Thursday, June 26, 2025

လူမျိုးစုံလင်ကွဲပြားခြင်းနှင့် အမျိုးသားနိုင်ငံအပေါ်အခြေခံသောတိုင်းပြည်တွင် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း Part 2

 *လူမျိုးစုံလင်ကွဲပြားခြင်းနှင့် အမျိုးသားနိုင်ငံအပေါ်အခြေခံသောတိုင်းပြည် အမျိုးသားရေးဝါဒခေတ်တွင် ဗဟိုချုပ်ကိုင်ခြင်းမှ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း* အပိုင်း ၂

-“ethnic” (လူမျိုးအုပ်စု) “nation” (အမျိုးသားနိုင်ငံ) နှင့် “nation-state” (အမျိုးသားနိုင်ငံအပေါ်အခြေခံသော တိုင်းပြည်) ရှင်းလင်းချက်
တိုင်းပြည်ပေါင်း ၁၃၂ ပြည်ကို လက်တွေ့လေ့လာပြီး ကော်နာ တင်ပြတာကတော့ လူများစုလူအုပ်စုကနေကွဲပြားပြီး သီးခြား ကိုယ်ပိုင်ဘာသာစကား၊ ထုံးဓလေ့နဲ့/သို့မဟုတ် ဘာသာယုံကြည်ကိုးကွယ်မှုရှိကြတဲ့ လူနည်းစု လူအုပ်စုတွေကို သုတေသီတွေဟာ “ethnic group” (လူမျိုးအုပ်စု)လို့ ရည်ညွှန်းပြောဆိုလေ့ရှိကြပါသတဲ့။ တကယ်တန်းကျတော့ ကိုယ်ပိုင်ဘာသာစကား၊ ထုံးဓလေ့နဲ့ ဘာသာယုံကြည်ကိုးကွယ်မှု ရှိတယ်၊ ပိုင်ဆိုင်တယ်ဆိုတာ “အမျိုးသားနိုင်ငံ”ရဲ့ လက္ခဏာဖြစ်ပါတယ်။ ကော်နာရှင်းပြတာက အဖွဲ့ဝင်တွေအတွင်းမှာ ညီညွတ်စည်းလုံးမှုသာမဂ္ဂီသဘောရှိကြတဲ့ လူမှုအုပ်စုတွေလို့ လူမျိုးအုပ်စုကိုကော၊ အမျိုးသားနိုင်ငံကိုကော အနက်အဓိပ္ပာယ်ဖွင့်ဆိုကြတာဖြစ်ပါသတဲ့။ ကော်နာ တင်ပြတာက လူမျိုးအုပ်စု ကို “proto nation” “ရှေ့ပြေးအမျိုးသားနိုင်ငံ” လို့ မှတ်သားယူဆထိုက်ပါတယ်တဲ့။ စင်စစ်တော့ ဘယ် လူမျိုးအုပ်စုတိုင်းဟာမဆို အမျိုးသားနိုင်ငံဖြစ်နိုင်တဲ့ အလားအလာ ရှိနေကြတာချည်းပါပဲ။ လူမျိုးအုပ်စု နဲ့ အမျိုးသားနိုင်ငံအကြား ကွာခြားချက်ကတော့ တခုစီမှာ စုဆောင်းထားရှိ၊ ရရှိလာတဲ့ ညီညွတ်စည်းလုံးမှုသာမဂ္ဂီရဲ့ ဒီဂရီ ဖြစ်တယ်လို့ ကော်နာက ယူဆပါတယ်။ လူမျိုးအုပ်စုနဲ့ မတူတာက နေးရှင်း “အမျိုးသားနိုင်ငံ”မှာ အဖွဲ့ဝင်တွေဟာ ထုံးဓလေ့ယဉ်ကျေးမှု၊ ဘာသာစကား၊ ဘာသာယုံကြည်ကိုးကွယ်မှုတွေ တူညီမျှဝေယုံမကဘဲ ဘုံနိုင်ငံရေးပန်းတိုင် common political goal လဲ ရှိကြတယ်။ အုပ်စုရဲ့ ဘုံဦးဆောင်မှု၊ ခေါင်းဆောင်မှုကိုလဲ အသိအမှတ်ပြုကြတာဖြစ်ပါတယ်။ အမျိုးသားနိုင်ငံ ဟာ ပိုပြီးတော့ စည်းလုံးစုစည်းတဲ့ အသိုက်အဝန်း၊ အသင်းအပင်းသဘောကို