Friday, January 23, 2026

အတူတူ ကူရုန်းလှည့်ပါ လို့ ဖိတ်ခေါ်ပါတယ်။ တော်လှန်ရေးခရီးဖော်လေးအဖြစ် အမှတ်တရ ရှိနေစေချင်လို့ပါ။

 “မတ်မာဂါ မောင်ခေါ်ရာ လိုက်မှာလား”

စာမရေးဖြစ်တာ တော်တော်လေးကြာသွားတဲ့အခါ “နေကောင်းကျန်းမာ အဆင်ပြေပါစ။” မေးကြမြန်းကြတဲ့သူ တော်တော်များပါတယ်။ ဘာမှ မဖြစ်ပါဘူး။ အလုပ်တွေ အရမ်းများနေလို့ပါ။ ခါတိုင်းလည်း အမြဲ အလုပ်များနေတာပါပဲ။ ဒါပေမယ့် အိပ်ချိန်ထဲကဖဲ့ပြီး စာရေးသေးတယ်။ အခုတခါမှာတော့ ထပ်ဖဲ့စရာ မကျန်တော့ဘူး။ အိပ်မက်တောင် မမက်အားသလောက် ဖြစ်နေလို့။ မနက်ဆိုလည်း အရုဏ်မတက်ခင် ထရတယ်။ တနေကုန် ဖုန်းကြီးဘေးထားပြီး လိုင်းပေါ်တောင် မတက်နိုင်။ ပြောစရာရှိမှ ကြေးနန်းရိုက်သလို လိုရင်းတိုရှင်း တက်တက်ပြောရတယ်။ နေ့စဉ်ရက်ဆက် ဖြစ်နေတော့ စိတ်နောက်ကိုယ်မပါနိုင်တော့ဘူး။ အလုပ်ကလေးတဖြတ် ပြီးသခိုက် ၂ ရက်လောက် ထွက်နားယူရတယ်။ အဲ့လိုကျတော့လည်း စိတ်ရောလူရော အနားရအောင်် ဘာစာမှမရေးချင်သေးဘူး။ ဖုန်းများလိုပဲ ဘက်ထရီလေး မီးစိမ်းတော့မှ ဘာရေးရကောင်းမလဲ စစဉ်းစားတာ။ အလုပ်ထဲမှာ စိတ်ရောလူရော ပျော်ဝင်သွားတုန်း တော်လှန်ရေးကြီးများ ပြီးသွားလေသလား။ အပိုင်း (၁) တုန်းက ကျသွားတဲ့ သိက္ခာတွေကို ရွေး/တု အပိုင်း (၂)နဲ့များ အဖတ်ဆည်နိုင်လေသလားပေါ့။ ဘာမှ ထူးခြားပြောင်းလဲမှု မရှိပါဘူး။ မအလ ကလည်း မအလ ပဲ။ စခတွေကလည်း စခပဲ။ ဘမတွေကလည်း ဘမပါပဲ။ အပြောင်းအလဲဆိုတာ တော်လှန်သူတွေကပဲ အလိုရှိတာလေ။ နဂိုအတိုင်းတော့ ဆက်မနေနိုင်လို့သာ တော်လှန်ရေး လုပ်ကြတာ မှလား။
ဒါပေမယ့်လည်း တော်လှန်ရေးကြီးပြီးသွားမှာ စိုးရိမ်နေတဲ့အထဲ တော်လှန်ရေးသမားတွေကိုယ်တိုင် ပါနေတာလည်း ရှိလို့ ခုထက်ထိ မပြီးပြတ် သေးတာပေါ့ဗျာ။ ရောင်နီလာလို့ မိုးပဲလင်းတော့မယ်။ ကန့်လန့်ကာကြီးရယ် နေပါဦး။ က လို့ကောင်းနေတုန်း။ တိုင်းပြည်အလုံး ကြိမ်မီးအုံးမျှဆိုတဲ့အခိုက်မှာ တချို့လူတွေ အဖို့တော့ “စီးပွါးရေးရယ်၊ ကြီးပွါးရေးရယ်၊ သမီးရည်းစား အရေးလည်း အောင်ပါစေ။” ဆို သာယာနေလိုက်ကြတာ။ CDM လုပ်ရတာတောင် သာသာယာယာရှိလိ့ “Cသာယာ” လို့ ခေါ်တဲ့သူတွေ ရှိသတဲ့။ ကိုင်း လာပါပြီဗျား။ ဟော့ဒိမှာ သာယာဝီသားလေး။ နှုတ်ဆက်မယ် ဆာဝါဒီခါး။
