Wednesday, December 10, 2025

ရင့်ကျက်မှု

 လူတစ်ယောက်.. ရင့်ကျက်မှုရှိ မရှိဆိုတာကို ဘာနဲ့ ကြည့်လို့ရလဲဆိုရင် “ သူ့ဆီမှာ လက်ခံနိုင်စွမ်း ဘယ်လောက် ရှိလဲ ” ၊ အဲဒီ လက်သင့်ခံနိုင်တဲ့စိတ် - Acceptance နဲ့ကြည့်လို့ရတယ်။ လက်ခံနိုင်စွမ်း မရှိသေးရင်.. အစွန်းနှစ်ဖက်ကို ရောက်သွားတယ်။ တစ်နည်းအားဖြင့် မရင့်ကျက်သေးဘူးပေါ့။

ညာဘက်အစွန်းမှာဆိုရင် Aggressive ရှိမယ်။ ရန်လိုတာ၊ ရန်ထောင်တာ၊ စွာတာ၊ ခက်ထန်တာတွေ။ ဘယ်ဘက်မှာကျတော့ Passive ။ ခေါင်းငုံ့ခံနေမယ်.. ပြန်မချေပလိုက်ရလို့ ပြန်မလုပ်လိုက်ရလို့ တိတ်တိတ်လေး ကြေကွဲနေမယ်၊ စသဖြင့်။
ဒီလိုမျိုး ဘယ်ဆိုဘယ်၊ ညာဆိုညာ အစွန်းလေးထွက်သွားရင် mature မဖြစ်သေးဘူးပေါ့။ ရင့်ကျက်သူမှာကျတော့ လက်ခံနိုင်စွမ်းရှိလာတယ်။ အဲဒီအစွန်းနှစ်ဖက်ကို မထွက်တော့ဘဲ အလယ်မှာ သတ္တိရှိရှိ၊ ရပ်တည်ချက်ခိုင်ခိုင်မာမာ၊ ယုံကြည်မှုပြည့်ပြည့်ဝဝ၊ ရဲရဲဝံ့ဝံ့ ဖြစ်လာတယ် ဆိုရမယ်။
ဒါဖြင့် လူတစ်ယောက် Maturity ဖြစ်ဖို့ဆို ဘာတွေလိုမှာလဲ၊ အချိန်ဘယ်လောက် ရင်းရမှာလဲ၊ လက်ခံနိုင်စွမ်းရှိလာဖို့ ဘယ်လိုအခြေအနေတွေကို ကျော်ရမလဲ ဆိုတဲ့မေးခွန်းကပါ ရှိနေတယ်။
🔳
ဒီမေးခွန်းကို စိတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ Elisabeth Kubler-Ross (အဲလိဇဘတ် ခူဘလာရော့စ်) ရဲ့ သီအိုရီကို ကြည့်ပြီး ပြောပြချင်ပါတယ်။ သူ့သုံးသပ်ချက်မှာ လူတစ်ယောက် ရင့်ကျက်ဖို့ဆို အဆင့် (၅) ဆင့်ကို ဖြတ်ကိုဖြတ်ရမယ် တဲ့။
သူကတော့ The Five Stages of Grief Model လို့ပြောဖူးတယ်။ ❝ ပူဆွေးသောကဖြစ်တဲ့အခါတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ (၅) ဆင့် ❞ ပေါ့၊ လူတွေဟာ စိတ်မှာထိခိုက်စရာနဲ့ကြုံလာတဲ့အခါတိုင်းမှာ ဒီအဆင့်ကို ဖြတ်ကြရပါတယ်။
The Five Stages of Grief Model က ဘာတွေလဲဆိုရင် -
◾Denial (ငြင်းပယ်တာ)
◾Anger (ဒေါကန်တာ)
◾Bargaining (ဈေးကိုင် ညှိနှိုင်းတာ)
◾Depression (စိတ်ဓာတ်ကျတာ)
◾Acceptance (လက်သင့်ခံလိုက်တာ)
တမြတ်တနိုး စိတ်နှစ်ကိုယ်နှစ် သိပ်ချစ်ရတဲ့ ရည်းစားက ထားသွားတယ်။ နောက်တစ်ယောက်နောက်ပါသွားတယ်ဆိုပါစို့။ ပုံမှန်ဆို.. ဘယ်သူက ဒါမျိုး ဖြစ်မယ်လို့ ကြိုသိနေပါ့မလဲ။
သူနဲ့ပဲအဆုံးသတ်ထိ အတူရှိသွားမယ်ဆိုပြီး ယုံကြည်ထားတာကိုး၊ ဒီအခါ လူက မရတော့ဘူး။ မယုံနိုင်ဘူး၊ လက်မခံချင်ဘူး။ မဖြစ်နိုင်ဘူး၊ သူ ငါ့ကို.. သိပ်ချစ်နေခဲ့တာ၊ ငါ့ကိုပဲလက်ထပ်မယ်လို့ကတိပေးထားတာဆိုပြီး အခြေအနေကို ခေါင်းခါ ငြင်းနေတယ်။
ဒီကတဆင့် “ သေနာကောင်၊ မသာမ ” လို့ အစချီလာပြီး ဒီလောက် ချစ်ရတဲ့အထဲက ထားခဲ့တာကို မကျေမနပ်ဖြစ်ရင်း ဆဲမယ်၊ ဆိုမယ်။ “ ဝဋ်လည်ပါစေ ” လို့ ကျိန်ဆဲမယ်၊ ရွံသွားမယ်။ ဒါကျတော့ ဒုတိယအဆင့်။
တတိယအဆင့်မှာ ငါ့ကို သူသိပ်ချစ်ခဲ့တာ ဒါမျိုး မလုပ်ဘူး ငါ ချစ်တာ သူလဲသိတာပဲ၊ သူနဲ့ ပြန်ညှိကြည့်မယ် ပြောအုံးမယ်ဆိုပြီး ဖုန်းတွေဆက်၊ မက်ဆေ့ချ်တွေပို့၊ ပြန်လာအုံးမလားလို့ မျှော်လင့်တာကိုး။ တကယ်ဆို ဒါ.. ရအုံးမလားဆိုတဲ့စိတ်နဲ့ ညှိနှိုင်းတာ။
ညှိနှိုင်းလို့ မရတဲ့အဆင့်ကို ကျော်သွားတော့ နောက် လေးဆင့်မြောက်ကို ရောက်သွားတယ်။ သူ ပြန်မလာတော့ဘူးဆိုတာ သေချာနေ၊ ပြန်မနီးစပ်နိုင်တော့မှန်းကို သိသွားပြီမို့ စိတ်ဓာတ်တွေကျမယ်၊ ရင့်ဘတ်ထဲ.. ဖြေမဆည်နိုင်ဖြစ်မယ်၊ အအိပ်ပျက် အစားပျက်မယ်။
စိတ်ဓာတ်ကျတဲ့အဆင့်.. ကျော်သွားရင်တော့ နောက်ဆုံးဖြစ်တဲ့ လက်ခံတဲ့အဆင့်ကို ရောက်သွားပါတယ်။ သူနဲ့ဒီဘဝမှာတော့ ဘယ်လိုမှ ပြန်မဆုံနိုင်တော့ဘူးဆိုတဲ့အသိကို ခေါင်းထဲမှာ အလိုလို.. လက်ခံပြီးသားဖြစ်သွားတယ်။ သူ အဆင်ပြေပါစေ ပေါ့။
🔳
အသည်းကွဲတဲ့ လူတစ်ယောက်ရဲ့ရှုထောင့်ကနေ ရေးတာထားတာမှန်ပေမဲ့ တခြားစိတ်မချမ်းသာစရာ၊ စိတ်ထိခိုက်စရာ၊ ဝမ်းနည်းပူဆွေစရာတွေမှာလည်း ဒီအဆင့်ကို ဖြတ်ကြရတယ်။
