Tuesday, January 6, 2026

ဘယ်သူမှ သေချာမရှင်းပြတဲ့ Heart Rate Variability (HRV) အကြောင်း



“ငါ့သားရယ်၊ အဖေနှစ်သစ်မှာ ငွေလည်း မလိုဘူး၊ ရွှေလည်း မလိုဘူး၊ HRV မြင့်တာပဲ လိုချင်ပါတယ်” လို့ ဘယ်သူမှ ပြောတာကြားဖူးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီစာလေးဖတ်ပြီးသွားရင်တော့ နှစ်သစ်မှာ HRV မြင့်တာပဲ​လိုချင်ပါတယ်ဆိုတဲ့ လူတွေပေါ်လာနိုင်ပါတယ်။ ​Heart Rate Variability (HRV) ဆိုတာကို ကျွန်တော့်အနေနဲ့ Apple, Garmin, Fitbit စတဲ့ Smart Watch တွေမှာ အလိုအလျှောက်တိုင်းတာပေးတဲ့ တိုင်းတာမှုတစ်ခုအဖြစ် စသိခဲ့ပေမယ့် HRV ရဲ့ အရေးပါပုံနဲ့ စိတ်ဝင်စားစရာ နောက်ခံသမိုင်းကြောင်းတွေကို မသိခဲ့ပါဘူး။ အရင် ကျွန်တော်ဝတ်ခဲ့တဲ့ Apple Watch မှာ Apple က ရေးပေးထားတယ်၊ HRV ဆိုတာ နှလုံးခုန်နှုန်းစည်းချက်တွေကြားက မူမမှန်မှုကို တိုင်းတာထားတဲ့ Milliseconds (ms) လေးတွေရဲ့ ပျမ်းမျှကို ယူထားတာပါတဲ့၊ မြင့်လေကောင်းလေဖြစ်ပါတယ်တဲ့။ ဒီလောက်ပဲ ကျွန်တော်လည်း သိခဲ့တာပါ၊ မြင့်ရင် ကောင်းတယ်ပေါ့လေ။ HRV နဲ့ ပတ်သက်လာရင် အရင်ထဲက သတိထားမိတာကတော့ HRV သည် အရက်ဘီယာဝိုင် (Alcohol) တစ်ခုခုများသွားတာ၊ ဒါမှမဟုတ် အရမ်းပင်ပန်းတာမျိုးနဲ့ အိပ်ရေးပျက်တာမျိုးဆိုရင် နောက်တစ်နေ့မှာ ထိုးကျတတ်ပါတယ်။ ကျွန်တော့်အတွက် Alcohol ကတော့ HRV အပေါ်မှာ အကြီးမားဆုံး Effect ရှိတာ သတိထားမိခဲ့ပါတယ်။ HRV မြင့်တဲ့ နေ့တွေမှာ နေရောင်ခြည်လေး ကျပုံနဲ့ လေတိုက်ပုံလေးကအစ လောကကြီးက သာယာလိုက်တာဆိုတဲ့ ခံစားချက်မျိုးကို ရဖူးကြမှာပါ။ HRV နိမ့်တဲ့ နေ့တွေဆိုရင် အသက်ရှူရတာတောင် ခက်ခဲလေးလံနေတတ်ပြီး ခေါင်းအုံခေါင်းကိုက်နဲ့ လောကကြီးက မသာယာဖြစ်နေတာကို ခံစားရပါတယ်။