ဆောင်ပြီး အနည်းဆုံး နိုင်ငံရေးအရ လူမျိုးအုပ်စုထက် ပိုပြီး စည်းလုံးစုစည်းပါတယ်။ လူမျိုးအုပ်စု ဆိုရာမှာကတော့ နိုင်ငံရေးအရစည်းလုံးညီညွတ်မှုသာမဂ္ဂီသဘော (sense of political solidarity) နဲ့ အသိုက်အဝန်းမှာ ဘုံဦးဆောင်မှုကို လက်ခံတာမျိုး မရှိဘူး သို့မဟုတ် အငြင်းပွားနေရဆဲဖြစ်တယ်လို့ ကော်နာက ဆိုပါတယ်။
ဒီလိုဖွင့်ဆိုရှင်းလင်းပြီး လူမျိုးအုပ်စု ethnic group၊ နေရှင်း အမျိုးသားနိုင်ငံ nation နဲ့ လူမျိုး race ဆိုတဲ့စကားရပ်တွေအစား ethnic-nation လူမျိုးအုပ်စု-နိုင်ငံ လို့ သုံးတာ ပိုပြီး ဆီလျော်သင့်တော်တယ်လို့ ကော်နာက အကြံပြုပါတယ်။ ဒီအခြေခံကနေပြီးတော့ပဲ သူ လေ့လာခဲ့တဲ့ ၁၃၂ နိုင်ငံနဲ့ ပတ်သက်လို့ အောက်ပါအတိုင်း အနှစ်ချုပ်တင်ပြပါတယ်¬–
(က) နိုင်ငံပေါင်း ၁၃၂ နိုင်ငံမှာ ၇ % ပဲ အမျိုးသားနိုင်ငံအပေါ်အခြေခံတဲ့ တိုင်းပြည် ဝါ နေရှင်းစတိတ် (nation-states) လို့ ပြောလို့ ရမယ် (ဆိုလိုတာကတော့ တခုထဲသော လူမျိုးအုပ်စု-နိုင်ငံ ethnic nation အနေနဲ့ ရှိတာ ၇% ပဲ ရှိတယ်)၊
(ခ) ၆၁%က လူများစု လူမျိုးအုပ်စု-နိုင်ငံ majority ethnic-nation ကော လူနည်းစု လူမျိုးအုပ်စု-နိုင်ငံ minority ethnic-nation ကောရှိတယ် (လူများစုဆိုရာမှာ လူဦးရေစုစုပေါင်းရဲ့ ၅၀% သို့မဟုတ် ၅၀% အထက်)၊
(ဂ) ၃၀% က လူမျိုးအုပ်စု-နိုင်ငံ တခုထက်ပိုပြီး ရှိတယ်၊ ဘယ် လူမျိုးစုအုပ်စုကမှ လူများစုအနေနဲ့ မရှိဘူး။ အားလုံးက လူနည်းစု လူမျိုးအုပ်စု-နိုင်ငံတွေပဲ ဖြစ်ကြတယ်။
နေရှင်းစတိတ် ဝါ အမျိုးသားနိုင်ငံအပေါ်အခြေခံတဲ့ တိုင်းပြည် အနည်းစုလက်တဆုပ်စာကသာ (ဂျပန်လို၊ ဂျာမနီလို ဂျာမနီတောင်သိပ်မသေချာ၊ နိုင်ငံမျိုးတွေ၊ ဒီနိုင်ငံတွေမှာ တင်းကျပ်တဲ့ လူဝင်မှုဥပဒေတွေ ရှိပြီးတော့ ဂျပန်မဟုတ်တဲ့၊ ဒါမှမဟုတ် ဂျာမန်မျိုးရိုးကမဟုတ်တဲ့ အမြဲနေတွေကို နိုင်ငံသားမပေးတဲ့နိုင်ငံတွေသာ) စစ်မှန်တဲ့ အမျိုးသားနိုင်ငံအပေါ်အခြေခံတဲ့တိုင်းပြည်တွေ ဝါ နေရှင်းစတိတ်တွေလို့ ပြောလို့ရမယ်။ သူတို့မှာ တခုထဲသော အင်အားကြီးတဲ့ လူမျိုးအုပ်စု-နိုင်ငံ ရှိမယ်ပေါ့။ အများစု အနောက်က စက်မှုထွန်းကားတဲ့ နိုင်ငံတွေ၊ ယခင်ကွန်မြူနစ်နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ကော်နာ့အဆိုအတိုင်း ပြောရရင် multi-ethnic-nation states ဗဟု လူမျိုးအုပ်စု-နိုင်ငံ အပေါ်အခြေခံတဲ့တိုင်းပြည်တွေ ဖြစ်ကြတယ်။
