Friday, December 26, 2025

Frequency

 လူ​တွေမှာလည်း ဖရီကွင်စီရှိပါတယ်။

အဆင့်မြင့်ခြင်း နိမ့်ချင်း
​ကောင်းခြင်း ဆိုးခြင်း
ယုတ်ခြင်း မြတ်ခြင်း
ကို ဆိုလိုတာ မဟုတ်ဘူး။
အသိ နဲ့ ခံစားမှု ဖရီကွင်စီ ညီမှ ချိတ်မိမှ
တဖက်က ​ပို့​ပေးတဲ့ (​ပြောချင်၊ ဆိုလိုချင်တဲ့) ဟာကို
တဖက်က ပြန်လည် ဖမ်းယူ သိရှိနားလည်း ခံစား နိုင်တာမျိုးကို ဆိုလိုတာ။
ဖရီကွင်စီ မတူရင် မညီရင် ညှိမရရင် ကိုယ်​ပြောတာ သူနားမလည် သလို သူ​ပြောတာလည်း ကိုယ်နားမလည်ဘူး။
ဖရီကွင်စီတိုင်းကို သိရှိ ခံစား နားလည်းနိုင်သူ​တော့ ရှိတယ်။
သူက​တော့ အလုံးစုံကို ထိုးထွင်းသိမြင် ဆင်ခြင်နိုင်တဲ့ ဗုဒ္ဓဘုရားပါပဲ။
ကိုယ်​ပြောတာ သူလက်မခံလို့လည်း စိတ်မဆိုး စိတ်မပျက် နဲ့ သူ နဲ့ ကိုယ် နဲ့ ဖရီကွင်စီ မတူကြဘူး လို့သာ သိလိုက်ပါ။
သူ​ပြောတာ ကိုယ်လက်မခံနိုင်လို့လည်း စိတ်မ​လေနဲ့။
ဘဝမှာ အချိန်အခါ ​အ​ခြေအ​နေ ​ပေါ်မူတည်ပြီး ဖရီကွင်စီကလည်း အ​ပြောင်းအလဲရှိတယ်၊ တူချင်တဲ့ အချိန် တူသွားနိုင်ပြီး၊ ကွဲချင်တဲ့ အခါလည်း ကွဲသွားနိုင်တယ်။
သူ နဲ့ ကိုယ် အဆင့် နိမ့်ခြင်း မြင့်ခြင်း ​ကောင်းခြင်း ဆိုးခြင်း ယုတ်ခြင်း မြတ်ခြင်း ​တွေ စဥ်းစား ထည့်တွက် မ​နေပါ နဲ့ ဖရီကွင်စီ မတူလို့ ​ပေါင်းမရတာ လို့သာ မှတ်ယူလိုက်တာ​​ပေါ့။
ဖရီကွင်စီ တူချိန်မှာ ဖမ်းယူရရှိတဲ့ ခံစားသိရှိမှု​တွေကို ဖရီကွင်စီမတူချိန်မှာ ခွင့်လွှတ်နားလည်၊ စာနာတတ်ဖို့ သုံးလို့ရရင် သုံးနိုင်ရင် ပိုအဆင်​ပြေတာ​ပေါ့။ 

Wednesday, December 24, 2025

ပရိုတင်းများလွန်းလျှင် အန္တရာယ်ပေးနိုင်သကဲ့သို့နည်းလွန်းလျှင်လည်း ယင်းကပေးသော အကျိုးကျေးဇူးများကို မရ

 ခန္ဓာကိုယ်ရှိ ဆဲလ်အသီးသီးကို တည်ဆောက်ဖြစ်ပေါ်စေခြင်း၊ ယင်းတို့ကို တတ်နိုင်သမျှ တာရှည် တည်တံ့အောင် ထိန်းသိမ်းခြင်း၊ ထိခိုက်ပျက်စီးလျှင် ပြန်လည်တည်ဆောက် ပြည့်ဖြိုးစေခြင်းတို့အတွက် ပရိုတင်းပါသောအစားအစာတို့ကို စားသောက်ရသည်။ ပရိုတင်းကို အသား ငါး ဥ နို့တို့မှအပြင် ပဲအမျိုးမျိုး၊ အစေ့အဆံ၊ ထောပတ်သီး၊ အာလူးစသည်တို့မှလည်း ရနိုင်သည်။

ပရိုတင်းကို အမိုင်နိုအက်စစ်အမျိုးပေါင်း ၂၀ ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ အမိုင်နိုအက်စစ် အများအပြားကို ခန္ဓာကိုယ်က ဓာတ်ပြုထုတ်လုပ်နိုင်သော်လည်း ကိုးမျိုးကိုမူ ခန္ဓာကိုယ်က မထုတ်လုပ်နိုင်ဘဲ အစားအသောက်များမှသာ ရနိုင်သဖြင့် အဆိုပါအမိုင်နိုအက်စစ်ကိုးမျိုးကို 'လိုအပ်သော အမိုင်နို အက်စစ်များ'ဟု ခေါ်သည်။ အဆိုပါအက်စစ်ကိုးမျိုးစလုံး ပါဝင်သည့် အစားအစာများမှာ အသား၊ ဥနှင့် နွားနို့တို့ ဖြစ်ကြသည်။ ပဲသီးပဲတောင့်များ၊ အစေ့အဆံများ၊ အသီးအရွက်များ၌ အက်စစ်ကိုးမျိုးစလုံး အတူတကွ မပါဝင်သော်လည်း ယင်းတို့အားလုံးကို မျှတစားသောက်လျှင် ကိုးမျိုးစလုံး ရရှိနိုင်သည်။
ကျန်းမာသောလူငယ်တစ်ဦးသည် ကိုယ်အလေးချိန် ၁ ပေါင်လျှင် တစ်ရက် ပရိုတင်း ဝ ဒသမ ၃၆ ဂရမ်ခန့် (၁ ကီလိုလျှင် ဝ ဒသမ ၈ ဂရမ်) စားသင့်သည်။ ထို့ကြောင့် ပေါင် ၁၅၀ လေးသောလူငယ်သည် တစ်ရက် ပရိုတင်း ၅၄ ဂရမ်ခန့် စားသင့်သည်။ အသက် ၃၀ ကျော်ချိန်မှစ၍ ခန္ဓာကိုယ်တွင်း ပရိုတင်းပမာဏသည် ၁၀ နှစ်လျှင် ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းဖြင့် သဘာဝအလျောက် လျော့နည်းကုန်ခန်းသောကြောင့် အသက် ၈၀ အထက်ရောက်သူများ၏ ခန္ဓာကိုယ်သည် ငယ်ရွယ်စဉ်ကထက် ပရိုတင်းပမာဏ ၂၅ ရာခိုင်နှုန်းခန့် သဘာဝအလျောက် လျော့နည်းသွားပြီ ဖြစ်သည်။ ထို့ကြောင့် အသက်ရလာလေ ပရိုတင်းကို ပိုလိုလာလေ ဖြစ်သည်။ အသက် ၅၀ အထက်တို့သည် ကိုယ်အလေးချိန် ၁ ပေါင်လျှင် တစ်ရက် ပရိုတင်း ဝ ဒသမ ၅၅ ဂရမ်မှ ဝ ဒသမ ၇ ဂရမ်ခန့်အထိ စားသင့်သည်။ (ပရိုတင်းကို အတိုင်းအတာဖြင့်သာ စားသင့်သောရောဂါသည်များလည်း ရှိရာ ထိုသူတို့အဖို့ ဆရာဝန်များ၏ ညွှန်ကြားချက်အရ စားရန် ဖြစ်သည်။)
ကြက်ပေါင်တစ်ဖက် ပရိုတင်း ၁၇ ဂရမ်ခန့်၊ ချက်ပြုတ်ပြီး ပဲတစ်ခွက်တွင် ပရိုတင်း ၁၈ ဂရမ်ခန့်၊ ကြက်ဥတစ်လုံးတွင် ပရိုတင်း ၆ ဂရမ်ခန့်၊ နို့တစ်ခွက် ပရိုတင်း ၉ ဂရမ်ခန့်ပါသည်ကို ထောက်၍ မိမိတို့၏ အစားအသောက်များ၌ ပါဝင်သော ပရိုတင်းပမာဏကို အကြမ်းမျှ ခန့်မှန်းသိရှိနိုင်သည်။ ပရိုတင်းအများအပြားပါသော အစာများကို စားရာတွင် သတိပြုသင့်သည်မှာ လူ့ခန္ဓာကိုယ်သည် တစ်ကြိမ်စားလျှင် ပရိုတင်း ၂၀ ဂရမ်မှ ၄၀ ဂရမ်ကြားသာ ချေဖျက်စုပ်ယူနိုင်သောအချက်ကို ဖြစ်သည်။ ဥပမာ - အရိုးထုတ်ပြီး ဘဲကင်တစ်ကောင်တွင် ပရိုတင်း ၂၀ဝ ဂရမ်ခန့်ပါသဖြင့် ဘဲကင်တစ်စိတ်ကို တစ်ထိုင်တည်းစားသူ၏ ဗိုက်ထဲသို့ ပရိုတင်း ၅၀ ဂရမ်ခန့် ဝင်သွားသော်လည်း ခန္ဓာကိုယ်သည် ၂၀ ဂရမ်မှ အများဆုံး ၄၀ ဂရမ်ကြားကိုသာ ချေဖျက်စုပ်ယူနိုင်သည်။ ထိုထက်ပိုသော ပရိုတင်းများကြောင့် ဗိုက်အယ်နေတတ်သည်။ အစာမကြေဖြစ်တတ်သည်။ ကျောက်ကပ်ကို ဝန်ပိစေနိုင်သည်။ ထို့ကြောင့် ပရိုတင်းအများအပြားပါသော အစားအသောက်များကို လေးနာရီခန့်ခြား၍ စားသင့်သည်။
ပရိုတင်းများလွန်းလျှင် အန္တရာယ်ပေးနိုင်သကဲ့သို့ နည်းလွန်းလျှင်လည်း ယင်းကပေးသော အကျိုးကျေးဇူးများကို မရနိုင်ပေ။ ခန္ဓာကိုယ်တွင်း၌ ပရိုတင်းနည်းမနည်း သတိထားနေသင့်သည်။ ပရိုတင်းနည်းသောအခါ ပေါ်ပေါက်တတ်သည့် လက္ခဏာများမှာ ခြေလက်ရောင်ခြင်း၊ အားနည်းခြင်း၊ မကြာခဏဆာလောင်ခြင်း၊ အရေပြား ခြောက်သွေ့အက်ကွဲခြင်း အကွက်ထခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ခြေသည်းလက်သည်းများ ကျိုးပဲ့လွယ်ခြင်း၊ မကြာခဏဖျားခြင်း၊ စဉ်းစားတွေးခေါ်ရာတွင် အမှားအယွင်းများလာခြင်းစသည်တို့ ဖြစ်သည်။

