“သူက Toxic လား… ကိုယ်က Toxic လား?”
ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုယ် တစ်ခါလောက် ပြန်မေးဖူးပါသလား?“အလုပ်ထဲမှာ Toxic ဖြစ်တဲ့သူတွေ အရမ်းများတယ်” လို့ ကျွန်တော်တို့ ခဏခဏ ညည်းတွားတတ်ကြတယ်။ ဒါပေမဲ့ တစ်ခါတလေများ တခြားသူတွေက Toxic ဖြစ်နေတာလား၊ ဒါမှမဟုတ် ကိုယ်တိုင်ပဲ မသိမသာ Toxic ဖြစ်နေပြီလား ဆိုတာကျ ပြန်မတွေးမိတတ်ကြပါဘူး။
တစ်ခါတလေ ကိုယ်မရည်ရွယ်ဘဲ ပြောလိုက်တဲ့ စကားတစ်ခွန်းက တခြားသူကို တော်တော်လေး ထိခိုက်သွားစေတာမျိုး ကြုံဖူးမှာပါ။ လူအများစုက “Toxic People” (အဆိပ်သင့်စေတဲ့သူတွေ) အကြောင်းကိုပဲ ပြောတတ်ကြပေမဲ့ ကိုယ်တိုင်လည်း မသိမသာ Toxic Behavior တွေ လုပ်မိနေတတ်ပါတယ်။
ဒါကြောင့် ဒီဆောင်းပါးမှာ ကိုယ်ရဲ့ Self-Awareness တိုးလာစေဖို့နဲ့ ကိုယ်တိုင် Toxic တစ်ယောက် မဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကို လက်တွေ့ကျကျ ဆွေးနွေးပေးသွားပါမယ်။
.
Toxic Behavior ဆိုတာ ဘာလဲ?
Toxic Behavior ဆိုတာ တခြားသူတွေကို စိတ်ဖိစီးစေပြီး လုပ်ငန်းခွင်ရဲ့ Energy ကို ကျဆင်းစေတဲ့ အပြုအမူတွေပါပဲ။ များသောအားဖြင့် တမင်သက်သက် ရည်ရွယ်ပြီး လုပ်တာမဟုတ်ဘဲ အကျင့်ပါနေလို့ ဖြစ်တတ်တယ်။
လုပ်ငန်းခွင်ထဲမှာ energy ကို တဖြည်းဖြည်း စုပ်ယူသွားတဲ့ အပြုအမူတွေကို “toxic behavior” လို့ ခေါ်ပါတယ်။
သိထားရမယ့် အချက်က “Toxicity ဆိုတာ ‘မကောင်းတဲ့လူ’ မဟုတ်ဘဲ ‘မကောင်းတဲ့ အလေ့အကျင့် (Habit)’ ဖြစ်တယ်” ဆိုတာပါပဲ။ အလေ့အကျင့်ဆိုတော့ ပြင်လို့ရပါတယ်။
.
ကိုယ်တိုင် Toxic ဖြစ်နေမလား? ဒီ ၆ ချက်နဲ့ စစ်ကြည့်ပါ
ကိုယ်တိုင် Toxic ဖြစ်၊ မဖြစ် သိရှိဖို့ အောက်မှာဖော်ပြထားတဲ့ အချက်၆ ချက် ကို စစ်ဆေးကြည့်ရအောင်။
၁။ အမြဲ Complaint လုပ်နေခြင်း
မနက် ရုံးရောက်တာနဲ့ “အဲကွန်းက မအေးဘူး၊ ကော်ဖီကလည်း ပေါ့လိုက်တာ၊ ဒီနေ့ Meeting ကလည်း ပျင်းစရာကြီး” စသဖြင့် ဘာကိုမှ မကျေနပ်ဘဲ အမြဲတမ်း အပြစ်တင် ညည်းတွားနေတတ်ရင် ဘေးကလူတွေပါ Energy ကျဆင်းသွားတတ်ပါတယ်။
၂။ Office Gossip / နောက်ကွယ်မှာပြောခြင်း
"ဟိုလူက ဘယ်လို၊ ဒီလူကတော့ ဘာဖြစ်ပြန်ပြီ" ဆိုပြီး Office Drama တွေထဲ ဝင်ပါတတ်ရင် သတိထားပါ။ ခဏတဖြုတ်တော့ ပျော်စရာကောင်းနိုင်ပေမဲ့ ရေရှည်မှာ အဖွဲ့အစည်းရဲ့ ယုံကြည်မှု (Trust) ကို ဖျက်ဆီးစေတယ်။
၃။ Blame Others (The Blame Gamer)
အလုပ်တစ်ခု မှားသွားတဲ့အခါ ကိုယ့်အမှားကို လုံးဝမလက်ခံဘဲ “ဒါ ကျွန်တော့်အလွဲ မဟုတ်ဘူး၊ Marketing က Data ပို့တာ နောက်ကျလို့” ဆိုပြီး အမြဲ Excuse တွေပေး၊ သူများကို အပြစ်ဖို့တတ်ရင် ဒါဟာ Toxic လက္ခဏာပါပဲ။
၄။ Overreaction / Emotional Instability
Email မှာ စာလုံးပေါင်းမှားသွားတာ ဒါမှမဟုတ် ကိုယ်ခိုင်းတာလေး နည်းနည်းလွဲသွားတာနဲ့ စားပွဲခေါက်ပြီး လေသံမာမာနဲ့ အော်ဟစ်တတ်ရင်၊ စိတ်ဆိုး အရမ်းလွယ်နေရင် Teamwork တည်ဆောက်ဖို့ အရမ်းခက်သွားပါပြီ။
၅။ Respect မရှိခြင်း
Meeting ကို နောက်ကျမှလာတာ၊ သူများစကားပြောနေရင် ဖုန်းပွတ်နေတာ၊ စကားဖြတ်ပြောတာ၊ တစ်ဖက်လူရဲ့ အချိန်ကို မလေးစားတာတွေဟာ မသိမသာ Toxic ဖြစ်စေပါတယ်။
၆။ Ego နဲ့ Control လုပ်ခြင်း
"ငါပြောတာမှ အမှန်၊ ငါ့နည်းလမ်းမှ အကောင်းဆုံး" ဆိုတဲ့ Mindset မျိုးနဲ့ ဘယ်သူ့ Feedback ကိုမှ လက်မခံရင် အဲဒီ Ego က လုပ်ငန်းခွင်ကို အဆိပ်သင့်စေပါတယ်။
.
