Wednesday, December 10, 2025

လက်စားချေခြင်း

 လူတွေဟာ မတရားဖိနှိပ်ခံရတဲ့အခါပဲဖြစ်ဖြစ်၊ ကိုယ်ချစ်ရတဲ့သူက ကိုယ့်အရှေ့မှာ ခြေတော်တင်ခံရတာပဲ ဖြစ်ဖြစ်၊ ကိုယ်တကယ် မကျူးလွန်တဲ့ပြစ်မှုအတွက် ချောက်ချ အမှုဆင် ပြစ်ဒဏ်ခံရတာပဲဖြစ်ဖြစ်၊ ကိုယ် တန်ဖိုးထားတဲ့အရာတစ်ခုခုက ရက်ရက်စက်စက် ချိုးခြေဖျက်ဆီးခံရတာမျိုးပဲဖြစ်ဖြစ်၊ ကိုယ့်ထက် အင်အားကြီးလို့ အနိုင်ကျင့်ဗိုလ်ကျခံရတာပဲဖြစ်ဖြစ်။

ဘယ်သူမဆို ကိုယ်ခံစားရခဲ့တာနည်းတူ “ လက်စားချေ ” ချင်ကြမှာပဲ။ ဒါပေမဲ့ လက်စားချေတာနဲ့ပတ်သက်လာရင် လူတော်တော်များများက Moral-high အင်မတန်ဖြစ်ကြတယ်။ တကယ် နဖူးတွေ့ဒူးတွေ့ ထမင်းမေ့ဟင်းမေ့ခံစားခဲ့ရတဲ့သူကို စာနာဖို့ထက် ရန်ကို ရန်နဲ့ပြန်မတုံပြန်ရဘူးတို့ ခွင့်လွှတ်​ကျေအေးပေးလိုက်တို့ မေတ္တာထားပါတို့လောက်ကိုပဲ ဦးစားပေးတရားဟောကြတယ်။
မှန်တယ်။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ခံစားကြပုံချင်း၊ ခံစားရတဲ့.. “ ရေချိန် ” ဟာ ဘယ်လိုမှ မတူနိုင်ဘူး။ တချို့ဖျက်ဆီးခံလိုက်ရတဲ့ဘဝတွေမှာ ခံသာသေးတယ်ဆိုပေမဲ့ တချို့ပျက်စီးသွားတဲ့ ဘဝတွေမှာက ပျက်စီးသွားတဲ့အရာတွေကို ပြန်အစားထိုးဖို့၊ လက်ဆုပ်လက်ကိုင်ပြဖို့ မရှိနိုင်တော့ဘူး။
တရားဥပဒေစိုးမိုးတယ်ဆိုတာ တကယ်တမ်း ခံရသူဘက်က ကြည့်ရင် ဘယ်တော့မှ မျှတတယ်ဆိုတာ မရှိလောက်ပါဘူး။ ဒီကြားထဲ ငွေများငွေနိုင်.. အာဏာရှိသူ နိုင်စတမ်းဆိုရင် ခံရသူမှာ ခံလက်စခံရတော့မဲ့ သဘောပါပဲ။ ဘဝင်မကျစရာကြီး။ ဒီအခါ “လက်စားချေ ” တဲ့လမ်းကို ရွေးချယ်ရတာဟာ ခံရသူအတွက် လုပ်ရပ်အမှားလို့ ဆိုကြမှာလား။
တစ်ဖက်ကကြည့်လဲ လက်စားချေတယ်ဆိုတာ မျှတမှုကို အကြမ်းနည်းသုံးပြီး ပြန်ယူချင်တဲ့ Desire for Justice ပဲ။ အကြောင်းပြချက်မရှိ ဖျက်ဆီးခံရတဲ့ဘဝတွေမှာ ဘယ်သူ့ကိုမှ တွယ်တာစရာမရှိတော့ရင် သူရွေးမဲ့လမ်းက ဒီလမ်းပဲ ရှိတော့တာကိုး။ ခင်ဗျားက ဖြစ်ကြောင်းမှန်သမျှ ခွင့်လွှတ်နိုင်ဖို့ဆိုရင် “ ကိလေသာကင်းစင်တဲ့ သူတော်စင်” ​ဖြစ်နေမှ ရလိမ့်မယ်။