မြန်မာပြည်က နွေဦးတော်လှန်ရေးအတွက် ဆုတော်ငွေများစွာနံ့အတူ အမေရိကန်အောက်လွှတ်တော်က တောင်းဆိုလိုက်တဲ့ သီချင်းလေးကို နားဆင်ကြရအောင်။ အန်ကယ်တန် နဲ့ တေးချစ်သူလေး စုံတွဲတေး။ “ကြာတယ် ကြာတယ်။ မြန်မြန်လာကွာ။” “လာပြီ လာပြီ။ လာပြီ လာပြီ။” “အွန့် အွန့် အွန့်။” ဒေါ်လာ ၁၂၁ သန်းဆိုတော့ နည်းတဲ့ပိုက်ဆံတွေလာားကွယ်။ ငလျင်တုန်းကလို သူခိုးတွေလက် ဝကွက်အပ်သွားမှာ မဟုတ်ဘူး။ ဘယ်သူ့အတွက် ဘယ်လောက်ဆိုတာ ရှင်တမ်းစာပါ ပါတယ်။ အဖွဲ့အစည်းတွေနဲ့ နယ်စပ်ကနေလာမှာ။ မဲဆောက်ကလူတွေ အန်ဂျိုလေးဘာလေး ထောင်ကြပါဟဲ့။ ဖိတ်ချင်းဖိတ် ကိုယ့်အိပ်ထဲဖိတ်အောင်။ ကိုယ်တို့ဘက်မတော့ အနောက်ဘက်ခြမ်းက လာမှပဲ ရောက်မယ်။ အဲ့ဘက်ကလူတွေနဲ့ ပိုက်ဆံကြဲတာ လုကောက်ရင်တော့ ကိုယ့်ဘိနပ်တောင် ပျောက်ကျန်ခဲ့ဦးမယ်။ ဖင်အနှိုက်မခံရင် ကံကောင်းတာ မဟုတ်ဘူး။ အိုကြီးအိုမမို့ လက်ရှောင်ထားတာ။ ဪ ကဲ။ မုန့်ဆီကြော်ဖြင့် ဘယ်ဆီနေမှန်းမသိဘူး။ အိမ်နီးချင်းတွေနဲ့ ပတ်ရန်ဖြစ်နေပြီ။ ဆေးနဲ့ ဆေးပစ္စည်း အကူအညီတော့ လိုချင်တယ်လေ။ စစ်ကိုင်း နှာပေါက်ကြီးကနေ ဖြတ်တောက်ထားတာ ဈေးနှုန်းတွေ ကြောက်ခမန်းလိလိ ဝယ်သုံးနေရတယ်။ ဗုံးမှန်တဲ့လူနာကို ဆရာခိုလူးလို့ ရတာ မဟုတ်ဘူး။ ဂွမ်း၊ ပတ်တီး၊ ဘီတာဒင်း၊ အရက်ပျံတော့ အလျှံပါယ် လိုချင်တာပေါ့။ “မကြာမီ လာမည်။ မျှော်။”ဆိုလည်း စောင့်ရမှာပ။ မျှော်သာမျှော်သည်။ မယုံကြည်။ ရင်မှာ ဝေဒနာ ပွင့်ခက် အဝါအနီ။
ရက်သဲ့ကြား ငါးတင်။ တင်တဲ့ငါး ကြောင်စား။ ကျန်တာလေးကို မြန်မာပေးမယ် ဆိုဦးတော့။ ဆင်သတ်ပြီး အရပ်ဝေမယ့်ကိစ္စမို့ ဆင့်ပါးစပ် နှမ်းပက်တာထက်စာရင် တတုံးတခဲကြီးတော့ ရလာမှာ အမှန်ပါပဲ။ ခေါ်ပွန်းခပ်။ ခေါ်ပွန်းခပ်။ ဟိုဘက်က ငွေရလမ်းတွေ လိုက်ပိတ်ပြီး