အင်္ဂလိပ်နဲ့ပါဠိဟာ အင်ဒို-ဥရောပ ဘာသာစကားမိသားစု ကနေ ဆင်းသက်လာ

 ခုတလောမှာ မဲဆောက်ဖက်က နိုင်ငံခြားသားလူငယ်တယောက်က ပါဠိနဲ့အင်္ဂလိပ်ဘာသာကြား အချိတ်အဆက်ရှိပုံကိုစာသင်ရင်းပြောပြနေတဲ့ဗီဒီယိုတွေပျံ့လာတာ တွေ့လိုက်ရတယ်။ တကယ်လည်း ဟုတ်ပါတယ်။ကျနော်တို့ ပထမနှစ်တုန်းက မိုင်နာဘာသာအနေနဲ့ ပါဠိကို ယူခဲ့စဥ်က ဒါတွေသင်ခဲ့ရတာပေါ့။ အင်္ဂလိပ်နဲ့ပါဠိဟာ အင်ဒို-ဥရောပ ဘာသာစကားမိသားစု ကနေ ဆင်းသက်လာတာမို့အသံတွေ စကားလုံးတွေတူနေတယ်ဆိုတာကို အဲဒီကတည်းက သိခဲ့ရတာပါပဲ။ mother-မာတာ, father-ပိတ, ဆဌ- six စသဖြင့်တူနေတာတွေ များစွာ ရှိတယ်။

တကယ်တော့ ဒါတွေကိုပထမဆုံးသတိထားမိပြီး စာတမ်းတင်သွင်းခဲ့သူက ဆာဝီလျံဂျုံးစ်လို့ခေါ် တဲ့ အင်္ဂလိပ်ဘာသာဗေဒသုတေသီနဲ့တရားသူကြီးတယောက်ပါ။ ဆာ ဝီလျံဂျုံးစ် (၁၇၄၆-၁၇၉၄) ဆိုတာကတော့ ဗြိတိသျှကိုလိုနီခေတ်တုန်းက အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားတရားရုံး ချုပ်မှာ တရားသူကြီးအဖြစ် အမှုထမ်းခဲ့တဲ့ ဗြိတိသျှ ဘာသာဗေဒပညာရှင်၊ အရှေ့တိုင်း ပညာရှင်နဲ့ ဥပဒေပညာရှင်တစ်ယောက်ပါ။ သူဟာ ဘာသာစကား ၂၈ မျိုးကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ပြီး တခြားဘာသာစကား များစွာကိုလည်း နားလည် တတ်ကျွမ်းတယ်လို့ ဆိုကြပါတယ်။ ၁၇၈၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာပ ကာလကတ္တားမြို့မှာရှိတဲ့ ဘင်္ဂလားအာရှတော်ဝင်အသင်းရဲ့ ရိုးရိုးခန်းမ လေးတစ်ခုထဲမှာ ဗြိတိသျှ ဘာသာဗေဒပညာရှင်နဲ့ တရားသူကြီးတစ်ယောက် ဖြစ်တဲ့ ဆာ ဝီလျံဂျုံးစ် (Sir William Jones) က ဟောပြောပွဲတစ်ခု ပေးခဲ့တယ်။ အဲဒီဟောပြောပွဲ က လူသားတွေရဲ့ ဘာသာစကားသမိုင်းကို ကျွန်တော်တို့ နားလည်ပုံကို အခြေခံကျကျ ပြောင်းပစ်လိုက်တာပါပဲ။
သူသတိထားမိခဲ့တဲ့ အချက်ကတော့ သက္ကတဘာသာစကားဟာ ဂရိနဲ့ လက်တင်ဘာသာစကားတွေနဲ့ အံ့ဩစရာကောင်းလောက်အောင် တူညီနေတယ်ဆိုတာပါ။ ဒီလေ့လာတွေ့ရှိချက်ကနေပဲ နှိုင်းယှဉ်ဘာသာဗေဒ (comparative linguistics) ဆိုတဲ့ စနစ်တကျလေ့လာတဲ့ ပညာရပ်တစ်ခု မွေးဖွားလာခဲ့ပြီးတော့ အခုအခါမှာ ကျွန်တော်တို့ "အင်ဒို-ဥရောပ ဘာသာစကားမိသားစု" လို့ခေါ်တဲ့ အရာကြီး တကယ်ရှိနေကြောင်းကို အခိုင်အမာ သက်သေပြနိုင်ခဲ့ပါတယ်။ ဒီမိသားစုထဲမှာ ပါဠိ၊ သက္ကတ၊ လက်တင်၊ ဂရိ၊ အင်္ဂလိပ် ဘာသာစကားတွေအပြင် တခြားဘာသာစကားပေါင်း ၄၀၀ ကျော်ပါဝင်ပြီး ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်နီးပါးလောက်က ဒီဘာသာစကားတွေကို ပြောဆိုသုံးစွဲနေကြ တယ်လို့ဆိုပါတယ်။
၁၇၈၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ အာရှတော်ဝင်အသင်း မှာ ဂျုံးစ်က ဘာသာဗေဒလောကကို တော်လှန်ပြောင်းလဲစေမယ့် သူ့ရဲ့ လေ့လာတွေ့ရှိချက်ကို တင်ပြခဲ့တယ်။ "သက္ကတဘာသာစကားဟာ ဘယ်လောက်ပဲ ရှေးကျနေပါစေ၊ အံ့ဩစရာကောင်းတဲ့ ဖွဲ့စည်းပုံရှိပါတယ်။ ဂရိဘာသာစကားထက် ပိုပြီးပြည့်စုံတယ်၊ လက်တင်ဘာသာစကားထက် ပိုပြီး ဝေါဟာရကြွယ်ဝတယ်၊ ပြီးတော့ အဲဒီနှစ်ခုလုံးထက် ပိုပြီးတော့လည်း သိမ်မွေ့နူးညံ့ပါတယ်။ ဒါပေမဲ့ အဲဒီဘာသာစကားနှစ်ခုလုံးနဲ့ ကြိယာရဲ့ အရင်းအမြစ် (roots of verbs) တွေမှာရော၊ သဒ္ဒါပုံစံ (forms of grammar) တွေမှာပါ တိုက်ဆိုင်မှုကြောင့် ဖြစ်လာနိုင်တာထက် အများကြီး ပိုပြီး ခိုင်မာတဲ့ ဆက်နွယ်မှုတစ်ခု ရှိနေပါတယ်။ တကယ်တော့ အဲဒီဆက်နွယ်မှုက ဘယ်လောက်တောင် ခိုင်မာသလဲဆိုရင် ဘယ်ဘာသာဗေဒပညာရှင်မဆို ဒီဘာသာစကားသုံးခုလုံးကို စစ်ဆေးကြည့်လိုက်ရင်၊ အခုတော့ မရှိတော့လောက်တဲ့ ဘုံအရင်းအမြစ်တစ်ခုကနေ ဆင်းသက်လာတယ်လို့ မယုံဘဲ မနေနိုင်ပါဘူး။ အလားတူပဲ၊ Gothic (ဂျာမန်နစ်) နဲ့ Celtic (ကဲလ်တစ်) ဘာသာစကားတွေဟာ လုံးဝကွဲပြားတဲ့ ဘာသာစကားဟန်တွေနဲ့ ရောနှောနေပေမဲ့၊ သက္ကတနဲ့ ဇာစ်မြစ်တစ်ခုတည်းက လာတယ်လို့ ယူဆဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိနေပါတယ်။ ပြီးတော့ ရှေးဟောင်းပါရှန်ဘာသာစကားကိုလည်း ဒီမိသားစုထဲကို ထည့်သွင်းနိုင်ပါတယ်" လို့ပြောခဲ့တာပါ။
ဂျုံးစ်ရဲ့ လေ့လာတွေ့ရှိချက်ဟာ တော်လှန်တဲ့ တွေ့ရှိချက်တစ်ခုလို့ပြောလို့ရတယ်ပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ သူဟာ အပေါ်ယံတူညီမှုတွေကိုပဲ ကြည့်ခဲ့တာမဟုတ်ဘဲ ဘာသာ စကားတခုကနေ နောက်တစ်ခုကို အလွယ်တကူ ကူးလူးလေ့မရှိတဲ့ ကြိယာရဲ့ အရင်းအမြစ်တွေနဲ့ သဒ္ဒါပုံစံတွေ လိုမျိုး ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အချက်တွေကို စစ်ဆေးခဲ့ပြီးမှပြောခဲ့တာမို့လို့ပါ။
အဲဒါကိုအခြေခံပြီး သူက ဘာထပ်ပြောလဲဆိုတော့ ဒီတူညီမှုတွေဟာ တိုက်ဆိုင်မှုကြောင့် ဖြစ်လာနိုင်တာမဟုတ်ဘဲ အခုတော့ မရှိတော့လောက်တဲ့ ဘုံအရင်းအမြစ်တစ်ခုကနေ ဆင်းသက်လာတာဖြစ်ရမယ်လို့ အဆိုပြုခဲ့ပါတယ်။ ဒါဟာ နောက်ပိုင်းမှာ ပေါ်ပေါက်လာမယ့် Proto-Indo-European (ရှေးဦးအင်ဒို-ဥရောပ ဘာသာစကား) ဆိုတဲ့ အယူအဆကို ရှေ့ပြေးကြိုတင် ပြောခဲ့တာဖြစ်လို့ပါပဲ။
နောက်တခုထူးခြားတာက သူက ရှေးဟောင်းဘာသာစကားတွေ (သက္ကတ၊ ဂရိ၊ လက်တင်) ကိုပဲ ထည့်သွင်းခဲ့တာမဟုတ်ဘဲ ဂျာမန်နစ် (Gothic)၊ Celtic (ကဲလ်တစ်) ဘာသာစကားတွေနဲ့ ပါရှန်ဘာသာစကားကိုပါ ထည့်သွင်းခဲ့တဲ့အတွက် ဒီဘာသာစကားမိသားစုကြီး ဘယ်လောက်တောင် ပထဝီဝင်အနေအထားအရ ကျယ်ပြန့်သလဲဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့်လဲ ဘာသာစကား ၄၀၀ ကျော်နဲ့ဆက်စပ်နေတယ်လို့ဆိုတာပေါ့ဗျာ။
ဂျုံးစ်ဟာ တကယ့်မျိုးရိုးဗီဇအရ ဆက်စပ်မှု (genetic relationship) နဲ့ တခြားဘာသာစကားကနေ မွေးစားသုံးစွဲတာ (borrowing) ဒါမှမဟုတ် တိုက်ဆိုင်မှု (chance resemblance) တွေကြားက ခြားနားချက်ကို ရှင်းရှင်းလင်းလင်း ခွဲခြားပြခဲ့တာလို့ပြောလို့ရတယ်ပေါ့ဗျာ။ ဒါဟာ နောင်လာမယ့် နှိုင်းယှဉ်ဘာသာဗေဒပညာရပ်အတွက် အရေးကြီးတဲ့ နည်းစနစ်ပိုင်းဆိုင်ရာ လမ်းညွှန်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ သူ့စာတမ်း ဖတ်တဲ့အချိန်တုန်းက နှိုင်းယှဥ်ဘာသာဗေဒဆိုတာ ဘယ်သူမှမတွေးမိသေးပါဘူး။
ဂျုံးစ်နှိုင်းယှဥ်ပြခဲ့တာတွေထဲက ဥပမာတချို့ကို ယူပြရရင် “အဖေ” ဆိုတဲ့စကားလုံးကို သက္ကတ: pitā၊ ပါဠိ: pitā၊ဂရိ: patḗr၊လက်တင်: pater၊အင်္ဂလိပ်: father စသဖြင့်အမျိုးမျိုးခေါ်ကြ ပါတယ်။ အသံကအကုန်ဆင်တူနေကြတာချည်းပါပဲ။ နံပါတ် (၃) “သုံး”ဆိုတာကို တြိ/ထရိုင်/ သရီး/ထရေး စသဖြင့် အမျိုးမျိုးခေါ်ကြတာပါပဲ။"Ten" (တဆယ်) ကိုဆိုလည်းပဲ သက္ကတ: daśa , ပါဠိ: dasa , ဂရိ: déka (δέκα), လက်တင်: decem စသဖြင့် အသံတူထွက် ကြ တာပါ။အသိပညာဗဟုသုတ လို့အနက်ထွက်တဲ့ knowledge ကို ဉာဏ/ဉာဏ် စသဖြင့် ခေါ်ကြပုံချင်း တူကြပြန်တာပါပဲ။
ကြိယာပုံပြောင်းခြင်း (Verb Conjugation) ကိစ္စတွေမှာလည်း ဥပမာ- "to be" (ဖြစ်သည်) ဆိုတဲ့ ကြိယာဟာ အင်ဒို-ဥရောပ ဘာသာစကားတွေမှာ အံ့ဩစရာကောင်းလောက်အောင် တူညီနေတာကိုတွေ့ရမှာပါ။ ဥပမာ- "I am" (ငါဖြစ်သည်): သက္ကတ: asmi ၊ ပါဠိ: amhi/asmi၊ ဂရိ: eimí (εἰμί)၊ လက်တင်: sum စသဖြင့်ပေါ့ဗျာ။
သူ့တွေ့ရှိချက်ကိုအခြေခံပြီးနောက်ပိုင်းမှာ တခြားသော ဘာသာစကားမိသားစုတွေကို လည်းဆက်လက်ဖော်ထုတ်နိုင်ခဲ့တယ်။ ဘာတွေကို သိလာရသလဲဆိုတော့ လူ့သမိုင်းမှာလူတွေဟာ တချိန်က တူတူရှိနေခဲ့ကြပြိီးမှ အကြောင်းအမျိုးမျိုးကြောင့် ရွေ့ပြောင်းနေထိုင်ခဲ့ကြတယ်ဆိုတာကို တကယ့်သက်သေတွေရလာတာပါပဲ။ ဥပမာ- သက္ကတတို့ ပါဠိတို့လို အင်ဒိုဥရောပဘာသာစကားမိသားစုရဲ့ မူရင်းဘာသာစကား ပြောသူတွေဟာ ဘယ်မှနေထိုင်ခဲ့ကြလဲဆိုတဲ့သီအိုရီတွေ ထွက်လာတဲ့အခါ မြင်းစီးကျွမ်းကျင်ပြီး ဘီးတပ်ယာဥ်တွေနဲ့သွားလာတတ်ကြတဲ့ ယူကရိန်းနဲ့ ရုရှဖက်ကနေ ဆင်း သက်လာတယ်ဆိုတဲ့အယူအဆဖြစ်ပါတယ်။အဲဒီအယူအဆကို Pontic-Caspian Steppe (Kurgan Hypothesis)လို့ခေါ်ပါတယ်။ ဒါကတော့ အများစုလက်ခံထားတဲ့ သီအိုရီဖြစ်တယ် ပေါ့ဗျာ။ PIE လို့ခေါ်တဲ့ Proto Indo-European ရှေးဦးအင်ဒိုဥရောပဘာသာ စကားပြောသူ တွေဟာ ဘီစီ ၄၀၀၀ နဲ့ ၂၅၀၀ ကြားမှာ ပင်လယ်နက်နဲ့ ကက်စပီယန်ပင်လယ် မြောက်ဘက် က စတက်လွင်ပြင် (ယခု ယူကရိန်း/ရုရှား) မှာ နေထိုင်ခဲ့ကြတယ်ဆိုတဲ့အယူအဆပါ။
ပြောချင်တာကတော့ အခုခေတ်ဘာသာဗေဒနဲ့ဘာသာစကားလေ့လာမှုအပိိုင်းမှာ ဆာဝီလျံဂျုံးစ်ရဲ့ကျေးဇူးက အင်မတန်ကြီးပါတယ်။ သူ့ကြောင့်မို့ လူ့သမိုင်းကိုလေ့လာ ရာမှာ ဘာသာစကားရဲ့အခန်းကဏ္ဍက ဘယ်လောက်ထိအရေးပါတယ်ဆိုတာ ပိုပြီးထင်ရှား လာခဲ့တာလို့ဆိုနိုင်တယ်ပေါ့ဗျာ။ ဂျုံးစ်ရဲ့ လွန်ခဲ့တဲ့နှစ်၂၀၀ကျော်က စာတမ်းကို ဖတ်ချင်ရင် commentမှာ link ပေးထားပါတယ်။

Tuesday, December 23, 2025

ကလေးက မိဘရဲ့ အားနည်းချက်ကို အရမ်းမြင်တတ် သိတတ်

 ထိုင်းက နာမည်ကြီး အဆိုတော်တစ်ယောက်ရဲ့ကလေး ကို ကြည့်ပြီး တွေးစရာရတာကို ရေးမှတ်ထားချင်ပါတယ် သင်ယူစရာရလို့။


ကလေးအပြုမူကိုကြည့်ပြီး မိဘအုပ်ထိန်းတဲ့သူက သူ့ကလေးကိုဘယ်လောက်ထိအချိန်ပေးလည်း ဆိုတာ ကလေးပြုတဲ့အပြုမူက ပြပါတယ်။ အထူးသဖြင့် public မှာ ပိုမြင်ရတယ်။

ကလေးက
သူ့အမေသူ့ကို လှည့်ကြည့်အောင် အတန်းရှင်းရှာတယ် အမေလှည့်ကြည့်စေချင်လို့ ဘာလုပ်ရ လုပ်ရ အမေရဲ့ စိတ်ဝင်စားမှု အရမ်းလိုအပ်တဲ့အရွယ်မို့ ကလေးကို အချိန်ပေးပေမဲ့ quality time ကို ရအောင် ဖန်တီးမတတ်တဲ့ မိဘတွေ ကြုံရမဲ့ အခြေနေပါ။ အလုပ်များတယ် မအားလို့ ကလေးကို သူများနဲ့ပေးထိန်းတဲ့မိဘတွေ ကြုံရနိုင်ပါတယ်။

ကလေးက အရုပ်ကို ဘိုထိုင်အိမ်သာထဲ ပြစ်ချတယ် သူ့အမေက ဘာလို့ လုပ်တာလဲ သူက Why သုံးတယ် ဘာကြောင့်လုပ်တာလဲ ဆိုတဲ့သဘော( ทำไมทำ) လို့ မေးရင် ကလေးက နောက်မလုပ်တော့ဘူး လို့ ဂတိပေးတယ် ပြီး ထပ်လုပ်တယ် (အမှန်က ကလေးကို အဲလို လုပ်ဖို့ ခွင့်မပြုကြောင်း လိုတိုရှင်းပြောရမှာပါ) ဒါကလည်း ကလေးအကြောင်း မလေ့လာတဲ့မိဘတွေ ကြုံရတတ်တာ။

ကလေးက မိဘရဲ့ အားနည်းချက်ကို အရမ်းမြင်တတ် သိတတ်ကြတယ် မိဘရဲ့အပြုမူကို အမြဲစောင့်ကြည့်နေကြလို့။

နောက်အပြုမူက
စားသောက်ဆိုင်မှာ ပလဲနေအောင်စားတာကို အဲတိုင်း ထိုင်ကြည့်တာ ကိုယ့်အိမ်မဟုတ်ပဲ လုပ်ခွင့်ပြုတယ် ပြီးရင် ဆော့တွေကို ဗူးထဲကနေ စားမကုန်သောက်မကုန် ညစ်ချတာ ပန်းကန်အပြည့် ဒီအပြုမူကို မတားဘူး လုပ်ခွင့်မပြုဘူး လို့ မပြောဘူး ယူပြီး ဖယ်လိုက်တာလဲ မလုပ်ဘူး အဲတိုင်းပဲ ဆူကိအိုးထဲ အရုပ်ပြစ်ထည့်တဲ့ ကလေးကို ဘာကြောင့် လုပ်တာလဲ မေးမြဲမေးတယ် ကလေးက နောက်မလုပ်တော့ဘူးပဲ ပြောတာ ပြီးတော့ အမေ့ကို ပြောင်ပြပြီး ထပ်လုပ်တယ်။

ဒါက ဘာကို ပြတာလဲမေးရင် အိမ်မှာ လုပ်ချင်တာ လုပ်ခွင့်ပြုထားတာ စည်း မရှိတာ ကလေးနဲ့ စကားပြောတဲ့အခါ အရေးမထား တာ eye contact မလုပ်ဘူး ဟိုဟာ မလုပ်နဲ့ ဒါမလုပ်နဲ့ပဲ တားမြစ်ပြီး ကလေးဘာလုပ်ရမှာလဲကို ‌မပြောတာ လိုတိုရှင်း ပြောရမှာကို စကားလုံးရှည်တာ ကလေးမထိန်းတတ်တာကို ဆိုလိုတာ ကလေး ကို ဘယ်လို ဆက်ဆံရမလဲ နားမလည်ဘူး စာသင်ရင်ရပြီ စာသင်ဖို့ပဲ ဖိအားပေးတာ ကျန်တာ ဘာလုပ်လုပ် ရတယ်ဆိုပြီး လုပ်တတ်တဲ့ မိဘ တွေ အများဆုံး ကြုံရတာပေါ့ ။ ကလေးက 4နှစ် မဟုတ် ရင် 3နှစ်ကျော် လောက်ရှိမယ်ထင်တယ်။

မိဘတွေကို သတိပေးချင်တာက public မှာ ကျမတို့ကလေးတွေက လူတိုင်းအတွက် ချစ်စရာမကောင်းတာကို လက်ခံဖို့ပါ။ ကျမကလေးတွေ လည်း လူကြားထဲ အရုပ်ဆိုင်ထဲ ကြမ်းပြင်ပေါ် လိုတာ မရလို့ ရလိုရငြား သောင်းကျန်းတာ မျိုး ကြုံရတယ် ကျမက ပြတ်သားတယ် ရှက်လို့ ဝယ်ပေးလိုက်ရတာ မရှိဘူး ကိုယ့်စကားက တစ်ခွန်းပဲ ပြောထားတဲ့အတိုင်း လုပ်ပြရတယ် မဝယ်ပေးဘူးဆို မဝယ်တာ အမေက ဘယ်လို လုပ်လုပ် မရဘူး ဆိုရင် မရကြောင်း ကလေးသိနားလည်တဲ့အထိ ကြင်နာပေမဲ့ ပြတ်သာပေးရမှာပါ။ ဝယ်ပေးမယ်ဆိုရင် ပြောတဲ့အတိုင်းလုပ်ပါ။ ဒါမှ ကလေးက မိဘကို နာခံလာပါမယ်။

ကလေးက ထိန်းရခက်တာ မဟုတ်ပါဘူး။ ကလေးကို ဘယ်လို ထိန်းရမလဲ အိမ်မှာ စည်းကမ်းပေးထားရင် အပြင်ရောက်တဲ့ အခါမခက်ပါဘူး။

အခုရေးတာကလည်း သူများသားသမီး ထက် ကိုယ့်သားသမီးထက်ပိုကောင်း တယ်လို့ မဆိုလိုရပါ။ မိဘတွေ ကလေးကို နားလည်စေချင်တဲ့ ရည်ရွယ်ချက်ပါ။ ကလေး ကို အိမ်မှာ စည်းကမ်း ထားမှ လုပ်ရမှာကို သင်ထားမှ မလုပ်သင့်တာကို လုပ်ခွင့်မပြုကြောင်း ပြတ်သားထားမှ public ရောက်တဲ့အခါ တော်ကာကျတာပါ။

ကလေးက စကားနဲ့ သင်လို့မရပါဘူး မိဘက ပြုမူပြောဆိုမှုကို ချပြပါ။ လုပ်လို့ရတာ သိပါစေ လုပ်လို့ မရတာ နားလည်ပါစေ။

ဒါမှ ကလေးကို လူကြားသူကြားထဲ ခေါ်ထုတ်တဲ့အခါ လူ့ကျင့်ဝတ် လူ့စည်းကမ်း သိနားလည်မှာပါ။ ကာလဒေသ ကြည့်တတ်တဲ့ ကလေးရစေချင်ရင် ကာလဒေသမှာ လုပ်လို့ရတာ ပြောပေးပါလို့ ရေးသားအကြံပြုပါတယ်။

ကျမ လည်း နေ့တိုင်း ပြုပြင် သင်ယူပါတယ်။

လေးစားစွာနဲ့ မေတ္တာများစွာဖြင့် Mommy of 3
#mothersportmother
#foreverydaybymommyof3
#motivationforlife
#motherhoodbymommyof3
#မိဘတွေကြုံတွေ့ရတဲ့ဖြစ်ရပ်မှန်
#mommyof3

စကားလုံးတွေကို မှတ်ပုံမှတ်နည်း

 စကားလုံးတွေကို မှတ်ပုံမှတ်နည်းတွေအများကြီးရှိတယ်ဗျာ။အလွတ်ကျက်တာဟာ နည်းလမ်းတခု ဆိုပေမယ့် ရှေးကျပြီးသိပ်မထိရောက်တော့တဲ့နည်းပေါ့။ ပုံနဲ့တွဲမှတ်တာ၊ အုပ်စုခွဲမှတ်တာ၊ လုပ်ဆောင်ချက်နဲ့မှတ်တာ၊ စကားလုံးဖွဲ့စည်းပုံ(ရှေ့ဆက်/နောက်ဆက်/ရင်းမြစ်)စတာတွေနဲ့မှတ်တာ၊ context လို့ခေါ်တဲ့ အခြေအနေအဆက်အစပ်နဲ့မှတ်တာ၊ အသံနဲ့ခွဲမှတ်တာ စတာတွေရှိမယ်ပေါ့။ အခု ဘာသာဗေဒသဘောတရားအရ ဥပမာ cognitive linguistics အရ စကားလုံးအသစ်တွေကို မှတ်ပုံမှတ်နည်းဆိုတာထက် စကားလုံးတွေ ( ကိုယ်သိပြီးသားလည်း ဖြစ်ချင်ဖြစ်မယ်၊အခုမှလေ့လာ မယ့်စကားလုံးလည်းဖြစ်ချင်ဖြစ်မယ်)ကို ပွားယူတဲ့နည်းကတော့ တော်တော်စိတ်ဝင်စားစရာ ကောင်းပြီး အသုံးဝင်လိမ့်မယ်လို့ ကျနော်ထင်တယ်။


ဥပမာ- argumentative essay တပုဒ်မှာ သုံးမယ့်စကားလုံးတွေဆိုပါစို့- assert/posit/prepare/ground/defend/reinforce/breakdown/spearhead/examine/analyse/argue/counterargue/challenge/contend/refute/demonstrate/substantiate စသဖြင့် ရှိမယ်ပေါ့။ ဒီလိုစကားလုံးတွေကို cognitive linguistics မှာရှိတယ် conceptual metaphor သီအိုရီ အရ argument is war ဆိုတဲ့ metaphor နဲ့ ဒီစကားလုံးတွေကို frame ချမယ်။ ထပ်ပြီးထွက်လာနိုင်ဖွယ် သို့မဟုတ် သုံးရနိုင်တဲ့ စကားလုံးတွေကိုလည်းပွားယူကြည့်မယ်ပေါ့ဗျာ။ ဒီဟာမစခင် သေချာနှလုံးသွင်းထားရမှာက ဒီလောကကြီးဟာ တင်စားမှုတွေနဲ့ပြည့်နေတဲ့ လောကကြီးပဲ။ ဘာသာစကားကိုဆိုတာကလည်း ကိုယ့်ဆိုလိုရင်းကို ဖလှယ်တင်စားပြီး ပြောဆိုရာက ဖြစ်တာတာပဲဆိုတာကိုပါ။ ကဲ စကြည့်ကြစို့ဗျာ။

