ပါမောက္ခဖရန်စစ်လို အသက် ၇၀ ပြည့် မွေးနေ့အကြို အမှတ်တရ
-မိတ်ဆက်
၁၉၅၀ပြည့်နှစ်တွေနဲ့ ၁၉၆၀အစောပိုင်းနှစ်တွေမှာ ethnic diversity (လူမျိုးအုပ်စုစုံလင်ကွဲပြားခြင်း)နဲ့ ethnic loyalties (လူမျိုးအုပ်စုအပေါ်သစ္စာစောင့်သိမှု) ကိစ္စတွေကို ဆွေးနွေးကြတဲ့အခါတိုင်း ဂျေ အက် ဖာနီဗယ်ပြောတဲ့ plural society (ဗဟုလူ့အဖွဲ့အစည်း) အယူအဆကို ထုတ်ဖော်ဆွေးနွေးလေ့ရှိပါတယ်။ ဖာနီဗယ့်အလိုအရ အရှေ့တောင်အာရှမှာရှိတဲ့ ဗဟုလူ့အဖွဲ့အစည်းတွေဟာ (ဥပမာ မလေးယား/နောင်မလေးရှား၊ အင်ဒိုနီးရှား၊ ဗမာပြည်) ကိုလိုနီစနစ်နဲ့ ပတ်သက်ဆက်နွယ်နေပြီး ဒီနိုင်ငံတွေ ကိုလိုနီဘဝက လွတ်လပ်ရေးရလာကြတဲ့အခါမှာ မော်ဒန်နိုင်ငံရေးထဲကို တွန်းပို့၊ ဝင်ရောက်လာကြတာနဲ့အမျှ ethnic conflict (လူမျိုးအုပ်စုပဋိပက္ခ)နဲ့ အကြမ်းဖက်မှု (violence) လဲဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။
မော်ဒန်နိုက်ဇေးရှင်းသီအိုရီတွေက ကြည့်ရင်တော့ ဒီ လူမျိုးအုပ်စု ဒါမှမဟုတ် လူအုပ်စုတခုနဲ့တခုကြား ပြဿနာတွေ ဖြစ်ရတဲ့အကြောင်းရင်းက လူ့အဖွဲ့အစည်း မော်ဒန်နိုင်ဇေးရှင်းဖြစ်လာနေတာတောင် ဒီဖွံ့ဖြိုးဆဲလူ့အဖွဲ့အစည်းတွေမှာ ရှေးရိုးစဉ်လာ ထုံးစံဓလေ့တွေ၊ စံတန်ဖိုးတွေနဲ့ အင်စတီကျူးရှင်းတွေဟာ ဆက်ပီး ဖက်တွယ်စွဲကျန်နေသေးလို့ ဖြစ်တယ်လို့ ယူဆပါတယ်။ ဒါကြောင့် ခေတ်မီ မော်ဒန်စံတန်ဖိုးတွေ၊ ထုံးဓလေ့တွေ၊ အင်စတီကျူးရှင်းတွေကို လူထုကြားမှာ ပျံ့နှံ့အမြစ်တွယ်အောင် အားပေးရမယ်၊ ရှေးရိုးစွဲပြီး ခေတ်မမီ ကျန်နေခဲ့တဲ့ အုပ်စုတွေကိုလဲ ခေတ်မီမော်ဒန် အသစ်ထူထောင်ဖန်တီးထားတဲ့ နိုင်ငံလုံးဆိုင်ရာနိုင်ငံရေးစနစ်ဘောင်ထဲကို တသားတည်းဖြစ်အောင်၊ ဒါမှမဟုတ် ပေါင်းစပ်သွားအောင် လုပ်ဖို့ကအရေးကြီးတယ်လို့ ယူဆပါတယ်။
ဒီ လူမျိုးရေး ဒါမှမဟုတ် လူအုပ်စုတခုနဲ့တခုကြားပဋိပက္ခတွေအပြင်မှာ တခြား အဓိကထားပြီး ပြောကြ၊ ဆွေးနွေးကြသေးတဲ့အကြောင်းအရာတွေကတော့ ဘာသာစကား၊ ဒေသိယစကား၊ အုပ်စု၊ ဘာသာယုံကြည်ကိုးကွယ်မှု၊ ဒေသစွဲ၊ အမျိုးဇာတ် စတာတွေဖြစ်ပါတယ်။ tribalism (အုပ်စုစွဲဝါဒ)၊ regionalism (ဒေသစွဲဝါဒ)၊ secession (ခွဲထွက်ရေး)၊ parochialism (လူမျိုးရေးအမြင်ကျဉ်းမြောင်းသည့်ဝါဒ)၊ particularism (တသီးတခြားဝါဒ) စသဖြင့် သဘောတရားရေး အယူအဆမျိုးစုံကို ပညာရှင်တွေ တီထွင်သုံးစွဲပြီးတော့ ဒီ sub-national (အမျိုးသားနိုင်ငံအဆင့်အောက်) အုပ်စုတွေရဲ့ ရပ်တည်ချက်အခြေအနေတွေ၊ စည်းရုံးလှုံ့ဆော်သာမဂ္ဂီ သဘောတွေကို ရှင်းပြဖို့ ကြိုးစားကြပါတယ်။ ဘယ်လိုသဘောတရားရေးကိုပဲ သုံးသုံးပါ၊ အဲဒီသဘောတရားရေးအယူအဆတွေ
