Thursday, May 23, 2024

Endurance

 ကမ္ဘာစစ်ကြီး ၂ ခုမှာအနောက်နိုင်ငံသားအများအပြားသေကြေပျက်စီးခဲ့တယ်။ကမ္ဘာစစ်ကြီး ၂ ခုလုံးရဲ့အဓိကစစ်မြေပြင်ဖြစ်ခဲ့ရတာကဥရောပပါ။ဥရောပဟာအလယ်ခေတ်တလျှောက်လုံးမှာလည်းခရူးဆိတ်ဘာသာရေးစစ်ပွဲတွေဖြစ်လိုက်၊အချင်းချင်းနယ်မြေလု(သို့)ကိုလိုနီလုစစ်ပွဲတွေဖြစ်လိုက်နဲ့တချိန်လုံးစစ်တိုက်နေခဲ့ကြတာပါ။ဥရောပသားတွေသောက်သောက်လဲသေခဲ့တယ်။ဒါ့ကြောင့်အနောက်နိုင်ငံတွေကခေတ်သစ်စစ်ပွဲတပွဲကိုချဥ်းကပ်ရာမှာစစ်သည်အကျအဆုံးအထိအခိုက်အနည်းဆုံးနည်းလမ်းကိုရွေးချယ်တယ်။

