Saturday, November 1, 2025

သင်ကြားပြသမှုကို ထိရောက်ချင်တဲ့ ဆရာ/မတိုင်းသိထားသင့်တဲ့ Gagne (ဂန်းညေး) ရဲ့ သင်ကြားပြသမှုအခိုက်အတန့် (9) ခု

 သင်ကြားပြသမှုကို ထိရောက်ချင်တဲ့ ဆရာ/မတိုင်းသိထားသင့်တဲ့ Gagne (ဂန်းညေး) ရဲ့ သင်ကြားပြသမှုအခိုက်အတန့် (9) ခု ဆိုတာ

Super Sunday တော့ရောက်လာပြန်ပါပြီ ဆရာ/မတို့ရေ။ ဒီတစ်ပတ်မှာတော့ ဘာသာစကားသင်ကြားသူဆရာ/မများသာမက သင်ကြားရေးနယ်ပယ်က မည်သူမဆိုအတွက် အကျိုးရှိမယ့် သီအိုရီလေး တစ်ခုကို ဖောက်သည်ချလိုက်ရပါတယ်။
သင်ကြားရေးဆိုင်ရာဒီဇိုင်းနဲ့ပတ်သက်ပြီး ထင်ရှားတဲ့ ပညာရှင်တစ်ယောက်ကတော့ အမေရိကန်ပညာရှင် Gagne ပါ။ သူ့ရဲ့ သီအိုရီများစွာထဲကမှာ စိတ်ဝင်စားစရာကောင်းတဲ့ မူဘောင်တစ်ခုကတော့ သင်ကြားပြသမှုအခိုက်အတန့် ကိုးခု (nine events of instruction) ဆိုတာဟာလည်း နာမည်ကြီးပါတယ်။
သူ့ရဲ့ သီအိုရီအရ သင်ကြားတဲ့အခါမှာ ပါဝင်ရမယ့် အခိုက်အတန့်ကိုးခုကတော့
1. gain attention (အာရုံစူးစိုက်မှုရအောင်လုပ်ခြင်း)
2. inform leaners of objectives
(သင်ယူမှုဦးတည်ချက်များကို ကျောင်းသားများ သိရှိအောင်လုပ်ခြင်း)
3. stimulate recall of prior learning
(ယခင်သင်ယူခဲ့သည်များကို
ပြန်လည်အမှတ်ရစေခြင်း)
4. present content
(အကြောင်းအရာသစ်ကို တင်ပြခြင်း)
5. provide learner guidance
(သင်ယူရာတွင် လမ်းညွှန်မှုပေးခြင်း)
6. elicit performance
(သင်ယူပြီးသည့်အရာကို
လုပ်ဆောင်စေခြင်း/ လေ့ကျင့်စေခြင်း)
7. provide feedback
(တုံ့ပြန်အကြံပြုချက်ပေးခြင်း)
8. assess performance
(လုပ်ဆောင်မှုကို အကဲဖြတ်ခြင်း)
9. enhance retention and transfer
(စွဲထင်ခြင်းနှင့် အခြားနေရာတွင်
အသုံးချနိုင်မှုကို ပိုမိုကောင်းမွန်စေခြင်း)
ဆိုတဲ့ အဆင့်ကိုးဆင့်ပဲဖြစ်ပါတယ်။
တဆင့်ချင်းကို ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတာကို ကြည့်ကြရအောင်
1. gain attention
(အာရုံစူးစိုက်မှုရအောင်လုပ်ခြင်း)
- ice-breaker, warm-up, lead-in စတဲ့ activity တွေ
- စဉ်းစားမှုကို နှိုးဆွပေးတဲ့ မေးခွန်းတွေနဲ့ စတင်တာ
- အံ့ဩသွားစေမယ့်အရာ၊ မင်သက်သွားစေမယ့်အချက်အလက်တွေနဲ့ ကျောင်းသားတွေရဲ့ အာရုံစူးစိုက်မှုကို စတင်ရယူပါ။
ကျောင်းသားတွေသင်ယူဖို့အဆင်သင့်ဖြစ်အောင်လုပ်ပါ။ တန်းပြီးသင်လိုက်ရင် ကျောင်းသားရဲ့ အာရုံစူးစိုက်မှုကိုမရနိုင်ပါဘူး။
2. inform leaners of objectives
(သင်ယူမှုဦးတည်ချက်များကို ကျောင်းသားများ သိရှိအောင်လုပ်ခြင်း)
ဒီသင်ရိုးနဲ့ သင်ခန်းစာတစ်ခုချင်းစီအပြီးမှာ ဘာတွေလုပ်တတ်သွားဖို့လိုတယ်ဆိုတဲ့ သူတို့အတွက်ရှိနေတဲ့ သတ်မှတ်ချက်တွေကို ပေးသိထားဖို့လိုပါတယ်။ သူတို့ဆီက ဘာကိုမျှော်လင့်တယ်ဆိုတာသိမှ သူတို့ကလည်း ဘာလုပ်ပြရမယ်ဆိုတာသိမှာပါ။
ဘယ်လိုစစ်ဆေးမယ်၊ ဘယ်လို စံနှုန်းသတ်မှတ်ချက်တွေပါဝင်တယ်ဆိုတာကို ပြောပြပါ။ အမှတ်ပေးအကဲဖြတ်မယ့် ပုံစံကို နားလည်ထားအောင်ပြောပြထားပါ။
3. stimulate recall of prior learning
(ယခင်သင်ယူခဲ့သည်များကို
ပြန်လည်အမှတ်ရစေခြင်း)
ရှေ့သင်ခန်းစာတွေအကြောင်းပြန်မေးပါ။
သူတို့ရဲ့အတွေ့အကြုံတွေအကြောင်းပြန်မေးပါ။
သင်ရိုးတစ်ခုလုံးနဲ့ သင်ခန်းစာနဲ့ ချိတ်ဆက်ပေးပါ။
အရင်သင်ခဲ့တာနဲ့ အခုသင်ခန်းစာ ချိတ်ဆက်ပေးပါ။
4. present content
(အကြောင်းအရာသစ်ကို တင်ပြခြင်း)
- အကြောင်းအရာတစ်ခုကို ပုံစံအမျိုးမျိုးနဲ့ တင်ဆက်ခြင်း ( ဗီဒီယိုပြခြင်း၊ ရှင်းပြခြင်း၊ အဖွဲ့လိုက်ခွဲဝေဖတ်ရှုစေခြင်း)
- Active learning strategies များကို သုံး၍ ကျောင်းသားများပါဝင်လာစေခြင်း
-ပြင်ပက အရင်းအမြစ်များကို ကူညီရှာဖေွပေးခြင်း
5. provide learner guidance
(သင်ယူရာတွင် လမ်းညွှန်မှုပေးခြင်း)
- သင်ယူရာတွင် အကျိုးရှိထိရောက်မည့် သင်ယူသည့်နည်းလမ်းများကို သင်ပေးခြင်း (အတိုကောက်မှတ်နည်းများ၊ ခွဲခြမ်းစိတ်ဖြာနည်းများ)
- လိုအပ်မည့် အကူအညီပေးခြင်း၊ အကူအညီကို တဖြည်းဖြည်းမှ လျှော့သွားခြင်း ( control-guided-free)
- နမူနာများ၊ လေ့လာစရာ ဥပမာဖြစ်ရပ်များကို ပေးခြင်း
6. elicit performance
(သင်ယူပြီးသည့်အရာကို
လုပ်ဆောင်စေခြင်း/ လေ့ကျင့်စေခြင်း)
သင်ယူပြီးသည့် အရာကို မှန်မှန်ကန်ကန် နားလည်မှုရှိကြောင်း သေချာစေမည့် သင်ယူမှုလုပ်ငန်းများကို လုပ်ကိုင်စေပါ။
- Quiz များ၊လေ့ကျင့်ခန်းများ၊ လက်တွေ့လုပ်ငန်းများ လုပ်ကိုင်စေခြင်း
- အဖွဲ့လိုက်/ တစ်ဦးချင်း ပရောဂျက်များ၊ Formative assessment နည်းလမ်းများအသုံးပြုခြင်း
7. provide feedback
(တုံ့ပြန်အကြံပြုချက်ပေးခြင်း)
📌လိုအပ်ချက်များကို အချိန်မီသတိထားမိစေရန်ထောက်ပြပေးခြင်း
📌မှန်သည့်နေရာများကိုလည်း မှန်ကန်ကြောင်းသိသာစေခြင်း
📌အချင်းချင်းအပြန်အလှန် အကြံပြုစေခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။
8. assess performance (လုပ်ဆောင်မှုကို အကဲဖြတ်ခြင်း)
📌pre/ post test များစစ်ဆေးခြင်း
📌ဉာဏ်စမ်းမေးခွန်းများစသည့် formative assessment နည်းလမ်းများကို အသုံးပြုခြင်း
📌စစ်ဆေးမှုနည်းလမ်းအမျိုးမျိုးကို ထည့်သွင်းထားခြင်း
📌အက်ဆေးများ၊ ပရောဂျက်များကို စစ်ဆေးနိုင်စေရန် ထိရောက်သည့်အမှတ်စည်းမျဉ်းများ၊ ဦးတည်ချက်များကိုရေးသားထားခြင်း
9. enhance retention and transfer (မှတ်မိခြင်းနှင့် အခြားနေရာတွင် အသုံးချနိုင်မှုကို ပိုမိုကောင်းမွန်စေခြင်း
📌သင်ယူရရှိလာသည့်သင်ခန်းစာကို အခြားသင်ခန်းစာများ၊ အခြားသုံးချနိုင်သည့်နေရာများ
လက်တွေ့ဘဝအကြောင်းအရာများနှင့်ချိတ်ဆက်ပေးခြင်း
📌အကြောင်းအရာကို ပုံစံတစ်မျိုးနှင့် ပြန်လည်တင်ပြစေခြင်း (စာသားကို မြေပုံအဖြစ်ပြောင်းလဲစေခြင်း၊ presentation ပြန်ပေးစေခြင်း)
နိဂုံး
ထိရောက်တဲ့ သင်ကြားမှုဖြစ်ဖုိ့ဆိုရင်ဒီအဆင့်ကိုးဆင့်ပါဝင်ရမယ်လို့သီအိုရီက ဆိုပါတယ်။
ဖတ်ပြီးတဲ့အခါ ကိုယ်က ဘယ်အချက်တွေလုပ်ဖြစ်နေလဲ၊ ဘယ်အချက်တွေမှာတော့ အားနည်းနေသေးလဲ သုံးသပ်ကြည့်ပါအုံး။
ချိန်ထိုးစဉ်းစားစရာတစ်ခုရမယ်လို့ မျှော်လင့်ပါတယ်။

