Thursday, June 26, 2025

လူမျိုးစုံလင်ကွဲပြားခြင်းနှင့် အမျိုးသားနိုင်ငံအပေါ်အခြေခံသောတိုင်းပြည်တွင် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း Part 4

 *လူမျိုးစုံလင်ကွဲပြားခြင်းနှင့် အမျိုးသားနိုင်ငံအပေါ်အခြေခံသောတိုင်းပြည် အမျိုးသားရေးဝါဒခေတ်တွင် ဗဟိုချုပ်ကိုင်ခြင်းမှ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း* အပိုင်း ၄

-အမျိုးသားနိုင်ငံဆိုတာ စိတ်ကူးနဲ့ပုံဖော်ထားတဲ့ လူ့အသိုက်အဝန်း၊ အဲဒီအသိုက်အဝန်းမှာ အားလုံး ပါမလား၊ တချို့ကို ချန်ထားခဲ့မလား?
အထက်မှာ ဖော်ပြခဲ့ပြီးတဲ့အတိုင်း ကိုလိုနီခေတ်တုံးကကော၊ ဒီကနေ့ခေတ်မှာပါ ရှိနေတဲ့၊ လူမျိုးအုပ်စုဆက်ဆံရေးကို ပြဋ္ဌာန်းလွှမ်းမိုးတဲ့ စနစ်ဆိုင်ရာအကြောင်းချင်းရာတွေ၊ တဦးချင်းနဲ့ဆိုင်တဲ့ ပုဂ္ဂလိကအကြောင်းချင်းရာတွေဟာ လက်ရှိမှာ အမျိုးသားနိုင်ငံကို ကျနော်တို့ ဘယ်လိုပြဋ္ဌာန်းပုံဖော်ချင်သလဲ စဉ်းစားတဲ့အပေါ်မှာ လာပြီးတော့ လွှမ်းမိုးမှုရှိနေပါတယ်။ အမျိုးသားနိုင်ငံကို အားလုံးပါဝင်မှုရှိတဲ့ အမျိုးသားနိုင်ငံအဖြစ် စဉ်းစားမလား၊ ဒါမှမဟုတ် တချို့ကို ချန်လှပ်ထားခဲ့မလားဆိုတာပေါ့။
ဘန် အန်ဒါဆင်က သူ့ရဲ့ ထင်ရှားကျော်ကြားတဲ့ စာအုပ် “စိတ်ကူးပုံဖော်ထားတဲ့အသိုက်အဝန်း” စာအုပ်မှာ အမျိုးသားနိုင်ငံဆိုတာဟာ ပုံနှိပ်ထုတ်ဝေမှုအရင်းရှင်စနစ် print capitalism နဲ့အတူ ပေါ်ပေါက်ထွန်းကားလာတဲ့ ခေတ်ပေါ်လူလုပ်အယူအဆ modern construct ပဲလို့ ဆိုပါတယ်။ အမျိုးသားရေးဝါဒ nationalism ကို တခြား ဝါဒ တွေ (ဥပမာ လစ်ဘရယ်ဝါဒ၊ ရှေးရိုးစွဲဝါဒ၊ ဆိုရှယ်လစ်ဝါဒ စတာတွေနဲ့) ယှဉ်ထိုးစဉ်းစားကြည့်ရင် အမျိုးသားရေးဝါဒရဲ့ အနှစ်အသားက ဘာလဲ၊ အမျိုးသားနိုင်ငံဆိုတာ ဘာလဲဆိုတာကို နားလည်ဖို့ခက်တယ်၊ ရှုပ်ထွေးတယ်လို့ သူက ဆိုပါတယ်။ ဒီတော့ အန်ဒါဆင်က နေးရှင်း အမျိုးသားနိုင်ငံဆိုတာဟာ “စိတ်ကူးနဲ့ပုံဖော်ထားတဲ့နိုင်ငံရေးအသိုက်အဝန်းဖြစ်တယ်။ စိတ်ကူးနဲ့ပုံဖော်ရာမှာ တခါထဲ ကန့်သတ်ထားပြီးဖြစ်သလို အချုပ်အခြာအာဏာပိုင်စိုးတယ်လို့လဲ စိတ်ကူးထားပြီး ဖြစ်တယ်” လို့ အနက်အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ “စိတ်ကူးနဲ့ပုံဖော်ထားတယ်”လို့ ပြောရတဲ့အကြောင်းကတော့ “အသေးငယ်ဆုံး အမျိုးသားနိုင်ငံကလေးမှာတောင် သူ့အဖွဲ့ဝင်တွေဟာ ဘယ်သောအခါမှ သူ့ရဲ့ တနိုင်ငံထဲသားချင်း၊ အဖွဲ့ဝင်တွေအကုန်လုံးကို သိကျွမ်းဖို့မဖြစ်နိုင်လို့ဖြစ်ပါတယ်။ ဒီလိုသာ အကုန်လုံးကို သိကျွမ်းဖို့ မဖြစ်နိုင်တာသာရှိရမယ်၊ သူတို့ တယောက်ချင်းစီရဲ့ စိတ်ထဲမှာတော့ သူတို့အားလုံးရဲ့ တစည်းတလုံးထဲ၊ တသိုက်တဝန်းထဲ ဖြစ်မှုဆိုတဲ့ ပုံရိပ်က ရှိနေလို့ပါပဲ။” ဒီလို စိတ်ကူးပုံဖော်ထားရာမှာ “ကန့်သတ်ထားတယ်”လို့ ပြောရတဲ့အကြောင်းကတော့ စိတ်ကူးပုံဖော်ထားတဲ့ အမျိုးသားနိုင်ငံမှာ နယ်နိမိတ်လဲ ပါရှိပြီး ဖြစ်နေလို့ ဖြစ်ပါတယ်။ အမျိုးသားနိုင်ငံဟာ ခေတ်ဟောင်းက အင်ပါယာကြီးတွေလို အကျယ်အပြန့် လွှမ်းမိုးထားတယ်ဆိုတာမျိုးလဲ မဟုတ်လို့ ဖြစ်ပါတယ်။ တခါ စိတ်ကူးထဲမှာ “အချုပ်အခြာအာဏာပိုင်စိုးတယ်”လို့ စိတ်ကူးပုံဖော်ထားတယ်ဆိုတဲ့သဘောက အမျိုးသားနိုင်ငံဟာ “ဉာဏ်သစ်လှုပ်ရှားမှုနဲ့ တော်လှန်ရေးကြောင့် ဘုရင်ဟာ ဘုရားသခင်က အာဏာအပ်နှင်းထားတာဆိုတဲ့ တရားဝင်မှု မရှိတော့တဲ့အချိန်၊ အဆင့်ဆင့်အထက်အောက်အုပ်ချုပ်တဲ့ ဘုရင်စနစ်မရှိတော့တဲ့အချိန်မှာ ပေါ်ပေါက်လာတာဖြစ်ပြီးတော့ ... အမျိုးသားနိုင်ငံတွေဟာ လွတ်လပ်တယ်လို့ စိတ်ကူးစဉ်းစားကြကာ... အဲဒီလွတ်လပ်မှုရဲ့ တံဆိပ်အမှတ်သညာဟာ အချုပ်အခြာအာဏာပိုင်တိုင်းပြည်” ဖြစ်လို့ပဲ ဖြစ်ပါတယ်။
ပြီးတော့ အမျိုးသားနိုင်ငံဟာ “အသိုက်အဝန်းတခု” ဖြစ်ပါတယ်။ ဒီလိုပြောရခြင်းအကြောင်းကတော့ “အမျိုးသားနိုင်ငံမှာ ဘယ်လိုပဲ မမျှတမှုတွေ၊ ခေါင်းပုံဖြတ်မှုတွေ ရှိနေပါစေ၊ အမျိုးသားနိုင်ငံကို စိတ်ကူးကြည့်မြင်ကြပုံကတော့ နက်ရှိုင်းတဲ့ ရေပြင်ညီ သွေးသောက်ဘက်၊ ရဲဘော်ရဲဘက်စိတ်နဲ့ ကြည့်မြင်ကြလို့ပဲဖြစ်ပြီး၊... ဒီ အိုးစားဘက်စိတ်ကပဲ...လူပေါင်းများစွာ... ဒီကန့်သတ်ထားတဲ့ စိတ်ကူးပုံဖော်မှုအတွက် သူတို့အသက်ကို စတေးနိုင်လောက်အောင် အစွမ်းထက်တာဖြစ်ပါတယ်။”