တိုင်းပြည်အများစုမှာ လူမျိုးအုပ်စုတခုထက်ပိုပြီး ရှိကြတာဖြစ်တော့ ဒါကြောင့်ပဲ ဗဟု-လူမျိုးအုပ်စု-နိုင်ငံတွေ “multi-ethnic-nation states”လို့ ခေါ်ထိုက်တယ်။ ရိုးရိုးပြောနေကျ “nation-states” ဆိုတာမျိုးက မလုံလောက်ဘူးပေါ့။ ဆိုတော့ကား ဒီ ဗဟု-လူမျိုးအုပ်စု-နိုင်ငံ တွေဟာ လူနည်းစု လူမျိုးအုပ်စု ဝါ လူမျိုးအုပ်စု-နိုင်ငံ တွေနဲ့ စပ်လျဉ်းပြီးတော့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေကြရပါတယ်။ တော်တော်များများဖြစ်ရပ်တွေမှာ လူမျိုးအုပ်စု-အမျိုးသားရေး လှုပ်ရှားမှုတွေဟာ လူများစု လူမျိုးအုပ်စု-နိုင်ငံ majority ethnic-nation ဒါမှမဟုတ် ဗဟိုကို ချုပ်ကိုင်ထားတဲ့ လူမျိုးအုပ်စုတွေကို ပြန်ရင်ဆိုင်တွန်းလှန်ဖို့ ပေါ်ပေါက်လာကြပါတယ်။ ဒီ လူမျိုးအုပ်စု-အမျိုးသားရေး လှုပ်ရှားမှုအများစုဟာ သီးခြား သူတို့ အများစုနေထိုင်ကြတဲ့ သက်ဆိုင်ရာဒေသတွေမှာ ထွက်ပေါ်လာတာဖြစ်လို့ ဒီလှုပ်ရှားမှုတွေကို တချို့ကလဲ လူမျိုးအုပ်စု-ဒေသဆိုင်ရာ လှုပ်ရှားမှုတွေလို့ နာမည်ပေးကြပါတယ်။
-အရှေ့တောင်အာရှက လူမျိုးအုပ်စုပဋိပက္ခ
အရှေ့တောင်အာရှမှာကတော့ တိုင်းပြည်တိုင်းဟာ ဗဟု-လူမျိုးအုပ်စု အမျိုးသားနိုင်ငံအပေါ်အခြေခံသော တိုင်းပြည် multi-ethnic nation state တွေ ဖြစ်ကြပါတယ်။ အောက်မှာကြည့်ပါ–
• မြန်မာ-ဗမာလူများစုအပြင် ကရင်၊ ကချင်၊ ချင်း၊ ကယား၊ ကယန်း၊ အခါ၊ ကိုးကန့်၊ ဝ၊ မွန်၊ အာရကန်၊ ရှမ်း၊ ပအိုဝ်း လူနည်းစုတွေအပြင် အခြေချရွေ့ပြောင်းနေထိုင်ကြတဲ့ immigrant -အိန္ဒိယနွယ်ဖွား၊ တရုတ်နွယ်ဖွား၊ ရိုဟင်ဂျာတွေ။
• ထိုင်း-လူများစုထိုင်းတွေအပြင် လီဆူ၊ အခါ၊ မယ်ဝို(မုံ)၊ အီဆန် (လော)တွေ အနောက်မြောက်ပိုင်း၊ မြောက်ပိုင်းမှာရှိပြီး တောင်ပိုင်းမှာက မလေးတွေ၊ immigrant တရုတ်နွယ်ဖွားတွေနဲ့ အိန္ဒိယနွယ်ဖွားတွေ။