ရေဆုံး မြေဆုံး အမဲလိုက် ခံရသော နာဇီ ခေါင်း ‌ဆောင် များ ****************** (၄)

 ရေဆုံး မြေဆုံး အမဲလိုက် ခံရသော နာဇီ ခေါင်း

‌ဆောင် များ
******************
(၄)
(KILLING THE SS)
BILL O'REILLY
ယခု အချိန်တွင်တော့ ဟင်းမလား နှင့် ၎င်း၏ လက်ပါးစေ SS များသည် အယ်ပ် တောင်တန်းသို့ ရောက်မည်လော၊ သို့မဟုတ်ကလည်း ထို့ထက် ပိုဝေးလံသော တောင်အာဖရိက၊ တောင်အမေရိက လို နေရာမျိုး ပဲ ရောက်မည်လော ဆိုသည်က အသေအချာ ပြော၍ မရ ဖြစ်နေကြဆဲပင်။
သို့သော် လွတ်မြောက်အောင် ပြေးဖို့ ဆိုသည်က လုံးဝ ဖြစ်နိုင်ခြေ ရှိနေသည်။ အလျင်အမြန် လှုပ်ရှားနိုင်ဖို့သာ လိုသည်။ ၎င်းတို့၏ ခရီးကို မာစီဒီး ကားကြီး လေးစီး ဖြင့် စတင် လာခဲ့ကြသည်။ ထိုသို့ အနေအထား မျိုး ဖြင့် ထွက်လာခြင်းသည် လွန်စွာ သိသာနေသော်လည်း မြန်မြန်သွက်သွက် ခရီးပေါက် နိုင်၍ မတတ်သာပဲ သုဲးခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း ဟင်းမလား၏ တပည့်ကျော်များက လွန်စွာ ကြီးမားသော အမှားကို ကျုးလွန်ခဲ့ကြသည်။
ခရီးမထွက်မီ ၎င်းတို့ အားလုံးသည် ဂျာမန် စစ်မြေပြင် လျို့ဝှက် ရဲအဖွဲ့၏ ယူနီဖောင်းကို ဝတ်ဆင်ထားခဲ့ကြသည်။ ထိုအဖွဲ့ သည် မဟာမိတ် တပ်များ အလိုရှိနေသည့် စာရင်းတွင် ထိတ်ဆုံးက ပါနေသည်ကို ရိပ်စားမိခဲ့ခြင်း မရှိ။
ဂျာမန်တို့ လက်နက်ချအပြီး ငါးရက်မြောက် ဖြစ်သည့် မေလ ၁၂ ရက်နေ့တွင် ဟင်မလား၏ ကားတန်းကြီးသည် သတိကြီးစွာဖြင့် ခရီးမိုင်ပေါင်း ၁၂၀ ကို ဖြတ်သန်းလာခဲ့ပြီး ဖြစ်သည်။ ၎င်းတို့အားလုံးသည် ယခု ဥရောပ တွင် ဦးတည်ရာမဲ့ သွားလာ‌ နေသူများလို လယ်ကွင်းများ၊ မီးရထား ဘူတာရုံများ အနီး ရပ်နား အိပ်စက်ခဲ့ကြပြီး ဖြစ်သည်။ ယခု အချိန်အထိ နာဇီ တို့ ထွက်ပြေး‌ရန် ကြံထားသမျှက အလုပ် ဖြစ်နေသည်။
ဂျာမန် တို့၏ မြောက်ပင်လယ် ဆိပ်ကမ်းမြို့ဖြစ်သော ဘရွန်းစ်ဘွတ်တဲလ် အရောက်တွင် တော့ ပထမဆုံးအကြိမ်အဖြစ် အခက်အခဲများ ရင်ဆိုင်လာရသည်။ ငါးမိုင်ခန့် ကျယ်ဝန်းသည့် အယ်လ်ဘဲ့ Elbe မြစ်အား ကားများဖြင့် မည်သို့ ဖြတ်ကျော် ရမည်နည်း ဆိုသည့် ပြဿနာ ပင် ဖြစ်သည်။ ကားဖြင့် ရေထဲ ဖြတ်မောင်းသွားဖို့က မဖြစ်နိုင်၊ ၎င်းတို့အဖို့ ထိုနေရာတွင် ကားများကို ထားခဲ့ပြီး ခြေလျင် ခရီး ဆက်ရဖို့သာ ရှိတော့သည်။
ဟင်မလားသည် မှောင်လာသည့် အထိ စောင့်နေပြီး ၎င်းတို့ တဖွဲ့လုံးကို မြစ်တဖက်ကမ်း အထိ ပို့ပေးရန် တံငါသည် တဦးအား ဂျာမန် မတ်ငွေ ၅၀၀ ပေးခဲ့သည်။
နောက်နေ့ မနက်တွင် တော့ ဟင်မလား နှင့် အဖွဲ့သည် လမ်းများ ပေါ်တွင် ပြည့်သိပ်နေသော စစ်သားများ နှင့် ရောနှောသွားလာနေပြီ ဖြစ်သည်။ ဟင်မလားသည် ယခုအခါ မော်တော်ဆိုင်ကယ် စီးသူများ ဝတ်သည့် အပြာရောင် မိုးကာအင်္ကျီ နှင့် အရပ်သားလို ဝတ်ဆင်လာသည်။
၎င်းသည် အခြား အဖွဲ့သားများလို အကြမ်းပတမ်း မခံနိုင်၊ ထိုကြောင့် ဗိုလ်မှုး မာခါ နှင့် ဗိုလ်မှုးကြီး
ဂရို့သ် မန်း တို့ က စောင့် ခေါ်ခဲ့ရသည်။ ၎င်းတို့ နှစ်ဦး သည် အစိမ်းရောင် စစ်လောင်းကုတ် ကြီးများ ဝတ်ထားပြီး ဟင်မလား၏ ရှေ့ မလှမ်းမကမ်းမှ နေ လျှောက်လာခဲ့ကြသည်။ မကြာခဏ ဆိုသလို လည်းဟင်မလား ကို စိတ်မချ၍ နောက်ကို လှည့်ကြည့် လှည့်ကြည့် လုပ်ခဲ့ကြသည်။
လမ်းလျှောက်ရသည်က ရက်ကြာလာသော်လည်း ခရီးမတွင် ဖြစ်နေသည်။ ည အချိန်တွင် အခြားလူ ရာပေါင်းများစွာ နှင့် အတူ ကွင်းပြင်ထဲတွင် အိပ်စက်ခဲ့ကြရသည်။ အစားအသောက် နှင့်‌ ရေ အတွက် ပြဿနာ ရှိလာသည်၊ တသီးတသန့်လည်း နေလို့မရ၊ သို့သော် အနည်းဆုံး‌ တော့ ဟင်မလား လွတ်မြောက်လာပြီ ဖြစ်သည်။
မေလ ၁၈ ရက်နေ့တွင် ဟမ်းဘတ်ခ် အနောက်ဖက်ရှိ ဘရေးမာဖာဒါ မြို့သို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင် ဗြိတိသျှ တို့၏ အမှတ် (၅၁) တောင်ပေါ် သေနတ်ကိုင် တပ်ရင်း စခန်းချထားပြီး အိုးစ် တား မြစ်ကူး တံတား တွင် စစ်ဆေးရေး ဂိတ် ဖွင့်ထားသည်။
ထိုမြစ်ကို ဖြတ်ကူးပါက အန္တရာယ်ကင်းမကင်း ကို မသိ နိုင်၍ ဟင်းဒရစ်ခ်ျ ဟင်မလား နှင့် သူ့ လူများသည် ရှေ့ဘာဆက်လုပ်ရမည်ကို ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။
