစ္ဆာ (ethnic question)၊ လူမျိုးအုပ်စုဒေသဝါဒနဲ့ လူမျိုးအုပ်စုအမျိုးသားရေးဝါဒတွေ မြင့်တက်လာတာ၊ အဆုံးစွန်မှာ ခွဲထွက်ရေးကိုပါ ပြောလာကြတာ၊ ဒီပြဿနာတွေဟာ စင်စစ်တော့ အာဖရိကနဲ့ အာရှက လွတ်လပ်ရေးပူပူနွေးနွေးရကာစတိုင်းပြည်၊ ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေရဲ့ ပြဿနာသာ မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။ ပိုပြီးတော့ တိုးတက်တယ်လို့ ဆိုရတဲ့၊ အနောက်က စက်မှုထွန်းကားတဲ့ လစ်ဘရယ်ဒီမိုကရက်တစ်နိုင်ငံတွေမှာကော၊ ကွန်မြူနစ်လို့ ကြွေးကြော်ခဲ့ကြတဲ့နိုင်ငံတွေမှာကော လူမျိုးအုပ်စုပြဿနာတွေနဲ့ မကင်းနိုင်ဘူးဆိုတာ ပြခဲ့ပြီးတဲ့ ဥပမာများအရ ထင်ရှားပါတယ်။ ဒီမှာ အဓိကပြဿနာက မော်ဒန်နိုက်ဇေးရှင်း ခေတ်မီတိုးတက်မှု မရှိရုံသက်သက်ကြောင့် မဟုတ်ပါဘူး။ တကယ်တမ်းကျတော့ မော်ဒန်နိုက်ဇေးရှင်းက မတူကွဲပြားတဲ့ “လူမျိုးစုအုပ်စု”တွေရဲ့ “ဓားမဦးချစိတ်ခံစားချက်” (primodial sentiments) တွေကို ပိုပြီးတော့တောင် ဆိုးစေတာ၊ အပြိုင်အဆိုင်သဘော ပိုများစေတာ၊ ပဋိပက္ခပိုဖြစ်စေတာကို တွေ့ရပါတယ်။ တခါ ဒီကိစ္စဟာ ဗဟိုနိုင်ငံရေးအင်စတီကျူးရှင်းတွေ မရှိလို့၊ ဘုံနိုင်ငံသားထုံးဓလေ့မရှိလို့ဆိုသက် သက်သက်မျိုးကြောင့်လဲ မဟုတ်ပြန်ပါဘူး။ တကယ်ကျတော့ ဘယ်လိုမော်ဒန်နိုက်ဇေးရှင်းဖြစ်စဉ်မျိုးလဲဆိုတာ၊ မော်ဒန်နိုက်ဇေးရှင်းရဲ့ သဘောသဘာဝဆိုတာအပေါ်မူတည်နေတာကို တွေ့ရပါတယ်။ လက်ရှိစာပေမှာလဲ ဒီကိစ္စဟာ အကြောင်းကိစ္စ သုံးခုအပြန်အလှန်ချိတ်ဆက်ပတ်သက်ရာက ဖြစ်ရတယ်ဆိုတာ သက်သေအထောက်အထား အခိုင်အလုံရှိပြီးဖြစ်ပါတယ်။ တိုင်းပြည်တွေဟာ ဖွံ့ဖြိုးဆဲပဲဖြစ်ဖြစ်၊ အနောက်ကစက်မှုထွန်းကားပြီးတိုင်းပြည်ပဲဖြစ်ဖြစ်၊ ကွန်မြူနစ်လူဟောင်းတိုင်းပြည်ပဲဖြစ်ဖြစ် အဲဒါက အဓိက မကျပါဘူး။
ပထမဆုံးအကြောင်းကတော့ လူနည်းစုလူမျိုးအုပ်စုတွေ ဒါမှမဟုတ် လူမျိုးအုပ်စု-အမျိုးသားနိုင်ငံ (ethnic-nation)တွေဟာ အားကြီးလွှမ်းမိုးတဲ့ထုံးစံဓလေ့ယဉ်ကျေးမှု (dominant culture) ထဲကို လူများစုအုပ်စုတွေက သူတို့ကို တသားတည်းဖြစ်အောင် ပေါင်းစည်းဖို့ ကြိုးစားတာကို လက်ခံလေ့မရှိကြပါဘူး။ အဲဒီအစား လူနည်းစုတွေဟာ သူတို့ရဲ့ကိုယ်ပိုင် ထုံးစံဓလေ့တွေ၊ ယဉ်ကျေးမှုတွေကို ကျင့်သုံးနိုင်ဖို့၊ တိုးတက်အောင်လုပ်နိုင်ဖို့ အခွင့်အရေးကိုသာ တောင်းဆိုကြပါတယ်။ ဒါကြောင့်ပဲ ထုံးဓလေ့ဆိုင်ရာဗဟုဝါဒကို ကျင့်သုံးကိုင်စွဲဖို့ တောင်းဆိုကြပြီး အစိုးရတွေကိုလဲ ဒီ ဗဟုထုံးဓလေ့ဝါဒ မူဝါဒတွေကို ချမှတ်ကျင့်သုံးဖို့ တောင်းဆိုကြတာဖြစ်ပါတယ်။
