*************************
ထောပတ်လုပ်နည်းကို
အရှေ့တိုင်းများမှာ စတင်တွေ့ရှိသည်ဟုဆိုသည်။
အရှေ့တိုင်းများတွင်
ခရီးသည်များသည် လမ်း၌ရေငတ်ပြေ သောက်ရန်
နွားနို့ကို နွားသားရေအိတ်များတွင်ထည့်၍၊
လားနှင့် ကုလားအုပ်များပေါ်တွင်
ထမ်းဆောင်လျက် ခရီးသွားကြရာမှ
အိတ်ထဲတွင် နွားနို့များ လှုပ်ရှားယောက်ယက်ခတ်မှုကြောင့်
နွားနို့မှ မလိုင်များမှာ ဆီဦးထောပတ်ဖြစ်နေသည်ကို
မမျှော်လင့်ဘဲ ကံအားလျော်စွာ တွေ့ကြဟန်တူသည်။
ထိုမှစ၍ နွားနို့ကိုအိတ်ထဲတွင်ထည့်၍၊
မြင်း၊ လားတို့၏ ကျောပေါ်တွင် တင်ဆောင်ကာ၊
လှုပ်ရှားစေခြင်းဖြင့် ထောပတ်ရရှိအောင်
ပြုလုပ်ကြလေသည်။
ထိုမှတစ်ဆင့် တိုးတက်ကောင်းမွန်အောင်
အိမ်ရှင်မတို့သည် မိမိတို့ဖာသာ အိမ်တွင်လုပ်ကိုင်နိုင်ရန်
နည်း လမ်းများ ရှာဖွေစမ်းသပ်ကြပြန်သည်။
သို့စမ်းသပ်လုပ်ကိုင်ကြည့်ရာ၌
နွားနို့မှ မလိုင်ကို ဇွန်းဖြင့်ခတ်ယူ၍
ပန်းကန်စောက် သို့မဟုတ် ဇလုံတစ်ခုထဲထည့်လျက်
ခပ်သွက်သွက် မွှေပေးလျှင်၎င်း၊ ခေါက်ပေးလျှင်၎င်း၊
ထောပတ်ရရှိနိုင်သည်ကို တွေ့ရ၏။
ထိုမှတစ်ဖန် ကြံစည်ပြန်ရာ
လက်ကိုင်ရှည်ရှည် တုတ်ချောင်းတွင်
အဖျား၌ သစ်သားဒလက်ကလေးများတပ်ထားပြီးနောက်
မလိုင်ထည့်ထားသော စည်ထဲတွင်ထည့်၍
အပေါ်ဘက်ရော၊ အောက်ဘက်ပါ၊
လက်ဖြင့် ပွတ်လှည့်ပေးခြင်းဖြင့်လည်း
ထောပတ်ပြုလုပ် ရရှိကြသည်ကို တွေ့ရပြန်သည်။
သို့ရာတွင် ထိုတုတ်ကလေးကို လှည့်ပေးခြင်းမှာ
အချိန် အတော်ပင်ကြာမြင့်လေသည်။
ထောပတ်ကို ပေါင်မုန့်ဖြင့် စားလေ့ ရှိကြသည်။
ရှေးအခါက ထောပတ်လုပ်ကိုင်ရာ၌
အကိုင်အတွယ် အထားအသို မသန့်ရှင်းဘဲ
စံနစ်လည်း မကျသေးသောကြောင့်
ထောပတ်မှာ အနံ့ဆိုးပြီးလျှင် အရသာမရှိချေ။
ထိုကြောင့် ထောပတ်များကို ဆေးဝါးအဖြစ်၎င်း၊
လိမ်းကျံရန်၎င်း၊ မီးခွက်ထွန်းရန် ဆီအဖြစ်၎င်း၊
ဟင်းထဲထည့်ချက်ရန် ဆီအဖြစ် ၎င်း
ထိုမျှလောက်သာ အသုံးပြုကြသည်။
သိပ္ပံပညာ ထွန်းကားလာသောအခါ၊
ထောပတ် အဆင့်အတန်းသည်
တိုးတက်ကောင်းမွန်လာလေသည်။
ထောပတ်ကို
တိုးတက်ကောင်းမွန်အောင် ပြုလုပ်လိုက်သူမှာ
ပြင်သစ်သိပ္ပံပညာရှင် ပါးစတားဆိုသူ
ပုဂ္ဂိုလ်ကြီးပင်ဖြစ်လေသည်။
ထိုပုဂ္ဂိုလ်ကြီးသည်
ဗက်တီးရီးယားများ ရှိခြင်းကြောင့်
နွားနို့ချဉ်သွားကြောင်းကိုလည်း စတင်တွေ့ရှိလေသည်။
သူ၏ စမ်းသပ်တွေ့ရှိမှုများအရ