ဤသည်က ဟင်းမလား နှင့် အဖွဲ့ အမှားတခု ကျုးလွန် ခဲ့ကြခြင်းပင် ဖြစ်သည်။
ဟင်မလားသည် စိုးရိမ် ထိတ်လန့်‌ နေသော်လည်း မြစ်ကမ်းပါး တလျှောက် အခြားနေရာ မှ ကူး၍ ရမက ကို ကင်းထောက်စုံစမ်းခြင်း မျိုး မလုပ်ခဲ့ကြ၊ အကယ်၍ လုပ်ခဲ့မည် ဆိုလျင် ဖြတ်ကူးလို့ ရနိုင်သည့် ရေတိမ်ပိုင်းကို တွေ့မည် ဖြစ်ပြီး ပြဿနာ တစုံတရာ မပေါ်ဘဲ အိုးစ်တား မြစ်ကို ဖြတ်ပြီး တောင်ဖက်သို့ ခရီးဆက်နိုင်မည် ဖြစ်သည်။
*******************
စစ်ဆေးရေး ဂိတ်ကို ဖြတ်လျှင် ဖြစ်လာနိုင်သည့် အန္တရာယ်ကို သုံးသပ် နိုင်ရန် ဟင်မလားသည် ၎င်း၏ သက်တော်စောင့် ဂျိုးစက် ခီယာမိုင်ယာကို စေလွှတ်လိုက်သည်။ ဟင်မလား အပေါ် အမြဲလို သစ္စာစောင့်သိခဲ့သည့် ခီယာမိုင်ယာက အစောကြီး ကတည်းက လေယာဉ် နှင့် ထွက်ပြေးကြရန် အကြံပေးခဲ့သည်၊ ထိုစဉ်က ဘာလင်သည် မဟာမိတ်များ လက်သို့ ကျရောက်ခြင်း မရှိသေးပေ၊ ဟင်မလားကဲ့သို့ ထိတ်တန်း ခေါင်းဆောင်တ‌ဦး အနေဖြင့် လေယာဉ် များကို စိတ်ကြိုက်သုံးခွင့် ရှိသူလည်း ဖြစ်သည်။
ထိုစဉ်က ဟင်မလား စိတ်ထဲတွင် ၎င်းအနေနှင့် မဟာမိတ်များ နှင့် သီးခြား ငြိမ်းချမ်းရေးစာချုပ်မျိုး ချုပ်ဆိုနိုင်လိမ့်မည်၊ ထို့အတွက် လေယာဉ် ဖြင့် ထွက်ပြေးစရာ မလိုဟု ယူဆနေသည်။ ထိုသို့ ချုပ်ဆို နိုင်ပါက အင်ဂလို-ဆိုဗီယက် တို့ မဟာမိတ် ဖြစ်နေခြင်းကို ဖြိုခွဲ နိုင်မည်ဟု မျှော်လင့်နေသည်၊ ဤသို့ဖြင့် ဟင်မလားသည် ၎င်း နှစ်ပေါင်း နှစ်ဆယ်လုံးလုံး ဦးဆွေးဆံမြေ့ အမှုတော် ထမ်းခဲ့သည့် ဟစ်တလာ အပေါ် နောက်ကွယ်မှ သစ္စာဖေါက်ရန် ပထမ ဆုံး အကြိမ် ကြံစည်လာခြင်းလည်း ဖြစ်သည်။
ဟင်မလား နှင့် အတူ ထွက်ပြေး တိမ်းရှောင်လာသော အော်တို အော်လန်ဒေါ့ဖ် က နောက်ပိုင်း ပြန်လည် ပြောပြခဲ့ရာတွင် ဟင်မလားသည် ၁၉၄၅ ဧပြီလထဲတွင် အခြား နာဇီ ထိတ်တန်း ခေါင်းဆောင်များ နှင့် လျို့ဝှက် ဆွေးနွေးပြီး အကြံရလာခြင်း ဖြစ်သည်။ ထိုအကြံသည် မဟာမိတ် တပ်များကို ခုခံ တွန်းလှန်ရန် မဟုတ်ဘဲ ၎င်းတို့အား အယ်လ်ဘဲ မြစ်အထိ ရောက်လာရန် ခွင့်ပြုမည်၊ ထိုနေရာမှ ရှေ့ဆက်မတိုးရန် နားလည် မှု ရပြီး နောက်တွင် အရှေဖက်မှ ရန်သူ များကို တိုက်ခိုက်ရန် နောက်ကြော လုံသွားပြီ ဖြစ်သည်။ "အခြားကိစ္စအားလုံးမှာ သမ္မာသတိ ရှိကြတဲ့ ဒီလူတွေဟာ အရှေ့တိုင်းကို ယှဉ်ပြိုင်ဖို့အတွက် ကျွန်တော်တို့မှာ အခွင့်အရေးရှိနေသေးတယ်လို့ ဆက်ပြီး ယုံကြည်နေကြတုန်းပဲ" ဟု ဆိုသည်။
သို့သော် အားလုံး သိကြသည့် အတိုင်း ဟင်မလား၏ အကြံအစည်သည် အကောင်အထည် ပေါ်မလာခဲ့။
ဟင်မလားမှ ၎င်းအပေါ် နှစ်ပေါက်တပေါက် ရိုက်မည် ကို သိသွားသော အဒေါ့ဖ် ဟစ်တလာသည် ဟင်မလား အား SS ကို ထိန်းချုပ်ထားသည့် အာဏာများ ရုပ်သိမ်းပစ်ခဲ့ပြီး နာဇီ ပါတီမှ ထုတ်ပယ်ပစ်ခဲ့သည်။ ဟင်မလား အားလည်း ချက်ခြင်းလို ဖမ်းဆီးရန် အမိန့်ပေးခဲ့သည်။ သို့သော် ရက်အနည်းငယ် အကြာတွင် ကိုယ့်ကိုကိုယ် အဆုံးစီရင်သွား၍ ၎င်း၏ အမိန့်သည် ‌အကောင်အထည် ပေါ်မလာခဲ့။
ထိုအချိန်တွင် ဟင်မလား အဖို့ လေယာဉ် နှင့် ထွက်ပြေးနိုင်မည့် အချိန်သည် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ဟင်မလား နှင့် သူ၏ အဖွဲ့သည် နိုင်ငံ မြောက်ပိုင်းတွင် အချိန်အကြာကြီး ရှိနေခဲ့သော ကြောင့်လည်း ဖြစ်သည်။
မေလ ၉ ရက် နေ့အထိ ဟင်မလားသည် မဟာမိတ်တပ်များ နှင့် လက်တွဲပြီး အရှေ့ဖက်မှ ဝင်ရောက်လာနေသော ဆိုဗီယက်တပ်များကို ခံတိုက်သွားနိုင်မည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။ ဂျာမန် တပ်များ လက်နက် ချပြီးသည့် တိုင် ဟင်မလားသည် ဗြိတိသျှ တပ်များ၏ အကြီးအကဲ ဖီးမာရှယ် ဘားနတ် လော မွန်ဂိုမာရီ ထံ စာတ‌ စောင် ရေးသားခဲ့သည်၊ ထိုစာကို အော်တို အော်လန်ဒေါ့ဖ် က တည်းဖြတ်ပေးခဲ့ပြီး နောက် ဟင်မလားသည် လက်ထောက်တယောက်ကို စေလွှတ်ပြီး မွန်ဂိုမာရီ ထံ ပေးပို့စေခဲ့သည်။
မွန်ဂိုမာရီ ထံ မှ ပြန်စာကို စောင့်ရင်း ဟင်မလား ၏ ထွက်ပြေးရမည့် အချိန် များ နှောင့်နှေးသွားခဲ့ခြင်း ဖြစ်သည်။ သို့သော် ဟင်မလား မျှော်နေသည့် မွန်ဂိုမာရီ ၏ အကြောင်းပြန် စာ က ရောက်မလာခဲ့ပေ။

