Thursday, May 23, 2024

Transformation to State Actors

 Insurgency, Rebellion, Revolution, Rebel Governance အစရှိတဲ့ အကြောင်းအရာတွေကို ရေးသားထားတဲ့ စာပေ တွေကို ဖတ်တဲ့အခါ တော်လှန် ရေးခေါင်းဆောင်၊ သူပုန်ခေါင်းဆောင်တွေဟာ စစ်နိုင်လို့ပဲ ဖြစ်ဖြစ်၊ အခြားသောအကြောင်းတရားတွေကြောင့်ပဲဖြစ်ဖြစ် နိုင်ငံရဲ့ခေါင်းဆောင်အဖြစ်ပြောင်းလဲသွားတဲ့ ဖြစ်စဉ်ကို အမြဲတမ်း စိတ်ဝင်စားမိတယ်။ လွယ်လွယ်ပြောရရင်တော့ non-state actors ကနေ state actors အဖြစ်ပြောင်းလဲတဲ့ဖြစ်စဉ်ပေါ့။ အင်မတန် စိတ်ဝင်စားဖို့ကောင်းသလို အရေးကြီးလှတဲ့ ဖြစ်စဉ်ပါ။

ပညာရပ်နယ်ပယ်မှာတော့ လှုပ်ရှားမှုကြီးကို နိုင်ငံရဲ့ယန္တရားအဖြစ်ပြောင်းလဲတဲ့ဖြစ်စဉ်တွေကို အဓိကထားပြောကြတာ တွေ့ရတယ်။ အဓိက အနှစ်ချုပ်ပြောရရင်တော့ ဒီအပြောင်း အလဲဖြစ်စဉ်မှာ စစ်ရေးအာဏာပိုင်စိုးမှုကနေ အရပ်ဖက်အာဏာပိုင် စိုးမှုပုံစံပြောင်းရတာတွေ၊ စစ်ဘောင်ချုံ့ရတာတွေ၊ တရားဝင်မှုနဲ့ တရားဥပဒေစိုးမိုး ရေးကို တည်ဆောက်ရတာတွေ၊ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုဖော်ဆောင်ရတာ တွေ၊ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တည်ဆောက်ရ တာတွေ၊ နိုင်ငံရေးအရအားလုံးပါဝင်မှုနဲ့ ကိုယ်စားပြုမှုကို ချဲ့ထွင်တည်ဆောက်ရတာတွေ၊ လုံခြုံရေးကဏ္ဍပြုပြင် ပြောင်းလဲရေးအပါအဝင် လုံခြုံမှုနဲ့ တည်ငြိမ်မှုကို ဖန်တီးရတာတွေ၊ နိုင်ငံတကာဆက်ဆံရေးကို တည်ဆောက်ရတာတွေ၊ အမျိုးသားသရုပ်လက္ခဏာတည်ဆောက်ခြင်းအပါအဝင် လူမှုသဟဇာတဖြစ်မှုနဲ့ စည်းလုံးမှုကိုတည်ဆောက်ရတာ တွေစတဲ့ ကဏ္ဍအစုံကို ဖန်တီးတည်ဆောက်ကြရတာ တွေ့ရတယ်။
ဖြစ်စဉ်ဟာရှည်လျားသလို ဖန်တီးတည်ဆောက်ကြရတာ လဲ ခက်ခဲဝန်ကျယ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေး မှာ တိုက်ရတာခက်သလို တိုက်အပြီး တည်ဆောက်ရတာ ပိုလို့တောင်ခက်လှပါတယ်။
အဲ့ဒီကဏ္ဍအစုံကိုလေ့လာတဲ့အခါမှာ ဖန်တီးတည်ဆောက် ရေးဖြစ်စဉ်တွေနဲ့အတူ စိတ်ဝင်စားမိတာ agency တွေဖြစ် တဲ့ ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍပါ။ ဒီခေါင်းဆောင် တွေဟာ တချိန်က သူပုန်ခေါင်းဆောင်တွေဖြစ်ခဲ့ပေမယ့် တချိန်မှာတော့ နိုင်ငံခေါင်းဆောင်တွေအဖြစ် ပြောင်းလဲလာကြတာပါ။ တချို့ဆို အင်မတန်မှ ကြီးကျယ်ခမ်းနားတဲ့ တိုင်းပြည်ပြု ပုဂ္ဂိုလ်ကြီးတွေလဲ ဖြစ်ကုန်ကြပါတယ်။ ဒီနေရာမှာ ဂျော့ဝါရှင်တန်တို့လို တိုင်းပြည်ပြုပုဂ္ဂိုလ်ကြီးတွေအဖြစ် ဖြစ်လာ သူတွေရှိသလို တိုးတက်တဲ့ တော်လှန်ရေးအမြင်ရှိ ပေမယ့် မအောင်မြင်ခဲ့တဲ့ Lafayette တို့လိုပုဂ္ဂိုလ်တွေ၊ တော်လှန်ရေးအောင်မြင်ခဲ့ပေမယ့်လည်း အစွန်း ရောက်သွားပြီး ဇာတ်သိမ်းမလှခဲ့တဲ့ Robespierre တို့လို ပုဂ္ဂိုလ်တွေလဲရှိကြပါတယ်။
ဒီဖြစ်စဉ်တွေကို လေ့လာကြည့်မိတော့ တခုစိတ်ထဲစဉ်းစား မိတယ်။ movement ကြီးကို state အဖြစ်ပုံပြောင်းတဲ့ဖြစ်စဉ်ဟာ ခက်ခဲဝန်ကျယ်သလို တော်လှန်ရေးခေါင်းဆောင်တွေကိုယ်တိုင် non-state actors တွေကနေ state actors အဖြစ် ပြောင်းရတဲ့ ဖြစ်စဉ်ကလဲ ခက်ခဲလှပါတယ်။ အဲ့ဒီအပြောင်းအလဲကာလမှာ ခေါင်းဆောင်တွေကိုယ်တိုင် state actors အဖြစ် အထိုင်ချနိုင်ဖို့က အရေးကြီးတယ်လို့ စဉ်းစားမိတယ်။
Credit to: Ko Ye



No comments:

Post a Comment