ဆိုပါစို့ မိသားစုထဲ တစ်ယောက်​ယောက် ဆုံးပါးသွားတာ၊ စီးပွားပျက်သွားတာ၊ ကိုယ့်ကလေး အသေလေး မွေးလာတာ၊ စာပုံမှန်လုပ်ပါရဲ့ ရှုံးသွားတာ၊ မရည်ရွယ်ဘဲ ကလေးရသွားတာ၊ အလုပ်ထုတ်ခံရတာ၊ စသဖြင့် အခြေအနေက အမျိုးမျိုးဖြစ်နိုင်တယ်။
အခြေအနေမတူပေမဲ့ စိတ်ထဲမှာ ရေလှိုင်းတွေလို ပွက်ခနဲဖြစ်သွားတာတွေ အတူတူပဲ။ တချို့ ဒီငါးဆင့်လုံး ကျော်ဖူးတယ်၊ တချို့ ဒေါသထွက်တဲ့အဆင့်နဲ့ပဲ စိတ်မှာလောင်နေရတယ်။ တစ်ယောက်နဲ့တစ်ယောက်က တုံ့ပြန်ပုံ မတူဘူးလို့ပြောရမယ်။
စိတ်ရဲ့သဘောကိုယ်တိုင်က ဒီအခြေအနေကို လက်ခံပြီးမှ နောက်အ​ခြေအနေကို ထပ်ကူးလို့ရတာ။ ဒါဖြင့် စိတ်ဟာ ဘာနဲ့အလားသဏ္ဍာန် တူသလဲဆိုရင် White Board တစ်ချပ်နဲ့ ဆင်တူတယ်။
နဂိုဆို အဖြူပဲ။ အနီအသုတ်ခံရတော့ နီသွားတယ်၊ အပြာလေး သုတ်လိုက်တော့.. ပြာသွားတယ်၊ အဝါလေး ခြယ်မိတော့ ဝါသွားပြန်ရော။ သဘောက အပြာတို့ အနီတို့ အဝါတို့ဆိုတာက စိတ်ခံစားမှုဖြစ်စေတဲ့.. ပျော်စရာ၊ လွမ်းစရာ၊ ငိုစရာ၊ နာကျင်စရာ၊ ဒေါသထွက်စရာ၊ တပ်မက်စရာတွေကို ပြောတာပါ။
ဆိုတော့ ကိုယ့်မှာ လက်ခံနိုင်စွမ်းက အားကောင်းနေလို့ရှိရင် အနည်းနဲ့အများ တဖြည်းဖြည်း ရင့်ကျက်လာပြီလို့ ဆိုနိုင်တယ်။
🔳
စဉ်းစားကြည့်တော့ Motivation ဖြစ်စေတဲ့ စာတွေ ဖတ်ပြီး ဘာလို့ အများစုက စိတ်မထားတတ်သလဲဆိုရင် အခုပြောတဲ့ Grief model ရဲ့သဘောတရားကို မသိထားသေးလို့ပဲ ဖြစ်လောက်မယ်။
အဲ့လိုစာတွေ ဖတ်ဖတ်ချင်းတော့ စိတ်ခွန်အားတွေ ပြည့်ဝနေမယ်၊ တက်ကြွနေမယ်၊ အကောင်းမြင်စိတ် နိုးကြားနေမယ်၊ ဒါပေမဲ့ တကယ့်စိတ်ထိခိုက်ကြေကွဲစရာနဲ့ ကြုံလာရတဲ့အခါကျတော့.. မိုတီတွေက အလုပ်မဖြစ်ဘူးဆိုတာ သိလာတယ်။
ဖတ်ဖတ်ချင်း ခဏပဲ၊ မဟာဗန္ဓုလဖြစ်လိုက်၊ တာဝသိံသာနတ်ပြည်ကို ဒူးနဲ့တက်ဆောင့်ချင်လိုက်နဲ့။ အဲဒီ မိုတီဗေးရှန်းက ရေရှည်လည်း မခံဘူး၊ စိတ်ထဲမှာလည်း စွဲမှတ်မနေဘူး။ အခု Grief model ကတော့ လုံးဝ ရိုးရှင်းတယ်။ ပိုပြီး သဘာဝကျတယ်။