အမျိုးသားနိုင်ငံဆိုတာ စိတ်ကူးပုံဖော်ထားတဲ့နိုင်ငံရေးအသိုက်အဝန်းဆိုတာ၊ အကန့်အသတ်နဲ့ရှိတယ်၊ အချုပ်အခြာအာဏာပိုင်စိုးတယ်ဆိုတာကို လက်ခံပြီဆိုရင်တော့ ဆက်ပြီး မေးစရာ မေးခွန်းက ဘယ်လိုစိတ်ကူးပုံဖော်မှုတွေ ကျနော်တို့မှာ ရှိနေသလဲ၊ ဘယ်လိုစိတ်ကူးပုံဖော်မှုတွေကို သုံးပြီး အဲဒီ စိတ်ကူးနဲ့ပုံဖော်ထားတဲ့ နိုင်ငံရေးအသိုက်အဝန်း တနည်းအားဖြင့် အမျိုးသားနိုင်ငံ nation ကို ပုံဖော်တည်ဆောက်ကြမလဲ၊ နားလည်စဉ်းစားကြမလဲဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။
အန်သနီ စမစ်က သူ့ရဲ့အရေးကြီးတဲ့ စာအုပ်ဖြစ်တဲ့ “Ethnic Origins of Nations” အမျိုးသားနိုင်ငံများရဲ့ လူမျိုးအုပ်စုဆိုင်ရာအခြေခံများ စာအုပ်မှာ အမျိုးသားနိုင်ငံ ဆိုတာ ခေတ်ပေါ် မော်ဒန် လူလုပ်အယူအဆ modern construct ပဲဆိုတာကို သဘောတူပါတယ်။ ဒါ့အပြင် သူ ဆက်လက်ပြီး တင်ပြတာက နေးရှင်း ခေါ်တဲ့ အမျိုးသားနိုင်ငံကို စိတ်ကူးပုံဖော်ကြရာမှာ အဓိက စံပုံစံ နှစ်ခု ရှိပါတယ်တဲ့။ “လူမျိုးအုပ်စု-သွေးသားတော်စပ်မှု” “ethnci-genealogical” အခြေခံ ပုံစံ နဲ့ “နိုင်ငံသား-နယ်နိမိတ်” “civic-territorial” အခြေခံပုံစံ ဆိုတဲ့ စံပုံစံ နှစ်ခု ဖြစ်ပါတယ်။
လူမျိုးအုပ်စု-သွေးသားတော်စပ်မှု အခြေခံ စိတ်ကူးပုံဖော်မှုဆိုတာက ကျနော်တို့ရဲ့ လူမျိုးအုပ်စု ethnic၊ ထုံးဓလေ့ cultural နဲ့ ယုံကြည်ကိုးကွယ်မှု religious attributes တွေ (အခြေခံတွေ) အပေါ် မူတည်ပြီး အမျိုးသားနိုင်ငံဆိုတာကို တည်ဆောက်ပုံဖော်တာမျိုးကို ဆိုလိုပါတယ်။ ဘာသာစကား၊ ဓလေ့ထုံးတမ်းနဲ့ ယုံကြည်မှုအစွဲအလမ်းတွေကို အဓိက အသားပေးပါတယ်။ အတီတေ အတိတ်က “ဘယ်လိုသမိုင်းကြောင်းရှိခဲ့တယ်”ဆိုတာကို ပရိုမိုးရှင်းလုပ်ပါတယ်။ ဒဏ္ဍာရီတွေ၊ သမိုင်းပုံပြင် legends တွေ myths တွေအပါအဝင်ပေါ့။ အဲဒီရှိရှိသမျှသော ethnic အခြေခံ လူမျိုးအုပ်စုအခြေခံတွေကို သုံးပြီး လက်ရှိပစ္စုပ္ပန် အကြောင်းကို ဆင်ခြင်ဖို့လုပ်ပါတယ်။ အနာဂတ်ကို ပြဋ္ဌာန်းဖို့လဲ သုံးပါတယ်။