အဓိက ပြောချင်တာကတော့ ရှေးရိုးစွဲသဘော၊ ဉာဉ်ဆိုတာရှိတယ် (traditionalism)။ အဲဒီ ရှေးရိုးစွဲချင်တဲ့ အယူအဆ၊ ဝါဒကို ခေတ်သစ်မော်ဒန်နိုက်ဇေးရှင်းနဲ့သာ ဖြေရှင်းနိုင်မယ်။ ခေတ်သစ်မော်ဒန် အမျိုးသားနိုင်ငံအပေါ်အခြေခံတဲ့ တိုင်းပြည် (modern nation-state) ရဲ့ ထုံးဓလေ့၊ စံတန်ဖိုးတွေ၊ အင်စတီကျူးရှင်းတွေနဲ့ လူတွေ ပိုပိုပြီး အသားကျလာမှပဲ ဒီကိစ္စ ပြေလည်မယ်လို့ စောဒနာကြတာပါပဲ။
သို့သော်လည်းပဲ ဟန်တင်တန် ပြောတာကကျတော့ ပေါင်းစည်းရေး (integration) ရဲ့ ပြဿနာတွေကို ဒီ အမျိုးသားနိုင်ငံအပေါ်အခြေခံသောတိုင်းပြည် (nation-state) ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကပဲ ပိုဆိုးစေတာတဲ့။ ခေတ်မီမော်ဒန် အမျိုးသားနိုင်ငံအပေါ်အခြေခံသောတိုင်းပြည်က လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို ပရိုမုတ်လုပ်တယ်။ တွန်းအားပေးတယ်။ မြို့ပြပိုဖြစ်လာတာ (urbanization)၊ စက်မှုထွန်းကားလာတာ၊ ဈေးကွက်စီးပွားရေးစနစ်၊ ဆက်သွယ်ရေးနည်းပညာတွေ၊ ပညာရေးစနစ်တွေ ပိုမို ကျယ်ပြန်လွှမ်းခြုံနိုင်လာတာ၊ ခေတ်မီတိုးတက်လာတာ စတာတွေပေါ့။ ဒါတွေနဲ့အတူ social mobilization (လူမှုရွေ့လျားမှု)လဲ ဖြစ်လာပြီးတော့ နိုင်ငံရေးမှာ လူထုပိုမိုပါဝင်လာနိုင်ရေးကို တိုက်တွန်းတောင်းဆိုတာတွေလဲ ပေါ်လာမယ်။ ဒါပေမဲ့ အဲဒီ တွန်းအားပေးတောင်းဆိုတာတွေကို နိုင်ငံရေးစနစ် (political institutionalization) နိုင်ငံရေးအင်စတီကျူးရှင်းတွေကို ဖန်တီးထူထောင်ခြင်းက လိုက်မမှီဘူးတဲ့။ အလျဉ်မမှီဘူးတဲ့။ ဒါကြောင့် နောက်ဆုံးမှာတော့ အန္တရာယ်ရှိတဲ့ “မြင့်တက်လာသော မျှော်လင့်ချက်တွေရဲ့ တော်လှန်ရေး” (revolution of rising expectations) ဖြစ်လာမယ်တဲ့။ ဒါကြောင့်မို့ပဲ နိုင်ငံရေးအရ ပါဝင်နိုင်ရေး ဖြစ်စဉ်ကို နှေးလိုက်ရမယ်၊ နိုင်ငံရေးအင်စတီကျူးရှင်းတွေကို ဖန်တီးထူထောင်ခြင်းဖြစ်စဉ်ကိုတော့ အရှိန်မြှင့်လုပ်ရမယ်လို့ ဟန်တင်တန်က အလိုရှိပါတယ်။ သူ ပြောနေကျ ဆောင်ပုဒ်ကတော့ဖြင့် ပါဝါကို မဖြန့်လိုက်ခင်၊ ပါဝါကို ခွဲဝေမပေးခင်မှာ ပါဝါကို centralized ဗဟိုမှာစုထားရမယ်ဆိုတာမျိုးပါပဲ။ ဒါကြောင့်ပဲ သူက ပြောင်းလဲနေတဲ့ လူ့အဖွဲ့အစည်းတွေမှာ နိုင်ငံရေးစနစ်ကို ထူထောင်ဖို့ အဓိက အရေးကြီးတယ်လို့ establishing “political order in changing societies” လို့ ပြောတာပါပဲ။