ဒီ "Argument is War" (ဆွေးနွေးငြင်းခုံခြင်းဟာ စစ်ပွဲ တပွဲပဲ) ဆိုတဲ့ အယူအဆကို လက်ခံလိုက်တာနဲ့ ကျနော်တို့ စိတ်ထဲမှာ မြင်ကွင်းတခု ပေါ်လာလိမ့်မယ်။ အဲဒါကတော့ ကိုယ့်ရဲ့ အယူအဆတွေကို ခံတပ်တခုလို တည်ဆောက်မယ်၊ တဖက်လူရဲ့ အချက်အလက်တွေကို တိုက်ခိုက်မယ်၊ ကိုယ့်ဘက်က ပြန်ခုခံမယ် ဆိုတဲ့ မြင်ကွင်းမျိုးပေါ့။

ဒီ Frame နဲ့တင် စကားလုံးတွေကို အုပ်စုလေးတွေ ခွဲကြည့်ရအောင် -

ဥပမာ-ခံစစ်ပြင်ဆင်တယ် (Defensive/Positioning) ဆိုတာ ကိုယ့်ရဲ့ အယူအဆကို စတင်ချပြတာဟာ စစ်မြေပြင်မှာ နေရာတခုကို အပိုင်စီးလိုက်တာနဲ့ တူပါတယ်။Posit/Assert: ကိုယ့်ရဲ့ ရပ်တည်ချက်ကို တရားဝင် ကြေညာတာ၊ Ground/Establish: အခြေခံ ခိုင်မာအောင် လုပ်တာ (Foundational ground ညှိတာ)။ Substantiate/Reinforce: ကိုယ့်အဆိုပြုချက်ကို အထောက်အထားတွေနဲ့ အားဖြည့်တာ (စစ်ကူလွှတ်သလို၊ ခံတပ်ကို ခိုင်အောင် လုပ်သလိုမျိုးပေါ့)၊ Defend: တဖက်က ဝေဖန်လာရင် ကိုယ့် Point ကို မကျရှုံးအောင် ကာကွယ်တာ၊ ဒါတွေဟာ ခံစစ်ပြင်တဲ့အဆင့် တနည်းအားဖြင့် ကိုယ့်အဆိုကို သူများက လာမတိုက်ခိုက်နိုင်အောင်ကာကွယ်တဲ့အဆင့်အတွက် သုံးလို့ရတဲ့စကားလုံးတွေပေါ့။

ထိုးစစ်ဆင်တာ (Offensive/Attacking)ကျတော့ တဖက်လူရဲ့ အဆိုပြုချက်မှာ ရှိတဲ့ အားနည်းချက်ကို ရှာပြီး တိုက်ခိုက်တဲ့ စကားလုံးတွေပါ။ အဲ့ဒီမှာ Challenge/Spearhead: တဖက်လူရဲ့ အယူအဆကို စိန်ခေါ်တာ၊ ဦးတိုက်တိုက်ခိုက်တာ၊ Refute/Counterargue: တဖက်က ပေးတဲ့ အချက်အလက်တွေကို ချေဖျက်တာ (လက်နက်ဖြုတ်သိမ်းသလိုမျိုးပေါ့)၊ Undermine: တဖက်လူရဲ့ argument အခြေခံကို ပြိုလဲအောင် အောက်ခြေကနေ လှန်တာ၊ Demolish: တဖက်လူရဲ့ အချက်အလက်တွေကို အမှုန့်ဖြစ်အောင် ချေမှုန်းပစ်တာ (ဒါဆိုရင်တော့ အတော်လေး ပြင်းထန်တဲ့ အသုံးအနှုန်း ဖြစ်သွားပြီ) စတာတွေပါမယ်။

နောက်တဆင့်ကျ ကိုယ့်သုတေသနဧရိယာ တနည်းအားဖြင့် ကိုယ့်စစ်မြေပြင်ကို လေ့လာမယ် (Exploration/Strategy)ဆိုပါစို့။ ဒီလိုစကားလုံးတွေထွက်လာနိုင်တယ်- Examine/Analyse: ရန်သူ့စခန်းကို အကဲခတ်သလိုမျိုး အချက်အလက်တွေကို သေချာ စိစစ်တာ၊ Break down: ရှုပ်ထွေးနေတဲ့ အရာတွေကို တစစီ ခွဲထုတ်ပြီး အားနည်းချက် ရှာတာ စတာတွေပေါ့။

ကဲ... အခုနက "ပွားယူလို့ရတယ်" ဆိုတဲ့ အပိုင်းကို ကြည့်ရအောင်။ စစ်ပွဲဆိုတဲ့ frame ထဲမှာ နောက်ထပ် ဘာတွေ ရှိနိုင်သေးလဲဆိုတော့ စစ်ပွဲမှာ ရန်သူ့ဟာကွက် ဖြစ်နေတဲ့ နေရာတွေ ရှိတတ်တယ်၊ အဲဒါကို "Gaps in the argument" လို့ သုံးလို့ရတယ်။ ကိုယ်က တဖက်လူ မထင်မှတ်ထားတဲ့ အချက်နဲ့ တိုက်မယ်ဆိုရင် "Flank the opponent's logic" လို့ တင်စားနိုင်တယ်။ ကိုယ့်အယူအဆက လုံးဝ အထိအခိုက်မခံနိုင်အောင် ခိုင်မာနေရင် "Invulnerable position" ဒါမှမဟုတ် "Impregnable defense" လို့ သုံးလို့ရမယ်။

အဲ့တော့ Vocabulary ကို စာအုပ်ထဲမှာ ပိတ်မိနေတဲ့ စာလုံးတွေအဖြစ် မမြင်ဘဲ "Argument is War" ဆိုတဲ့ သက်ဝင်လှုပ်ရှားနေတဲ့ frame ထဲ ထည့်လိုက်တဲ့အခါ စကားလုံးတွေက အချင်းချင်း ဆက်စပ်ကုန်ကြတယ်။ context နဲ့ မှတ်ရတာ ပိုလွယ်သွားသလို၊ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီး ဘယ်လက်နက် (စကားလုံး) ကို ထုတ်သုံးရမလဲဆိုတာ ပိုပြီး ပေါ်လွင်လာတာပေါ့။

ဒါတွေက စကားလုံးမှတ်ပုံမဟုတ်ဘူး။ စကားလုံးကို အသက်ဝင်အောင်လက်တွေ့ဘဝထဲခေါ်ယူ ဆက်ဟပ်ပုံ၊ အသက်သွင်းပုံ activate လုပ်ပုံတွေပါ။ ဆိုလိုတာက ကျက်တာထက် ထိရောက်တယ်လို့ ပြောချင်တာ။ ကိုယ့်စကားလုံးတွေဖြစ်သွားအောင် လုပ်တဲ့နည်းပေါ့။ ဒါတောင် ဒါက အကယ်ဒမစ်အက်ဆေးမှာ သုံးတဲ့စကားလုံးတွေကို အသက်သွင်းပုံပဲ ရှိသေးတာနော်။ နေ့စဥ်သုံးစကားလုံးကျ ပိုလွယ်တာပေါ့ဗျာ။

ကျနော် အခုပြောပြသွားတဲ့အယူအဆတွေဟာ Cognitive Linguistics ရဲ့ အခြေခံအကျဆုံးနဲ့ အရေးအပါဆုံးသော သီအိုရီတွေဖြစ်တဲ့ Conceptual Metaphor Theory (CMT) နဲ့ ချိတ်ဆက်ပြီးပြောပြတာပါ။ အရင်ကတော့ Metaphor (တင်စားချက်) ဆိုတာကို ကဗျာဆရာတွေ၊ စာရေးဆရာတွေပဲ သုံးတဲ့ "Literary Device" (စာပေအသုံးအနှုန်း) တစ်ခုလို့ပဲ ထင်ခဲ့ကြတာ။ ဒါပေမဲ့ George Lakoff နဲ့ Mark Johnson တို့က သူတို့ရဲ့ "Metaphors We Live By" (၁၉၈၀) ဆိုတဲ့ စာအုပ်မှာ ဘာပြောခဲ့သလဲဆိုတော့ — Metaphor ဆိုတာ စကားလုံးတင်မဟုတ်ဘူး၊ ကျနော်တို့ရဲ့ အတွေးအခေါ် (Thought) ကိုယ်တိုင်က Metaphorical ဖြစ်နေတာတဲ့။ ဥပမာ - "Argument is War" ဆိုတာ စာအုပ်ထဲမှာ လှအောင်ရေးထားတာ မဟုတ်ဘဲ၊ ကျနော်တို့ တကယ် ငြင်းခုံတဲ့အခါ တဖက်လူကို "ရန်သူ" လို သဘောထားပြီး "အနိုင်တိုက်" ဖို့ ကြိုးစားနေတာက ကျနော်တို့ ဦးနှောက်က Argument ကို War (စစ်ပွဲ) အဖြစ် Frame ချထားလို့ပဲ ဖြစ်ပါတယ်။