မဟုတ်ရင် လက်စားချေလောက်တဲ့ထိ မခံစားရသေးတာ ဖြစ်ပါလိမ့်မယ်။ စာတွေထဲမှာ ဘယ်စာကိုပဲ ကြည့်ကြည့်၊ Revenge - လက်စားချေတာနဲ့ပတ်သက်ရင် အပြစ်တစ်ခုလို၊ အမှားတစ်ခုလို၊ နောင်တရစရာတစ်ခုလို ရေးနေပြောနေကြတာ ခပ်များများပါပဲ။ ရန်မပွားဖို့ ဟောပြောကြတာဆိုပေမဲ့ ခံခဲ့ရသူအတွက် ဘယ်ရင်ဘတ်နဲ့ နားထောင်ရမှာလဲ။
◾
ရိုမေနီးယန်း အတွေးခေါ်ပညာရှင် Emil Cioran ဆိုသူကလဲ ဆိုဖူးတယ်။ “ Revenge is not always sweet; once it is consummated we feel inferior to our victim.” - လက်စားချေခြင်းမှာ ဘယ်တော့မှ ချိုမြိန်တယ် မရှိပါဘူး၊ ပြီးသွားရင် ကိုယ့်ကို လုပ်တဲ့သူထက် ကိုယ်က ပိုယုတ်ညံ့သလို ခံစားရစေတယ် တဲ့။
တရုတ်စကားပုံတစ်ခုလဲ ဆိုထားတယ်။ “While seeking revenge, dig two graves—one for your enemy and one for yourself.” လက်စားချေတော့မယ်ဆို သေတွင်းနှစ်တွင်း အရင်တူး။ တစ်တွင်းက လက်စားချေရမဲ့ လူအဖို့ နောက်တစ်တွင်းက မင်းအဖို့ တဲ့။ ဆိုလိုတာ လက်စားချေတယ်ဆိုတာ သူ့ကိုရော ကိုယ့်ကိုပါနစ်နာစေတယ်၊ အဆိုးကြော့သံသရာ လည်စေတယ်ပေါ့။
တစ်ခါ.. စာရေးဆရာ Max Lucado ကလဲ သူ့ရဲ့ Facing Your Gaints စာအုပ်ထဲမှာ Revenge is the raging fire that consumes the arsonist လို့ ရေးဖူးတယ်။ ဘာကို ပြောတာလဲဆိုတော့ “ လက်စားချေတယ်ဆိုတာ သူများကို ရှို့တဲ့မီးနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လောင်ကျွမ်းစေတာ ” မျိုးတဲ့။ Facing Your Gaints က ဘာသာရေးအခြေပြုတဲ့စာအုပ်ဆိုတော့ လက်စားချေခြင်းကို မီးနဲ့တောင် တင်စားထားတာ အဆန်းမဟုတ်ပါဘူး။
ဒီအဆိုအမိန့်တွေက သူ့နည်းသူ့ဟန်နဲ့တော့ အမုန်းတရား မပြန့်ပွားဖို့ ပြောထားတာဆိုပေမဲ့ မကျူးလွန်တဲ့အရာတစ်ခုအတွက် ဘဝနဲ့ချီ ပေးဆပ်ရမယ်ဆိုရင် “ လက်စားချေ ” ခြင်းကို လုပ်ရပ်အမှားလို့ ပြောရခက်တယ်။ သူ့ဝဋ်ကြွေးနဲ့ သူ သွားလိမ့်မယ်တို့၊ သူ့အကုသိုလ်ကံနဲ့သူ ငရဲသွားရလိမ့်မယ် စတဲ့နှစ်သိမ့်မှုတွေက ဘယ်လိုမှ အလုပ်မဖြစ်ဘူးဗျ။