ဒီဘက်က ငွေဝင်လမ်းလေး ဖွင့်ပေးတာ နှုတ်၏စောင်မခြင်းထက် အများကြီး ပိုပါတယ်။ တရုတ်ကြီးလို လက်၏စောင်မခြင်းရော၊ လက်နက်၏စောင်မခြင်းရော မပေးသော်ငြား အထူးသံတမန် ပြန်သွားတာနဲ့ မမလေးကို မောင်ကခိုးသလို မိုးပေါ်က အချိန်မရွေးကျလာနိုင်တယ် ဆိုတဲ့အသိနဲ့တင် မအလကြီး အိပ်မပျော်လို့ ဝစီပိတ်ဆီ ပြေးရပြီ။ သူ့အတွက် ရှေ့နေလိုက်မယ့် သီတာဦးကလည်း တရားခွင်မှာတောင် ဖင်ဆီဒိုင်းသောက်ထားလားမသိ။ ဖြူဖြူကျော်သိန်း လွှတ်အနှိုးခိုင်းလိုက်ရမလား။ “စကားပြောတုန်းမှာ အိပ် အိပ် မသွားနဲ့လေ။” ဆိုပြီး။
ကြင်စိုးလည်ပင်းက ကြိုးကွင်းတော့ တင်းသထက်တင်းလာပါပြီ။ အရှေ့တီမောမှာ နောက်တစ်မှုထပ်စွဲပြန်ပီ။ ကုလသမဂ္ဂမှာလည်း Crime against Humanity တွေကို အပြစ်ပေးနိုင်မယ့် ဥပဒေမူကြမ်း တင်သွင်းနေပြီ။ တကမ္ဘာလုံးက ဆိုးဝါးစုတ်ပဲ့သော အာဏာရှင်အဖြစ် အသိအမှတ်ပြုခံနေရတာ။ နိုဗယ်ဆုရှင်ကို မနာလိုစိတ်ကြီးမားစွာ ရန်မူတိုက်ခိုက်ပြီး ရလာတဲ့သူ့ရဲ့ ဂုဏ်ပုဒ်ပေါ့လေ။ ဒီလိုသားမျိုး မွေးရက်လေခြင်း လို့ သူ့မိသူ့ဘကိုပါ တနိုင်ငံလုံး ပြစ်တင်ကျိန်ဆဲရတဲ့အထိ သမိုင်းမှတ်တမ်းဝင်ရော။ ထို့ကြောင့် ဤသတ္တဝါကို မအလ ဟုခေါ်သည်လေ။ ၅ နှစ်လုံးလုံး ပြုပြုသမျှ အကုသိုလ်ဝဋ်ကြွေးတွေ ပေးဆပ်ရဖို့ အချိန်တန်ပြီ။ ဘောက်ချာတွေ တစ်စောင်ပြီးတစ်စောင် ဆုတ်တော့မှာ။ သူတစ်ကောင်တည်း ပြိုမှာမဟုတ်ပဲ တည်ရာမှီရာ အဆောက်အဦ တစ်ခုလုံးပြိုမှာမို့လို့ အချိန်တွေ ခုလောက်ကြာနေတာ။
စောချစ်သူတုန်းကလည်း ကနေ့နက်ဖြန် အမေရိကန်တွေ ဝင်ဖမ်းတော့မလို “လာပါတော့ ခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ။ ထိုးပြီ ထိုးပြီ။” လုပ်ခဲ့ကြသေးတာပဲ။ ကိုင်း အခု ဘယ်သူမှ မလာဘူး တွေ့လား။ KNA လို့ နံမည်ပြောင်း ပြီး အသစ်ကလေး လုပ်လိုက်တော့ အပစ်အခတ်တွေတောင် ရပ်သွားသေးတယ်။ ကျားဖြန့်တရုတ်တွေ အဲ့နားလေးတင် ကပ်ရွှေ့ပြီး “ဆဘိုင်း ဆဘိုင်း” နဲ့ အလုပ်တွေ ပြန်လည်ပတ်နေပြီ။ “ဒေါ်နွယ်ထွမ့် နှင့် ရှီကျင့်ဖျင် ပင် မဖမ်းနိုင် မဆီးနိုင် လက်မှိုင်ချရသော အွန်လိုင်းငွေလိမ် အင်ပါယာကြီး” ဆိုပြီး သတင်းဆောင်းပါး ရေးပို့ဦးမှပါ။ နို့မို့ဆို ကိုယ်လည်း လက်ပတ်နာရီထွက်ရောင်းနေရ၊ သက်မွန်မြင့်လည်း YSL ထွက်ရောင်းနေရ။ တစ်ပြားမှလည်း ရတာ မဟုတ်။
လူလိမ်လူညာတွေဟာ သူများကိုလိမ်
စရာ မရှိရင် ကိုယ့်ပေါင်ကိုယ် ပြန်လိမ်ကြတယ် ဆိုတာ အဟုတ်ပဲ။ သူတို့စစ်သားအချင်းချင်း လိမ်တာမှ ပက်စက်တယ်။ မယ်စဲ့က ပိုင်းလော့ကိုကယ်ဖို့ ထောင်ဝန်ထမ်း ဘဏ်အကောင့်ထဲကို ဒေါ်လာ ၃ သောင်းထည့်ပေးတယ်ဆိုပဲ။ ရခိုင်မှာ အဖမ်းခံထားရတဲ့ အမြောက်တပ် တပ်ရင်းမှူးကတော်က မျက်ရည်စက်လက်နဲ့ အင်တာဗျူးဖြေတယ်။ သူတို့လည်း အမိန့်အတိုင်း အသေခံတိုက်ရတာ မိသားစုလိုက်ပါပဲ။ အိမ်တောင်ပြန်မသွားခဲ့ပါဘူးတဲ့။ တနေ့မှာလာကယ်နိုးနဲ့ တောင့်ခံထားတာ လာမယ့်လာတော့ အလံဖြူထောင်တဲ့ သစ္စာဖောက်တွေဆိုပြီး လသားကလေးငယ်ပါ သေအောင် ဗုံးကြဲသတ်ဖြတ်ရသလားပေါ့။ ညီမလေးရဲ့အဖြေ မှန်ပါတယ်ကွယ်။ တမင်တကာ လုပ်ကြံသတ်ဖြတ်တာပါ။ ရည်ရွယ်ချက်ကတော့ လက်နက်ချတဲ့ကောင်တွေဆို ငါတို့ကိုယ်တိုင် လိုက်သတ်မယ်။ ငါတို့ခိုင်းတဲ့အတိုင်း ဗုံးကြဲပေးရင် ဂျိန်းစဘွန်းကားထဲကလို လိုက်ကယ်မယ်။ အဲ့ဒီဆိုက်ဝါးနဲ့ ရှေ့တန်းက စခတွေကို ဂျင်းကျွေးတာပါ။ “တောင့်ထား ဗိုလ်လေး။ လေယာဉ်တွေ လာနေပြီ။” ဆိုတာထက် စပ်သေး။ တပ်မတော်ကြီး မပြိုကွဲအောင် ကိုယ့်စစ်သားကိုယ် ပြန်သတ်နေရတဲ့ အခြေအနေပါလေ။ သတ်ပလေ့စေ။ သူတို့ချင်းသတ်တော့လည်း ကိုယ့်ဘက်က ကျည်ကုန် ဆန်ကုန် သက်သာသပ။ သူ့လူသူ ပြန်မသတ်ရင် သူ့လူတွေက သူ့ပြန်သတ်မယ့်အချိန် ရောက်လာပြီ မဟုတ်လား။ ဒူးအော်ဒိုင်းတွေ ဒူးရင်းဒူးရင်း ဒူးဒူး မဒူးဒူး ဒိုင်းရတော့မယ့် မထူးဇာတ်ကြီး က နေရတာ။