ထောပတ်ပြုလုပ်ရန် မလိုင်ကို
အပူဓာတ်နှင့် အအေးဓာတ်ပေး၍၊
မလိုင်ထဲတွင်ပါသော ရောဂါပိုးမွှားများ
ပျက်စီးအောင် ပြုလုပ်ခြင်းဖြင့်
ထောပတ်တွင် ဆိုးရွားသော အနံ့များ
ကင်းစေခဲ့သည်။
ထိုပုဂ္ဂိုလ်ကြီး၏ နည်းနာအတိုင်း
နွားနို့ကို အပူရှိန်ပေးပြီးနောက်
တစ်ဖန် လွန်ကဲသော အအေး ဓာတ်ပေး၍
ရောဂါပိုးများ ပျက်စီးအောင်ပြုလုပ်ခြင်းကို
'ပါးစတားရိုက်'ပြုလုပ်သည်ဟု ခေါ်ဆိုလေသည်။
ထို့ပြင် မလိုင်ကို ကောင်းမွန်သော
ထောပတ်မျိုး လျင်မြန်စွာဖြစ်စေမည့်
ဗက်တီးရီးယား အမျိုးအစား
ထည့်သည့်နည်းလမ်းများကို၎င်း၊
ထောပတ် ပြုလုပ်ရာတွင်
အစစအရာရာ သန့်ရှင်းစေလျက်၊
ဆား အနည်း ငယ် ထည့်ပေးခြင်းဖြင့်
ထောပတ်မှာ ကြာရှည်ခံ၍
အရသာ ကောင်းနိုင်ကြောင်းကို၎င်း
ယင်းပုဂ္ဂိုလ်၏ ကျေးဇူးကြောင့် သိရှိလာ၏။
ထောပတ်လုပ်ငန်းတွင်
သိပ္ပံပညာနည်းများဖြင့် စနစ်တကျ လုပ်ကိုင်လျှင်
ထောပတ်ကောင်းများ ရရှိနိုင်ကြောင်းကို သိလာကြသဖြင့်
၁၈၅၆ ခုနှစ်မှစ၍ ထောပတ်လုပ်စက်ရုံများ
ပေါ်ပေါက်လာလေသည်။
ထိုခေတ်မှီ ထောပတ်လုပ်စက်ရုံများတွင်
ထောပတ်ကို သန့်ရှင်းစွာ စနစ်တကျ လုပ်ကိုင်လာသဖြင့်
အနံ့ အရသာပြည့်စုံ၍ ရွှေရောင်ဝင်းနေသည့်
ထောပတ်ကို ရရှိလာလေသည်။
ထိုအခါ ထောပတ်စားသုံးသူ အလွန်ပေါများလာ၏။
ခေတ်မှီထောပတ်လုပ် စက်ရုံများကို
အလွန်သန့်ပြန့်စွာ ထားရသည်။
နွားနို့ညှစ်ယူမည့် နွားမများကိုလည်း ဂရုစိုက်မွေးမြူ၍၊
နို့ညှစ်ယူမည့်အခါတွင် နွားမများကို သန့်ပြန့်စေပြီးမှ
နို့ညှစ်ယူလေသည်။
ထိုကဲ့သို့ သန့်ရှင်းနိုင်မှသာလျှင်
ထောပတ် တွင် အနံဆိုးများမထွက်ဘဲ ရှိမည်ဖြစ်၏။
ညှစ်ချလိုက်သော နွားနို့သည်
နွားနို့ထဲမှမလိုင်ကို ခွဲထုတ်ပေးသော စက်အတွင်းသို့
စီးဆင်းသွားရသည်။
ရိုးရိုးအတိုင်းဆိုလျှင်
နွားနို့ထဲမှ မလိုင် တက်လာအောင်
၂၄ နာရီမှ ၃၆ နာရီအထိ ကြာမြင့်တတ်ရာ
ထိုစက်ဖြင့် မိနစ်အနည်းငယ်အတွင်း
မလိုင်ရရှိနိုင်လေသည်။
ထိုမှတစ်ဖန် အအေးခံ၍
မီးရထားဖြင့်ဖြစ်စေ၊ ကုန်တင်ကားဖြင့်ဖြစ်စေ
မလိုင်ရုံများသို့ ပို့ကာ၊
မလိုင်ကို စမ်းသပ်စစ်ဆေးပြီးလျှင်
ရောဂါပိုးမွှားမပါအောင် အပူဓာတ်ပေးလေသည်။
ထိုနောက်မှ မလိုင်အမျိုးအစားအလိုက်
လျင်မြန်စွာ အသားတက်၍ အရသာကောင်းလာအောင်
သင့်တော်မည့် ဗက်တီးရီးယားကို ထည့်ပေးရသည်။
ထိုမှတစ်ဖန် စည်ကြီးများ၌ထည့်ကာ၊