ယူကရိန်းဟာရုရှကခွဲထွက်ပြီးနောက်ပိုင်းနှစ်အတန်ကြာအောင်ရုရှရဲ့လောင်းရိပ်အောက်ကရုန်းမထွက်နိုင်ခဲ့ပါဘူး။စစ်ရေးအယူအဆကအစစစ်လက်နက်ထုတ်လုပ်မှုအဆုံးရုရှရဲ့နည်းနာအတိုင်းရှိနေခဲ့တာပါ။ဒါပေမဲ့ ၂၀၁၄ ခုနှစ်မှာရုရှကယူကရိန်းနယ်မြေခရိုင်းမီးယားကိုလုယူသိမ်းပိုက်ပြီးနောက်ပိုင်းယူကရိန်းစစ်တပ်ကိုအကြီးအကျယ်အသွင်ပြောင်းလဲဖို့စတင်ကြိုပမ်းခဲ့တယ်။အနောက်နိုင်ငံတွေဆီစစ်ပညာသင်ကြားဖို့ယူကရိန်းစစ်သည်အများအပြားစေလွှတ်ခဲ့တယ်။လက်ရှိယူကရိန်းစစ်ဦးစီးချုပ်ဟာအဆိုပါပညာတော်သင်အုပ်စုထဲကပါ။ NATO စံသတ်မှတ်ချက်(NATO standardization)နဲ့ကိုက်ညီအောင်စစ်ပညာနဲ့ပတ်သက်တဲ့သဘောတရားရေးရာ၊အယူဝါဒရေးရာတွေကိုယူကရိန်းစစ်တပ်အတွင်းသင်ကြားပို့ချစေတယ်။
ဒီလိုအသွင်ပြောင်းဆဲကာလမှာရုရှကျူးကျော်စစ်ကြီးဖြစ်လာတာပါ။ဒါ့ကြောင့်ယူကရိန်းတပ်မှူးတွေကြားမှာတပ်နီတော်အတွေးအခေါ်သူငယ်နာလုံးလုံးမကင်းသေးဘူးလို့ဆိုရမယ်။တပ်မှူးအများစုကပညာတော်သင်အုပ်စုဖြစ်နေတာကကံကောင်းတဲ့အချက်လို့ဆိုနိုင်ပါမယ်။ဒါပေမဲ့ယူကရိန်းစစ်သည်တွေအသုံးပြုနေတဲ့လက်နက်ကတပ်နီတော်နည်းနာထုတ်တွေပါ။ယူကရိန်းစစ်ပွဲအစပိုင်းမှာအနောက်မဟာမိတ်တွေက NATO စံမီလက်နက်ငယ်သိန်းချီပေးပို့ခဲ့ကြတယ်။ပြီးတော့တင့်ကားဖျက်ပခုံးထမ်းလောင်ချာနဲ့လေယာဥ်ပစ်ပခုံးထမ်းလောင်ချာထောင်ပေါင်းများစွာပေးပို့ခဲ့ကြတယ်။ NATO standard လက်နက်တွေနဲ့ရုရှတပ်နီတော်နည်းနာထုတ်လက်နက်တွေကအခြေခံသဘောတရားကွာခြားမှုရှိတာကြောင့်ယူကရိန်းစစ်သားတွေအကျိုးရှိရှိအသုံးပြုနိုင်ပါ့မလားဆိုပြီးမဟာမိတ်တွေဘက်စိုးရမ်တကြီးစောင့်ကြည့်နေခဲ့ရတာပါ။
မဟာမိတ်ဘက်ကယူကရိန်းကိုလျှော့တွက်ခဲ့မိတဲ့အချက်တခုရှိတယ်။အဲဒါကတော့ယူကရိန်းရဲ့ပညာရေးစနစ်ပါ။ယူကရိန်းဟာဆိုဗီယက်ပြည်ထောင်စုကနေခွဲထွက်ပြီးကတည်းကအနောက်တိုင်းပညာရေးစနစ်ကိုပုံတူကူးချခဲ့တယ်။လက်ရှိအချိန်မှာယူကရိန်းရဲ့နည်းပညာကောလိပ်တွေဟာကမ္ဘာ့အဆင့်အမြင့်ဆုံးကောလိပ်တွေအဖြစ်ထင်ရှားနေပါပြီ။တရုပ်ကျောင်းသားများစွာသွားရောက်ပညာသင်နေကြတဲ့ကောလိပ်တွေဖြစ်နေပါပြီ။ဒါ့ကြောင့်လည်းအနောက်မဟာမိတ်တွေပေးပို့တဲ့နည်းပညာမြင့်ပခုံးထမ်းလောင်ချာတွေ၊တူရကီပေးပို့တဲ့ဘာရိုက်တာဒရုန်းတွေကိုကျွမ်းကျွမ်းကျင်ကျင်အသုံးပြုပြီးရုရှတင့်ကားတပ်မဟာကြီးကိုဖရိုဖရဲဖြစ်အောင်တိုက်ခိုက်နိုင်ခဲ့ကြတယ်။ပခုံးထမ်းလောင်ချာတွေနဲ့ရုရှဂျက်ဖိုက်တာတွေ၊စစ်ရဟပ်ယာဥ်တွေကိုပစ်ချနိုင်ခဲ့ကြတယ်။နောက်ပိုင်းခေတ်မီတင့်ကားမောင်းနှင်နည်းသင်တန်း၊ပက်ထရီယော့လေကြောင်းကာလက်နက်အသုံးပြုနည်းသင်တန်းတွေတက်ချိန်မှာတော့အနောက်နိုင်ငံကသင်တန်းနည်းပြတွေမျက်လုံးပြူးရပါတော့တယ်။ယူကရိန်းစစ်သည်တွေဟာ(တကယ်တော့စစ်ဖြစ်မှစစ်ထဲဝင်လာတဲ့ပညာတတ်လူငယ်တွေပါ) Smart ဖြစ်တယ်၊ Intelligence ကောင်းတယ်ဆိုပြီးတဖွဖွချီးကျူးခဲ့ကြတယ်။