ရေဆုံး မြေဆုံး အမဲလိုက် ခံရသော နာဇီ ခေါင်း ‌ဆောင် များ ****************** (၃)

 ရေဆုံး မြေဆုံး အမဲလိုက် ခံရသော နာဇီ ခေါင်း

‌ဆောင် များ
******************
(၃)
(KILLING THE SS)
BILL O'REILLY
အထူးသဖြင့် အော်လန်ဒေါ့ဖ်သည် Einsatzgruppen ဟု ခေါ်သည့် ရွေလျား သေမင်းတမန် တပ်ဖွဲ့၏ ခေါင်းဆောင် မကောင်းဆိုးဝါး တဦးသာ ဖြစ်သည်။ ၎င်းတို့ အဖွဲ့သည် ဂျာမန်တပ်များ နှင့် အတူ လိုက်ပါရပြီး အရပ်သားများကို သတ်ဖြတ် ချေမှုန်းဖို့ တာဝန်ယူရသည်။
၁၉၄၁ ဇွန်လတွင် ဂျာမဏီသည် ဆိုဗီယက် ပြည်ထောင်စု ကို စတင် ကျုးကျော် တိုက်ခိုက်လာချိန်တွင် ၎င်းတို့ အဖွဲ့သည် သိမ်းပိုက်၍ ရသော နယ်မြေများရှိ ကျွဲနွား တရိစ္ဆာန်များ၊ ကောက်ပဲသီးနှံများ နှင့် စက်ယန္တရားများကို လုယက် ယူငင်ပြီး ရိုက်ခ်ျ နိုင်ငံတော်ကြီး အတွက် ပံ့ပိုးပေးကြရသည်။ ဆိုဗီယက် စစ်သုံ့ပန်းများအားလည်း အစာရေစာ ကျွေးမွေးကြခြင်း မရှိဘဲ ပစ်ထားခဲ့၍ စစ်သား နှစ်သန်းခန့် ငတ်မွတ် သေဆုံးသွားခဲ့သည်။
တချိန်တည်းမှာပင် အော်လန်ဒေါ့ဖ်၏ ကြီးကြပ်ကွပ်ကဲမှု ဖြင့် ဂျုးများကို အစုလိုက် အပြုံလိုက် ဖမ်းဆီးခဲ့ကြသည်။ ၎င်း၏ အမိန့်ဖြင့် ဂျုး ကိုးသောင်းခန့်သည် သေနတ်နှင့် သော်၎င်း၊ ရွေ့လျား အဆိပ်ဓါတ်ငွေ့ ပေါင်းဖိုများထဲ ထည့်သွင်း ခံရ၍ သော်၎င်း သေဆုံးခဲ့ကြရသည်။
SS များက တောင်ဖက်စူးစူး တွင် ရှိသည့် ဂျာမဏီ အလယ်ပိုင်း ဟာဇ် တောင်တန်းများ ဆီသို့ သွားပြီး ပုန်းအောင်း နေကြရန်၊ သို့မဟုတ်ကလည်း ထို‌ ဒေသ ၏ တောင်ဖက်ရှိ အဲ့ပ် တောင်တန်းများ ဆီ သွားမည်၊ ထိုမှ တဆင့် နိုင်ငံ ထဲမှ ထွက်လို့ ရအောင် စီစဉ်နေကြသည်။
ထိုသို့ စီစဉ် ခြင်းမှလည်း မတော်တဆ မဟုတ်၊ ဟင်းမလားသည် လွန်ခဲ့သည့် တနှစ်ကျော်ကတည်းက ဥရောပတွင် ဂျာမန်တို့ အနိုင်ရမည် မဟုတ် ဆိုသည်ကို သိထားခဲ့ပြီး ဖြစ်သည်။ ထို့အတွက် နာဇီများ ကမူးရှူးထိုး ဖြစ်လာပြီး စစ်ပြီးနောက်တွင် ဂျာမဏီအား လွန်စွာ အင်အား ကောင်းလာမည့် "စတုတ္ထ ရိုက်ခ်ျ နိုင်ငံတော်" တည်ဆောက်နိုင်မည့် လိုအပ်သော ယန္တရားများ တည်ဆောက်ထားရန် ကြံစည်လာခဲ့သည်။
အ‌ဒေါ့ဖ် ဟစ်တလာ ကိုယ်တိုင်ကပင် နာဇီ အင်ပိုင်ယာသည် နှစ်ပေါင်း တထောင်ခန့် တည်မြဲရမည်ဟု
ကြုံးဝါးခဲ့ပြီး ဖြစ်သည်၊ ဟစ်တလာ၏ ထိုသို့သော ကြုံးဝါးခဲ့မှု ကို ဟင်းမလား နှင့် ၎င်း၏ နောက်လိုက် နောက်ပါ SS များက အကောင်အထည် ဖေါ်ပေးရန် စိတ်ပိုင်းဖြတ်ထားသူ များ ဖြစ်သည်။
ထိုကဲ့သို့ အကြံအစည်မျိုး ရှိသည်ကို နောက်ပိုင်းတွင် စုံစမ်း ဖေါ်ထုတ် နိုင်ခဲ့မှု များအရ ၁၉၄၄ ဩဂုတ်လ ၁၀ ရက်နေ့တွင် ပြင်သစ် နှင့် ဂျာမဏီ နယ်စပ် ရှိ စထရာစ်ဘတ် ရှိ Mason Rouge (အိမ်နီတော်) ဟိုတယ်တွင် လျို့ဝှက် ဆွေးနွေးခဲ့ကြကြောင်း သိရှိခဲ့ကြသည်။ အဆိုပါ ထိတ်တန်း လျို့ဝှက် အဖြစ် သတ်မှတ်ထားသော အစည်းအဝေးသို့ ဂျာမန် စက်မှု လုပ်ငန်း ရှင်များ၊ ဘဏ်လုပ်ငန်း ရှင် များ တက်ရောက်ခဲ့ကြသည်။ (ပုံတွင် ရှု)
သို့သော် ၎င်းတို့၏ စထရာစ်ဘတ် လျို့ဝှက် အစည်း အဝေးသို့ ပြင်သစ် စစ်ထောက်လှန်းရေး အဖွဲ့ဝင်တဦး အသွင်ယူ ပြီး တက်ရောက်ခဲ့သည်ကို မည်သူမျှ မရိပ်စားမိခဲ့ကြ။ ထိုအေးဂျင့်သည် ဟင်မလား နှင့် အဖွဲ့ ကြံစည်နေမှု များကို မကြာမီမှာပင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကောဒဲလ် ဟူး ထံသို့ အစီရင်ခံစာ ရေးသားတင်ပြခဲ့သည်။
အိမ်နီတော် အစီရင်ခံစာတွင် "စစ်ပွဲ အနိုင်မရ နိုင်တော့ ဆိုသည်ကို ဂျာမန် စက်မှု လုပ်ငန်းရှင်များ သဘောပေါက်ရတော့မည် ဖြစ်သည်၊ ထို့အတွက် စစ်ပွဲ ပြီးဆုံးသွားလျင် စီးပွားရေး အရ စစ်ဆင်နိုင်ဖို့ ယခုကတည်းက ပြင်ဆင်ထားရမည်၊ စက်မှု လုပ်ငန်းရှင် တိုင်း ပြည်ပ ကုမ္ပဏီများ နှင့် ဆက်သွယ်ပြီး မဟာမိတ် လုပ်ထားရမည်၊ ထိုကိစ္စကို သံသယ ရှိမလာအောင် တဦးချင်း တယောက်ချင်း အနေဖြင့် ဆောင်ရွက်ရမည်။
နာဇီ ပါတီသည်လည်း မဖြစ်မနေ တောခိုသွားရဖို့ ရှိနေ၍ ရံပုံငွေ ပံ့ပိုးပေးနိုင်အောင်လည်း ပြင်ဆင်ထားရမည်။" အစရှိသဖြင့် ပါရှိသည်။
ထိုအစီအစဉ် တွင် ရဲတင်းလွန်းလှသည်က ဂျာမန် ကုမ္ပဏီ များ ယခုမှစ၍ ပြည်ပ ထွက်၍ လုပ်ကိုင်ရမည်၊ ထိုသို့ လုပ်ကိုင်ရာတွင် ဂျာမဏီ နှင့် သာမက နာဇီ တို့ နှင့်ပါ အဆက်အသွယ် ရှိသည်ကို ဖုံးကွယ်ထားရမည် ဆိုသည်ပင် ဖြစ်သည်။ သို့မှသာ စစ်ရေး ဆိုင်ရာ အချက်အလက်များကို သူလျို လုပ် ထောက်လှန်းနိုင်မည် ဖြစ်ပြီး နောက်ဆုံးတွင် ဂျာမဏီ ၏ စစ်အင်အား ကြီးမားလာအောင် စနစ်တကျ ပြန်လည် တည်ဆောက်နိုင်ရေး အတွက် အထောက်အကူ ဖြစ်မည်ဟု ပါရှိသည်။
စထရာစ်ဘတ် အစည်းအဝေးသို့ တက်ရောက်သူများ အား သတိပေးလာခဲ့သည်များလည်း ရှိသည်၊ ဥပမာ အားဖြင့် သံမဏိ ထုတ်လုပ်မှု ကို မူပိုင် အဖြစ်မှတ်ပုံတင် ရထားသည့် ကုမ္ပဏီသည် Krupp နှင့် အမေရိကန် ဓါတု ဖောင်ဒေးရှင်း တို့ ဖြစ်သည်။ အမေရိကန် သံမဏိ ကုမ္ပဏီများက သံမဏိ အတွက် ဂျာမန် ကုမ္ပဏီ ဖြစ်သော Krupp မျက်နှာ ကြည့်နေရ၍ ထိုကဲ့သို့သော ကုမ္ပဏီ များထဲသို့ နာဇီ စပိုင်များ စိမ့်ဝင် ထိုးဖောက်၍ အကောင်းဆုံးဟုလည်း ပြောခဲ့သည်။
"ထိုကုမ္ပဏီ ရုံးခန်းကြီးများသည် မြို့ကြီးများတွင်သာ ရှိ၍ လူအများအကြား ပုန်းလျိုးကွယ်လျိုး နှင့် နေနိုင်ကြောင်း၊ ရေအားလျှပ်စစ် ထုတ်လုပ်သည့် နေရာ အနီး ပတ်ဝန်းကျင် ရှိ ရွာငယ် လေးများ တွင်လည်း ရေအား အရင်းအမြစ်ကို လေ့လာရန်ဟု အကြောင်းပြကာ ‌သွားနေလို့ရကြောင်း များလည်း ပါရှိသည်။
၎င်းတို့ ရှိနေသည်ကို စက်မှု လုပ်ငန်းတခုစီ ရှိ မဆိုသလောက်သော လူ အနည်းငယ်နှင့် နာဇီ ပါတီ အကြီးအကဲများ လောက်သာ သိရမည်။ ရုံးတရုံးစီ တွင် ပါတီ နှင့် ကြားခံ ဆက်သွယ်ပေးမည့် အေးဂျင့် တဦးစီ ရှိရမည်ဟု အစီရင်ခံစာထဲတွင် ဖေါ်ပြထားသည်။
သက်ဆိုင်ရာ စက်မှု လုပ်ငန်းများ ပါဝင်ကြောင်း အာမခံနိုင်ရန် ဘဏ္ဍာရေး အရ ထည့်ဝင်ကြရမည် ဖြစ်သည်။ "ပါတီသည် ဂျာမဏီ တနိုင်ငံလုံးကို ပြန်လည် ထိန်းချုပ်နိုင်သည် အထိ လုံလောက်သည့် အင်အား တောင့်တင်းလာလျင် လာခြင်း စက်မှု လုပ်ငန်း ရှင်များအား ၎င်းတို့၏ ကြိုးပမ်းခဲ့မှု၊ ပူးပေါင်း ဆောင်ရွက်ခဲ့မှု များ အတွက် အထူး အခွင့် အရေး များ ပေးမည် ဖြစ်သည်။
စထရာစ်ဘတ် အစည်းအဝေး မှ နာဇီ တို့ အတွက် အကျိုးအမြတ်များ ရလာခဲ့သည်။ ကြားနေ နိုင်ငံများ ဖြစ်သော စပိန်၊ ဆွစ်ဇာလန်၊ ပေါ်တူဂီ၊ အာဂျင်တီးနား နိုင်ငံများရှိ ကော်ပိုရေးရှင်းကြီးများသည် ဂျာမဏီ မှ လွှဲပြောင်းပေးလာသည့် ‌ဒေါ်လာ သန်း ၅၀၀ ကျော် လက်ခံရရှိလာကြသည်။ ထိုငွေများ ဖြင့် ကုမ္ပဏီ များကို လူမသိ သူမသိ ဝယ်ယူခဲ့ကြသည်။
သို့သော် ဟင်းမလား အတွက် က ဂျာမဏီ၏ ဘဏ္ဍာငွေများ ပြင်ပ တွင် အောင်မြင်စွာ ရင်းနှီးမြုပ်နှံ နိုင်ဖို့သည် အဓိက မကျ၊ အရေးပါသော နာဇီ ခေါင်းဆောင်များ ထွက်ပြေး လွတ်မြောက်နိုင်ရေး အတွက်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

ရေဆုံး မြေဆုံး အမဲလိုက် ခံရသော နာဇီ ခေါင်း ‌ဆောင် များ ****************** (၂)