ဒါဖြင့် လက်ခံနိုင်စွမ်း မြင့်မားနေဖို့ ဘာလိုအပ်လဲလို့ဆိုရင် မျှော်လင့်တာတွေကို လျှော့ရမယ်။ အကုန်လုံးက ကိုယ်စီမံသလို၊ ပလန်ချထားသလို၊ ရည်ရွယ်ထားသလို ဖြစ်ချင်မှ ဖြစ်တာ။
ဖြစ်လာရင်လည်း ငြိမ်ငြိမ်လေး နေတတ်ဖို့လိုသလို မဖြစ်ခဲ့ရင်လည်း ငြိမ့်ငြိမ့်ကလေး ကိုယ့်စိတ်ကိုယ်ဖြေသိမ့်နေဖို့ ပဲ လိုပါတယ်။ ရေတို ပလန်ထားတာကိစ္စမရှိပေမဲ့ ရေရှည်ကို အတွေးလွန်ပြီဆိုတာနဲ့ လက်ခံနိုင်စွမ်းတွေက ကျသွားတတ်တယ်။
နောက်ပြီး ကိုယ် Control လုပ်လို့ရတဲ့အရာတွေကို လုပ်ထားလို့ရတယ်၊ တစ်နည်းအားဖြင့် ရေတိုပလန်သေးသေးလေးတွေ၊ ဥပမာ စာမေးပွဲရလဒ်ကို ကိုယ်ထိန်းထားလို့မရဘူး၊ ဒါပေမဲ့ လက်ရှိမှာ စာပုံမှန်လုပ်နေဖို့လိုတယ်။ ချစ်တဲ့သူနဲ့ ကွဲမှာကို ထိန်းထားလို့ မရဘူး။ ဒါပေမဲ့ အတူတူရှိနေချိန်မှာ မရှိမှနောင်တရတာမျိုးမဖြစ်အောင် အကောင်းဆုံး ချစ်လို့ရတယ်။
ကျန်တာတွေ အများကြီးရှိမှာပေါ့လေ.. စာရှည်သွားမှာစိုးလို့ ထားခဲ့တော့မယ်။ ပြောမယ်သာပြောတာ လူထဲကလူပဲမလို့ တော်ရုံလက်ခံနိုင်ဖို့ဆိုတာ ထင်သလောက်လွယ်မနေပါဘူး။ ကိုယ့်စိတ် ကိုယ်သာအသိဆုံး။ ဒီလိုကာလမျိုးမှာဆို စိတ်ပင်ပန်းဖို့ကလည်း လွယ်လွယ်လေး။
သူငယ်ချင်းတွေ အဝေးရောက်ကုန်ပြီ၊ စစ်တလင်းဖြစ်နေတဲ့ ဇာတိကို.. ထားခဲ့ရတယ်၊ မိသားစုဆီ လွမ်းနေရတယ်၊ အရာရာ ကျပ်တည်းလာတယ်၊ အသုံးစရိတ်တွေ ကြီးလာတယ်။ အကုန် စိတ်ပင်ပန်းစရာကြီး၊ Grief တွေချည်းပါပဲ။
ဒါပေမဲ့ ကျိန်းသေတာတစ်ခုက Grief model ကို သိထားပြီး နောက်ဆုံး Stage ဖြစ်တဲ့ လက်ခံနိုင်ခြင်းအဆင့်အထိ စိတ်ထားတတ်ရင်.. စိတ်အဆင်မပြေစရာနဲ့ ကြုံလာတိုင်းမှာ အတိုင်းအဆမရှိ စိတ်နှစ်ပူဆွေးနေမယ့်အစား အနည်းနဲ့အများ ရင့်ကျက်လာမယ်လို့ ယုံကြည်ပါတယ်။
ဘုန်းမောင်ဦး
နိုဝင်ဘာ ၂၇၊ ၂၀၂၄။

No comments:

Post a Comment