ကိုယ့်မှာတော့ ရှိနေတဲ့အရာလေး ဖျက်ဆီးခံရ၊ သူတို့ကျ ကောင်းစားလို့။ ကိုယ့်ဘဝကိုကျ ရစရာမရှိအောင်ဖျက်ဆီးပြီး သူတို့မှာကျ ပြုံးလို့ပျော်လို့။ ကိုယ့်ကို တွန်းချပြီး ကိုယ့်နေရာမှာ သူတို့မဟုတ်သလို၊ ကိုယ့်ကို ဘာမှမလုပ်ခဲ့သလို ပလ္လင်ပေါ်တက် မင်းမူလို့။ ဘယ်နှလုံးသားနဲ့ ခွင့်လွှတ်ပေးရမှာလဲ။
ပြောကြမယ်၊ Forgive but never foget ပါတဲ့။ နိုး တချို့ကိစ္စတွေမှာ ရှေ့ဆက်ဖို့ ခွင့်လွှတ်စရာလဲမလိုဘူး။ မေ့စရာလဲမလိုဘူး။
“You don't have forgive, you don't forget to move on ” ပဲ။ တချို့အရာတွေအတွက် လက်စားချေမှ ရကိုရမဲ့၊ လက်စားချေမှ တန်တဲ့ လူပုဂ္ဂိုလ်တွေ၊ အခြေအနေတွေ ရှိတယ်။
◾
လက်စားချေတာနဲ့ပတ်သက်ပြီး ပြင်သစ်စာရေးဆရာကြီး Alexander Dumas (အလက်ဇန္ဒား ဒျူးမတ်စ်) ရေးထားတဲ့ The Count of Monte Cristo ဂန္နဝင်ဝတ္ထုတစ်ပုဒ် ရှိတယ်။
ဒီဝတ္ထု စတင်ထုတ်ဝေတဲ့အချိန်က ၁၈၄၄ ခုနှစ်ဝန်းကျင်ဆိုတော့ အဲဒီချိန် မြန်မာပြည်မှာဆို ကုန်းဘောင် ပုဂံမင်းလက်ထက်။ ကျွန်တော်တော့ မူရင်း မဖတ်ဖူးသေးပါဘူး၊ “ ရတနာသိုက် ” နာမည်နဲ့ ဆရာကြီးရွှေဥဒေါင်း ဘာသာပြန်တာပဲ ဖတ်ဖူးတယ်။
ဆရာကြီး ဂျိမ်းစ်လှကျော်ရဲ့ ပထမဆုံး ခေတ်ပေါ်ဝတ္ထုဖြစ်ခဲ့တဲ့ “ မောင်ရင်မောင် မမယ်မ ” ဝတ္ထုကလဲ ဒျူးမတ်စ်ရဲ့ The Count of Monte Cristo ရှေ့ပိုင်းလောက်ကို ယူပြီး မြန်မာမှု မြန်မာ့ဟန် မြန်မာစတိုင်နဲ့ ပြန်ရေးထားတဲ့ဝတ္ထု။ ပြောမယ်ဆို The Count of Monte Cristo က နှစ်ပေါင်း ၁၈၀ ကျော်ပြီ။
[စာဖတ်ဖို့ အချိန်မရဘူးဆိုရင် ဇာတ်ကားရော၊ စီးရီးပါရှိပါတယ်။ အချိန်ရ သွားကြည့်ကြည့်ပါ။ အခု ဒီဆောင်းပါးထဲမှာ အဲဇာတ်လမ်းကို ပြောမှာမို့ အရင်ကြည့်ပြီးမှ ဒီစာဖတ်မယ်ဆို ပိုအရသာရှိစေမယ် ထင်ပါတယ်။ စပွိုင်လာမိသွားမယ်ဆိုလဲ ခွင့်လွှတ်ပါ]
◾