ဒုတိယအကြောင်းကတော့ လူနည်းစုအုပ်စုတွေဟာ လူမျိုးစုက နိုင်ငံရေးအရလွှမ်းမိုးကြီးစိုးတာကိုလဲ ဆန့်ကျင်ကြပါတယ်။ နိုင်ငံရေးအရ လွှမ်းမိုးကြီးစိုးတာအစား ဗဟိုချုပ်ကိုင်မှုလျှော့ချတဲ့ မူဝါဒတွေနဲ့ ဖက်ရယ်စနစ်ကို ထူထောင်ပြီးတော့ နိုင်ငံရေးအရကိုယ်ပိုင်လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်ကို ပိုမိုရရှိလိုကြပါတယ်။ တချို့အုပ်စုတွေကတော့ ဗဟိုထိန်းချုပ်မှုကို သည်းညည်းမခံနိုင်တဲ့အဆုံး ခွဲထွက်ဖို့အထိပါ ကြိုးစားလာကြတာလဲ ရှိပါတယ်။
တတိယအကြောင်းကတော့ လူနည်းစုအုပ်စုတွေဟာ ဒေသတွေအကြား မညီမျှတဲ့စီးပွားရေးဖွံ့ဖြိုးမှုကို ဆန့်ကျင်ကြပါတယ်။ အဲဒီအစား သူတို့လိုလားတာက လူများစုအုပ်စုတွေ အများအပြားစုဝေးနေထိုင်ကြတဲ့ဒေသတွေနည်းတူ သူတို့အခြေချနေထိုင်ကြရာ ဒေသတွေကိုလဲ စီးပွားရေးဖွံ့ဖြိုးမှုမှာ မျှမျှတတ ခွဲဝေပေးအပ်တာကို လိုလားကြပါတယ်။
တနည်းပြောရရင်တော့ အပေါ်မှာပြောခဲ့တဲ့ ပဋိပက္ခတွေနဲ့ အဲဒီပဋိပက္ခတွေကို ဒီနှယ့်ဟို့နှယ့် ဖြေရှင်းမယ်ဆိုတာတွေအားလုံးကို ကြည့်လိုက်ရင် တိုင်းပြည်တပြည်မှာ ရှိရှိသမျှ လူထုအားလုံးအတွက် လူများစုပဲဖြစ်ဖြစ်၊ လူနည်းစုပဲဖြစ်ဖြစ် တူညီတဲ့နိုင်ငံသားအခွင့်အရေးတွေ မပေးသရွေ့ကာလပတ်လုံး ဒီပြဿနာတွေ ပြေလည်မှာမဟုတ်ဘူးဆိုတာကို သက်သေခံနေကြတာဖြစ်ပါတယ်။
(ဆက်ပါဦးမည်)
Loh, Francis Kok Wah. “Ethnic Diversity and the Nation State: From Centralization in the Age of Nationalism to Decentralization amidst Globalization.” Inter-Asia Cultural Studies 18, no. 3 (July 3, 2017): 414–32. https://doi.org/10.1080/14649373.2017.1346165. ကို ထက်မင်းလွင် ဘာသာပြန်ဆိုသည်။
ပုံစာ- ရန်ကုန်တက္ကသိုလ်ရောက် ဆရာဖရန်စစ် (၂၀၁၇ ဒီဇင်ဘာ)

English reference download link: https://www.tandfonline.com/journals/riac20

copy from: