တကယ်ပြောတာ၊ ကျတော်တို့ဘဝမှာ ပျင်းဖို့ကောင်းတဲ့ အချိန်ဆိုတာ လိုတယ်။ အားလုံးက "ပျင်း" ရမှာကို သေလောက်အောင် ကြောက်တဲ့ခေတ်ကို ရောက်လာကြတော့ကာ_ ဘတ်စ်ကားစောင့်ရင်း၊ ဓာတ်လှေကားစီးရင်း၊ ထမင်းစားရင်း စက္ကန့်ပိုင်းလေး အားတာနဲ့ကို ဖုန်းကို အလိုလို ကောက်ကိုင်မိနေကြတာ အတော်ကြာခဲ့ကြပါပြီ။ ကျွန်တော်တို့ရဲ့ ဒီအကျင့်က "အချိန်ကုန်တာ" ထက် ပိုဆိုးတဲ့အရာတစ်ခုကို ဖြစ်စေတယ်။ အဲဒါကတော့ "ဖန်တီးနိုင်စွမ်း (Creativity) ကို ကျဆင်းစေတဲ့ တချက်ပါပဲ။
ဘာကြောင့်လဲဆိုတော့ ဦးနှောက်ရဲ့ "Default Mode" ကို အလှည့်မပေးရာကနေ စပါတယ်။ ကျတော်တို့ ဘာမှမလုပ်ဘဲ၊ ဖုန်းမကြည့်ဘဲ၊ သီချင်းမနားထောင်ဘဲ ငြီးငွေ့နေတဲ့အချိန် (Boredom stage) ကိုရောက်မှသာ ဦးနှောက်က "Default Mode Network (DMN)" ဆိုတာကို စတင်လည်ပတ်ပါတယ်။ ဒီ Mode က ကွန်ပျူတာ Background Process နဲ့ တူပါတယ်။ သူက ကိုယ့်အကြောင်းကိုယ် ပြန်သုံးသပ်တယ်။ ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းရှာတယ်။ မတူညီတဲ့ Idea တွေကို ချိတ်ဆက်ပေးတယ်၊ ဘဝရဲ့အဓိပ္ပါယ်၊ ရှင်သန်ရခြင်း ရည်ရွယ်ချက် စတာတွေကို တွေးခေါ်ဖို့ အချိန်ပြန်ပေးတယ်။ ဒါပေမဲ့ ဖုန်းပွတ်နေတဲ့အချိန်မှာ ဦးနှောက်က သတင်းအချက်အလက် (Input) တွေကိုပဲ ဒိုင်ခံ လက်ခံနေရလို့ ကိုယ်ပိုင်အတွေး (Process) လုပ်ဖို့ အချိန်လုံးဝမရတော့ဘူး။ ဦးနှောက်က အမြဲတမ်း "On Air" ဖြစ်နေပြီး မနားရသလို ဖြစ်နေတာပါ။ ဒါကြောင့် ခဗျားတို့ အတွေးတွေပေါ်လာတဲ့ တချိန်တော့ ရှိတတ်တယ်။ ဘယ်အချိန်လဲဆိုတော့ ရေချိုးတဲ့အချိန်ပဲ။ အဲ့အချိန်မှ ကျတော်တို့ ဦးနှောက်အလုပ်လုပ်တာ ရပ်တော့မှ အကုန် အတွေးတွေ ပေါက်လာတာ ဖြစ်ပါတယ်။ အိပ်ခါနီး အတွေးတွေ ဝဲလာတော့မှ တခုခုထသတိရတာမျိုးကလဲ ဒီသဘောပါပဲ။ကျတော်တို့ ၉၀ ဖွားတွေဆိုရင် ငယ်စဉ်က ပျင်းဖို့ ငြီးငွေ့ဖို့ အချိန်ကောင်းကောင်း ရခဲ့ကြပါတယ်။ အဲ့လို အချိန်နေရာမှာ ဖုန်းရယ်လို့တော့ မဟုတ်ပေမဲ့ ဦးနှောက်ကတဆင့် မျက်လုံးနဲ့ နားနဲ့မခွာနိင်လောက်အောင် ဖော်ဖြေရေးတွေ အားကောင်းလာတဲ့အခါမှာတော့ ဦးနှောက်မှာ ငြီးငွေ့ဖို့အချိန် နည်းလာပြီး ဖန်တီးနိုင်မှုမှာ အနည်းနဲ့အများ ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်က ဦးနှောက်ကို ငြီးငွေ့မခံတာက အကျိုးမြတ်ရတဲ့ အလုပ်၊ စီပွားရေး၊ ပညာရေးတို့ဆို ထား... social media လိုမျိုးမှာဆိုရင်တော့ မသုံးပဲ ငြီးေငွ့ နေလိုက်တာက ပိုအကျိုးရှိတဲ့ပုံပါပဲ။ Dopamine trap လို့လဲ ခေါ်လို့ ရတယ်၊ TikTok/Facebook Algorithm တွေက ကျွန်တော်တို့ ပျင်းခွင့်မရအောင်၊ စဉ်းစားခွင့်မရအောင် Dopamine (ပျော်ရွှင်စေတဲ့ ဟော်မုန်း) တွေကို တစ်စက်ချင်းစီ အမြဲပေးပြီး ဆွဲထားပါတယ်။ ဒါကြောင့် ဖုန်းချလိုက်တာနဲ့ ဟာတာတာကြီး ဖြစ်ပြီး ချက်ချင်း ပြန်ကောက်ကိုင်မိနေတာပါ။ အဲ့ရဲ့အကျိုးဆက်က အာရုံစိုက်ချိန်တိုတောင်းလာတာ၊ ဖုန်းမရှိရင် မနေနိုင်ပဲ ွစိထနေတာမျိုးထိ ဖြစ်လာပါတယ်။
J.K. Rowling က ရထားပျက်လို့ ထိုင်စောင့်ရင်း ပျင်းရိငြီးငွေ့နေတဲ့အချိန်မှာမှ Harry Potter ဇာတ်ကောင်ကို စိတ်ကူးပေါက်ခဲ့တာပါ။ Sir Isaac Newton က ၁၆၆၅ ခုနှစ် Great Plague ကပ်ရောဂါဖြစ်တော့ ကန်းဘရိတ်တက္ကသိုလ်လဲ ပိတ်တာနဲ့ အိမ်မှာ လနဲ့ချီ ငြီးငွေ့နေတဲ့အချိန်မှာမှ Gravity နဲ့ Calculus တွေ၊ ရောင်စဉ် ၇ သွယ်တွေကို စဖော်ထုတ်နိုင်ခဲ့တာပါ။
ဖုန်းစာအုပ် ဖတ်ခိုင်းတဲ့ စမ်းသပ်ချက် တခုလဲရှိတယ်။ UCLan က စမ်းသပ်ချက်တစ်ခုမှာ လူတစ်စုကို ဖုန်းစာအုပ်ထဲက နံပါတ်တွေကို ဒီတိုင်းကူးရေးခိုင်းတယ်။ အတော်တော့ ပျင်းဖို့ကောင်းတယ်။ ပြီးတော့မှ ပလပ်စတစ်ခွက်တစ်ခွက်ကို ဘယ်လိုပုံစံမျိုးစုံ သုံးလို့ရမလဲ စဉ်းစားခိုင်းတဲ့အခါ... ပျင်းစရာအလုပ် လုပ်ထားရတဲ့သူတွေက သာမန်လူတွေထက် Idea အဆန်းတွေ ပိုထွက်လာတာ တွေ့ရပါသတဲ့။
ဒါကြောင့်... "ငြီးငွေ့တယ်၊ ပျင်းတယ်" တယ်ဆိုတာ မကောင်းတဲ့အရာတော့လဲ မဟုတ်ပါဘူး။ တစ်နေ့ကို ၁၅ မိနစ်လောက်ပဲဖြစ်ဖြစ် ဖုန်းကို စားပွဲပေါ်မှောက်ထားပြီး တမင်သက်သက် "ငြီးငွေ့" ကြည့်လိုက်ရင်ဖြင့် လိုအပ်နေတဲ့ ဖန်တီးမှုစကေးလေးတွေ ပိုရကောင်း ရလာနိုုင်ပါတယ်။ ပြတင်းပေါက်ကို ငေးမယ်၊ လမ်းလျှောက်မယ်၊ ဒါမှမဟုတ် ဆိုဖာပေါ်မှာ ဒီတိုင်း ထိုင်နေကြည့်မယ်၊ အဲ့လိုအချိန်မရရင်တောင် ဘာမှမကြည့်၊ မသုံးပဲ လမ်းကြာကြာလျှောက်ရင်း၊ ကားပေါ်စီးရင်း၊ waiting room တခုခုမှာ ထိုင်စောင့်ရင်း အဲ့ဒီ "ငြီးငွေ့စရာ အချိန်" တွေကနေ သင့်ဘဝအတွက် အဖိုးတန်လေးတွေ စတင်ရလာနိုင်ပါတယ်။
The boredom doesn't create genius, but that unstructured time allows the subconscious mind to work on problems without constant external stimulation competing for attention.
#boredom, #break #creativity #doomscrolling #defaultmodenetwork
ပုံ- ငြီးငွေ့ဖွယ်ကောင်းပေမဲ့ စိတ်အနားရသော လာအို-ထိုင်းနယ်စပ် (စဗနာခတ်)
No comments:
Post a Comment