The Count of Monte Cristo အကြောင်း ခပ်သွက်သွက် ပြောရရင် ဒန်တီဆိုတဲ့ ကောင်လေးတစ်ယောက် ရှိတယ်။ ဒီကောင်က သင်္ဘောသား၊ လူချစ်လူခင်လဲ ပေါသလို ရိုးလဲ အင်မတန် ရိုးတယ်။ ဒန်တီ ကပ္ပတိန်ဖြစ်မှာကို လိုလားကြတယ် ဆိုရမယ်။ ဖြစ်ချင်တော့ ရေကြောင်းသွားနေရင်းမှာ လက်ရှိကပ္ပတိန် ရုတ်တရက် ဆုံးရော။ ဆုံးတော့ နောက်ကပ္ပတိန်ဟာ ဒန်တီကလွဲ ဘယ်သူမှ မဟုတ်နိုင်တော့ဘူး ပေါ့။
တစ်ဖက်မှာ ဒန်တီနဲ့တစ်လှေတည်းစီး၊ တစ်ခရီးတည်းနှင်နေတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ဒန်တီ ကပ္ပတိန်ဖြစ်မှာကို မလိုလားဘူး။ မနာလိုဖြစ်တယ်။ အငုံစိတ်နဲ့ ဒန်တီ ကပ္ပတိန်ဖြစ်သွားမှာကို သိပ်ဘဝင်မကျချင်ဘူး။ ဒန်တီလဲ သူ့အပေါ်..ဒီလိုမလိုမုန်းထားပြီး အကောက်ကြံနေမှန်း မသိဘူး။
သင်္ဘောကမ်းရောက်တော့ သူ့ချစ်သူ မာဆဒိနဲ့ စေ့စပ်နေတဲ့အချိန်မှာ ဘုရင့်အမှုထမ်းတွေ ရောက်ချလာပြီး ဒန်တီတစ်ယောက် အူလည်လည်နဲ့ အဖမ်းခံရတယ်။ ဘာအမှုနဲ့ ဖမ်းတာလဲမေးတော့ “ နပိုလီယံရဲ့ သူလျှို၊ သစ္စာဖောက် ” ဆိုတဲ့ ပြင်သစ်နိုင်ငံတော်ပုန်ကန်တဲ့အမှုနဲ့ အဖမ်းခံရတာ။
အဲဒီချိန် စစ်သူကြီးနာပိုလီယံကို နယ်နှင်ဒဏ်ပေးထားတဲ့ ကာလ။ လက်ရှိအာဏာရထားတဲ့ ဘုရင်က နာပိုလီယံကို နိုင်ငံတော်သစ္စာဖောက်လို့ပဲ သတ်မှတ်ထားတဲ့သူမို့ သူ့နဲ့ ပတ်သက်ဆက်နွှယ်တဲ့သူဆို အပြတ်ရှင်းတယ်။ ထောင်ချတယ်။ ဒန်တီက အဲလိုအမှုဆင်ခံရတာ။
ဒန်တီ့အမှုကို အကွက်ကျကျ ဆင်တဲ့သူက တခြားလူတွေတော့ မဟုတ်ဘူး။ ဒန်တီ သင်္ဘောကပ္ပတိန်ဖြစ်မှာကို သိပ်ဘဝင်မကျတဲ့ ဒန်တီ့လုပ်ဖော်ကိုင်ဖက် ဒန်ဂလာဆိုတဲ့လူနဲ့ ဒန်တီ့ချစ်သူ မာဆဒိကို မရမကလိုချင်တဲ့ ဖာနင်ဒိုဆိုတဲ့လူ၊ သူတို့နှစ်ယောက် ပေါင်းကြံပြီး ဒန်တီဟာ နာပိုလီယံသူလျှိုပါဆိုပြီး အာဏာပိုင်တွေဆီ အစီရင်ခံစာတစ်စောင် ပို့လိုက်တာ။
“ ဒန်တီဟာ နာပိုလီယံရဲ့ သူလျှိုပေါ့၊ မယုံရင် သူ့လက်ထဲမှာ သင်္ဘောလိုက်တုန်းက ရထားတဲ့ ပေးစာတစ်စောင်ကို ကြည့်၊ အဲဒါ နာပိုလီယံက ပါရီမြို့သားတစ်ယောက်ဆီ ပို့ခိုင်းတဲ့ စာ ” ဆိုပြီး လုပ်ကြံစာ ရေးထားတယ်။ ဒန်တီ့မှာ တကယ်တမ်း စာလေးတစ်စောင်တော့ ရှိတယ်။ ဒါပေမဲ့ ဒီစာ​က သူ့ကပ္ပတိန်ပေးခဲ့တဲ့ စာတစ်စောင်ကလွဲ သူလဲ ဘာမှမသိဘူး။