ဒီတလော ခရီးတွေထွက်ရင်း အိပ်ရေးပျက်တာရော၊ နှစ်ကူးညပတ်လည်မှာ အပျော်နည်းနည်းများသွားတာရောကြောင့် ကျွန်တော် HRV ၃ ရက်လောက်ဆက်ပြီး ကျဆင်းလာတာနဲ့​ သွားကြုံပါတယ်။ ထုံးစံအတိုင်း ဘယ်လိုအမြန် HRV ပြန်တက်အောင် လုပ်ရမလဲ​ရှာဖွေရင်းနဲ့ ဒီ HRV ဆိုတာ တော်တော်စိတ်ဝင်စားစရာ ကောင်းပါလားဆိုတာ သွားတွေ့ပါတယ်။ အရင်ကသိသလို မြင့်ရင် ကောင်းတယ်ဆိုတာထက် ပိုပြီး စိတ်ဝင်စားစရာတွေရှိနေပါတယ်။ ပထမဆုံး ပြောပြချင်တာကတော့ HRV ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် နှိုင်းယှဥ်တာထက် ကိုယ့်ရဲ့ နေ့စဥ်ရက်ဆက်တိုင်းတာထားတဲ့ Trend ကိုသာ နှိုင်းယှဥ်သင့်တဲ့ တိုင်းတာမှုတစ်ခုဖြစ်ပါတယ်။ VO2 Max လိုမျိုး တစ်ယောက်နဲ့ တစ်ယောက်နှိုင်းယှဥ်ကြည့်လို့ရတဲ့ Absolute Metric တစ်ခုမဟုတ်ပါဘူး၊ HRV က Relative Metric လို့ခေါ်တဲ့ ကိုယ်နဲ့ကိုယ်ပဲ​နှိုင်းယှဥ်ရတာမျိုးဖြစ်ပါတယ်။ ဥပမာ လူ ၂ ယောက်ကြားမှာ VO2 Max 60 ဆိုတာ 40 နဲ့ နှိုင်းယှဥ်ရင် အရမ်းကောင်းတယ်လို့ ယတိပြတ်ပြောနိုင်ပေမယ့် HRV 60 ms က 40 ms ထက် ပိုကောင်းပါတယ်လို့ ပြောရခက်ပါတယ်။ တချို့လူတွေအတွက် HRV 60 ms က အရမ်းနေလို့ကောင်းပြီး အဆင်ပြေတဲ့ အခြေအနေဖြစ်နိုင်ပေမယ့် တချို့လူတွေ အတွက် 60 ms ဆိုတာ နိမ့်တဲ့ နေ့တွေမှာမှ ရောက်တတ်တာဖြစ်ပြီး၊ အသက်ရှူလို့မဝဘူး ဆိုတဲ့ ခံစားချက်မျိုး ဖြစ်နေနိုင်ပါတယ်။ မိမိရဲ့ Genetics, Age, Lifestyle, and Health History တွေပေါ်မှာ အများကြီး မူတည်ပြီး အရွယ်ရောက်ပြီး လူတစ်ယောက်ရဲ့ HRV Normal Range က 30 - 120 ms အထိဖြစ်နိုင်ပါတယ်။ အသက်ငယ်ရွယ်တဲ့ သူတွေမှာ Average HRV က ပိုမြင့်တတ်ပြီး၊ အသက်ကြီးလာတာနဲ့ အမျှ နည်းလာတာကို တွေ့ရပါတယ်။

ဒီတော့ ဒီ HRV ဆိုတာကြီးက ဘာကြီးလဲပေါ့လေ၊ ဘယ်သူကများ ရှာရှာဖွေဖွေသွားတွေ့ပြီး တိုင်းတာဖြစ်ကြတာလဲ ကျွန်တော်သိချင်လာတယ်။ နှလုံးခုန်နှုန်းစည်းချက်တွေရဲ့ ကြားမှာ မတူညီမှု ရှိတယ်ဆိုတာကို English လူမျိုး Clergyman တစ်ယောက်ဖြစ်တဲ့ Stephen Hales က 1733 ခုနှစ်ကတည်းက မြင်းတွေရဲ့ နှလုံးခုန်နှုန်းကို တိုင်းတာရင်းတွေ့ရှိပြီး မှတ်တမ်းတင်ခဲ့ပါတယ်။ ဒီမတူညီမှုတွေရဲ့ နောက်ကွယ်မှာ Medical Insights တွေရှိတယ်ဆိုတာကို ပထမဆုံး သတိထားမိပြီး လက်တွေ့ အသုံးချခဲ့တဲ့ American လူမျိုး ဆရာဝန် ၂ ယောက်ကတော့ Dr. Edward H. Hon နှင့် Dr. Reuben Lee တို့ ဖြစ်ပါတယ်။​ သူတို့က 1965 ခုနှစ်လောက်မှာ မွေးခင်းစကလေးတွေကြားမှာ အသက်အန္တရာယ်တစ်ခုခုရှိလာနိုင်တဲ့ ရောဂါ၊ ကူးစက်မှုနဲ့ တခြား အခြေအနေတစ်ခုခု ဖြစ်နေပြီဆိုရင် ပထမဆုံး မြင်ရတဲ့ Sign က နှလုံးခုန်နှုန်းစည်းချက်တွေကြားက မတူညီမှုတွေ ကျဆင်းလာပြီး နှလုံးခုန်နှုန်းက စည်းချက်ညီလာတာကို စသတိထားမိခဲ့ပါတယ်။ HRV ms တွေ ထိုးကျတာကို ဆိုလိုတာပါ။

Dr. Edward H. Hon နှင့် Dr. Reuben Lee တို့က အဲခေတ်တုန်းက အခုလို HRV ကို အလွယ်တကူတိုင်းတာလို့ ရခဲ့တာမဟုတ်ပါဘူး။ သူတို့ဘယ်လိုများ တိုင်းခဲ့လဲ စိတ်ဝင်စားလို့ ကျွန်တော်လိုက်ရှာကြည့်တော့ သူတို့က ကလေးတွေရဲ့ ခေါင်းမှာ Fetal Electrocardiography စက် (fECG) စက်ကိုတိုက်ရိုက် Scalp Electrodes သွယ်ပြီး နှလုံးရဲ့ Electrical Signal R-R Waves ကို စာရွက်နဲ့ အရင်ဆွဲထုတ်ပါတယ်။ ပြီးမှ R-R Waves ကြားက အကွာအဝေးတွေကို ထောက်ချွန်နဲ့ တစ်ယောက်ချင်းတိုင်း၊ မှတ်တမ်းယူပြီးမှ ကွာခြားမှု ms လေးတွေကို ပျမ်းမျှပြန်ယူရတာပါ။ ကလေးတစ်ယောက်အတွက် နာရီနဲ့ ချီပြီး တိုင်းတာတွက်ချက်ရပါတယ်။ ကျန်းမာတဲ့ ကလေးတွေရဲ့ HRV က မြင့်နေတတ်ပြီး၊ ကျန်းမာရေး ပြဿနာတစ်ခုခုတက်တော့မယ့် ကလေးတွေရဲ့ HRV က တကယ့်ပြဿနာကို ရှာဖွေမတွေ့သေးခင်မှာကို အကြို Warning အနေနဲ့ HRV တွေ ထိုးကျနေတတ်ပါတယ်။ ဒီတွေ့ရှိမှုကို လက်တွေ့အသုံးချပြီး သူတို့ ဆရာဝန် ၂ ယောက်ဟာ ကလေးပေါင်းများစွာရဲ့ အသက်ကို ကယ်ဖို့ စောလျှင်စွာ ကြိုးစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီသတိထားမိမှုက အဲဒီခေတ်က ဆေးပညာရှင်တွေကြားမှာတော့ ဘယ်သူမှ လက်မခံချင်တဲ့ တွေ့ရှိမှုပါပဲ၊ ဘာကြောင့်လဲ ဆိုတော့ လူ့ခန္တာကိုယ်ထဲမှာ တည်ငြိမ်မူမှန်နေမှု (Uniformity) ကသာ ကျန်းမာတယ်လို့ တထစ်ချယူဆထားခဲ့ကြတော့ ဒီမတူညီမှု Variability ဆိုတာ ကျန်းမာမှုနဲ့ ဆက်စပ်နေပါတယ်ဆိုတဲ့ အတွေးအခေါ်ကို ပညာတတ်ဆရာဝန်တွေကြားမှာတောင် ဘယ်လိုမှရှင်းပြလို့ မလွယ်ခဲ့ပါဘူး။ လှေနံဓါးထစ်ဆိုတာ ခေတ်အဆက်ဆက်အမြစ်မပြတ်နိုင်တဲ့ စိတ်ရောဂါတစ်မျိုးဆိုတာ တွေ့မြင်ရပါတယ်။

