“မင်းက သဘောကောင်းလွန်းအားကြီးတယ်…”
“နင်က ညှိနှိုင်းလို့ လွယ်လွန်းအားကြီးတယ်…”
အဲ့ဒါတွေက အဲ့လောက်ကြီး ပျော်စရာ ကောင်းတဲ့ စကားလုံးတွေ မဟုတ်ပါဘူး။
ဒီ comment တွေက ကိုယ့်ရဲ့ လူမှုဆက်ဆံရေးမှာ error နည်းနည်းပါနေတယ် ဆိုတဲ့ သင်္ကေတ မျိူးလည်း ဖြစ်နေနိုင်တယ်…။
ဥပမာ -
သူများက ကိုယ့်ကို ဣန္ဒြေ ပျက် လောက်တဲ့ထိ လွန်လွန်ကျူးကျူး စနောက်တာ၊ လှောင်တာ၊ ကိုယ့်ဘဝနဲ့ ပတ်သတ်တဲ့ အရာတွေကို ဟာသ လုပ်တဲ့အခါမှာ… ကိုယ်ပါ လိုက်ပြီး ရယ် ပစ်လိုက်တာမျိူး။
ကိုယ့်မှာ အရေးကြီး ကိစ္စရှိနေပေမယ့် တစ်ဖက်လူက ဟိုသွားရအောင်၊ ဒီသွားရအောင် လို့ ခေါ်လိုက်တာနဲ့ ရှိသမျှ အလုပ်တွေ ပစ်ပြီး သူ့အတွက် အဆင်သင့် ဖြစ်ပေးနေတာမျိူး။
ကိုယ့်အမှားလည်း မဟုတ်ဘဲနဲ့ ပြဿနာဖြစ်တိုင်း နားအေးရင်ပြီးရော Sorry ပါကွာ… ငါမှားတာပါ … လို့ အရင် တောင်းပန်လိုက်တာမျိူး။
ဒါတွေက သဘောထားကြီးတယ် လို့ ထင်ယောင်ထင်မှား ဖြစ်ရပေမယ့်… တကယ်တမ်းကျ မဟုတ်နေဘူး…။
ပွင့်လင်းအောင် ပြောရရင် အဲ့ဒါ လူကောင်းရောဂါ (People Pleaser Syndrome) စွဲကပ်နေတာ…။
ပြဿနာကို မရင်ဆိုင်ရဲတာ… phinတုန်တာ… ကြောက်တာ။
တစ်ကြိမ် မဟုတ်၊ နှစ်ကြိမ်မဟုတ်၊ သုံးကြိမ်လည်း မဟုတ်… အကြိမ်ကြိမ် အနစ်နာခံပါ များလာရင် တစ်ဖက်သားရဲ့ အမြင်မှာ…
“ဒီကောင်က အားနာစရာ မလိုပါဘူးကွာ…”
“ဒီကောင် ငါပြောရင် ဘာမဆိုလုပ်တဲ့ကောင်…” လို့ သတ်မှတ်ပြီး အချိန်မရွေး ကိုယ့်ခေါင်းပေါ်၊ ကိုယ့်ဂုတ်ပေါ်ကနေ ကျော်ခွ သွားဖို့ ကြိုးစားကြလိမ့်မယ်…။
ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်တဲ့လူတွေက - လိုအပ်လာရင် “ပြဿနာတစ်ခုကို ရင်ဆိုင်ရဲတယ်” ဆိုတဲ့ sign တစ်ခုခု ပြလေ့ရှိတယ်…။
တစ်ကြိမ် နှစ်ကြိမ် ခွင့်လွှတ်နိုင်ပေမယ့်… အကြိမ်ကြိမ်တော့ အဆုံးအရှူံးမခံဘူး။
ပြန် response လုပ်တယ်… မကြိုက်ရင် မကြိုက်ကြောင်း ပွင့်လင်းယဉ်ကျေးစွာ ပြောပြရမယ်။
အမြဲတမ်း ငြိမ်ခံနေတိုင်း ကြင်နာတာ၊ အနစ်နာခံတာ မဟုတ်ဘူး။
ကြင်နာတတ်တယ်၊ အနစ်နာခံတယ် ဆိုတဲ့ စကားတွေမှာ Limit ရှိတယ်…။
ကြင်နာတတ်တယ် ဆိုတာ… ကိုယ့်မှာ အစွမ်းအစ ရှိလို့ သူတပါးကို ကူညီပေးတာ…။ Choice ရှိတယ်…။ “ငါကူညီချင်လို့၊ သူအဆင်ပြေစေချင်လို့ ကူညီတယ်…” ဆိုတဲ့ ခံယူချက်မျိူး…။
“လူကောင်း ရောဂါ” ကျတော့… Fear ကို အခြေခံတယ်…။ သူများငြိုငြင်မှာ ကြောက်လို့၊ အားနာလို့ ခေါင်းငြိမ့်ပေးလိုက်ရတာ၊ မတတ်သာလို့ ခံလိုက်ရတာ၊ “NO” လို့ မငြင်းရဲတာ။
ဘဝကြီးမှာ အမြဲတမ်း လူကောင်းဖြစ်စရာ မလိုဘူး။ တချိူ့နေရာတွေမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အတွက် လူကောင်း ဆိုတာထက်… စစ်မှန်တဲ့ “လူမှန်” တစ်ယောက် ဖြစ်ဖို့လိုတယ်…။
ကိုယ့်အတွက် အဆင်မပြေစေတဲ့ လူမှုဆက်ဆံရေးမှန်သမျှမှာ… “No ပါ…”… “စိတ်မရှိပါနဲ့…” ဆိုတဲ့ စကားတွေကို ရဲရဲကြီး ပြောထွက်ဖို့ လိုပါတယ်…။
ဒါဟာ ဘယ်သူဘာပြောပြော No လို့ ငြင်းပြီး တမင်တကာ စိတ်ထား ညစ်ပတ်နေတာမဟုတ်ဘူး။
ကိုယ့်မှာလည်း ကိုယ့်ကိစ္စနဲ့ ကိုယ်၊ ကိုယ့်အခြေအနေနဲ့ကိုယ်မို့လို့ “မလုပ်ချင်တဲ့အရာကို မလုပ်ပါရစေနဲ့” ဆိုတဲ့ ခံယူချက်မျိူး၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်တဲ့ စိတ်ထားမျိူး ဖြစ်ပါတယ်…။
ကိုယ့်ကိုယ်ကိုယ်မှ Defense မလုပ်နိုင်ရင် တစ်ဖက်လူအမြင်မှာလည်း ကိုယ်ဟာ တန်ဖိုးမဲ့တယ်…။
အိမ်တံခါးဝမှာ ထားတဲ့ ခြေသုတ်ခုံကို “ခဏလောက် နင်းမယ်နော် … ဆောရီးပါနော်…” လို့ ဘယ်သူမှ တကူးတက မပြောဘူး။ နင်းခံရပါများလို့ ဘယ်သူမှ ကျေးဇူးတင်ပြီး ဖက်မနမ်းဘူး။ သနားလည်း သနားနေမှာ မဟုတ်ဘူး။ ခြေသုတ်ခုံဟာ ခြေသုတ်ခုံရဲ့ အဆင့်ပဲ။
အလွန်ဆုံး ချီးကျူးခံရလှ… “ဒီခြေသုတ်ခုံက ခြေသုတ်လို့ ကောင်းလိုက်တာကွာ…” ဆိုရုံလောက်ပဲ ထွက်လာမှာ…။
ကျွန်တော်တို့ အဲ့ဒါမျိူး ဖြစ်မသွားဖို့ လိုတယ်…။
ကိုယ်က အားနာပြီး အရာရာ လိုက်လျောပေးနေရင် လူတွေက ကိုယ့်ကို “လူကောင်း” လို့ မြင်မှာထက်… “အသုံးချလို့ ကောင်းတဲ့ လူ” လို့ပဲ မြင်လိမ့်မယ်…။
ကိုယ့်ရဲ့ အရေးပါတဲ့ ကိစ္စထက်၊ သူများရဲ့ အရေးမပါတဲ့ ကိစ္စတွေကို အချိန်လိုက်ပေးနေလေလေ… ကိုယ့်ရဲ့ attraction တွေ လျော့ကျပြီး တန်ဖိုးနည်း လာလေလေပဲ။
တချိူ့ အခြေအနေလေးတွေမှာ -
“မင်းအတွက် ငါ့အချိန်တွေကို အပိုင်ပေးထားတာ မဟုတ်ဘူး” ဆိုတဲ့ message ကို ရိုင်းစိုင်းစရာ မလိုဘဲ ပါးပါးလေး ပေးနိုင်ဖို့ လိုတယ်…။
ဒါ ဈေးကိုင်တာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်ခြင်း (Self-Care) ရဲ့ အခြေခံအကျဆုံး အချက်ပါ။
စိန်တွေ ဘာကြောင့် တန်ဖိုးရှိလဲ၊ ရွှေကို ဘာကြောင့် တန်ဖိုးထားသလဲ…။ အိမ်ရှေ့မှာ ကျင်းတစ်ကျင်း ထ တူး ရုံ နဲ့ လွယ်လွယ်ရှာလို့ မရလို့ပါပဲ။
Social Media မှာတောင်…. သူစိမ်းတစ်ယောက်က ကိုယ် စကားပြောချင်လို့ သွားပြောတဲ့အခါတိုင်း ချက်ချင်းတန်းပြီး seen ဖြစ်ပေးတဲ့လူနဲ့… သူ့အလုပ်ချိန်ပြီးမှ အေးအေးဆေးဆေး reply ပြန်တတ်တဲ့သူ နှစ်ယောက်ယှဉ်လာရင် ဘယ်သူ့ကို တန်ဖိုးထားမိသလဲ?
လူ့စိတ်က အလွယ်ရတဲ့အရာတွေကို တန်ဖိုးမထားဘူး။ ပေါပေါပဲပဲ လို့ သတ်မှတ်တယ်…။
ဆိုင် တစ်ဆိုင်ကို မြင်ယောင်ကြည့်ပါ…။
“ကြိုက်တဲ့လူ ဝင်လာ၊ လိုချင်တာ အကုန် ယူသွား ပိုက်ဆံပေးဖို့ မလိုဘူး…” ဆိုပြီး ဖွင့်ထားတဲ့ ဆိုင်မှာ လူတွေ တိုးဝှေ့နေလိမ့်မယ်…။ အထဲဝင်သွားပြီး ပျော်ပျော်ကြီး ပြန်ထွက်လာလိမ့်မယ်…။
ဒါပေမယ့် အဲ့ဆိုင်ကို ဘယ်သူကမှ High Class လို့ သတ်မှတ်မှာမဟုတ်ဘူး။ တိုးကြိတ်ပြီး လိုချင်တာတွေ ယူလွန်းလို့ ဆိုင်ထဲက ပစ္စည်းတွေတောင် ထိမိ ခိုက်မိ၊ အဆုံးအရှူံး ဖြစ် သွားနိုင်သေးတယ်…။
VIP Card ရှိမှ၊ Dress Code တစ်ခုနဲ့ လာမှ ပေးဝင်တဲ့ ဆိုင်မျိူး၊ လာချင်ရင် ဆိုင်ကို appointment ကြိုတင်ရမယ်… ဆိုတဲ့ ဆိုင်မျိူးကျတော့ လူတွေက အတင်းဝင်ကြည့်ချင်တယ်၊ စိတ်ဝင်စားတယ်…၊ ဆွဲဆောင်မှု ရှိတယ်…၊ အဲ့နေရာကို ရောက်ပြီးရင်လည်း နည်းနည်းမဆိုတော့ ဂုဏ်ယူကြတယ်…။
လူကောင်းဖြစ်ရုံနဲ့ တန်ဖိုးမရှိပါဘူး။
တန်ဖိုးရှိတဲ့လူ ဖြစ်အောင်နေမှ တန်ဖိုးရှိတာပါ။
လူတွေအတွက် ကိုယ့်ရဲ့ တံခါးကြီးကို အမြဲဖွင့်ပေးထားနေရင်… ကိုယ်က ဝင်ကြေးမရှိတဲ့ ပန်းခြံလို အမှိုက်သရိုက်တွေနဲ့ ပြည့်နေလိမ့်မယ်…။
လိုအပ်တဲ့အချိန်မှာ တံခါး ပိတ်ထားရဲမှ… လူတိုင်း ဝင်ကြည့်ချင်စိတ်ဖြစ်တဲ့ ပြတိုက်လို တန်ဖိုး ရှိလာမှာ…။
ဒီ Logic က - မိသားစုဝင်အချင်းချင်း၊ ကိုယ်နဲ့ ရင်းနှီးပြီးသားလူအချင်းချင်း ပေါင်းသင်းဆက်ဆံရေးမှာ… “ငါဟာ တန်ဖိုးရှိ လူသား” ဆိုတဲ့ အထာဖမ်းပြီး ဈေးကိုင်နေဖို့ မဟုတ်ဘူး…။
ကိုယ့်ရဲ့ ရပ်တည်ချက်တစ်ခုဟာ ဘယ်သူ့အတွက်နဲ့မှ မပြောင်းလဲကြောင်း၊
ကိုယ့်ရဲ့ အရေးကြီးတဲ့အချိန်တွေဆိုတာ တစ်ဖက်လူရဲ့ စကားတစ်ခွန်းနောက်မှာ ပါသွားမှာ မဟုတ်ကြောင်း၊
သူစိမ်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ကိုယ်ဟာ ဈေးမပေါကြောင်း၊ ကိုယ့်ကိုယ်ကိုယ် defense လုပ် (ကာကွယ်) တတ်ကြောင်း၊ လူပေါတစ်ယောက် ဟုတ်မနေဘူး ဆိုတာကို တစ်ဖက်လူအနေနဲ့ သိသွားစေဖို့ ဖြစ်ပါတယ်…။
Telegram Channel:
Minn Khent (PYAY)
9th December 2025
Tuesday at 9:00pm
No comments:
Post a Comment