 ရေဆုံး မြေဆုံး အမဲလိုက် ခံရသော နာဇီ ခေါင်း

‌ဆောင် များ
******************
(၂)
(KILLING THE SS)
BILL O'REILLY
ဂျာမဏီ တနိုင်ငံလုံး ကသောင်းကနင်း ဖြစ်လာနေသည်။ မဟာမိတ်တပ်များ၏ လေကြောင်း နှင့် လက်နက်ကြီးများ နှင့် တိုက်ခိုက်ခဲ့မှု ကြောင့် မြို့ကြီးများ နှင့် ဆိပ်ကမ်းများသည် အုတ်ပုံဘဝ ရောက်ကုန်သည်။ သောက်ရေ၊ သုံးရေ နှင့် လျပ်စစ်မီး ဆိုသည်များလည်း မရှိတော့၊ အစားအသောက် နှင့် ကျွဲနွားတိရစ္ဆာန်များလည်း မဆိုသလောက်သာ ကျန်တော့သည်။
အမှိုက်ပုံများ နှင့် လူ့မစင်များ၊ ယခုတိုင် ရှင်းလင်း ဖယ်ရှားခြင်း မပြုနိုင်သေး၍ ပုတ်သိုးနေသော အလောင်းများ နေရာအနှံ့ ရှိနေ၍ အသက်ပြင်းပြင်းပင် မရှုရဲအောင် ဖြစ်နေသည်။ အမေရိကန် နှင့် ဗြိတိသျှ တပ်များက ဂျာမဏီ တနိုင်ငံလုံးတွင် အိုးအိမ်စွန့်ခွာ ပြေးလွှားနေသူများကို စောင့်ရှောက်ပေးနေကြရသည်။ သွားစရာ လာစရာမရှိ ဖြစ်နေသူများ အတွက် နေဖို့ ထိုင်ဖို့ စခန်းများ ဆောက်ပေးပြီး ကျွေးမွေးထားရသည်။
နောက် ခြောက်လ အတွင်း ခန့်မှန်းခြေအားဖြင့် သန်း နှစ်ဆယ်ခန့် ရှိသော လူများသည် ဥရောပ ကုန်းမြေ ကြီး ပေါ်တွင် ခြေဦးတည့်ရာ သွားလာ‌နေကြတော့မည် ဖြစ်သည်။ ဆောင်းရာသီ မဝင်ခင် မူရင်းနေရပ်သို့ အရောက် ပြန်နေကြခြင်းလည်း ဖြစ်၏။ ယခုလို သွားလာ‌ နေကြသည်ကား ရာစု နှစ် ပေါင်းများစွာ ဥရောပ တခွင်တွင် စစ်ပွဲ ပြီးဆုံးသွားသည့် အခါတိုင်း တွေ့နေကျ မြင်ကွင်းမျိုးလည်း ဖြစ်သည်။
အိမ်သို့ ပြန်နေသည့် စစ်သားများ၊ စစ်သုံ့ပန်း ဖြစ်ခဲ့သူများ မိဘ ဆွေမျိုး ချစ်သူများထံ အရောက်ပြန်ဖို့ ရောထွေးသွားလာနေကြသည်။ ဒုတိယ ကမ္ဘာစစ်ကြီးသည်လည်း ထို့အတူပင် ဖြစ်သည်။ ဂျာမန် စစ်သားများသည် ပိုလန်၊ ရုရှား စစ်သုံ့ပန်း ဖြစ်ခဲ့သူများ နှင့် လမ်းများပေါ်တွင် ရောထွေးနေသည်။
သို့သော် မတူသည့် အချက်တော့ ရှိပေသည်၊ နာဇီ တို့သည် ဂျူး မျိုးနွယ်စု တစုလုံးအား အပြီးအပိုင် သုတ်သင်နိုင်ရန် ကမ်ပိန်းကြီး ဆင်နွှဲခဲ့ကြခြင်း ဆိုသည်ပင် ဖြစ်သည်။ ထို့အတွက် လမ်းများ ပေါ်တွင် သေမင်းတမန် သုံးပန်း စခန်းများ မှ လွတ်မြောက်လာသူများ ပါဝင်လာသည်။ အရိုးပေါ် အရေတင် ခန္ဓာကိုယ် နှင့် အရှက်လုံအောင် ဝတ်ဆင်ထားသည်များကို ကြည့်ပြီး အလွယ်တကူပင် ခွဲခြား နိုင်ပေသည်။
စစ်ကြီး အပြီး တွင် displaced persons (DP) နေရပ်စွန့်ခွာရသူများ အဖြစ် မဟာမိတ်များမှ စတင် ခေါ်ဝေါ် သုံးစွဲခံခဲ့ရသော ဂျူးများသည် မချိမဆံ ခံစားနေကြရင်းက အိမ်ပြန် ခရီးလမ်းကို လျှောက်လှမ်းနေကြရခြင်း ဖြစ်သည်။ ၎င်းတို့ အတွက် ရှေ့တွင် ဘာဖြစ်လာမည်ကိုလည်း ကြိုတင် သိနိုင်စွမ်း မရှိကြ။ ပထမ ဦးစွာ ဂျာမန် များ၊ ယခုအခါ အရှေ့ဖက်ခြမ်း မှ ချဉ်းကပ်လာနေကြသည့် ရုရှားများ သည် ၎င်းတို့၏ အိုးအိမ် နှင့် ပိုင်ဆိုင်သမျှ ကို လုယက်ယူငင်နေကြပြီ ဖြစ်သည်။
(မဟာမိတ် များက မိမိနိုင်ငံ နယ်နမိတ် ပြင်ပတွင် ရောက်ရှိနေသူ များကို DP အဖြစ် စတင်သတ်မှတ်ကြပြီး ဒုက္ခသည်များ ဆိုသည်ကိုမူ မိမိနိုင်ငံ အတွင်း အိုးအိမ်မဲ့ ဖြစ်နေသူများဟု ခွဲခြား သတ်မှတ်ခဲ့ကြသည်။)
နှစ်ပေါင်း လပေါင်းများစွာ အဖမ်းဆီးခံ ဘဝ နှင့် နေခဲ့ကြရပြီးနောက် ဂျုး အချို့သည် လက်စားချေရန် အခွင့်အလန်းကို မျှော်လင့်နေကြသည်။ ထို့အတွက်ကြောင့် သေမင်းတမန် သုံ့ပန်းစခန်း များမှ အသက်မသေဘဲ လွတ်မြောက်လာသူ များသည် သတိမမူ မေ့မေ့လျော့လျော့ ဖြင့် လမ်းလျောက် ခရီးနှင်လာကြခြင်း တော့မဟုတ်၊ ၎င်းတို့ နှင့် အတူသွားလာနေသည့် ဂျာမန် အမျိုးသား၊ အမျိုးသမီး များကို မျက်လုံးဒေါက်ထောက် အကဲခတ်လာကြသည်။ ထိုခရီးသွားများထဲတွင် ၎င်းတို့ မှတ်မိနေသည့် အကျဉ်းထောင်စောင့် အစောင့်များ ပါမပါကို ရှာဖွေ နေကြခြင်း ဖြစ်သည်။ တွေ့သည်နှင့် ချက်ခြင်း လက်ငင်း ရက်စက်စွာ လက်စားချေနိုင်ရန် စိတ်စောနေကြသည်။
**********************
ဂျာမန် လူ့အဖွဲ့အစည်း တခု လုံး စစ်ကြောင့် အလဲလဲ အပြိုပြို ဖြစ်သွားခဲ့မှု သည် လူတိုင်း ကြောက်ရွံ့ခဲ့ကြသည့် SS များ အတွက် အထောက်အကူ ပေးသလို ဖြစ်လာခဲ့ပြီး ယခုအခါ ဒုက္ခသည်များ အကြား ဝင်ရောက် ရောနှော ကိုယ်ယောင်‌ ဖျောက် သွားနိုင်လာပြီ ဖြစ်သည်။
သို့သော် ဟင်းနရစ်ခ်ျ ဟင်မလားသည် ထိုသို့ လူအုပ်ကြားထဲ မထင်မရှား သွားနိုင်သည့် လူစားမျိုး မဟုတ်။ မှတ်တမ်းရုပ်ရှင်များ၊ ဓါတ်ပုံများ တွင် အမြဲပါနေကျ ဖြစ်၍ အားလုံး က မြင်လျင် မှတ်မိနေသည့် ဗျူရိုကရက် ကြီး ဖြစ်သည်။ ၎င်းအား ဖမ်းမိသွားလျင် ကျုးလွန်ခဲ့သော ပြစ်မှု များ အတွက် သေချာ ပေါက် ရုံးတင် တရားစွဲ ခံရဖို့က သေချာနေပေသည်။
ဟင်မလားသည် အသက် လေးဆယ့်‌ လေးနှစ် ရှိပြီ ဖြစ်သည်။ ဇနီး အပြင် အငယ်အနှောင်းတဦး လည်း ရှိသည်၊ ထို အမျိုးသမီး တဦးစီ မှ ကလေး နှစ်‌ဦးစီနှင့် စုစုပေါင်း သားသမီး လေးဦး ရှိနေသည်။ အရပ်အားဖြင့် ငါးပေ ကိုးလက်မ ရှိပြီး ပိန်ပိန်ပါးပါး ဖြစ်သည်။ မေးစေ့ က အားမရှိသလို ဖြစ်နေသည်။ ပါးစပ်နှင့် မလိုက်‌အောင် သွားများက ကြီး လွန်းနေသည်။ ဟင်မလားသည် မျက်စိ အားနည်း၍ ကိုင်း မပါသော မျက်မှန် တပ်ထားသည်။ ၎င်း၏ ပုံပန်းကို ကြည့်မည် ဆိုက ခွန်အား ဗလ ရှိသည်ဟု ထင်ရသည့် လက္ခဏာမျိုး တွေ့ကြရမည် မဟုတ်ပေ။
သို့သော် အသက်အားဖြင့် လူလတ်ပိုင်း အရွယ် ရှိ ထိုပုဂ္ဂိုလ်သည် လူ သန်းပေါင်းများစွာ သေဆုံးခဲ့ရမှု တွင် တာဝန်ရှိသူ တဦး ဖြစ်သည်။
ဟင်မလားသည် ထွက်ပြေးနိုင်ရန် အတွက် အဖြူရောင် သမ်းစ ပြုနေသော နှုတ်ခမ်းမွှေးများကို ရိတ်လိုက်သည်။ သူ၏ အသုံးအ‌ ဆောင် များ၊ ဝိုင်ယာ ကြိုး တပ် မျက်မှန် ကို ပါ ဖယ်ရှားပစ်လိုက်ပြီး မျက်လုံး တဖက်ကို သားရေပြား နှင့် အုပ်လိုက်သည်။ တန်ဖိုးကြီးပြီး ရင်သပ်ရှုမောအောင် ဆင်မြန်းထားသည့် ယူနီဖောင်းကို ချွတ်ပြီး စစ်ရဲတပ်ကြပ် ဟင်းနရစ်ခ်ျ ဟစ်ဇင်ဂျာ၏ ခပ်နွမ်းနွမ်း ယူနီဖောင်းနနှင့် လဲလှယ် ဝတ်ဆင်လိုက်သည်။ ဟစ်ဇင်ဂျာသည် လွန်ခဲ့သည့် လအနည်းငယ်က "အရှုံးပေးဝါဒ" ဆိုသည့် ရာဇဝတ်မှု ကို ကျုး လွန် လာ၍ SS တို့ ၏ သတ်ဖြတ်ခြင်း ခံလိုက်ရသူ ဖြစိသည်။
အကယ်၍ အခြေအနေ ဆိုးဆိုးဝါးဝါး နှင့် ကြုံလာခဲ့ရပါက ထုတ်သုံးနိုင်ရန် ဟင်မလားသည်
ဆိုင်ရင် နိုက် အဆိပ်ပုလင်း အသေး ကို အင်္ကျီထဲ
ဖွက်ယူလာခဲ့သည်။ ထိုပုလင်းလေးကို ပါးစပ်ထဲ ထည့်ပြီး ကိုက်လိုက်ယုံဖြင့် ကွဲထွက်သွားပြီး အဆိပ်ရည်များက သူ့ ခန္ဓာကိုယ်ထဲ ချက်ခြင်းလို စီးဝင်သွားပြီး ဆယ့်ငါးမိနစ် အတွင်း သေဆုံးသွားမည် ဖြစ်သည်။
ဟင်းမလား နှင့် အတူ ထွက်ပြေးကြမည့် SS အဖွဲ့ဝင်များလည်း ဆိုင်ရင်နိုက် ကို တပါတည်း ယူလာကြသည်။ အားလုံးလည်း ရုပ်ဖျက်ပစ်ခဲ့ကြပြီး ယူနီဖောင်း မှ ရာထူး တံဆိပ်များကို ခွာပစ်ခဲ့ကြသည်။ သက်သေခံ စာရွက်စာတမ်း အသစ်များကိုလည်း အင်္ကျီ အိတ်ကပ်ထဲ့ယူလာသည်။ အားလုံးက အသက်ကို လုပြီး သွားရမည့် ခရီး အတွက် အစစ အရာရာ အမှားအယွင်း မရှိအောင် ပြင်ဆင်ခဲ့ကြသည်။
SS အဖွဲ့ဝင်များထဲတွင် ဆက်ပ် လို့ ခေါ်သည့် ဟင်းမလား၏ ကိုယ်ရံတော် ဂျိုးဇက်ဖ် ခီယာမိုင်ယာ၊ ထိတ်တန်း လက်ထောက်တဦး ဖြစ်သူ ဒေါက်တာ ရူးဒေါ့ ဘရန့်၊ SS ခွဲစိတ် ပါရဂူ ဒေါက်တာ ကားလ် ဂက်ဖ်ဟာတ်၊ SS ဗိုလ်မှုးကြီး ဝါနာ ဂရိုသ်မန်း၊ ဗိုလ်မှူး
ဟိုင်းဉ် မာခါ တို့ ပါဝင်သည်။ SS ဗိုလ်ချုပ် တဦး ဖြစ်သူ အော်တို အိုလန်းဒေါ့ဖ် သည် ၎င်းဖာသာ တဦးတည်း သွားရန် ဆုံးဖြတ်ခဲ့သည်။