အဲဒီကနေမှ 1970 ခုနှစ်ကျော်လာတဲ့ အချိန်မှာ HRV ကို Biophysiology အရ ပိုပြီး နားလည်လာကြပါတယ်။ HRV ရဲ့ အရေးပါမှုတွေ အဓိက မြစ်ဖျားခံရာကတော့ Brain Stem ထဲကနေ စထွက်လာပြီး လည်ပင်းတလျှောက် ကြောရိုးမကြီးအပြင်ဖက်ကနေ တပြေးထဲဆင်းလာတဲ့ Vagus
Nerve လို့ခေါ်တဲ့ Cranial Nerve တွေထဲမှာ အရှည်ဆုံးဖြစ်တဲ့ အာရုံကြောကြီးဖြစ်ပါတယ်။ ခန္တာကိုယ်ရဲ့ အသက်ရှူခြင်း၊ နှလုံးခုန်ခြင်း၊ သွေးပေါင်ချိန်ကို ထိမ်းခြင်း၊ အစာခြေခြင်း၊ ကိုယ်အပူချိန်ကို ထိမ်းခြင်း၊ အဆိပ်အတောက်များဖယ်ခြင်း၊ ကိုယ်ခံအားစနစ်ကို ထိမ်းညှိခြင်း၊ အညစ်အကြေးများစွန့်ခြင်း စတဲ့ အသက်ရှင်ခြင်းအတွက် အရေးအပါဆုံး Bodily Functions တွေကို မသိစိတ်နဲ့ Regulate လုပ်ပြီး ဦးနှောက်နှင့် တိုက်ရိုက်ချိတ်ဆက်ပေးနေတဲ့ အာရုံကြောကြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ခန္တာကိုယ်မှာ Sympathetic (သိစိတ်ဖြင့်ထိမ်းချုပ်ထားသော) and Parasympathetic (မသိစိတ်ဖြင့်ထိမ်းချုပ်ထားသော) Nervous Systems ဆိုပြီး စနစ် ၂ ခုရှိရာမှာ Vagus Nerve သည် Parasympathetic Nervous System ကို အဓိကထိမ်းချုပ်ထားသော အာရုံကြောကြီးဖြစ်ပါတယ်။ Sympathetic Nervous System ကို Fight or Flight System လို့လည်း ခေါ်ကြပါတယ်၊ ခန္တာကိုယ်က အန္တာရာယ်တစ်ခုခုနဲ့ ကြုံတော့မယ်၊ ယှဥ်ပြိုင်တိုက်ခိုက်ရတော့မယ်၊ အားသွန်ခွန်စိုက်လုပ်ဆောင်ရတော့မယ့် အချိန်တွေမှာ သူက နိုးထလာပါတယ်။ Parasympathetic Nervous System ကတော့ နားနေခြင်း၊ အိပ်စက်ခြင်း၊ အစာခြေဖျက်ခြင်းနဲ့ လုံခြုံဘေးကင်းတဲ့ အခြေအနေမှာ အေးအေးဆေးဆေးနေနေတဲ့ အချိန်တွေမှာ အဓိကအားဖြင့် အလုပ်လုပ်ပါတယ်။ HRV ဆိုတာက ကိုယ့်ခန္တာကိုယ်ဟာ ဒီစနစ် ၂ ခုကြားမှာ ဘယ်လောက်လွယ်လွယ်နဲ့ မြန်မြန် လိုအပ်သလို ပြောင်းလဲအလုပ်လုပ်နိုင်သလဲကို ပြပါတယ်။ (HRV is a window into how flexible your body is between the two systems.)