• အင်ဒိုနီးရှား-လူများစုဂျာဗားလူမျိုးတွေအပြင်မှာ မလေး၊ အာချေနီ၊ မိနန်ကဘောင်၊ ဘာ့တာ့က်၊ မန်ဒလင်းတွေ ဆူမတြားမှာ ရှိပါတယ်။ ဂျာဗားမှာ မန်ဒူးရိစ်၊ ဆူဒန်နိစ်တွေ ရှိပါတယ်။ ကာလီမန်တန်မှာ ဒါယက် အုပ်စုတွေရှိပါတယ်။ ပြီးတော့ ဘာလီကျွန်း ဘာလီနီစ်တွေ၊ ဆွမ်ဘာ့ဝါ့နဲ့ လုံးဘော့ခ်လူမျိုးတွေ၊ တခါ နီဂရီတိုရုပ်ထွက်တဲ့ အန်ဘွန်၊ ဖလိုရီစ်၊ ဆွမ်ဘာ၊ အနောက်တီမောနဲ့ အနောက်ပါပူဝါတွေ အင်ဒိုကျွန်းစုရဲ့ အရှေ့ဘက်ခြမ်းမှာ ရှိကြပါတယ် (NTT လို့ခေါ်တယ်)။ ဒါ့အပြင် immigrant တရုတ်နွယ်ဖွား၊ အိန္ဒိယနွယ်ဖွားတွေနဲ့ အာရပ်နွယ်ဖွားတွေ၊ ကပြားယူရေးရှန်းတွေလဲ ရှိပါသေးတယ်။
• စင်္ကာပူ-လူများစုတရုတ်တွေအပြင်မှာ အင်ဒီးယန်းတွေ၊ အာရပ်တွေ၊ ယူရေးရှန်းတွေ၊ မလေးတွေ ရှိပါသေးတယ်။ မလေးကလွဲရင် ကျန်လူတွေက immigrants တွေ။
• ဖိလစ်ပိုင်-လူများစု တက်ဂါးလော့ဂ်ဘာသာပြောသူတွေက လူဇွန်ကျွန်းအလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ နေကြပြီး သူတို့အပြင် အီလိုကာနို နဲ့ အီဖူဂအိုတွေ လူဇွန်မြောက်ပိုင်းမှာရှိတယ်။ ဝိဆယင်တွေ အမျိုးစုံ (စီဘူးအာနိုး၊ နီးဂရိုး၊ ဆာမာ၊ လေ့ယ်တ် စတာတွေ)၊ မိုရိုတွေ (မာဂူအီဒနာအို နဲ့ တအောင်ဆု) တွေက မင်ဒနာအိုနဲ့ ဆူလူးကျွန်းတွေမှာ ရှိကြပါတယ်။ မူစလင်မဟုတ်၊ ခရစ်ယာန်မဟုတ်တဲ့ လူမာ့ဒ်တွေလဲ မင်ဒနာအိုကျွန်းပေါ်မှာ ရှိကြပါသေးတယ်။ immigrant တရုတ်လူအုပ်စုလဲ ရှိနေသေးသလို တရုတ်နဲ့ စပန်းနစ် မက်စ်တီဇိုတွေလဲ ရှိတယ်၊ သူတို့က အများစု အထက်တန်းလွှာတွေ။
• မလေးရှား-ကျွန်းပေါ်က လူများစုနဲ့ ဌာနေ မလေးတွေ၊ အိုရန်အက်စ်လီတွ အပြင် တရုတ်၊ အင်ဒီးယန်း၊ ယူရေးရှန်း၊ ဆင်ဟာလီ၊ အာရပ် immigrants တွေရှိတယ်။ ဆာရာဝက်မှာ ဒါယက် (အီဘန်၊ ဘိုင်ဒေးယူ၊ ကင်ယား၊ ကယန်း၊ ကေလဘိ(တ်)၊ ပေနန်)တွေက လူများစု လူမျိုးအုပ်စုတွေဖြစ်ပြီး ဆာဘာမှာ ကဒါဇန်ဒူဆွန်နဲ့အတူ မုရု၊ ရန်ဂုစ်၊ ဆုလု၊ ဘာ့ဂျာအူ၊ အီရာနန်တွေက လူများစု ဖြစ်နေတယ်။ ပြည်နယ်နှစ်ခုစလုံးမှာတော့ မလေးကော၊ တရုတ်ကော လူဦးရေ များများစားစားရှိနေပြီးနဲ့ လူနည်းစု အနေနဲ့က အင်ဒီးယန်းတွေ ရှိနေပါသေးတယ်။
လွယ်လွယ်ကောက်ချက်ချရရင်တော့ အရှေ့တောင်အာရှမှာ ရှိရှိသမျှ တိုင်းနိုင်ငံတွေဟာ ဗဟုဖြစ်တယ် ဝါ ဗဟု-လူမျိုးအုပ်စုဖြစ်တယ်။ ကော်နာပြောသလိုဆိုရင်ဖြင့် ဗဟု-လူမျိုးအုပ်စု အမျိုးသားနိုင်ငံအပေါ်အခြေခံတဲ့ တိုင်းပြည်တွေ လို့ ဆိုရမှာပေါ့။