Cognitive Linguistics မှာ Mapping ဆိုတဲ့ သဘောတရားရှိတယ်။ ကျနော်တို့ ကောင်းကောင်းသိပြီးသား ရုပ်ဝတ္ထုနယ်ပယ် (Concrete Domain) တစ်ခုကိုယူပြီး၊ မမြင်ရတဲ့ နာမ်ပိုင်းဆိုင်ရာ နယ်ပယ် (Abstract Domain) တစ်ခုပေါ်ကို ထပ်ပြီး ပုံဖော်လိုက်တာပါ။ဥပမာ- Source Domain (အခြေခံနယ်ပယ်)က War (စစ်ပွဲ)ဆိုပါစို့ - စစ်ပွဲအကြောင်း ကောင်းကောင်းသိပြီးသားပေါ့။ တိုက်ခိုက်မှုရှိမယ်၊ ခုခံမှုရှိမယ်၊ ဗျူဟာရှိမယ်။အဲဒါကို Target Domain (ဦးတည်နယ်ပယ်): Argument (ဆွေးနွေးငြင်းခုံခြင်း) - နဲ့ သွားထပ်ကြည်တဲ့သဘောပေါ့။ အဲဒီနှစ်ခုကို Map လုပ်လိုက်တဲ့အခါ စစ်ပွဲမှာ သုံးတဲ့ စကားလုံးတွေက Argument ထဲကို အလိုလို စီးဝင်လာပြီး Systematic (စနစ်တကျ) ဖြစ်သွားတာပါ။ ဒါကြောင့် "စကားလုံးတွေကို ပွားယူလို့ရတယ်" ဆိုတာ သီအိုရီအရ လုံးဝ ခိုင်လုံပါတယ်။

ကျနော်တို့ ဦးနှောက်က စကားလုံးတွေကို အဘိဓာန်ထဲကလို အက္ခရာစဉ်အတိုင်း (A, B, C...) မှတ်တာ မဟုတ်ဘူးဗျ။ Schemas (စိတ်ထဲစွဲနေတဲ့ ပုံစံခွက်တွေ) နဲ့ မှတ်တာ။ "War Schema" ထဲမှာ ဒီစကားလုံးတွေ အကုန် စုနေတာဖြစ်တဲ့အတွက် တစ်လုံးကို သတိရရင် ကျန်တာတွေက တွဲလျက် ပါလာတာပါ။

နိဂုံးချုပ်ရရင် ကျနော် အခုနက ရှင်းပြခဲ့တဲ့ Argument is War ဆိုတဲ့ framing က Cognitive Linguistics ရဲ့ Conceptual Blending နဲ့ Frame Semantics သဘောတရားတွေနဲ့ အညီ ဘာသာစကားသင်ယူမှုကို ချဉ်းကပ်ပြခဲ့တာပါ။ ဒါကြောင့် စကားလုံးတွေကို တစ်လုံးချင်း အလွတ်ကျက်နေမယ့်အစား ဒီလို Metaphorical Frame တွေကို သုံးပြီး ပွားယူတာဟာ ဘာသာဗေဒ သဘောတရားအရရော၊ ဦးနှောက်ရဲ့ မှတ်သားမှုသဘောအရရော အထိရောက်ဆုံး နည်းလမ်းတစ်ခုလို့ ပြောချင်တယ်။

Manipulation (စိတ်ပိုင်းဆိုင်ရာ လှည့်စားထိန်းချုပ်မှု)



Manipulation ဆိုတာ ရေခဲတောင် (Iceberg) တစ်ခုလိုပါ၊ရေပေါ်ပေါ်နေတဲ့ အပိုင်းက နည်းနည်းလေး ဖြစ်ပေမယ့် ရေအောက်မှာ မြှုပ်နေတဲ့ အပိုင်းကတော့ အင်မတန် ကြီးမားနက်ရှိုင်းပါတယ်။

၁။ သူတို့ ဘာကြောင့် Manipulation လုပ်ကြသလဲ

ပထမဆုံး နားလည်ထားရမှာက Manipulator (လှည့်စားထိန်းချုပ်သူ) တွေဟာ သူတို့ကိုယ်တိုင် မလုံခြုံမှု (Insecurity) တွေ ရှိနေတတ်ကြသလို သူတို့ဟာ အခြေအနေတစ်ခုကို ထိန်းချုပ်မထားရရင် စိတ်မလုံခြုံဘူးလို့ ခံစားရတယ်။ ဒါကြောင့် တစ်ဖက်သားကို ထိန်းချုပ်ခြင်းအားဖြင့် သူတို့ရဲ့ စိတ်အာဏာကို တည်ဆောက်ကြတာမျိုးပါ၊ တချို့ကျတော့လည်း Narcissistic Personality (အတ္တလွန်ရောဂါ) ရှိနေတာကြောင့် ကိုယ့်ကိုယ်ကို ဗဟိုပြုပြီး သူတပါးကို ကစားစရာအဖြစ် သဘောထားတတ်ကြပါတယ်။

၂။ သတိထားရမယ့် အန္တရာယ်ရှိသော နည်းလမ်းများ (Advanced Tactics)

သာမန် အပြစ်တင်တာလောက် မဟုတ်ဘဲ၊ ပိုပြီး နက်နဲတဲ့ နည်းလမ်းတွေကို သူတို့ သုံးလေ့ရှိပါတယ်။

ဆက်ဆံရေး အစပိုင်းမှာ အလွန်အကျွံ ဂရုစိုက်ပြမယ်၊ လက်ဆောင်တွေပေးမယ်၊ ချီးကျူးစကားတွေ ပြောမယ်။ ကိုယ်က "ဟာ... ငါ့ဘဝမှာ ဒီလောက်ကောင်းတဲ့သူမျိုး မတွေ့ဖူးဘူး" လို့ ထင်သွားအောင် လုပ်တာပါ Love Bombing (အချစ်ဗုံးကြဲခြင်း)မျိုးပေါ့၊ ကိုယ်က သူတို့အပေါ် လုံးဝ မှီခိုသွားပြီ (Dependent ဖြစ်သွားပြီ) ဆိုတဲ့ အချိန်ကျမှ သူတို့ရဲ့ စစ်မှန်တဲ့ သွင်ပြင်ကို ထုတ်ပြပြီး ထိန်းချုပ် ပါတော့တယ်။

ပြဿနာတစ်ခု ဖြစ်လာရင် ဖြေရှင်းဖို့ မကြိုးစားဘဲ လုံးဝ စကားမပြောဘဲ နေလိုက်တာမျိုးလည်း လုပ်တတ်ပါတယ်၊ ဒါဟာ "မင်း ငါ့စကားကို နားမထောင်ရင် ငါ့ရဲ့ မေတ္တာကို ရမှာမဟုတ်ဘူး" ဆိုတဲ့ သွယ်ဝိုက်သော ခြိမ်းခြောက်မှုပါပဲ၊ The Silent Treatment (တိတ်ဆိတ်ခြင်းဖြင့် အပြစ်ပေးခြင်း) သဘောလိုပါ၊ ခံရသူက မနေနိုင်ဘဲ "ငါ ဘာမှားသွားလို့လဲ" ဆိုပြီး တောင်းပန်လာအောင် စောင့်နေတာ ဖြစ်ပါတယ်။

နှစ်ယောက်ကြားက ကိစ္စမှာ တတိယလူ တစ်ယောက်ကို ဆွဲထည့်ပြီး နှိုင်းယှဉ်တာမျိုးလုပ်တတ်ကြပါ တယ်၊ ဥပမာ - "ဟိုတစ်ယောက်ကတော့ သူ့ချစ်သူကို ဘယ်လို ဂရုစိုက်တာ၊ မင်းကျတော့ ငါ့ကို ဂရုမစိုက်ဘူး" ဆိုပြီး ကိုယ့်ကို အခြားသူနဲ့ ယှဉ်ပြီး တန်ဖိုး နှိမ့်ချတာမျိုးပေါ့၊ Triangulation (တတိယလူကို ဆွဲထည့်ခြင်း)မျိုးတွေပေါ့ဗျာ၊ ဒါက မနာလိုစိတ် (Jealousy) နဲ့ မလုံခြုံမှု (Insecurity) ကို ဖြစ်ပေါ်စေပါတယ်။

ကိုယ်က သူလိုချင်တာကို လုပ်ပေးလိုက်ပေမယ့် သူတို့က ကျေနပ်မသွားပါဘူး၊ သတ်မှတ်ချက်ကို ထပ်ပြီး မြှင့်လိုက်တယ်။ ဥပမာ - "မင်း ဒါလုပ်ပေးလို့တော့ ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ဟိုဟာလေးပါ လုပ်ပေးရင် ပိုကောင်းမှာ" ဆိုပြီး ကိုယ် ဘယ်လောက်ကြိုးစားကြိုးစား သူတို့ရဲ့ အလိုပြည့်တယ် ဆိုတာ မရှိအောင် ဖန်တီးထားတတ်ပါသေးတယ်၊ Moving the Goalposts (ပန်းတိုင်ကို ရွှေ့ပြောင်းခြင်း) လို့ဆိုပါတယ်။

၃။ ကိုယ့်ဘက်က ဘယ်လို တုံ့ပြန်မလဲ (The Antidote)

ဒီလို အခြေအနေမျိုး ကြုံလာရင် စိတ်ခံစားမှုနဲ့ တုံ့ပြန်မယ့်အစား နည်းဗျူဟာကျကျ ပြန်လည် ကိုင်တွယ်ဖို့ လိုပါတယ်။

JADE နည်းလမ်းကို ရှောင်ကြဉ်ရပါမယ်၊ JADE ဆိုတာ Justify (အကြောင်းပြချက်ပေးခြင်း), Argue (ငြင်းခုံခြင်း), Defend (ကာကွယ်ပြောဆိုခြင်း), Explain (ရှင်းပြခြင်း) ပါ၊ Manipulator တွေက ဒါတွေကို လိုချင်တာဖြစ်သလို ကိုယ်က ရှင်းပြလေလေ၊ သူတို့က အပြစ်ရှာလေလေ ဖြစ်မှာပါ။ ဒါကြောင့် မလိုအပ်ဘဲ အရှည်ကြီး ရှင်းမပြပါနဲ့။ "ငါ့သဘောထားက ဒါပဲ" လို့ တိုတိုနဲ့ လိုရင်း ပြောပါ။