Parasympathetic Nervous System ကို နားနေ၊ အိပ်စက်၊ အစာခြေချိန်တွေမှာ အသုံးပြုရခက်လာလေ HRV ကျဆင်းမှုကို မြင်ရလေဖြစ်ပါတယ်။ ခန္တာကိုယ်က Sympathetic Nervous System ထဲမှာပဲ​ Stuck ဖြစ်နေတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ HRV နိမ့်နေတဲ့ အချိန်မှာ ခန္တာကိုယ်က Stress Hormone တွေ များနေပါတယ်၊ Inflammation တွေ တက်နေတတ်ပါတယ်၊ ပြီးရင် Resting Heart Rate ပါတက်လာပါတယ်။ အသက်ရှူရခက်မယ်၊ အာရုံစိုက်ရခက်မယ်၊ ဘာမှမလုပ်ဘဲကို ပင်ပန်းပြီး အားအင်ကုန်ခမ်းနေပါမယ်။ အဲလိုအချိန်တွေ၊ နေ့တွေမှာ အိပ်ဖို့ကြိုးစားရင်တောင် အိပ်မပျော်တာမျိုး၊ အိပ်ပျော်ပေမယ့် ကောင်းမွန်တဲ့ Sleep Quality မရတာတွေ ဖြစ်လာပါတယ်။ အဲလိုဖြစ်လေ HRV က ပိုကျလေဖြစ်လာတတ်ပြီး သံသရာလည်နေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီတော့ HRV ဆိုတာ ကိုယ့်နာရီပေါ်က ဘာမဟုတ်တဲ့ ဂဏန်းလေးတစ်ခုမဟုတ်တော့ဘဲ ကိုယ့်ခန္တာကိုယ်တစ်ခုလုံးမှာ ဘယ်လိုပြဿနာတွေတက်နေပြီနော်ဆိုတာကို ပြနေတဲ့ Early and Extremely Powerful Signal ကြီးတစ်ခုဖြစ်လာပါတယ်။ ခန္တာကိုယ်အပေါ်သက်ရောက်လာတဲ့ Stress မျိုးစုံရဲ့ ဒဏ်ကိုလည်း ခန္ဓာကိုယ်က ဘယ်လောက်လွယ်လွယ်ကျော်လွှားနိုင်သလဲဆိုတဲ့ Resilience ကို ပြတဲ့ Metric တစ်ခုလည်း ဖြစ်လာပါတယ်။ ကျွန်တော်တို့ အပြေးသမားတွေ၊ အားကစားသမားတွေ ပြင်းပြင်းထန်ထန်လေ့ကျင့်တာ လွန်သွားရင်လည်း နောက်နေ့တွေမှာ HRV က ထိုးကျတာကို မြင်ရပါတယ်။ ကမ္ဘာပေါ်မှာ အရမ်းသစ္စာရှိတာ အရှေ့အရပ်ကထွက်တဲ့ နေမင်းကြီးပြီးရင် Stress ကို Signal ပြတဲ့ HRV ပဲရှိပါတယ်။

ဒီလောက် အရေးကြီးတဲ့ HRV ကို တိုးတက်အောင်လုပ်လို့များ မရဘူးလား? ဒီမေးခွန်းကို ကျွန်တော်လည်း ကိုယ်တိုင်မေးခဲ့တာပါ။ အဖြေရှိပါတယ်၊ ၁) ခန္တာကိုယ်အပေါ် Stress ကြီးကြီးမားမား ဖြစ်စေတဲ့ အပြုအမူ/အဖြစ်အပျက်တိုင်းသည် HRV ကို လျှော့ချနိုင်စွမ်းရှိပါတယ် (အဲ့တော့ အဲဒါတွေကို ရှောင်ဖို့နဲ့ ကာကွယ်ဖို့လုပ်ရပါမယ်)၊ ၂) Alcohol သည် HRV ကို လျှော့ချတဲ့ နေရာမှာ အလွန်အစွမ်းထက်ပါတယ်၊ အိပ်စက်မှုကို ဖျက်စီးခြင်း (Sleep Disruption) နဲ့ပါ ပေါင်းလိုက်တော့ အရမ်းကို အစွမ်းထက်သွားပါတယ်၊ ၃) ဒေါသကြီးလွန်းတာတွေ၊ အလုပ်မှာ Stress အရမ်းယူတာတွေ၊ စိတ်အလောကြီးတာတွေ ဒါတွေကိုလည်း သတိနဲ့ လျှော့ချရပါမယ်၊ ၄) ပူလွန်းအေးလွန်းရင် ခန္တာကိုယ်က Stress ဖြစ်နိုင်ပါတယ်၊ ခန္တာကိုယ်ပါမက စိတ်အေးချမ်းမှုကပါ HRV ကို တိုက်ရိုက်သက်ရောက်မှုရှိပါတယ်၊ ၅) ကျန်းမာရေးအတွက် အာဟာရမျှတအောင် စားသောက်နေထိုင်ခြင်းက အရေးကြီးပါတယ်၊ ၆) အားကစားလုပ်ရာမှာ Training Load ကို ကိုယ့်ခန္တာကိုယ်အတွက် သင့်လျှော်သလောက်သာ ပြုလုပ်ဖို့ အရေးကြီးပါတယ်၊ ၇) သေချာအိပ်ပျော်ပြီး High Quality Sleep ရဖို့ ကြိုးစားရပါမယ်။ ဒါတွေကတော့ အခြေခံကျတဲ့ Basic Rules တွေပါ။