ရေဆုံး မြေဆုံး အမဲလိုက် ခံရသော နာဇီ ခေါင်း ‌ဆောင် များ (KILLING THE SS) BILL O'REILLY #နိဒန်း

 ရေဆုံး မြေဆုံး အမဲလိုက် ခံရသော နာဇီ ခေါင်း

‌ဆောင် များ
(KILLING THE SS)
BILL O'REILLY
MAY 7, 1945
REIMS, FRANCE
2:41 AM
နာဇီ မကောင်းဆိုးဝါးများက အမဲလိုက်သလို အလိုက် ခံနေရပြီ ဖြစ်သည်။
အီကိုးလ် စက်မှု အထက်တန်းကျောင်း၏ စာသင်ခန်း တခု ထဲတွင် နာဇီ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အယ်ဖရက် ယိုဒယ်လ် သည် အရွယ်အစားအားဖြင့် ပုံမှန်ထက် ကြီးသော ဖူးစကက် စာရွက်ပေါ်တွင် ခြောက်နှစ် ကျော် တိုက်ခိုက်လာခဲ့ သော ကြောက်မက်ဖွယ် ကောင်းလှသည့် စစ်ပွဲကြီး ကို ဂျာမန် စစ်တပ် မှ ဆက်လက်တိုက်ခိုက်ခြင်း မပြုတော့ဘဲ လက်နက်ချကြောင်း လက်မှတ်ရေးထိုး ပေးလိုက်သည်။
ဤသို့ဖြင့် ဘာလင်သည် ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။
နာဇီ တို့၏ အကြီးအကဲ ဖူးရား အဒေါ့ဖ် ဟစ်တလာသည် ဦးခေါင်းကို သေနတ်နှင့် တေ့ပစ်ကာ အဆုံးစီရင်သွားခဲ့ပြီး ဖြစ်သည်။ ၎င်း၏ အလောင်းအား သက်တော်စောင့်များက ဓါတ်ဆီ ဂါလံပေါင်း များစွာ ပက်ဖြန်းကာ မီးတင် ရှို့ခဲ့ကြသည်။
အမေရိကန်၊ ဗြိတိန်၊ ဆိုဗီယက် မဟာမိတ်တပ်များက ဂျာမဏီ တနိုင်ငံလုံးတွင် အခုအခံ မရှိ စုပြုံ ဝင်ရောက်လာနေသည်။ တခါတခါ တွေ့လာရသော ကြို့ကြား ကြို့ကြား ခုခံမှု များကို အသံတိတ်သွားအောင် ချေမှုန်းပစ်ခဲ့ကြသည်။
အချိန်ကား မိုးသောက်ယံသို့ ရောက်လုနီး ဖြစ်‌၍ နောက်ကျ နေသော်လည်း စာသင်ခန်း၏ ‌လေးဘက် လေးတန် ရှိ နံရံတ‌လျှောက် သတင်းစာဆရာများ၊ သက်သေ အဖြစ် ခေါ်ထားသော ဗိုလ်ချုပ် များ နှင့် ပြည့်ကျပ်နေသည်။ နံရံ များ ပေါ်တွင် ပြီးခဲ့သည့် ရက်အထိ စစ်ပွဲ၏ တိုးတက်လာမှု များကို ပြဆိုနေသော ဥရောပ မြေပုံ ကားချပ်များ ချိတ်ဆွဲထားသည်။ ဂျာမန် တို့၏ အရှုံးကို သတင်းမှတ်တမ်း တင်‌ နေသော ရုပ်ရှင် ကင်မရာများမှ ထွက်လာသော အသံများလည်း ကြားနေရသည်။ ထိုကင်မရာများမှ ထွက်လာသော စူးရှသော မီးအလင်းရောင်များ ကြောင့် အခန်းသည် မွန်းကျပ်သလို ဖြစ်လာနေသည်။
ဥရောပ မဟာမိတ်တပ်များ၏ အကြီးအကဲ အမေရိကန် တပ်ပေါင်းစု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး
ဒွိုက်ခ်ျ အိုင်စင်ဟောင်ဝါ သည် အခန်းထဲတွင် ရှိနေသော်လည်း လက်မှတ်ရေးထိုးရာတွင်တော့ ပါဝင်ခဲ့ခြင်း မရှိ၊ ၎င်း၏ ကိုယ်စား ဝန်ထမ်း အုပ်ချုပ်ရေးမှုး ချုပ် ဗိုလ်ချုပ် ဘီဒဲလ် စမစ်ကိုသာ လက်မှတ် ရေးထိုးစေခဲ့သည်။
"ယခုလို လက်မှတ် ရေးထိုး လိုက်သည် နှင့် အတူ ဂျာမန် ပြည်သူများ နှင့် ဂျာမန် တပ်မတော်အား ကောင်းသည် ဖြစ်စေ ဆိုးသည် ဖြစ်စေ စစ်အောင်နိုင်သူတို့၏ လက်ဝယ်သို့ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်" ဟု သိသိသာသာ တုန်ခါလှိုက်လှဲသော အသံဖြင့် ယိုဒယ်က ကြေညာလိုက်သည်။
********************
သို့သော် မကောင်းဆိုးဝါးများက အလွှဲမခံကြ၊ ၎င်းတို့၏ နောက်လိုက်များလည်း ထို့အတူပင် ဖြစ်သည်။ စစ်ကြီး အတွင်း ၎င်းတို့၏ လုပ်ရပ်များသည် စစ်ရာဇဝတ်မှု မြောက်သည်ကို သိထားကြပြီး ဖြစ်သည်။ အပြစ်မဲ့ လူသားများကို ရက်ရက်စက်စက် နှိပ်စက် သတ်ဖြတ်ခဲ့မှု များသည် လွန်စွာ ကြမ်းကြုပ် ရက်စက်လှသည် ဆိုသော စကား နှင့် ဖေါ် ပြ ယုံ လောက် နှင့် ပင် မလုံလောက်တော့ သည် အထိ ကြီးမား နေသည်။
အမေရိကန် နှင့် ဗြိတိသျှ ထောက်လှန်းရေး တို့မှ "စစ်ရာဇဝတ်ကောင်" များ နှင့် ပတ်သက်၍ ပြုစု ထားသော ဖိုင်များသည် တနေ့တခြား ထူထဲသည်ထက် ထူထဲ၍ လာနေပြီ ဖြစ်သည်။ ထုတ်ပြန်ထား‌ သော အလို ရှိဆုံး လူများ စာရင်းထဲရှိ ၎င်းတို့၏ အမည်များ ဘေးတွင် "ချက်ခြင်း လက်ငင်း ဖမ်းဆီးရန်" ဆိုသည့် စာပါ တံဆိပ်တုံး ကို ခပ်နှိပ်ထားသည်။ ၎င်းတို့အား ဖမ်းဆီးမိပြီး ရုံးတင် စစ်ဆေးခံခဲ့ရလျင် ချမှတ်လာမည့် အပြစ်ဒဏ်က သေဒဏ်ပင် ဖြစ်သည်။ မြန်မြန်ဆန်ဆန် ကွပ်မျက်ခံရမည်လည်း ဖြစ်သည်။
****************
ဗိုလ်ချုပ်ကြီး ယိုဒယ်၏ လက်နက်ချကြောင်း လက်မှတ်ရေးထိုးခဲ့သည့် နေရာ၏ အနောက်မြောက်ဖက် မိုင် ခြောက်ရာ နီးနီးတွင် ရှိ နာဇီ လူသတ်သမား အဖြစ် နာမည် ဆိုးဖြင့် ကျော်ကြားနေသည့် ပုဂ္ငိုလ် တဦး ကမူ ၎င်းကိုယ်၎င်း စစ်အောင်နိုင်သူ တို့ လက်ထဲ အရောက်မခံ၊ အသက်ဘေးမှ လွတ်အောင်ရုန်းမည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။
ထိုသူသည် ရိုက်ခ်ျ ဖူးဟား ရာထူး ရထားသည့် ဟင်းဒရစ်ခ်ျ ဟင်မလား ဆိုသူပင် ဖြစ်သည်။ ၎င်းသည် အယုံကြည်ရဆုံး လက်ထောက်များ နှင့် အတူ လယ်တော အိမ်လေး တအိမ်တွင် ခိုအောင်းနေသည်။ ထိုနေရာသည် ဇာထရု (Satrup) ဆိုသည့် ဂျာမန် မြို့ လေး ၏ မြောက်ဖက် တွင် တည်ရှိသည်။
ဟင်မလား နှင့် ၎င်း၏ လက်ထောက်များသည် နာဇီပါတီအား အကာအကွယ် ပေးရန် ဖွဲ့စည်းထားသော
Schutzstaffel ရှု့စ် ရှတက်ဖယ် လုံခြုံရေး အဖွဲ့၏ အဖွဲ့ဝင်များလည်း ဖြစ်သည်။
သို့သော် တကမ္ဘာလုံးက ထို လူသတ်သမား များကို SS ဟု သာ ခေါ်ဆိုကြသည်။
SS အား "အကာအကွယ်ပေးရေး တပ်ဆွယ်" အဖြစ် ၁၉၂၅ တွင် စတင် ဖွဲ့စည်းလာခဲ့သည်။ ဖွဲ့စည်းပြီး ပထမ လေးနှစ်အတွင်း နာဇီ ခေါင်းဆောင် အ‌ဒေါ့ဖ် ဟစ်တလာ အား စောင့်ကြည့်ကာကွယ်ရန်ကို အဓိက ဦးစားပေး အဖြစ် ဆောင်ရွက်ခဲ့ကြသည်။ ၁၉၂၉ တွင် ဟစ်တလာသည် ဟင်မလား အား ရိုက်ခ်ျဖျုဟာ ရာထူး ဖြင့် SS ခေါင်းဆောင်ကြီး အဖြစ် ခန့်အပ်ပြီး နောက်တွင် အသက် နှစ်ဆယ့် ရှစ်နှစ်သာ ရှိသေးသည် ကြက်မွေးမြူရေးသမား ဖြစ်ခဲ့သူ ဟင်မလားသည် ကိုယ်ရံတော် ဘဝ နှင့် မတင်းတိမ်နိုင်တော့ပေ။
SS သည် ဟစ်တလာ ၏ ရန်သူများ သတင်းကို စတင် ထောက်လှန်းလာပြီး လူသစ်များ စုဆောင်းလာခဲ့သည်၊ လူသစ် မှန်သမျှ သည် "ဂျာမန် သွေးစစ်စစ်" ဖြစ်ရမည်ဟု သတ်မှတ် ထားသည်။