၂၀၂၆ ရဲ့ ပထမလ မကုန်ခင်မှာပဲ မြန်မာပြည် မြောက်ပိုင်းတကြောလုံး ထိုးစစ်ခံစစ်တွေ အပြင်းအထန်တိုက်ခိုက်နေတာ သူ့သဘောနဲ့သူ တိုက်တာတောင် ဟုတ်ချင်မှ ဟုတ်မှာပါ။ တရုတ်ကြီးက အတင်းတိုက်ခိုင်းနေလို့ အောက်ကလူတွေ သေချင်သလောက် သေပစေ။ ထိုးကျွေးနေရတာ။ ခိုင်းတဲ့အတိုင်း မလုပ်ရင် လုပ်မယ့်သူ လူစားထိုးမှာစိုးရသေးတာကိုး။ အပေါ်မှာ မဲနေတုန်း ရန်-မန်း လမ်းဟောင်းကြီးက ပါသွားပြီ။ စစ်တွေဒကစကလည်း နဲ့လာပြီ။ တရုတ်ရဲ့စွက်ဖက်မှုဖိအားတွေပဲဖြစ်ဖြစ်၊ မြန်မာပြည်သူတွေရဲ့ တွေဝေတုန့်ဆိုင်းမှု၊ အားလုံးမပါဝင်မှုကိုပဲဖြစ်ဖြစ်၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တစုတစည်းတည်း မညီညွတ်မှုကိုပဲဖြစ်ဖြစ်။ အဲ့ဒါတွေကို ပေးထားချက်တွေလို့ပဲ ယူဆလိုက်ရအောင်။ ဘယ်လိုပေးထားချက်မျိုးကိုမဆို ပြုပြင်ပြောင်းလဲလို့ မရဘူးဆိုရင် ဒီအတိုင်းပဲ လက်ခံရင်ဆိုင်လိုက်ရုံပဲ ရှိတယ်။ ပေးထားချက်နဲ့တင် ရှေ့မဆက်နိုင်ပဲ ရပ်နေရင် ဘယ်လိုလုပ် အဖြေထွက်မလဲ။ အဲ့ဒီပေးထားချက်ကနေ ကိုယ်လိုချင်တဲ့ အဖြေထွက်လာအောင် အပေါင်းအနှုတ် အမြှောက်အစား လိုအပ်သလို လုပ်ယူမယ်။ တော်လှန်ရေးက အခုမှ စ တာ မဟုတ်ဘူးလေ။ ၆၂ ကတည်းက မျိုးဆက်တွေ လက်ဆင့်ကမ်းပြီး သယ်ဆောင်လာတာ။ ကိုယ်တို့က ပန်းဝင်မယ့်စည်းမှာ ဆက်ပြေးရတဲ့သူတွေ။ ခြေလည်းမကုန်သေးဘူး။ လက်လည်း မပန်းသေးဘူး။ ပန်းတိုင်က လက်တကမ်းမှာပဲဥစ္စာ။ ခွါမလိပ်စေရပါဘူး။ အရေးကြီးတဲ့ အချိန်အခါမို့ ဘာတွေလုပ်နေတယ်။ ဘာတွေ ကြံစည်နေတယ်။ ထုတ်မပြောတော့ပါဘူး။ နေကောင်းတယ်။ ကျန်းမာတယ်။ အလုပ်တွေ သေလုမြောပါး ကြိုးစားနေတယ်။ တော်လှန်ရေးကြီး ပြီးလုပြီ လို့ ယုံကြည်ထားတယ်။ လက်ခုပ်သံလေးတွေ မကြားချင်ပါဘူး။ အတူတူ ကူရုန်းလှည့်ပါ လို့ ဖိတ်ခေါ်ပါတယ်။ တော်လှန်ရေးခရီးဖော်လေးအဖြစ် အမှတ်တရ ရှိနေစေချင်လို့ပါ။
“ကိုလူပျို ချောချောလှ
တော တောက ကျုပ်တို့ကို
ညှို့နေသလား တို့တတွေများ
မြင်လျှင်မြင် ခြင်းခြင်းပဲ
အတွင်းအသည်းက လှိုက်လှိုက်ဖို
ကြိုက်သလိုများ ငိုက်ကိုသွား
မောင်ခေါ်ရာ ဆိုက်ဆိုက်မြိုက်
လိုက် လိုက်မယ့် တောကအပျို
အထုပ်ကလေးပိုက်လို့
ဘယ်ဆီကိုဆိုက် လိုက်မယ်အကို။”

No comments:

Post a Comment