သူတို့က အခုချက်ချင်း အဖြေလိုချင်ကြလေ့ရှိသလို "အခု မဆုံးဖြတ်ရင် အခွင့်အရေး ဆုံးရှုံးမယ်" ဆိုပြီး ဖိအားပေးတတ်ပါတယ်၊ အဲဒီအခါ "ငါ စဉ်းစားဖို့ အချိန်လိုတယ်" အချိန်ယူရမယ် (Take my Time) လို့ ပြတ်ပြတ်သားသား ပြောပါ။ သူတို့ရဲ့ ဖိအားအောက်မှာ ဆုံးဖြတ်ချက် မချပါနဲ့။

Grey Rock Method (ကျောက်တုံးတစ်တုံးလို နေပါ) လို့ပြောချင်ပါတယ်၊ ဒါကတော့ အရမ်းဆိုးရွားတဲ့ အခြေအနေတွေမှာ သုံးရမှာဖြစ်သလို ကျောက်တုံးတစ်တုံးဟာ စိတ်ခံစားချက် မရှိပါဘူး၊ သူတို့ ဘာပြောပြော စိတ်လှုပ်ရှားမှုကို မပြဘဲ "အင်း"၊ "ဟုတ်လား"၊ "အဲလိုလား" ဆိုတဲ့ စကားလုံးလောက်နဲ့ပဲ တုံ့ပြန်ပါ။ သူတို့က ကိုယ့်ဆီက ဒေါသ၊ ဝမ်းနည်းမှု စတဲ့ Drama ကို လိုချင်တာပါ။ ကိုယ်က ဘာမှ မတုံ့ပြန်ရင် သူတို့ စိတ်ပျက်ပြီး ရပ်သွားတတ်ပါတယ်။

Manipulation ခံရတာဟာ ကိုယ့်ရဲ့ အပြစ်မဟုတ်ပါဘူး၊ ဒီအဝန်းအဝိုင်းထဲက ရုန်းထွက်ဖို့ကတော့ ကိုယ့်ရဲ့ တာဝန်ဖြစ်ပါတယ်။ "ငါ့ရဲ့ စိတ်ချမ်းသာမှုက အရေးကြီးဆုံးပဲ" ဆိုတဲ့ အတွေးကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားပါ၊ တကယ်ချစ်တဲ့သူ၊ တကယ် စေတနာထားတဲ့သူက ကိုယ့်ကို ထိန်းချုပ်ဖို့ မကြိုးစားသလို ကိုယ့်ကို ရှင်သန်ကြီးထွားခွင့် ပေးတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကို တန်ဖိုးထားတဲ့ ဆက်ဆံရေးမျိုးကိုပဲ ရွေးချယ် တည်ဆောက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကိုယ်ကရှင်သန်ခွင့်ပေး ပေမယ့် လိုဘက်ပြည့်လို့ဖြေစုံကန်ချင်သူတွေကတော့ နွားဇာတ်ခင်းချင်နေတာသာဖြစ်ပါတယ်။

#dryin
#Advisor
#Inno_Vertex

milk, chia seeds, and one banana. Blended smoothly

မုန်လာချ်

ဆီချက်၊ ကော်ရည်ဆိုင် တွေက အသားသုတ်နည်း

ပုံစံခွက်

 ပုံစံခွက် 

🔹▫️🔻🔸🔘

ကျွန်မတို့ နေထိုင်ရာ လူ့အဖွဲ့အစည်းမှာ "ပုံစံခွက် (Norms)" တွေဆိုတာ အမြဲ အဆင်သင့်ရှိနေတတ်ပါတယ်။ မိသားစု၊ ကျောင်း၊ အလုပ်ခွင်နဲ့ ဘာသာတရား/ ကိုးကွယ်မှု ယုံကြည်သက်ဝင်မှု ဆိုတဲ့ နယ်ပယ်တိုင်းမှာ မတူညီခြားနားခြင်းကို လက်မခံပဲ တူညီဖို့ အတင်းအကျပ် သွတ်သွင်းဖို့ ကြိုးစားနေကြသလို၊ ကျွန်မတို့ကိုယ်တိုင်ကလည်း အများနဲ့နည်းတူ ဖြစ်လာဖို့ အံဝင်ခွင်ကျ ဖြစ်အောင် အစွမ်းကုန် ကြိုးစားနေကြရပါတယ်။

ဒါပေမဲ့ ဒီပုံစံခွက်ထဲ ဝင်ဖို့ ကြိုးစားရတာဟာ တစ်ခါတစ်ရံမှာ အလွန်နာကျင်ဖို့ ကောင်းပါတယ်။ ကိုယ်က "လေးထောင့်" ပုံစံ ဖြစ်တည်နေချိန်မှာ လောကက သတ်မှတ်ထားတဲ့ ဘောင်က "အဝိုင်း" ဖြစ်နေခဲ့ရင်... ကျွန်မတို့ဟာ အဲ့ဒီအဝိုင်းထဲ ဝင်ဆံ့ဖို့အတွက် ကိုယ့်ရဲ့ အဖိုးတန်တဲ့ အစွန်းအထွက်လေးတွေကို ကိုယ်တိုင် ဖြတ်တောက်ပစ်လိုက်ကြရပါတယ်။

ကျွန်မတို့တွေ ဒီနေရာလေးမှာ ကိုယ့်ကိုယ်ကိုယ် မေးခွန်းလေး တစ်ခု ပြန်မေးကြည့်ရအောင်။

အဲ့ဒီလို ဖြတ်တောက်ရင်းနဲ့ ကျွန်မတို့ရဲ့ ပင်ကိုယ် "စွမ်းအား (Power)" တွေ ဘယ်လောက်တောင် ဆုံးရှုံးခဲ့ရပြီလဲ❓

System တစ်ခုကို ဥပမာအနေနဲ့ ပေးရမယ်ဆိုရင် ကျွန်မတို့ အစောဆုံးထိတွေ့ခဲ့ရတဲ့ မိသားစုစနစ် (Family System)ကနေပဲ ပြန်စကြည့်ရအောင်မိသားစုဆိုတာ ကျွန်မတို့ မွေးဖွားလာရာ ဒီကမ္ဘာမြေမှာ ပထမဆုံး စတင်ထိတွေ့ရတဲ့ "အသိုက်အမြုံ" လေးပဲဖြစ်ပါတယ်။

ဒါပေမဲ့ စိတ်မကောင်းစရာက အဲ့ဒီအသိုက်အမြုံလေးထဲမှာ ကျွန်မတို့ကို ကြိုဆိုနေတာက နွေးထွေးမှုတင်မကဘဲ “The Family Mold” လို့ခေါ်တဲ့ မိသားစုရဲ့ ရှေးအဆက်ဆက်ထဲက လက်ဆင့်ကမ်းလာကြတဲ့ ပုံစံခွက်တွေပါ တွဲပါ်လာတတ်တာပါပဲ။

မိသားစုဟာ ပထမဆုံးသော ကမ္ဘာငယ်လေးဖြစ်ပေမဲ့၊ တစ်ခါတစ်ရံမှာတော့ အဲ့ဒီကမ္ဘာဟာ "အချစ်"ဆိုတဲ့ ခေါင်းစဉ်အောက်မှာ "ထိန်းချုပ်မှု"တွေကို လက်ဆောင်ပေးတတ်ကြပါတယ်။

ကျွန်မတို့ ကြားဖူးကြမှာပါ။

"ငါတို့မျက်နှာကို ထောက်ထားစမ်းပါ…"
"နင်က ဘာလို့ တခြားကလေးတွေလို မဟုတ်ရတာလဲ.."
"နင့်ရဲ့ အဲ့ဒီစိတ်ကူးတွေက အပိုတွေ စိတ်ကူးတွေပဲထိုင်ယဉ်မနေနဲ့…"
"ငါ့အိမ်မှာနေရင် ငါ့စည်းကမ်းအတိုင်းနေ မနေနိုင်ရင် ထွက်သွား…"စသဖြင့်

မိသားစုတိုင်းမှာ သူတို့ရဲ့ Family System ဟန်ချက်ညီမှုကို ထိန်းသိမ်းဖို့အတွက် ရှေးရိုးစွဲ စည်းမျဉ်းတွေ၊ အခန်းကဏ္ဍတွေဟာ အမြဲရှိကြပါတယ်။

တကယ်လို့ ကျွန်မတို့တွေက ဒီစနစ်ဟောင်းကြီးရဲ့ အမှားတွေကို စတင်မေးခွန်းထုတ်လာသူ၊ ပွင့်လင်းလွန်းသူ၊ ဒါမှမဟုတ် လမ်းဟောင်းကို စွန့်ခွာပြီး လမ်းသစ်ဖောက်ချင်သူ ဖြစ်လာပြီဆိုရင် ကိုယ်ဟာ သူတို့ရဲ့ စံနှုန်းနဲ့ မကိုက်ညီတော့ပါဘူး။

အဲ့ဒီအခါ မိသားစုက သူတို့ သယ်ဆောင်လာတဲ့ စနစ်ကြီး မှန်ကန်ကြောင်း သက်သေပြဖို့ ကိုယ့်ကို "မူမမှန်သူ"ဒါမှမဟုတ် မိသားစုထဲ ကွဲထွက်နေသူ "အဆင်မပြေသူ" တစ်ယောက်အဖြစ် တံဆိပ်ကပ်ဖို့ ကြိုးစားကြပါတော့တယ်။