၁၉၃၃ တွင် ဟစ်တလာ၏ အမျိုးသား ဆိုရှယ်လစ် ပါတီ အာဏာရလာသည့် အခါ စစ်တပ်ကို နှစ်ခြမ်း ခွဲပစ်ခဲ့သည်၊ ဝဲမခ်တ် ခေါ် ကြည်းရေလေ ပေါင်းထားသည့် ဂျာမန် တပ်မတော် နှင့် ဟစ်တလာ နှင့် နာဇီ အပေါ် သစ္စာစောင့်သိသည့် SS လုံခြုံရေး တပ်ဖွဲ့ဟူ၍ ဖြစ်လာသည်။
ဟစ်တလာသည် တတိယ ရိုက်ခ်ျ နိုင်ငံတော်ကြီး ၏ နိုင်ငံရေး ရန်သူများကို ဖမ်းဆီး အကျဉ်း ချ နိုင်ရန် ဟင်းနရစ်ခ်ျ ဟင်းမလား နှင့် ၎င်း၏ SS အဖွဲ့အား အကြွင်းမဲ့ အာဏာ များ အပ်နှင်း ပေးလိုက်သည်။ SS အဖွဲ့သည်လည်း ရန်သူ အဖြစ် သတ်မှတ်ခံရ‌ သော ရှေ့နေများ၊ လိင်စိတ် ပြောင်းလဲ နေသူများ၊ ဂျစ်ပစီများ၊ စိတ်ပိုင်း ဆိုင်ရာ ချို့ယွင်းနေသူများ၊ ကက်သိုလစ် ဘုန်းတော်ကြီးများ အပါအဝင် ဂျာမဏီ ရှိ ဂျုးများ အားလုံးကို ဖမ်းဆီးခဲ့ကြသည်။
ခေတ်သစ် သမိုင်းတွင် ပထမဆုံး အကြိမ် အဖြစ် ဂျုး ဆန့်ကျင်ရေး သဘောထားသည် နိုင်ငံအစိုးရ တရပ်၏ တရားဝင် မူဝါဒ အဖြစ် ပေါ်ထွက်လာခဲ့ပေတော့သည်။ ဤသို့ဖြင့် ဂျူးများသည် ၎င်းတို့ မွေးဖွားကြီးပြင်းခဲ့သော မြေတွင် ရုတ်ခြည်းဆိုသလို နိုင်ငံခြားသား များ ဖြစ်ကုန်ကြ‌ တော့သည်။ ထွက်ပေါ်လာသော ဥပ‌ဒေသစ်များအရ ၎င်းတို့အား ဥပဒေကြောင်းအရ အကာအကွယ် ပေးထားမှု များ ရုပ်သိမ်းခံခဲ့ရပြီး မည်သို့သော လုပ်ငန်း မျိုး တွင်မှ ဝင်ရောက်‌ ဆောင်ရွက်ခွင့် မရရန် တားမြစ်ခံခဲ့ရသည်။
ဂျာမဏီ တွင် လူကြီး၊ လူငယ်၊ ကလေး မိန်းမ မည်သူ မဆို ဟစ်တလာအား ဆန့်ကျင်ပြောဆိုရဲသူ
မှန်သမျှ ဒုက္ခလှလှ တွေ့လာရသည့် အဖြစ် ရောက်လာကုန်ကြသည်။
ဟင်းနရစ်ခ်ျ ဟင်းမလားသည် ၎င်းမှ ရန်သူဟု သတ်မှတ်လာသူများအား ထိန်းချုပ် နိုင်ရန် ချွေးတပ် စခန်းများ တည်ဆောက်လာခဲ့သည်။ ထိုချွေးတပ်စခန်းများကို အုပ်ချုပ်ရမည့် သူများအား လည်း SS အဖွဲ့ထဲမှ ကြမ်းပေ့ရမ်းပေ့ ဆိုသူများ နှင့် "မရဏ ဦးခေါင်း ယူနစ်" ဟု ဖွဲ့စည်းက ကက်ဦးထုပ်များ ထိပ်တွင် အရိုးခေါင်း အမှတ်အသား တပ်ဆင်ပေးခဲ့သည်။ စစ်ယူနီဖောင်း၏ ညာဖက် ကော်လာ ပေါ်တွင် ကြက်ခြေခတ်ထားသော အရိုး နှစ်ခု ပေါ်တွင် လူဦးခေါင်းခွံ ပါသည့် တံဆိပ်ကို တပ်ထားရသည်။ ရှေ့တန်းတွင် အတူ လိုက်ပါ ရမည့် Waffen SS ဟူ၍လည်း ဖွဲ့စည်းလာသည်။
အဆိုပါ တံဆိပ်သည် တတိယ ရိုက်ခ်ျ နိုင်ငံတော်၏ ရန်သူများ အတွက် အိမ်မက်ဆိုးများ ဖြစ်လာခဲ့ရသည်။ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားလာသည့် ၁၉၃၉ စက်တင်ဘာလ မှစ၍ ဂျူးများကို ဖိနှိပ်ဆက်ဆံမှု များသည် မကြုံဖူး လောက်အောင် မြင့်တက်လာခဲ့သည်။ ထောင်ပေါင်းများစွာသော ဂျူး များသည် ဂျာမဏီ၊ ဩစတီယား နှင့် ချက်ကိုစလို
ဗက်ကီယား တို့မှ အတင်းအကျပ် ရွှေ့ပြောင်းခံခဲ့ရသည်။
ထိုအချိန်တွင် ဂျာမန် စစ်တပ်သည် ဥရောပ ကုန်းမြေကြီး တွင် မီးကုန်ယမ်းကုန် တိုက်ခိုက်နေကြချိန် ဖြစ်သည်။ သို့သော် SS သည် ထိုအရေး တွင် မပါဝင်ဘဲ ၎င်းတို့၏ သီးခြား တာဝန်များ ဖြစ်‌ သော ဟစ်တလာ ၏ ရန်သူများ၊ လူမျိုး ရေး သန့်စင်မှု မရှိသူများကို ရှာဖွေ သုတ်သင် နေကြသည်။
ထိုနှစ် အစမှာပင် ဂျာမန် တနိုင်ငံလုံးရှိ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများကို ဟင်မလား အမိန့်အရ အဆိပ်ဓါတ် ငွေ့ သုံး၍ သတ်ဖြတ်လာကြသည်။
၁၉၄၂ ဇန်နဝါရီ တွင်တော့ အဆိပ်ဓါတ်ငွေ့ သုံး၍ သတ်ဖြတ်သည့် နည်းကို Final Solution ဂျူးပြဿနာကို အပြီးသတ် ဖြေရှင်းရေး နည်းလမ်း
အဖြစ် စတင် အသုံးပြုလာခဲ့သည်။
ဟင်မလား သည် တန်ဖိုးမရှိဟု သတ်မှတ်ခံရသူများကို သယ်ယူပို့ဆောင်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် သတ်ဖြတ်ခြင်းတို့အတွက် ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများကို ကြံစည် ဖန်တီးနိုင်သည်ကို ဂုဏ်ယူခဲ့သည်။ သေဆုံးသွားသူများ၏ အလောင်းများကိုလည်း ဖျောက်ဖျက်ပစ်ခဲ့သည်။
"ဂျူးလူမျိုးများကို သုတ်သင်ရှင်းလင်းရန် အစီအစဉ်ကို စနစ်တကျနှင့် သေသေချာချာ အကောင်အထည်ဖော် နိုင်ခဲ့သောကြောင့် ဂျာမနီ စစ်ရှုံးပြီး နာဇီများ ကျဆုံးသွား ခဲ့သော်လည်း၊ နာဇီ ရည်မှန်းချက်သည် များစွာ အောင်မြင်ခဲ့ပါသည်။" ဟု ၁၉၄၅ နုရင်ဘတ် စစ်ခုံရုံး အဖွင့် လျှောက်လှဲချက် တွင် အမေရိကန် ရှေ့နေ ရော်ဘတ် အိပ်ခ်ျ ဂျက်ဆင်က ပြောဆိုခဲ့သည်။
ဥရောပတွင် ဂျူး လက်ကျန်များသည် ဂျာမဏီ နှင့် ၎င်းတို့ သိမ်းပိုက်ထားသည့် နိုင်ငံများ နှင့် ဩဇာခံ အဖြစ် ပူးပေါင်းဆောင်ရွက်သည့် နိုင်ငံများတွင် ကျန်ရှိနေဆဲ ဖြစ်သည်။ နာဇီတို့ လွှမ်းမိုးထားသည့် ဥ‌ရောပ တွင် ရှိသည့် ဂျူး ၉,၆၀၀,၀၀၀ တွင် ၆၀ ရာနှုန်းသည် အမိန့်ပေး ကွပ်မျက်ခံရ၍ သေဆုံးခဲ့ကြသည်။
ငါးသန်း ခုနှစ်သိန်းသည် ၎င်းတို့ မူလ နေရင်း အရပ်မှ ပျောက်ဆုံးသွားခဲ့သည်။ လေးသန်းခွဲသည် ပုံမှန် သေစာရင်း၊ သို့မဟုတ် ရွှေ့ပြောင်းသွားသည့် လူဝင်မှု စာရင်းများ တွင် မတွေ့ရ၊ နေရာ ရွှေ့ပြောင်းခံရသူ များ စာရင်းတွင်လည်း ပါဝင်ခြင်း မရှိပေ။
သမိုင်းတလျောက်တွင် ထိုမျှလောက် အရည်အတွက် အမြောက်အမြားကို ကျုးလွန်ခဲ့သည့် ရာဇဝတ်မှု မျိုး မရှိခဲ့၊ ယခုလို စနစ်တကျ အကွက်ချပြီး ရက်ရက်စက်စက် ကျူးလွန်ခဲ့သည် မျိုးလည်း မရှိခဲ့ပေ။
အဒေါ့ဖ် ဟစ်တလာ၏ တိုက်တွန်းမှု ဖြင့်
ဟင်းဒရစ်ခ်ျ ဟင်းမလားသည် အဆိုပါ လူသတ်မှုများကို ကြံစည် ကျုးလွန်ခဲ့ခြင်း ဖြစ်သည်။
လန်ဒန် တိုင်းမ် သတင်းစာကြီးက "ဥရောပတွင် အရက်စက် အယုတ်မာ ဆုံး လူ" အဖြစ် ရည်ညွှန်း ဖေါ်ပြခဲ့သည်။
အခြားသူများက မူ ဟင်မလား အား "မကောင်းဆိုးဝါး ဝင်စားသူ" ဟု သမုတ်ခဲ့ကြသည်။
*************
ဆက်လက် တင်ပြသွားပါမည်။