ဒီလိုပုံစံမျိုးနဲ့ အမျိုးသားနိုင်ငံကို စိတ်ကူးပုံဖော်ကြတာ ကမ္ဘာမှာ များစွာ တွေ့ရပါတယ်။ နှစ်ရာစုများစွာလဲ တွေ့ရပါတယ်။ လူတွေဟာ တယောက်နဲ့တယောက် ဘယ်လောက်အလှမ်းဝေးကွာ နေကြပါစေ၊ အသက်သာကုန်သွားမယ် အဲဒီ တခုတည်းသော စိတ်ကူးပုံဖော်ထားတဲ့အသိုက်အဝန်းမှာပါကြတဲ့ လူတွေ တယောက်နဲ့တယောက် တွေ့ကြဆုံကြဖူးဖို့ဆိုတာ ဘယ်လိုပဲမဖြစ်နိုင်ပါစေ၊ လူတွေအားလုံးကို စိတ်ကူးပုံဖော်ထားတဲ့ အသိုက်အဝန်းတခုထဲရဲ့ အဖွဲ့ဝင်တွေအဖြစ် အပေါ်ကပြောခဲ့တဲ့နည်း လူမျိုးအုပ်စု-သွေးသားတော်စပ်မှုနည်းနဲ့ စုပေါင်းစည်းရုံးတာဟာ အားကြီးပြီး အော်ဂဲနစ်နည်းမျိုး ဖြစ်ပါတယ်။
ဒါပေမဲ့လဲ အဲသလို နည်းမျိုးနဲ့ အမျိုးသားနိုင်ငံကို စိတ်ကူးပုံဖော်တဲ့နေရာမှာ ဒီအမျိုးသားနိုင်ငံကို ဗဟု-လူမျိုးအုပ်စု ဗဟု-ယုံကြည်ကိုးကွယ်မှုရှိတဲ့ လူ့အဖွဲ့အစည်းမျိုးမှာ ကျင့်သုံးတယ်ဆိုပါစို့။ ဥပမာ လူများစုအုပ်စုတွေက လူနည်းစုအုပ်စုတွေအပေါ် မလေးရှားမှာ၊ အင်ဒိုနီးရှားမှာ၊ ဗမာပြည်မှာ လုပ်သလိုမျိုး လူများစု လူမျိုးအုပ်စု-ယုံကြည်ကိုးကွယ်မှု ရှိတဲ့ သူတွေကိုသာ အခွင့်သာစေပြီး လူနည်းစု “တခြား”လူအုပ်စုတွေဟာ ဒီလူများစုနဲ့ ဘာသာစကားအားဖြင့် မတူလို့၊ ပုံပြင်ဒဏ္ဍာရီတွေ၊ သမိုင်းဆိုင်ရာအမှတ်တရတွေ၊ ယုံကြည်ကိုးကွယ်မှုဆိုင်ရာအယူသဘောတွေ မတူကြလို့၊ သူတို့ အနေနဲ့ ဒီ အမျိုးသားနိုင်ငံဟာ သူတို့နဲ့ မဆိုင်ဘူးလို့၊ သီးခြားဖယ်ကျဉ်တယ်လို့ စိတ်ထဲမှာ ခံစားလာရနိုင်ပါတယ်။ နိုင်ငံသား-နယ်နိမိတ်အခြေခံ အမျိုးသားနိုင်ငံမှာတော့ ဒီလိုမျိုး လူမျိုးအုပ်စု-ဘာသာရေးဆိုင်ရာ အခြေခံတွေကိုချည်းပဲ ကွက်ပြီး အခြေမခံပါဘူး။ ဆိုင်ရာ နယ်နိမိတ်အတွင်းမှာ နေထိုင်ကြတဲ့ မည်သူမဆို၊ လူမျိုးအုပ်စု၊ ဂျန်ဒါ၊ ဒေသ၊ လူမျိုး၊ အသက်၊ တခြားနောက်ခံအခြေအနေတွေအပေါ်မူတည်ပြီး ခွဲခြားမှုမျိုး မလုပ်ဘဲ တန်းတူရည်တူ ရပိုင်ခွင့်၊ တန်းတူရည်တူ အခွင့်အရေးပေးဖို့ ပရိုမုတ်လုပ်ပါတယ်။