ဖြတ်လမ်းလေးတွေလည်း ရှိတယ်ပေါ့လေ၊ ကျွန်တော်တို့လို ဘီယာအေးအေးလေးကြိုက်တဲ့ အပြေးသမားတွေအတွက် အမြန်သုံးပြီး ချက်ချင်းတိုးတက်စေနိုင်တဲ့ Bio Hacks လေးတွေပေါ့။ ၁) Alcohol ကို တတ်နိုင်သလောက် ရှောင်ပါ၊ သောက်ချင်ရင် အိပ်ချိန်နဲ့ ၃ နာရီခွာပါ၊ အစာနဲ့ သောက်ပါ၊ ၂ - ၃ ခွက် ထက်ပိုသောက်ရင် HRV စကျပါပြီ (မူးသွားရင် အရမ်းကျပါပြီ)၊ ၂) အသက်ရှူတာကို ၄ စက္ကန့် ရှူသွင်းပြီး ၈ စက္ကန့်ကြာအောင် ဖြည်းဖြည်းချင်းရှူထုတ်ပါ၊ ဘာမှ မဆိုင်ဘူးထင်ခဲ့ပေမယ့် အသက်ရှူလေ့ကျင့်ခန်းသည် (တရားထိုင်တာလည်း ခပ်ဆင်ဆင်သဘောတရားဖြစ်တယ်) Vagus Nerve ကို တိုက်ရိုက် Stimulation ပေးတာဖြစ်ပြီး Parasympathetic System ကို အားကောင်းလာစေပါတယ်၊ တစ်ခါလုပ်ရင် ၅ - ၁၀ မိနစ်ပဲ တစ်ရက် ၂ ကြိမ်လောက်ဆို လုံလောက်ပါတယ်၊ ၃) Sodium, Potassium, and Glucose မျှတစွာပါဝင်တဲ့ Electrolytes ကို အားကစားလုပ်ပြီးတိုင်း ၁ လီတာဖျော်သောက်ပေးပါ၊ ဓါတ်ဆားမျှတခြင်းက HRV တိုးတက်မှုကို များစွာအထောက်အကူပြုပါတယ်၊ ၄) နံနက်ခင်းနေရောင်ခြည်ကို ၁၀ - ၁၅ မိနစ်ခန့် ခံယူပါ၊ နေရောင်ခြည်မှ Vitamin D သည် အကျိုးကျေးဇူးများစွာရှိပါသည်၊ ၅) Magnesium and Zinc ပေါများစွာပါဝင်သော အစာများကို ရှာစားပါ၊ အိပ်စက်နားနေခြင်းများကို တိုက်ရိုက်အထောက်အကူပေးပါသည် (ဖရုံစေ့ကတော့ ကျွန်တော်အမြဲစားတဲ့ Magnesium Sleeping Supplement လေးတွေပါ၊ တခြား အသီးအရွက်တွေလည်း ကောင်းပါတယ်)၊ ၆) နေ့တိုင်း ပြင်းထန်လွန်းသော အားကစားကို မလုပ်ပါနှင့်၊ Hard Run Days တွေကြားမှာ Easy Run Days တွေအမြဲထားသလိုပဲ တချို့နေ့တွေမှာဆို အေးဆေး နားနေပြီး လမ်းလျှောက်ရုံလောက်လုပ်ခြင်းကလည်း ခန္တာကိုယ်ကို နားနေပြုပြင်ဖို့ အချိန်ပေးခြင်းဖြစ်ပါတယ်၊ ၇) ဘဝမှာ စိတ်အေးချမ်းမှုအစစ်အမှန်ကို ရှာဖွေတည်ဆောက်ပါ၊ ကိုယ်ယုံကြည်သော အဓိပ္ပာယ်ရှိတဲ့ အလုပ်ကို လုပ်ပါ၊ ကိုယ့်မိသားစုနဲ့ မိတ်ဆွေစစ်တွေကို အချိန်ပေးပါ (Psychological Safety and Social Connections ကလည်း HRV အပေါ်မှာ များစွာသက်ရောက်မှုရှိတယ်ဆိုတာတွေ့ရှိထားပါတယ်)။

ကဲ နှစ်သစ်မှာ ငွေလည်း မလိုဘူး၊ ရွှေလည်း မလိုဘူး၊ HRV မြင့်တာပဲ လိုချင်ပါတယ်လို့ ပြောချင်သူတွေ ရှိသွားပြီလား? ကိုယ့် HRV Trend လေးတွေနဲ့ နေထိုင်စားသောက်ပုံလေးတွေလည်း ဝေမျှပေးကြပါဦး။

#nikolasinsightsinaction

No comments:

Post a Comment