မသိတော့ သူ့အမှုကို ကိုင်တဲ့ရှေ့နေက လက်ရှိအာဏာရ လူဝီဘုရင်ဆီမှာ အမှုထမ်းတဲ့သူ၊ ဗီလီဖို့။ ဒန်တီ စာသွားပို့ရမဲ့လူက အဲဒီရှေ့နေ ဗီလီဖို့ရဲ့အဖေ နော်တီးယား၊ နာပိုလီယံ ဘက်တော်သား။ ပြီးရင် ရှေ့နေဗီလီဖို့က လူဝီဘုရင်ရဲ့ အနွယ်ဝင်နဲ့ လက်ထပ်ထားတော့ ဒီအမှုကို အပြစ်ပေးကို ပေးရမယ်။ သူ့အဖေဆီ ပို့ရမဲ့စာကို သူယူဖတ်ပြီး ဗီလီဖို့ပါ အမှုကို ပေါင်းကြံပြီး ဒန်တီ့ကို တရားစွဲ၊ တစ်ကျွန်းပို့လိုက်တယ်။
ဒန်တီ အပို့လိုက်ခံရတဲ့ ထောင်ကလဲ ပြင်သစ်လူမျိုးတိုင်း ဖိတ်ဖိတ်တုန်အောင် ကြောက်ရတဲ့ Château d'If (သျှက်တိုးဒီအစ်) ထောင်။ အဲဒီထောင်ကနေ ထောင်ဖောက်ပြေးဖို့နေနေ သေတာတောင် ပြစ်ဒဏ်မစေ့သရွေ့ ပေးမသေပါဘူး တဲ့။ အကယ်၍ ပြေးတယ်ပဲထား၊ ဘေးပတ်ပတ်လည် ကာရံထားတဲ့ပင်လယ်ကို ထပ်ကူးရအုံးမယ်။ ဒါတောင် ကံကကောင်းအုံးမှ။
ဒန်တီ့ခင်ဗျာ ရင်ကွဲတာပေါ့လေ။ သူ.. မကျူးလွန်ထားတဲ့ ပြစ်မှုအတွက် ဘာမှန်းညာမှန်းမသိ မတရားအဖမ်းဆီခံရ၊ နှစ်နှစ်အလလမက်ထားတဲ့ သင်္ဘောကပ္ပတိန်အိမ်မက်ကိုလဲ ဆုံးရှုံးရ၊ ချစ်သူကိုလဲ လက်လွှတ်ခဲ့ရ၊ သူ့အဖေမျက်နှာလဲ ထပ်မတွေ့ရ။ ညစ်ပေစုတ်ပြတ်နေတဲ့အခန်းကျဉ်းထဲ ထောင်စာကျွေးလဲမစား၊ ငိုလိုက်၊ ယူကြုံးမရဖြစ်လိုက်နဲ့။
ထောင်မှူးကလဲ ဘယ်အသေခံမလဲ။ သိုးပြီး လောက်ကျနေတဲ့ထမင်းကို ပါးစပ်ဟပြီး အတင်းခွံ့ကျွေးသေးတယ်။ အဲလိုနဲ့ နေလာရင်း နှစ်နည်းနည်းကြာတဲ့တစ်နေ့ ဒန်တီလဲ သူ့ကိုယ်သူ သတ်သေဖို့ လုပ်နေတုန်းမှာ တဂျစ်ဂျစ်နဲ့ ခြစ်သံကို ကြားရတယ်။ အသံကို နားစွင့်လိုက်တော့ ဘေးအခန်းက ထောင်အာဏာပိုင်တွေ အရူးလို့ သတ်မှတ်ထားတဲ့ ဘုန်းကြီးတစ်ပါးရဲ့ ထောင်ဖောက်နေတဲ့အသံ။ ဒန်တီ့အခန်းဆီ ဖောက်လာတာ။
အဲဒီမှာ ဘုန်းတော်ကြီး ဖာရီနဲ့ ဒန်တီတို့ ရင်းနှီးပြီး ထောင်ကို အတူတူဖောက်၊ ပြီးရင် မွန်တီခရစ္စတိုကျွန်းကြီးပေါ်မှာ ရတနာသိုက်ရှိတယ်။ ငါတို့လွတ်တဲ့တစ်နေ့ အတူတူရှာပြီး မြို့စားသူဌေးလုပ်ကြမယ်ပေါ့။ အဲလိုနဲ့နေရင်း ကံကြမ္မာရဲ့မထင်မှတ်တဲ့ရိုက်ချက်တစ်ခုက ဒန်တီ့ကို ရိုက်ခတ်သွားတယ်ဆိုရမလား၊ သူ အားကိုးနေရတဲ့ ဖာရီ ဆုံးရှာတယ်။