ဒီလို နိုင်ငံသား-နယ်နိမိတ်အခြေခံပြီး အမျိုးသားနိုင်ငံကို စဉ်းစားတဲ့ ပုံစံမှာ နိုင်ငံသားတွေအားလုံး တူညီတဲ့အခွင့်အရေးတွေ ရှိသလို၊ နိုင်ငံသားတာဝန်တွေလဲ ရှိပြီးတော့ ဒီလို အခွင့်အရေးတွေ၊ တာဝန်တွေ ရှိတဲ့နိုင်ငံသားတွေဟာ အနာဂတ်ကာလကို အတူတူ အသိုက်အဝန်းတခုအနေနဲ့ ဆက်လက်ချီတက်သွားနိုင်ကြဖို့ကို အဓိက ဦးစားပေးစဉ်းစားပါတယ်။ သေချာတာကတော့ ဒီလိုအမျိုးသားနိုင်ငံမျိုးမှာ ဘုံဘာသာစကား(တခု ဒါမှမဟုတ် အများ) ရှိပါလိမ့်မယ်။ ဒီအမျိုးသားနိုင်ငံမှာ အားလုံး မျှဝေလက်ခံတဲ့ ယုံကြည်ယူဆမှုတွေ၊ သမိုင်းကြောင်းအစဉ်အလာ၊ ဒဏ္ဍာရီတွေ ရှိရပါလိမ့်မယ်။ အတိတ်သမိုင်းကို နိုင်ငံလုံးဆိုင်ရာ ပိတ်ရက် national holidays တွေနဲ့ ဂုဏ်ပြုတာ၊ ပျော်ပွဲရွှင်ပွဲတွေ ဆင်နွဲတာတွေလဲ ရှိမှာဖြစ်သလို အမှတ်သရုပ်လက္ခဏာတွေဟာလဲ အားလုံးပါဝင်မှုရှိတဲ့၊ လူများစုအုပ်စုတွေထံကကော လူနည်းစုအုပ်စုတွေထံကပါ, ပါဝင်ရယူထားတဲ့ အမှတ်သရုပ်လက္ခဏာတွေ ဖြစ်လာမှာဖြစ်ပါတယ်။ ဒီလိုနည်းအားဖြင့် မူဝါဒတွေ၊ အစီအစဉ်တွေနဲ့ ဗဟုဓလေ့ဝါဒ multiculturalism ကို မြှင့်တင်ပေးတာတွေဟာလဲ နိုင်ငံသား-နယ်နိမိတ်အခြေခံ အမျိုးသားနိုင်ငံကို စိတ်ကူးပုံဖော်စဉ်းစားမှုမှာ အစိတ်အပိုင်းတရပ်အနေနဲ့ ပါဝင်လာရမှာဖြစ်ပါတယ်။
ဆက်ပါဦးမည်။
Loh, Francis Kok Wah. “Ethnic Diversity and the Nation State: From Centralization in the Age of Nationalism to Decentralization amidst Globalization.” Inter-Asia Cultural Studies 18, no. 3 (July 3, 2017): 414–32. https://doi.org/10.1080/14649373.2017.1346165. ကို ပါမောက္ခဖရန်စစ်လို အသက် ၇၀ ပြည့် မွေးနေ့အကြို အမှတ်တရအဖြစ် ထက်မင်းလွင် ဘာသာပြန်ဆိုသည်။

copy from:

No comments:

Post a Comment