အရှေ့တောင်အာရှ တိုင်းပြည်တွေရဲ့ ဗဟု၊ ဗဟု-လူမျိုးအုပ်စု၊ ဗဟု-လူမျိုးအုပ်စု အမျိုးသားနိုင်ငံအပေါ်အခြေခံတဲ့ တိုင်းပြည် တွေဖြစ်နေတဲ့ အနေအထား၊ သဘောသဘာဝပေါ်မူတည်ပြီး အရေးတကြီး ဆင်ခြင်စရာကိစ္စရပ်တခု ရှိပါတယ်။ အဲဒါကတော့ မော်ဒန် ခေတ်မီတိုင်းပြည်တခုတည်ဆောက်ကြတဲ့ ဖြစ်စဉ်မှာ လူမှုတရားမျှတမှုကို ထည့်သွင်းစဉ်းစားဖို့ အလွန်အရေးကြီးတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ လူများစုလူမျိုးအုပ်စုရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဓလေ့ထုံးတမ်းဆိုင်ရာ လိုလားချက်၊ တောင်းဆိုချက်တွေကိုပဲ စဉ်းစားသလား။ ဒါမှမဟုတ် လူနည်းစုတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဓလေ့ထုံးတမ်းဆိုင်ရာ လိုလားချက်၊ တောင်းဆိုချက်တွေကိုလည်း မျှမျှတတ ထည့်သွင်းစဉ်းစားရဲ့လား။ ဖွံ့ဖြိုးဆဲနိုင်ငံတနိုင်ငံအနေနဲ့ (ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလဲ အတူတူပါပဲ) အားကြီးတဲ့ လူအုပ်စုရဲ့ အကျိုးနဲ့ လိုအင်တွေကိုသာ ရှေ့တန်းတင်လို့ ဖြစ်နိုင်ရဲ့လား။ ဒါမှမဟုတ် တိုင်းပြည်ဟာ ဘယ်လူမျိုးအုပ်စုကပဲ ဖြစ်ဖြစ် ဆင်းရဲသားကျောမွဲတွေ အရေးကို ဦးစားပေး ရှေ့တန်းတင်ပြီး ဆောင်ရွက်ရဲ့လား။ တကယ်လို့ အုပ်စုတစုထဲကသာ စီးပွားရေးကို လက်ဝါးကြီးအုပ်၊ မောင်ပိုင်စီးထားတယ်၊ နောက်အုပ်စုတစုက အာဏာကို မလွှတ်စတမ်း တွယ်ကပ်ဖက်တွယ်ထားတယ်၊ ဒါမှမဟုတ် အုပ်စုတစု၊ တဖွဲ့၊ တသင်းတပင်းရဲ့ ထုံးစံဓလေ့နဲ့ ယုံကြည်ကိုးကွယ်မှုကသာ တတိုင်းပြည်လုံးရဲ့ ထုံးစံဓလေ့ ယဉ်ကျေးမှုကို လွှမ်းမိုးထားတယ်၊ ဒီလိုဆိုလို့ရှိရင်တော့ တခြားအုပ်စုတွေက သူတို့ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ထုံးစံဓလေ့ ယဉ်ကျေးမှုတွေ အကျိုးစီးပွားတွေကို ခွဲခြားဖယ်ကျဉ်ခြင်းခံရတဲ့အတွက်ကြောင့် သေချာပေါက် မကျေမနပ်ဖြစ်လာကြမှာပဲ ဖြစ်ပါတယ်။ အုပ်စုတစုထဲက နိုင်ငံရေးကိုသာမက၊ စီးပွားရေးကော ဓလေ့ထုံးစံယဉ်ကျေးမှုနယ်ပယ်တွေမှာပဲ လွှမ်းမိုးထားတယ်ဆိုလို့ရှိရင်တော့ ပဋိပက္ခက ပိုဆိုးလာဖို့သာ ရှိပါတယ်။
အင်ဒိုနီးရှားမှာ ဆိုပါစို့၊ ပါပူဝမ်တွေ၊ အာချေနီတွေ (ဆူနာမီမတိုင်မီထိ)၊ အရှေ့တီမောသားတွေ (လွတ်လပ်ရေးမရခင်ထိ) ဒီလူအုပ်စုတွေဟာ ဆူဟာတိုရဲ့ စနစ်သစ် (New Order)အုပ်ချုပ်ရေးအောက်မှာ ခွဲခြားဖိနှိပ် ဖယ်ကျဉ်နှိမ့်ချဆက်ဆံတာကို ခံခဲ့ရတဲ့ အုပ်စုတွေဖြစ်ပါတယ်။ လူလတ်တန်းစား ဝေဖန်စဉ်းစားတတ်တဲ့ လူအုပ်စုက