ကံကောင်းချင်တော့ ဒန်တီက ဖာရီရဲ့အလောင်းကို ခုတုံးလုပ်ပြီး “ သျှက်တိုးဒီအစ် ထောင် ” ကနေ လွတ်မြောက်ခဲ့တယ်။ လွတ်တာနဲ့ ဖာရီပြောတဲ့ရတနာသိုက်ကို ရှာတယ်၊ တကယ်လဲ အဲရတနာသိုက်က ရှိတယ်။ အဲဒီမှာ ဒန်တီလဲ သူ့ကို ချောက်ချ၊ မတရားအမှုဆင် ထောင်ထဲပို့၊ သူ့ချစ်သူကို မလှိမ့်တပတ် လုယူခဲ့တဲ့ လူသုံးယောက်ကို အကွက်ချ လက်စားချေတော့တာပဲ။
◾
အဲဒီ့ဇာတ်လမ်းထဲမှာ လက်စားချေခြင်းနဲ့ ခွင့်လွှတ်ခြင်းရဲ့ အားပြိုင်ပုံ၊ လူတစ်ယောက်ရဲ့ မူလဗီဇ စိတ်ရင်းအမှန်ကို ထင်ထင်ရှားရှား တွေ့ရလိမ့်မယ်။ အဲလိုဇာတ်လမ်းမျိုးက ကိုယ် မခံရသေးဘူးဆိုတောင် ကြားဖူး၊ မြင်ဖူးမယ် ထင်ပါတယ်။ ကိုယ် မကူနိုင်လို့ ရပ်ကြည့်နေရတဲ့အခြေအနေမျိုး၊ ကိုယ် မတတ်နိုင်လို့ လက်သီးဆုပ် အံကြိတ်ထားရတဲ့အခါမျိုး။
ကိုယ့်မှာတော့ ရှိနေတဲ့အရာလေး ကျိုးပဲ့ဖျက်ဆီး ခံလိုက်ရ၊ ခွင့်လွှတ်တယ်ဆိုတာ အပြောအရ လွယ်တာပါ။ ကိုယ့်ကို လုပ်သွားတဲ့လူတွေကို ကြည့်၊ သူတို့ မဟုတ်သလို ကိုယ့်ကို ဘာမှ မလုပ်ခဲ့သလို ကောင်းစားလို့ ပျော်လို့ ပြုံးလို့ သာသာယာယာပါပဲ။ ဒီလူရဲ့နှလုံးသား မကြေကွဲရင် ဘယ်သူ့နှလုံးသား ကြေကွဲမလဲ၊ ဒီစိတ် ဒီဒဏ်ရာကို ဘယ်သူက အစားထိုး ခံဝံ့ပါ့မလဲ။
ကြည့်ဖူးတဲ့.. Law Abiding Citizen ဇာတ်ကားတစ်ကားဆိုလဲ ဒီအတိုင်းပဲ။ ကိုယ့်မိသားစုနဲ့ကိုယ် နေနေရတဲ့ဘဝကို ဘယ်ကမှန်းမသိတဲ့ လူနှစ်ယောက်က အိမ်ကို လာပြီး ဖောက်၊ ဖောက်လို့မှမကသေး ကိုယ့်ကို ဓားနဲ့ အသေထိုး၊ ကိုယ့်မိန်းမကို ကိုယ့်အရှေ့မှာ မုဒိမ်းကျင့် ဓားနဲ့ထိုး၊ ခုနှစ်အရွယ် ကိုယ့်သမီးကိုပါ တစ်ခါ မုဒိန်းကျင့် သတ်ပစ်တာ။