ဒီလိုလူမျိုးတွေဆီမှာအနောက်မဟာမိတ်နိုင်ငံတွေရဲ့နောက်ဆုံးပေါ်လက်နက်တွေရောက်သွားမှာကိုရုရှတွေအကြောက်ဆုံးပါ။ယူကရိန်းစစ်ပွဲအစကတည်းကနေအခုထိရုရှတို့ဟာလူအင်အား၊လက်နက်ပစ်အားတို့ကိုအားပြုတဲ့စစ်ဆင်နည်းကိုအသုံးပြုနေတာပါ။ဒီနည်းစနစ်က ၂၀ ရာစုမှာကျန်ခဲ့ပါပြီ။ဟိုက်ပါဆိုနစ်ဒုံးကျည်လိုလက်နက်တောင်ထုတ်လုပ်နိုင်တဲ့ရုရှစစ်တပ်ကဒီလိုခေတ်နောက်ကျကျန်ခဲ့တဲ့သမရိုးကျစစ်ဆင်နည်းအသုံးပြုလာတာကိုစစ်ရေးသုတေသီများစွာအံ့အားသင့်ခဲ့ကြတယ်။ခေတ်သစ်စစ်ပွဲမှာအရပ်သားထိခိုက်မှုနည်းစေရမယ့်အပြင်ကိုယ့်တပ်သားတွေအထိအခိုက်အနည်းဆုံးဖြစ်မယ့်နည်းဗျူဟာမျိုးကိုသာရွေးချယ်ကြတာပါ။ဒါပေမဲ့ယူကရိန်းစစ်ပွဲမှာရုရှဟာဒုတိယကမ္ဘာစစ်တုန်းကလိုမြေလှန်စနစ်ကိုအသုံးပြုခဲ့တယ်။ယူကရိန်းစစ်တပ်ရဲ့တရားဝင်ထုတ်ပြန်ချက်အရဆိုရင်ရုရှစစ်သား ၅ သိန်းနီးပါးကျဆုံးဒဏ်ရာရခဲ့ပြီးပါပြီ။ဒါတောင်ယူကရိန်းတွေကိုမဟာမိတ်ဘက်ကသူတို့ရဲ့နောက်ဆုံးပေါ်ခေတ်အမီဆုံးလက်နက်တခုမှမပေးသေးပါဘူး။
အခုနာမည်ကြီးနေတဲ့အမေရိကန်ပေးထားတဲ့ HIMARS ဟာနောက်ဆုံးပေါ်မဟုတ်ပါဘူး။နည်းပညာအရမျိုးဆက် ၂ ခုလောက်ခေတ်နောက်ကျနေပါပြီ။အလားတူယူကရိန်းကိုပေးလိုက်တဲ့ပက်ထရီယော့လေကြောင်းကာလက်နက်စနစ်ဟာလည်းအမေရိကန်အတွက်နှစ်ပေါင်း ၃၀ ကျော်ခေတ်နောက်ကျန်ခဲ့ပါပြီ။ဒိန်းမတ်ကပေးပို့ခဲ့တဲ့ Harpoon သင်္ဘောဖျက်ဒုံးလက်နက်ဟာလည်းနှစ် ၄၀ လောက်အိုမင်းနေပါပြီ။ပြီးခဲ့တဲ့ရက်ပိုင်းကဗြိတိန်ပေးပို့ခဲ့တဲ့ Storm Shadow မစ်ဇိုင်းဒုံးကျည်ဟာလည်းလက်နက်သိုလှောင်ရုံထဲ ၂၅ နှစ်လောက်ဖုန်တက်နေခဲ့တဲ့လက်နက်ပါ။အခုရုရှဘက်ကအသည်းအသန်ကန့်ကွက်နေတဲ့ F16 တိုက်လေယာဥ်ဟာလည်းနှစ်ပေါင်း ၄၀ ကျော်ခေတ်နောက်ကျနေတဲ့အင်ဂျင်တလုံးတပ်၊တယောက်ထိုင်တတိယမျိုးဆက်ဖိုက်တာပါ။အခုအမေရိကန်ကဆဌမမျိုးဆက်တိုက်လေယာဥ်ကိုတောင်စမ်းသပ်မှုတွေလုပ်နေပါပြီ။
ရှင်းရှင်းပြောရင်ရုရှဟာအထည်ကြီးပျက်သက်သက်ဆိုတာယူကရိန်းစစ်ပွဲမှာအဖြေထွက်ခဲ့ပြီးပါပြီ။ကမ္ဘာကြီးကိုဖျက်ဆီးနိုင်သေးတဲ့မိုက်ဂုဏ်တခုပဲကျန်တော့တာပါ။ကမ္ဘာကြီးကိုဖျက်ဆီးပစ်နိုင်တဲ့နျူကလီးယားလက်နက်အများဆုံးပိုင်ထားတာတခုတည်းနဲ့လူမိုက်ဆက်လုပ်နေတာပါ။သူပစ်လွှတ်မယ့်နျူလက်နက်တွေကိုမဟာမိတ်တွေဘက်ကဒုံးခွင်းဒုံးနဲ့ကြားဖြတ်တိုက်ခိုက်လို့ရပါတယ်။ဒါပေမဲ့ရုရှရဲ့နျူဗုံးတွေကဟီရိုရှီးမားမှာ‌ကြဲချခဲ့တဲ့ဗုံးထက်အဆပေါင်းသိန်းသန်းမကဖျက်အားပိုကြီးတယ်။ဒုံးခွင်းဒုံးနဲ့ရုရှပိုင်နက်အတွင်းမှာတင်ဖျက်ဆီးနိုင်တယ်ထားဦး။ဘေးထွက်ဆိုးကျိုးကတကမ္ဘာလုံးကိုထိခိုက်မှာပဲ။ရုရှဟာကမ္ဘာဖျက်မယ့်နိုင်ငံပါ။ဒါ့ကြောင့်မဟာမိတ်တွေဘက်ကသီးခံနေကြတာပါ။သမရိုးကျလက်နက်ချင်းသာဆိုလို့ကတော့ရုရှပြာကျတာကြာပြီ။
(မှတ်ချက်)မနှစ်ကရေးတင်ခဲ့တာပါ။
Credit to:

Htang Shing Ling




No comments:

Post a Comment