ဘာကြောင့် လူတွေ Toxic ဖြစ်လာသလဲ?
ဘယ်သူမှ မွေးရာပါ Toxic ကြီးတွေ မဟုတ်ပါဘူး။ အဓိက ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့…
• အလုပ်တွေ အရမ်းများပြီး Stress နဲ့ Burnout ဖြစ်နေတာ
• ကိုယ့်ကိုယ်ကိုယ် မယုံကြည်မှု (Insecurity) နည်းနေတာ
• Communication Skill အားနည်းတာ
• အရင်တည်းက Toxic ဖြစ်တဲ့ ပတ်ဝန်းကျင်မှာ အကြာကြီး နေထိုင်လာခဲ့ရတာ တွေကြောင့်ပါ။
ဒါပေမဲ့ သတိပြုရမှာက “လူတစ်ယောက် Toxic ဖြစ်လာတာဟာအကြောင်းရင်း (Reason) ရှိတတ်ပေမဲ့၊ အဲဒါကိုပဲ အသုံးချပြီး သူများကို ဆက်လက်ထိခိုက်ဖို့ ဆင်ခြေ (Excuse) တော့ မဖြစ်သင့်ပါဘူး။”
.
ကိုယ်တိုင် Toxic မဖြစ်အောင် နေထိုင်နည်း (၉) ဆင့်
Toxic မဖြစ်အောင် လက်တွေ့ကျင့်သုံးလို့ရမယ့် နည်းလမ်း (၉) ခု ရှိပါတယ်။
၁။ Self-Awareness: ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပါ
ကိုယ်ရဲ့ စကားနဲ့ အပြုအမူတွေကို ပြန်စဉ်းစားပါ။ “ငါ ပြောလိုက်တဲ့ စကား သူ့အပေါ် ဘယ်လို သက်ရောက်သွားမလဲ?” လို့ ကိုယ့်ကိုယ်ကိုယ် အမြဲမေးပါ။ သူများပေးတဲ့ Feedback ကိုလည်း အပြစ်တင်တယ်လို့ မမြင်ဘဲ ကျေးဇူးတင်စွာ လက်ခံပါ။
၂။ Pause & Think: ၃ စက္ကန့် စည်းမျဉ်း
ဒေါသထွက်လာရင်၊ ဒါမှမဟုတ် စကားတစ်ခုခု မပြောခင်မှာ ၃ စက္ကန့်လောက် အသက်ဝဝရှူပြီး ရပ်စဉ်းစားလိုက်ပါ။ အထူးသဖြင့် စိတ်တိုနေချိန်မှာပါ။ ဒါက Emotion ကို အများကြီး Control ဖြစ်စေပါတယ်။
၃။ Communication: လေသံကို ထိန်းပါ
စကားပြောတဲ့အခါ တိုက်ရိုက်ကျပြီး လေးစားမှုရှိတဲ့ လေသံကို သုံးပါ။ ရွဲ့ပြောတာ (Sarcasm) နဲ့ Passive-aggressive ဖြစ်တဲ့ အပြုအမူတွေကို ရှောင်ပါ။
၄။ Accountability: ဝန်ခံရဲတဲ့ သတ္တိရှိပါ
အမှားလုပ်မိရင် ဆင်ခြေမပေးပါနဲ့။ “ဒီအပိုင်းမှာ ကျွန်တော့်အမှား ပါသွားပါတယ်၊ နောက်မဖြစ်အောင် သတိထားပါ့မယ်” လို့ တာဝန်ယူမှုရှိရှိ ဝန်ခံရဲတာက သင့်ကို ပိုပြီး Professional ဆန်စေပါတယ်။
၅။ Gossip ကို ရှောင်ပါ
အတင်းပြောတဲ့ ဝိုင်းထဲရောက်ရင် မသိမသာ လမ်းခွဲလိုက်ပါ။ ခဏတဖြုတ် လူချင်း ရင်းနှီးသွားသလို ခံစားရပေမဲ့ ရေရှည်မှာတော့ ယုံကြည်မှု (Trust) ကို အဆိပ်ခတ်တာပါပဲ။
၆။ Empathy: စာနာမှု ထားပါ