အမှုစစ်တော့လဲ အိမ်ဖောက်တုန်းက တကယ်မကျူးလွန်တဲ့ တရားခံက သေဒဏ်ခံရပြီး လူသ-တ်မုဒိမ်းကျင့်တဲ့လူက ထောင်နည်းနည်းလေး ကျပြီး ပြန်လွတ်လာ။ ခံရသူမှာ တရားမျှတမှု ရာနှုန်းပြည့်ရတယ်ထားအုံး။ ကိုယ် မလုပ်ခဲ့တဲ့ပြစ်မှုကြောင့် ဘာလို့များ ကိုယ့်မိန်းမနဲ့ ကိုယ့်သမီးကပါ အသ-တ်ခံ၊ မုဒိမ်းကျင့်ခံရတာလဲ။ တရားမျှတမှု မရရင် ပိုတောင်မှ သွေးဆူစေတာလေ။ အဲဒီဇာတ်ကားက အမေရိကန်နိုင်ငံရဲ့ တစ်ခေတ်တစ်ခါတုန်းက တရားစီရင်မှုအမှားတွေအကြောင်းကို ရိုက်ပြထားတာ။ အချိန်ရ ကြည့်ကြည့်ပါ။
◾
မွေးရာပါ ဗီဇအခံလေးက ကိုယ့်အသားထိရင် တုံ့ပြန်တတ်ကြတာ လူသားထုံးစံပါပဲ။ ကျေအေးပေးလိုက်ရင်တောင်မှ အဲဒီကျေအေးမှုကို လက်ခံဖို့ တစ်ဖက်လူမှာ ဉာဏ်ပညာရှိဖို့လဲ လိုသေးတယ်။ တစ်ခါတလေ ကိုယ့်ရဲ့ကျေအေးမှုက ကိုယ့်ကို ပြန်သတ်ဖို့၊ ပြန်အနိုင်ကျင့်ဖို့ နောက်တစ်ခါ ထပ်ကျူးလွန်ဖို့ အခွင့်အရေးပေးလိုက်တာမျိုး ဖြစ်တတ်တယ်။
ကိုယ့်အမှား မပါ၊ ကိုယ်မလုပ်ထားတဲ့ ပြစ်မှုတစ်ခုအတွက်နဲ့ လူတစ်ယောက်ရဲ့ဘဝ ပျက်စီးတာကို နှလုံးသားရှိတဲ့လူတွေက ထိုင်ကြည့်တတ်ကြပေမဲ့ လက်စားချေခြင်းကိုကျ ခါးခါးတူးတူး အဓိပ္ပါယ်ဖွင့်ဆိုကြတယ်။ ဂန္ဒီစကားက ဂန္ဒီလို အကြမ်းမဖက် အနုနည်းနဲ့တော်လှန်တဲ့ လူ၊ ထို့အတူ သူ့လိုလူတိုင်းအတွက် မှန်ပါတယ်။
သူတို့အမြင်မှာတော့ “ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပဲဆို မျက်စိမြင်ရသူတောင် ရှိမှာမဟုတ်ဘူး ” ဆိုတာမျိုးပဲလေ။ လူတိုင်းဟာ ဟစ်တလာလဲ မဟုတ်သလို၊ မာသာထရီဆာလဲ မဟုတ်နေပါဘူး။ ကိုယ် မခံရသရွေ့ ဒီဟာကြီးက နာကျင်မှုမဟုတ်ဘူးလို့တော့ ပြောရင် လွန်ရာကျတာပေါ့။
ဆုံးရှုံးသွားတဲ့အရာတွေအတွက်က ကျူးလွန်သူကိုယ်တိုင်ကတောင် ရာနှုန်းပြည့် မလျော်ပေးနိုင်တာကို ကြည့်ခြင်းအားဖြင့် “ လက်စားချေခြင်းဟာ လက်စားချေနိုင်လောက်အောင် ခံခဲ့ရသူအတွက်ဆို မှန်တဲ့လုပ်ရပ် ” လို့ပဲဆိုရမယ်။ ဥပဒေအရ မှားတယ်ဆိုတောင် ခံရသူ တစ်ယောက်တည်းအတွက်ကျ Desire for Justice ပဲ။
ဒါပေမဲ့ လက်စားချေတဲ့အခါ အင်မတန် သတိထားရမယ်။ ကိုယ့်အတပ်နဲ့ ကိုယ်မစူးဖို့ လိုတယ်။ ကိုယ် တူးလိုက်တဲ့ တွင်းထဲ ကိုယ့်ကိုယ်ကိုယ် ပြန်မမြှုပ်ဖို့ အရေးကြီးတယ်။ ပြီးရင် ပြစ်မှုနဲ့မတန်တဲ့ ပြစ်ဒဏ်ပြန်ပေးမယ်ဆိုလဲ ကိုယ်က သူ့ထက် ပိုယုတ်ညံ့စေနိုင်တယ်။ စနစ်တကျ မဖြစ်ရင် နှစ်ခါခံပဲ။