Personal Statement for Scholarship preparation

 Personal Statement ဆိုတာ ဘာလဲ။

ကိုယ့်အကြောင်းကိုယ် ရေးခိုင်းတဲ့ စာစီစာကုံးဖြစ်ပါတယ်။ အားလုံးသိပြီးသား သီအိုရီတွေ၊အဖြစ်အပျက်တွေ၊ သဘောတရားတွေကို ဘေးလူအနေနဲ့ report လုပ်တဲ့ writing style နဲ့ မရေးပါနဲ့ ။
For example:
Scholarships တော်တော်များများမှာ (for example: Child’s Dream; Prospect Burma) Personal Statement ရေးတဲ့ အခါမှာ ထည့်ရေးစေချင်တဲ့ အချက် ၂ ချက်ကို တည့်တည့်ဖော်ပြထားပါတယ်။
1. Motivation for the field of study (proposed study program)
2. Academic and/or work goals and contributions to your community)
ရှင်းရှင်းလေးပဲ ရေးခိုင်းတာပါ။
အချက် နံပါတ် ၁ ကိုရေးရင်
ကိုယ် ဒီနယ်ပယ်ကို သင်ယူဖို့ စိတ်ဝင်စားတယ်ဆိုတာကို အရင် ကိုယ့်ရဲ့ ပညာရေး/အလုပ်အကိုင် နောက်ခံအကြောင်းတရားတွေ၊ လက်ရှိလည်း လုပ်နေသေးတယ်ဆိုရင် လက်ရှိ ပညာရေး /အလုပ်အကိုင်နဲ့ အဲဒီ သင်ယူချင်တဲ့ ဘာသာရပ်ကြား ချိတ်ဆက်နေမှုတွေ၊ အဲဒီချိတ်ဆက်နေတဲ့ major ထဲက ဘယ် subject တွေကို ဘာလို့ စိတ်ဝင်စားတယ်၊ သင်ခွင့်ရရင် ကိုယ်ရဲ့ လက်ရှိ ပညာရေးနဲ့ အလုပ်အကိုင်ပိုင်း အသိအမြင်
အတွေ့အကြုံတွေကို ဘယ်လို အထောက်အပံ့ဖြစ်စေမယ် ဆိုတာတွေ၊ အဲဒီ ဘာသာရပ် သဘောတရားရဲ့ နိုင်ငံအဆင့် ကမ္ဘာအဆင့်မှာ အရေးပါလာမှုအပေါ် ကိုယ့်ရဲ့ အတွေးအမြင်တွေ စသဖြင့်ရေးနိုင်ပါတယ်။
အချက် နံပါတ် ၂ ကိုရေးရင်လည်း
Academic and/or Work goals လို့ပြောထားတာကြောင့်
Academic goal တစ်ခု သို့မဟုတ် Professional Goal တစ်ခုတော့ရေးပြသင့်ပါတယ်။
ရေးရင်လည်း ဘာလုပ်ဖို့ ရည်ရွယ်ထားတယ်ဆိုတာ သပ်သပ် တုံးတိမပြောပြပါနဲ့။ ကိုယ်လုပ်ချင်တာနဲ့ အပေါ်စာပိုဒ်မှာ ကိုယ်ပြောပြခဲ့တဲ့ လေ့လာခွင့်ရမယ့် အသိပညာ ဗဟုသုတ ကျွမ်းကျင်မှုတွေက အခု ကိုယ်လုပ်ချင်တဲ့ goal ကို ဘယ်လို အထောက်အပံ့ဖြစ်စေမလဲဆိုတာ ချိတ်ဆက်ရေးသားပါ။
ပြီးရင် ကိုယ် အဲဒီ goal ကို ဘာကြောင့်လုပ်ချင်တယ်၊ ဘယ်သူတွေနဲ့ ဘယ်လိုပုံစံ ဘယ်အချိန်မှာ အကောင်အထည်ဖော်မယ်၊ အဲလိုလုပ်တဲ့အချိန်မှာကြုံနိုင်တဲ့ challenges and opportunities တွေကို
ပါ သုံးသပ်ပြရင် ပိုကောင်းပါတယ်။
ပြီးရင် scholarship တိုင်းက ကိုယ့်ပတ်ဝန်းကျင်ကို အလုပ်အကျွေးပြုမယ့် impact အပေါ်မှာ အခြေခံပြီး ရွေး/မရွေး ဆုံးဖြတ်တယ်ဆိုတာ သတိရပါ။ ဒါနဲ့ ပတ်သက်ပြီး first-hand trainer’s experience တွေကို အခြေခံပြီး အသေးစိတ် ရေးတင်ပါဦးမယ်။
အနှစ်ချုပ်ကတော့ ရေးနည်းပုံစံ လည်း စနစ်တကျရှိမယ်၊ ရေးစရာ အကြောင်းလည်း ကိုယ့်မှာ ထင်ထင်ရှားရှား လုံလုံလောက်လောက်ရှိတယ်၊
English လည်း အတန်အသင့်ကောင်းရင် ကိုယ့် အက်ဆေးက အဆင်ပြေတဲ့ အက်ဆေး ယှဉ်ပြိုင်နိုင်စ္စွမ်းရှိတဲ့ အက်ဆေး ဖြစ်လာမှာပါ။
တကယ် တွေးကျင့် ရေးကျင့်ပါ။
ဒါမှသာ တကယ် တွေးတတ် ရေးတတ်မှာဖြစ်ပါတယ်။
All the best, Myanmar Youths.
သက်တောင့်သက်သာ ယုံကြည်ထားပါ။
You deserve the world-class!
CHAN AYE
Lead Trainer & Academic Counsellor