ဦးဆောင်ပြီးတော့ ဒီစစ်အုပ်ချုပ်ရေးကို တော်လှန်ကြပြီးတဲ့အခါမှာ အစပိုင်းမှာ ဂျာဗားသားတွေပဲ လွှမ်းမိုးနေရာကနေ ပိုပြီး လွတ်လပ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ကို တောင်းဆိုလာကြပါတယ်။ တိုင်းပြည်ရဲ့ သယံဇာတတွေကို မျှမျှတတ ခွဲဝေပေးဖို့ တောင်းဆိုလာကြပါတယ်။ တချို့ကတော့ အဆုံးမှာ အင်ဒိုနီးရှားက ခွဲထွက်ဖို့အထိပါ တောင်းဆိုလာကြပါတော့တယ်။ ဒီဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် မူလက လူမျိုးအုပ်စုအနေနဲ့ ရှိနေရာကနေ သူတို့ကိုယ် သူတို့ လူမျိုးအုပ်စု-နိုင်ငံအဖြစ် ပြောင်းလဲသွားပြီး သူတို့ရဲ့ သီးခြားလွတ်လပ်တဲ့ တိုင်းပြည်တွေထူထောင်ဖို့အထိပါ ရောက်သွားတာကို တွေ့ရမှာဖြစ်ပါတယ်။
ထိုနည်းတူပါပဲ၊ ထိုင်းတောင်ပိုင်း ပက်သာနီးမှာ မလေး-မူစလင်တွေ ထကြွပုန်ကုန်နေကြတာ၊ ဖိလစ်ပိုင်တောင်ပိုင်းမှာ မိုရိုလူမျိုးတွေ ထကြွပုန်ကုန်နေကြတာ အဓိက အကြောင်းအရင်းခံကတော့ သူတို့ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဓလေ့ထုံးစံ ယဉ်ကျေးမှုဆိုင်ရာတွေမှာ ဘန်ကောက်ကလူတွေ၊ မနီလာကလူတွေ ခွဲခြားပီး နှိမ်ချဖိနှိပ်ဖယ်ကျဉ်ဆက်ဆံတာခံနေကြရလို့ပဲ ဖြစ်ပါတယ်။ ဘန်ကောက်၊ မနီလာမှာ အစိုးရတွေ တဆက်ပြီး တဆက် အသစ်အသစ်တက်လာတိုင်း ဒီပြဿနာတွေကို ဖြေရှင်းဖို့ အမျိုးမျိုး ကြိုးစားကြတာပါပဲ။ ဒါပေမဲ့ ထိုင်းတောင်ပိုင်းနဲ့ ဖိလစ်ပိုင်တောင်ပိုင်းပြဿနာတွေဟာ ခုထိ ဆက်ရှိနေသေးသလို လူနည်းစုလူအုပ်စုတွေဟာ တနေ့ထက်တနေ့ သူပုန်ခေါင်းဆောင်တွေရဲ့ ခွဲထွက်ရေးတောင်းဆိုချက်တွေကို ပိုပို ထောက်ခံလာတာကို တွေ့ရမှာဖြစ်ပါတယ်။
ဆက်ပါဦးမည်။
Loh, Francis Kok Wah. “Ethnic Diversity and the Nation State: From Centralization in the Age of Nationalism to Decentralization amidst Globalization.” Inter-Asia Cultural Studies 18, no. 3 (July 3, 2017): 414–32. https://doi.org/10.1080/14649373.2017.1346165. ကို ပါမောက္ခဖရန်စစ်လို အသက် ၇၀ ပြည့် မွေးနေ့အကြို အမှတ်တရအဖြစ် ထက်မင်းလွင် ဘာသာပြန်ဆိုသည်။
ပုံစာ- အလုပ်ရုံဆွေးနွေးပွဲတခုမှာ ဆရာဖရန်စစ်နဲ့ ဒေါ်ဒေါ်ဒေါ်ဝင်းမြမြ ဆွေးနွေးနေကြစဉ်(၂၀၁၈ ဖေဖော်ဝါရီ)

copy from:

No comments:

Post a Comment