စက်ဖြင့်မလိုင်များကို ထောပတ်ဖြစ်လာအောင်
မွှေနှောက် လှုပ်ရှားပေးလေသည်။
ထိုသို့ မွှေနှောက်ပေး၍၊ ထောပတ်ဖြစ်မည့်မလိုင်မှာ
အဆီတခြား၊ အရည်တခြား ဖြစ်လာသောအခါ၊
ထောပတ်ရည်ကို စစ်ပစ်လိုက်၍
ထောပတ်ကို ရေအေးဖြင့် ဆေးပေးရလေသည်။
ထိုနောက် ဆားအနည်းငယ် ထည့်ပြီးလျှင်
ရေစင်သွားအောင် နယ်ထုတ်ပစ်ရသည်။
ထောပတ်ချို ပြုလုပ်လိုလျှင် ဆားထည့်ရန် မလိုပေ။
ထောပတ်ချိုမှာ
ရိုးရိုးထောပတ်ထက် ဆိမ့်အီ၍၊
ပိုမို အဖိုးတန်သော်လည်း၊ ကြာရှည်မခံပေ။
အထူးသဖြင့်
ဆောင်းအခါ၌ ပြုလုပ်သော ထောပတ်များမှာ
အရောင်ဖျော့လွန်း၍၊
အဝါနုပျက် အရောင်ကလေးမျှသာဖြစ်သဖြင့်၊
အရောင်ရောပေး ရလေသည်။
ဤနည်းအားဖြင့် ရွှေရောင်ဝင်းလျက်
အိ၍အရသာ ဆိမ့်အီသည့် ထောပတ်ကိုရရှိသည်။
ကမ္ဘာအရပ်ရပ်သို့ တင်ပို့ရောင်းချနိုင်လောက်အောင်
ထောပတ်လုပ်သည့် တိုင်းနိုင်ငံများမှာ
ဒိန်းမတ်၊ နယူးဇီလန်၊ အိုင်ယာလန်၊ အာဂျင်တီးနား၊
ဆိုဗီယက်ရုရှ၊ ဖင်းလန်၊ နယ်သာလန်၊ ဆွီဒင်၊ ပြင်သစ်၊
အမေရိကန်ပြည်ထောင်စု၊ ကနေဒါနိုင်ငံနှင့်
ဩစတြေးလီးယားတိုက်တို့ ဖြစ်ကြသည်။
အချို့တိုင်းပြည်များသည်
မိမိတို့ပြည်၌ပြုလုပ်သော ထောပတ်ကို
နိုင်ငံခြားသို့ တင်ပို့ရောင်းချ၍
အခြားတိုင်းပြည်မှ ပြုလုပ်သော ထောပတ်ကို
ဝယ်ယူစားသုံးကြလေသည်။
မြန်မာပြည်နိုင်ငံတွင် ရှေးအစဉ်အဆက်မှစ၍
ထောပတ်ကို စားသုံးလာကြသော်လည်း၊
ဆီဦးထောပတ်ကို ဆေးအဖြစ်သာ
အနည်းအကျဉ်းမျှ သုံးစွဲကြသည်။
ပြုလုပ်ပုံမှာလည်း ခေတ်မမှီ ဘဲ
ရှေးသမားရိုးကျအတိုင်းဖြစ်၍၊
နိုင်ငံခြားလုပ် ထောပတ်ကို မမှီသေးချေ။
ထို့ကြောင့် နိုင်ငံခြားလုပ် ထောပတ်ကိုသာလျှင်
စားသုံးကြသည်က များလေသည်။
ထောပတ်တွင် ဗီတာမင် အေ ပါရှိ၍၊
ကိုယ်ခန္ဓာကြီးထွားသန်စွမ်းရေးအတွက်၎င်း၊
ရောဂါအန္တရာယ်ကို တွန်းလှန်ရန်အတွက်၎င်း၊
အရေးပါအရာ ရောက်ပေသည်။
အထူးသဖြင့်
ကြီးထွားနေသော ကလေးများအတွက်
ပိုမိုအဖိုးတန်သည်။
ဤသို့သော အကျိုးအာနိသင်များ ကြောင့်
ခေတ်မှီနိုင်ငံပေါင်းများစွာတို့၌၊
ထောပတ်သည် အများ ပြည်သူတို့
နေ့စဉ်စားသုံးနေသော အစားအစာဖြစ်ပြီးလျှင်
ထောပတ်ကို အကြီးအကျယ်လုပ်ကိုင်၍
ကမ္ဘာအရပ်ရပ်သို့လည်း တင်ပို့ရောင်းချကြလေသည်။
ကိုးကား - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)
No comments:
Post a Comment