ဂဲ့(ရ်တ်)ဇ် (Geertz) ကလဲ ခေတ်မီမော်ဒန်နိုင်ငံရေးအင်စတီကျူးရှင်းတွေကို ထူထောင်ဖို့ဟာ အင်မတန်အရေးကြီးတယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ ဒါတင်မကသေးဘူးတဲ့။ ဂဲ့(ရ်တ်)ဇ်အလိုအားဖြင့်သာဆိုရရင် civic culture (နိုင်ငံသားထုံးဓလေ့) ဆိုတာရယ် ပြီးတော့မတူကွဲပြားတဲ့ ဓလေ့ထုံးစံတွေ၊ ယုံကြည်ကိုးကွယ်မှုနောက်ခံအခြေအနေတွေက လာကြတဲ့ လူအမျိုးမျိုးအဖုံဖုံကြားမယ် ဘုံနိုင်ငံသားအဖြစ် (common citizenship) ရယ်၊ ဒီနှစ်ခုကို ထူထောင်ဖို့လဲ လိုသေးပါသတဲ့။ ဒီလို ဖန်တီးထူထောင်တဲ့ လုပ်ငန်းစဉ်ကိုပဲ “integrative revolution” (ပေါင်းစည်းရေးဆိုင်ရာတော်လှန်ရေး) တရပ်လို့ ဒီလို နာမည်ပေးပါတယ်။
-အနောက်နဲ့ ယခင်ကွန်မြူနစ်နိုင်ငံတွေက လူမျိုးစုပဋိပက္ခ
လူမျိုးအုပ်စုတင်းမာမှုတွေနဲ့ လူမျိုးအုပ်စုပဋိပက္ခတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပဲ ထူးပြီးတော့ ဖြစ်တာမျိုးတော့လဲ မဟုတ်ပါဘူး။ ၁၉၆၀ နှောင်းပိုင်းနှစ်တွေကစလို့ လူမျိုးအုပ်စုတင်းမာမှုတွေ၊ ပဋိပက္ခတွေတင်သာမက၊ ခွဲထွက်ရေးလှုပ်ရေးမှုတွေကိုပါ အနောက်ကမ္ဘာက စက်မှုထွန်းကားတဲ့ လစ်ဘရယ်ဒီမိုကရက်တစ်နိုင်ငံတွေမှာ တွေ့လာရပါတယ်။
၁၉၇၀အစောပိုင်းနှစ်တွေကစလို့ ယခင်ကွန်မြူနစ်စနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာပါ လူမျိုးအုပ်စုပြဿနာတွေ ပေါ်ပေါက်လာပါတယ်။
ဒီလိုမျိုးအနောက်လစ်ဘရယ်နဲ့ ကွန်မြူနစ်လူထွက်တိုင်းပြည်တွေမှာ ပေါ်ပေါက်လာတဲ့ ကိစ္စရပ်တွေကို ရှင်းပြဖို့ ကြိုးစားကြရာမှာတော့ ethno-nationalism (လူမျိုးအုပ်စုအမျိုးသားရေး) ဆိုတဲ့ သဘောတရားရေးနဲ့ ethno-regionalism (လူမျိုးအုပ်စုဒေသဝါဒ) ဆိုတဲ့ သဘောတရားရေးတွေကို များများစားစား သုံးပြီးရှင်းပြတာတွေ့ရပါတယ်။ အနောက်ဥရောပတိုင်းပြည်တွေမှာတော့ ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့ရန်အတွက် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းနဲ့ ဗဟုဓလေ့ဝါဒ (multiculturalism) မူဝါဒတွေကို သုံးသင့်တယ်လို့ တိုက်တွန်း ပရိုမုတ်လုပ်ကြပါတယ်။ ဆိုဗီယက်ရုရှား USSR နဲ့ ယူဂိုဆလားဗီးယား ဖြစ်စဉ်တွေမှာတော့ ဖော်ြပခဲ့တဲ့ ပြဿနာတွေကြောင့် တိုင်းပြည်ပြိုကွဲသွားပြီး နိုင်ငံရေးနယ်နိမိတ်အသစ်တွေရေးဆွဲကာ အမျိုးသားနိုင်ငံအပေါ်အခြေခံသောတိုင်းပြည်သစ်တွေ ထွက်ပေါ်လာတာကို တွေ့ရမှာဖြစ်ပါတယ်။