ကိုယ့်မှာ ခွင့်လွှတ်ဖို့ နှလုံးသား ပါလာပြီးသားဆိုရင်တော့ ခွင့်လွှတ်လိုက်တဲ့နည်းလမ်းက အကောင်းဆုံးနည်းလမ်းပဲ၊ ဒါပေမဲ့ လူတိုင်းကိုတော့ ခွင့်လွှတ်လိုက်၊ ပြေအေးလိုက်ဆိုတဲ့ တရားတော့ ဟောလို့မရဘူး။ လက်စားချေဖို့ အားပေးတာ မထင်ပါနဲ့။ ခံရတဲ့ “ ရေချိန် ” မတူဘူးဆိုတာ ပြောပြရုံပါ။
အနိုင်ယူချင်ရင်တော့ ပါရှန်း စစ်ဗိုလ်ချုပ်ကြီး ကာလ် ဗွန် ကလော့စ်ဝစ်ဇ် (Carl von Clausewitz) ပြောဖူးတာလေး မှတ်ထားပါ။ “To achieve victory, we must mass our forces at the hub of all power and movement — the enemy’s ‘center of gravity. ” - ရန်သူကို အနိုင်ပိုင်ချင်ရင် ကိုယ့်အားအင်ကို ရှိသမျှ အကုန် စု၊ ပြီးရင် ရန်သူ့ရဲ့အားနည်းတဲ့အပိုင်းကို တစ်ချက်တည်း ထုချလိုက် တဲ့။
Unity is what weak people do in order to survive. ဆိုတာလဲ ရှိတယ်။ အားနည်းတဲ့သူတွေကို ရှင်သန်စေနိုင်တဲ့ တစ်ခုတည်းသောနည်းက တစ်စုတစ်စည်းတည်း နေတတ်ခြင်း တဲ့။ သဘောက ကိုယ့်လို ခံစားရတဲ့သူတွေ ရှိနေတာမို့ သူတို့နဲ့အတူတူ ပြန်လည်ထိုးစစ်ဆင် အနိုင်ပိုင်းလိုက်လို့ ဆိုလိုတာ။ အဖြေက ရှင်းပါတယ်။
◾
တရားမျှတမှုမရှိလေလေ စိတ်ပိုင်းဆိုင်ရာထိခိုက်လေလေပဲ။ ကိုယ့်မှာတော့ စိတ်ရော လူရော ဒဏ်ရာဒဏ်ချက်တွေနဲ့ ခံစားရတာကတစ်မျိုး၊ နောက်တစ်ခါ ကိုယ့်ကို မတရားလုပ်တဲ့သူက အလုံးမလျော့ အရပ်မလျော့ ကောင်းစားနေ သာယာနေတာကို မြင်ရလို့ ဘာမှ မလုပ်နိုင် ဘယ်သူမှလဲ မကူ မကယ်ဘူးဆိုရင် ပိုလို့တောင် ခံရခက်ပါသေးတယ်။
လွယ်လွယ်ပြောရင် “ မသေနဲ့ လက်စားချေလိုက် ” ဆိုတဲ့ သဘောပဲ။
Ref:
1. ရတနာသိုက် (ရွှေဥဒေါင်း) - မူရင်း The Count of Monte Cristo
2. The Psychology of Revenge: A Complex and Multifaceted Human Phenomenon
3. Movie by Law Abiding Citizen
ဘုန်းမောင်ဦး
ဒီဇင်ဘာ ၅၊ ၂၀၂၅။

No comments:

Post a Comment