တစ်ဖက်လူ ဘာကြောင့် ဒီလိုအမှားမျိုး လုပ်မိလဲဆိုတာ သူ့ Perspective ကနေ စဥ်းစားပေးပါ။ “သူ့နေရာမှာသာ ငါဖြစ်ရင်ရော ဘယ်လိုခံစားရမလဲ?” ဆိုတဲ့ မေးခွန်းက သင့်ရဲ့ ဒေါသကို ပြေလျော့စေပါလိမ့်မယ်။
၇။ Ego ကို လျှော့ပါ
ကိုယ့် Idea ထက် အဖွဲ့အစည်း အောင်မြင်ဖို့ကိုပဲ အရင်ကြည့်ပါ။ “ငါမှန်တယ်” ဆိုတဲ့ Mindset ကို ဖျောက်ပြီး “ဘာတွေ ထပ်သင်ယူလို့ ရမလဲ” ဆိုတဲ့ Learn & Grow Mindset ကို မွေးမြူပါ။
၈။ Stress Management: နားချိန်ပေးပါ
ကိုယ့်ကိုယ်ကိုယ် ပင်ပန်းနေရင် စိတ်တိုလွယ်ပြီး Toxic ဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဒါကြောင့် အိပ်ရေးဝဝအိပ်ပါ၊ လေ့ကျင့်ခန်းလုပ်ပါ၊ Work-life balance မျှအောင် ထိန်းပါ။
၉။ ပတ်ဝန်းကျင်ကို ရွေးချယ်ပါ
Toxic ဖြစ်တဲ့ သူတွေကြားထဲမှာပဲ အမြဲနေရင် ကိုယ်လည်း မသိမသာ ကူးစက်တတ်ပါတယ်။ Positive ဖြစ်တဲ့ Circle လေးတွေ ဖန်တီးပါ။
.
Daily Practice Tips (နေ့စဉ် လေ့ကျင့်နိုင်သော နည်းလမ်းများ)
• မနက်ခင်းမှာ "ဒီနေ့ ငါ အလုပ်ထဲမှာ အားလုံးအပေါ် လေးစားမှုရှိရှိ ဆက်ဆံမယ်" လို့ ကိုယ့်ကိုယ်ကိုယ် Reminder ပေးပါ။
• သူများပေးတဲ့ Feedback ကို "ငါ့ကို တိုက်ခိုက်တာ" လို့ မမြင်ဘဲ "ငါ့ကို ကောင်းစေချင်တာ" လို့ ပြောင်းတွေးကြည့်ပါ။
• စကားပြောတိုင်း Mindful Communication ဖြစ်အောင် (သတိကပ်ပြီး) ပြောဆိုပါ။
.
နိဂုံး (Conclusion)
နိဂုံးချုပ်ပြောရရင် ကျွန်တော်တို့ဟာ တခြားသူတွေကို လိုက်ပြီး ပြောင်းလဲဖို့ ခက်ခဲပေမဲ့ ကိုယ့်ရဲ့ အပြုအမူနဲ့ အလေ့အကျင့်တွေကို ပြောင်းလဲဖို့ကတော့ ကိုယ့်လက်ထဲမှာပဲ ရှိပါတယ်။ တစ်ခါတလေ ကိုယ်တိုင် မသိမသာ Toxic ဖြစ်နေတာကို ကောင်းစွာ သိရှိပြီး ပြင်ဆင်လိုက်ခြင်းက အရှုံးမဟုတ်ပါဘူး။ ဒါဟာ ကိုယ့်ကိုယ်ကိုယ်ရော၊ ကိုယ့်ပတ်ဝန်းကျင်ကိုပါ ပိုပြီး ကျန်းမာပျော်ရွှင်အောင် တည်ဆောက်လိုက်တာပဲ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ အပြုအမူ (Behavior) တွေက သူများအတွက်အဆိပ်အတောက် မဖြစ်စေဘဲ အားဆေးတစ်ခွက် ဖြစ်လာအောင် ကြိုးစားရင်း ပိုကောင်းတဲ့ လူသားတစ်ယောက်အဖြစ် အတူတူ လျှောက်လှမ်းကြရအောင်ပါ။
Comment မှာ ပြောခဲ့ပါဦး -
သင်ရော ကိုယ်တိုင် Toxic ဖြစ်ဖူးလား ??
---------
Zar Ni Kyaw – Leadership & People Skills Coach
Be the Better You.
No comments:
Post a Comment