ဒါကြောင့် လူမျိုးအုပ်စုအမေးပုစ္ဆာ (ethnic question)၊ လူမျိုးအုပ်စုဒေသဝါဒနဲ့ လူမျိုးအုပ်စုအမျိုးသားရေးဝါဒတွေ မြင့်တက်လာတာ၊ အဆုံးစွန်မှာ ခွဲထွက်ရေးကိုပါ ပြောလာကြတာ၊ ဒီပြဿနာတွေဟာ စင်စစ်တော့ အာဖရိကနဲ့ အာရှက လွတ်လပ်ရေးပူပူနွေးနွေးရကာစတိုင်းပြည်၊ ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေရဲ့ ပြဿနာသာ မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။ ပိုပြီးတော့ တိုးတက်တယ်လို့ ဆိုရတဲ့၊ အနောက်က စက်မှုထွန်းကားတဲ့ လစ်ဘရယ်ဒီမိုကရက်တစ်နိုင်ငံတွေမှာကော၊ ကွန်မြူနစ်လို့ ကြွေးကြော်ခဲ့ကြတဲ့နိုင်ငံတွေမှာကော လူမျိုးအုပ်စုပြဿနာတွေနဲ့ မကင်းနိုင်ဘူးဆိုတာ ပြခဲ့ပြီးတဲ့ ဥပမာများအရ ထင်ရှားပါတယ်။ ဒီမှာ အဓိကပြဿနာက မော်ဒန်နိုက်ဇေးရှင်း ခေတ်မီတိုးတက်မှု မရှိရုံသက်သက်ကြောင့် မဟုတ်ပါဘူး။ တကယ်တမ်းကျတော့ မော်ဒန်နိုက်ဇေးရှင်းက မတူကွဲပြားတဲ့ “လူမျိုးစုအုပ်စု”တွေရဲ့ “ဓားမဦးချစိတ်ခံစားချက်” (primodial sentiments) တွေကို ပိုပြီးတော့တောင် ဆိုးစေတာ၊ အပြိုင်အဆိုင်သဘော ပိုများစေတာ၊ ပဋိပက္ခပိုဖြစ်စေတာကို တွေ့ရပါတယ်။ တခါ ဒီကိစ္စဟာ ဗဟိုနိုင်ငံရေးအင်စတီကျူးရှင်းတွေ မရှိလို့၊ ဘုံနိုင်ငံသားထုံးဓလေ့မရှိလို့ဆိုသက် သက်သက်မျိုးကြောင့်လဲ မဟုတ်ပြန်ပါဘူး။ တကယ်ကျတော့ ဘယ်လိုမော်ဒန်နိုက်ဇေးရှင်းဖြစ်စဉ်မျိုးလဲဆိုတာ၊ မော်ဒန်နိုက်ဇေးရှင်းရဲ့ သဘောသဘာဝဆိုတာအပေါ်မူတည်နေတာကို တွေ့ရပါတယ်။ လက်ရှိစာပေမှာလဲ ဒီကိစ္စဟာ အကြောင်းကိစ္စ သုံးခုအပြန်အလှန်ချိတ်ဆက်ပတ်သက်ရာက ဖြစ်ရတယ်ဆိုတာ သက်သေအထောက်အထား အခိုင်အလုံရှိပြီးဖြစ်ပါတယ်။ တိုင်းပြည်တွေဟာ ဖွံ့ဖြိုးဆဲပဲဖြစ်ဖြစ်၊ အနောက်ကစက်မှုထွန်းကားပြီးတိုင်းပြည်ပဲဖြစ်ဖြစ်၊ ကွန်မြူနစ်လူဟောင်းတိုင်းပြည်ပဲဖြစ်ဖြစ် အဲဒါက အဓိက မကျပါဘူး။
ပထမဆုံးအကြောင်းကတော့ လူနည်းစုလူမျိုးအုပ်စုတွေ ဒါမှမဟုတ် လူမျိုးအုပ်စု-အမျိုးသားနိုင်ငံ (ethnic-nation)တွေဟာ အားကြီးလွှမ်းမိုးတဲ့ထုံးစံဓလေ့ယဉ်ကျေးမှု (dominant culture) ထဲကို လူများစုအုပ်စုတွေက သူတို့ကို တသားတည်းဖြစ်အောင် ပေါင်းစည်းဖို့ ကြိုးစားတာကို လက်ခံလေ့မရှိကြပါဘူး။ အဲဒီအစား လူနည်းစုတွေဟာ သူတို့ရဲ့ကိုယ်ပိုင် ထုံးစံဓလေ့တွေ၊ ယဉ်ကျေးမှုတွေကို ကျင့်သုံးနိုင်ဖို့၊ တိုးတက်အောင်လုပ်နိုင်ဖို့ အခွင့်အရေးကိုသာ တောင်းဆိုကြပါတယ်။ ဒါကြောင့်ပဲ ထုံးဓလေ့ဆိုင်ရာဗဟုဝါဒကို ကျင့်သုံးကိုင်စွဲဖို့ တောင်းဆိုကြပြီး အစိုးရတွေကိုလဲ ဒီ ဗဟုထုံးဓလေ့ဝါဒ မူဝါဒတွေကို ချမှတ်ကျင့်သုံးဖို့ တောင်းဆိုကြတာဖြစ်ပါတယ်။
ဒုတိယအကြောင်းကတော့ လူနည်းစုအုပ်စုတွေဟာ လူမျိုးစုက နိုင်ငံရေးအရလွှမ်းမိုးကြီးစိုးတာကိုလဲ ဆန့်ကျင်ကြပါတယ်။ နိုင်ငံရေးအရ လွှမ်းမိုးကြီးစိုးတာအစား ဗဟိုချုပ်ကိုင်မှုလျှော့ချတဲ့ မူဝါဒတွေနဲ့ ဖက်ရယ်စနစ်ကို ထူထောင်ပြီးတော့ နိုင်ငံရေးအရကိုယ်ပိုင်လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်ကို ပိုမိုရရှိလိုကြပါတယ်။ တချို့အုပ်စုတွေကတော့ ဗဟိုထိန်းချုပ်မှုကို သည်းညည်းမခံနိုင်တဲ့အဆုံး ခွဲထွက်ဖို့အထိပါ ကြိုးစားလာကြတာလဲ ရှိပါတယ်။
တတိယအကြောင်းကတော့ လူနည်းစုအုပ်စုတွေဟာ ဒေသတွေအကြား မညီမျှတဲ့စီးပွားရေးဖွံ့ဖြိုးမှုကို ဆန့်ကျင်ကြပါတယ်။ အဲဒီအစား သူတို့လိုလားတာက လူများစုအုပ်စုတွေ အများအပြားစုဝေးနေထိုင်ကြတဲ့ဒေသတွေနည်းတူ သူတို့အခြေချနေထိုင်ကြရာ ဒေသတွေကိုလဲ စီးပွားရေးဖွံ့ဖြိုးမှုမှာ မျှမျှတတ ခွဲဝေပေးအပ်တာကို လိုလားကြပါတယ်။
တနည်းပြောရရင်တော့ အပေါ်မှာပြောခဲ့တဲ့ ပဋိပက္ခတွေနဲ့ အဲဒီပဋိပက္ခတွေကို ဒီနှယ့်ဟို့နှယ့် ဖြေရှင်းမယ်ဆိုတာတွေအားလုံးကို ကြည့်လိုက်ရင် တိုင်းပြည်တပြည်မှာ ရှိရှိသမျှ လူထုအားလုံးအတွက် လူများစုပဲဖြစ်ဖြစ်၊ လူနည်းစုပဲဖြစ်ဖြစ် တူညီတဲ့နိုင်ငံသားအခွင့်အရေးတွေ မပေးသရွေ့ကာလပတ်လုံး ဒီပြဿနာတွေ ပြေလည်မှာမဟုတ်ဘူးဆိုတာကို သက်သေခံနေကြတာဖြစ်ပါတယ်။
(ဆက်ပါဦးမည်)
Loh, Francis Kok Wah. “Ethnic Diversity and the Nation State: From Centralization in the Age of Nationalism to Decentralization amidst Globalization.” Inter-Asia Cultural Studies 18, no. 3 (July 3, 2017): 414–32. https://doi.org/10.1080/14649373.2017.1346165. ကို ထက်မင်းလွင် ဘာသာပြန်ဆိုသည်။
ပုံစာ- ရန်ကုန်တက္ကသိုလ်ရောက် ဆရာဖရန်စစ် (၂၀၁၇ ဒီဇင်ဘာ)
English reference download link: https://www.tandfonline.com/journals/riac20
copy from:
No comments:
Post a Comment