မိသားစုရဲ့ အတွင်းမှာ မကျန်းမာတဲ့ အလေ့အထတွေ (ဥပမာ- ဒေါသတွေကြီးကြတာ၊ လိမ်ညာတက်ကြတာ၊ ထိန်းချုပ်မှုတွေလွန်ကဲလွန်းကြတာ) စတာတွေကို ကိုယ်က စတင်ထောက်ပြမိတဲ့အခါ မေးခွန်းထုတ်တဲ့သူဖြစ်လာတဲ့အခါ “စနစ်”က ကိုယ့်ကို "ရန်သူ"တစ်ယောက်လို ဆက်ဆံလာတတ်ပါတယ်။

"နင်က အထိမခံ ပျော့ညံ့လွန်းတဲ့သူ။"
"နင်က ပြဿနာကောင် ပြဿနာတွေပဲ လိုက်ပတ်ရှာနေတယ်”

စသဖြင့် ခေါ်ဝေါ် Label တွေတပ်လိုက်ခြင်းဟာ မိသားစုအတွင်းက ဖုံးဖိထားတဲ့ အမှန်တရားတွေ (ပဋိပက္ခတွေ၊ ချို့ယွင်းနေတဲ့ ဆက်ဆံရေး) တွေကို ဖုံးကွယ်ဖို့ အလွယ်ကူဆုံး နည်းလမ်းတစ်ခု ဖြစ်နေတတ်ပါတယ်။

စိတ်ပညာရှင် Murray Bowenရဲ့ အဆိုအရ မိသားစုထဲမှာ သူတို့အတွက် ဖိအားနဲ့ စိုးရိမ်ပူပန်မှုတွေ များလာတဲ့အခါ အဲ့ဒီဖိအားကို လျှော့ချဖို့ "ဓားစာခံ (Scapegoat)"တစ်ယောက်ကို သတ်မှတ်လိုက်တတ်ကြပါတယ်။

မိသားစုတစ်ခုရဲ့ မိသားစုဝင်တွေကြားထဲ စိုးရိမ်ပူပန်မှု (Anxiety) တွေ၊ တင်းမာမှုတွေ အရမ်းများလာပြီဆိုရင် အဲ့ဒီမိသားစု "စနစ်" ကြီးတစ်ခုလုံးဟာ ယိုင်နဲ့လာပါတယ်။ အဲ့ဒီတင်းမာမှုတွေဟာ အဖေနဲ့အမေကြားက ကိစ္စတွေလည်း ဖြစ်နိုင်သလို၊ စီးပွားရေး အကျပ်အတည်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီပြဿနာအရင်းအမြစ်တွေကို ဖြေရှင်းရတာက ခက်ခဲပြီး နာကျင်ရတာမို့လို့ အဲ့ဒီအက်ကြောင်းကြီးကို ရင်ဆိုင်ရမှာ ကြောက်တဲ့အခါ (သတိမထားမိဘဲ) ဒီ family system ဟာ သူ့အတွက် အာရုံလွှဲစရာကို ရှာပါတော့တယ်။

"ငါတို့မိသားစု စိတ်မချမ်းသာရတာ
ဒီကလေး စကားနားမထောင်လို့၊
ဒီကလေး စာမကြိုးစားလို့။"

စသဖြင့် အပြစ်တင် ဝေဖန်မှုတွေနဲ့ ပုံချလိုက်တဲ့အခါ အားလုံးရဲ့ အာရုံက ကလေးဆီ ရောက်သွားပြီး တကယ့်အက်ကြောင်းကြီးကို ခဏမေ့ထားလိုက်ကြသလို "ငါတို့ကတော့ အဆင်ပြေပါတယ်၊ ဒီကလေးကြောင့်သာ..."ဆိုတဲ့ ခံစားချက်မျိုးနဲ့ မိသားစုကို ဟန်မပျက် ဆက်သွားစေတဲ့ အတုအယောင် ငြိမ်းချမ်းရေး (False Peace)ကို ဖန်တီးလိုက်ကြတာပါပဲ။

ဒါဟာ အိမ်တစ်အိမ်ရဲ့ အခြေခံအုတ်မြစ်တွေ အက်ကွဲနေတာကို မပြင်ဘဲ၊ နံရံက ပန်းချီကားတစ်ချပ် စောင်းနေတာကိုပဲ ဝိုင်းပြောနေကြတာနဲ့ တူပါတယ်။

များသောအားဖြင့်တော့ လူ့သဘာဝ စူးစမ်းရှာဖွေချင်တယ်ဆိုတဲ့ သိလိုစိတ် (Curiosity)၊ အမှန်တရားကို မေးခွန်းထုတ်တတ်သူ၊ စာနာစိတ်လွန်ကဲသူ (စိတ်ခံစားချက်တွေများသူ)တွေနဲ့ ပွင့်လင်းသူတွေဟာ ဒီအခန်းကဏ္ဍ (ဓားစာခံ) ကို ထမ်းဆောင်လိုက်ကြရတာပါ။

"နင်က အရမ်းတွေးလွန်းတာ။"
"နင်က မိသားစုကို အေးချမ်းအောင် မထားဘူး။"

ဆိုတဲ့ စကားလုံးတွေဟာ တကယ်တော့ သူတို့ကိုယ်တိုင် မရင်ဆိုင်ရဲတဲ့ ပဋိပက္ခတွေကို ကိုယ့်အပေါ် ပုံချလိုက်ခြင်းသာ ဖြစ်ပါတယ်။

ကျွန်မတို့ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ အန်ဒါဆင်ရဲ့ "The Ugly Duckling (အကျည်းတန် ဘဲကလေး)"ပုံပြင်ကို သိကြမယ်ထင်ပါတယ်။ ဘဲအုပ်ထဲမှာ ပေါက်လာပေမဲ့ အရောင်ရော၊ အသံရော မတူတဲ့ ဘဲကလေးအတွက် သူစတင်ထိတွေ့ရတဲ့ "အသိုက်" လေးဟာ သူ့ကို ပထမဆုံးသော အပြစ်ရှာခံရရာ နေရာလေး ဖြစ်ခဲ့တယ်။

ပတ်ဝန်းကျင်က ကိုယ့်ကို "နင်က ထူးဆန်းတယ် ဘာလို့ တခြားကလေးတွေနဲ့ မတူရတာလဲ"လို့ ပြောဖန်များတဲ့အခါ ကိုယ့်ရဲ့ မတူညီမှုကို အားနည်းချက်လို့ ကိုယ်တိုင်ယုံကြည်လာပြီး "False Self (အတုအယောင်ကိုယ်ထည်)"တစ်ခုကို တည်ဆောက်လိုက်ရတာဟာ စိတ်ပိုင်းဆိုင်ရာအရ အပင်ပန်းဆုံးပါပဲ။

"ငါးတစ်ကောင်ကို သစ်ပင်တက်ခိုင်းပြီး သူ့အရည်အချင်းကို တိုင်းတာမယ်ဆိုရင် အဲ့ဒီငါးဟာ တစ်သက်လုံး သူ့ကိုယ်သူ အသုံးမကျသူလို့ ထင်ပြီး နေထိုင်သွားရပါလိမ့်မယ်။"

ဆိုတဲ့ စကားလေးလိုပါပဲ။ လူတိုင်းဟာ သစ်ပင်တက်ဖို့ မွေးဖွားလာတာမဟုတ်ဘဲ သမုဒ္ဒရာကို ကူးခတ်ဖို့ မွေးဖွားလာတာလဲ ဖြစ်နိုင်သလို ဟိုးကောင်းကင်အမြင့်ကြီးတွေမှာလဲ ပျံသန်းနိုင်သူတွေ ဖြစ်နေနိုင်ပါတယ်။

ကိုယ့်ရဲ့ ပင်ကိုယ်အရည်အချင်း (Authenticity) ကို ဖျောက်ပစ်လိုက်တာဟာ "ကိုယ်နဲ့ စိတ်ဝေးကွာမှု (Self-alienation)"ကို ဖြစ်စေပြီး ရေရှည်မှာ စိတ်ကျရောဂါနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားမှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ကျွန်မတို့တွေ ဒါလေးကို သတိရပေးပါ... အမေတစ်ဦးတည်းက မွေးတဲ့ မွေးချင်းတွေတောင် အကြိုက်ချင်း၊ ပုံစံချင်း၊ စရိုက်လက္ခဏာချင်း မတူကြတာဟာ သဘာဝပါ။မတူညီခြင်းဟာ ပြဿနာမဟုတ်ပါဘူး။ အများနဲ့တူအောင် အတင်းညှိယူနေတာထက်၊ မတူညီတဲ့ ကိုယ့်ရဲ့ဖြစ်တည်မှုကို ချစ်ခင်ခြင်းကသာ ကိုယ့်ကိုကိုယ် စစ်မှန်တဲ့ လွတ်မြောက်မှုကို ပေးပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် ပုံစံခွက်တွေထဲမှာ အတင်းအကျပ် ညှိယူရင်း ပျောက်ဆုံးနေရသူတစ်ယောက်လို ခံစားနေရတယ်ဆိုရင် အခုချိန်ကစပြီး အများနဲ့ အံဝင်ဖို့ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် ပြုပြင်နေတာတွေကို ခေတ္တရပ်တန့်ကြည့်လိုက်ပါ။

ကိုယ့်ကို အရှိအတိုင်း ပြန်လည်လက်ခံပေးပါ။

မတူညီမှုဟာ အားနည်းချက်မဟုတ်ပါဘူး။ မတူညီမှုဟာ လူသားတစ်ယောက် ဖြစ်စေဖို့ သဘာဝကြီးကပေးတဲ့ Super Power ပါပဲ ဆိုတာ​လေးပြောရင်း

ပုံစံခွက်တွေထဲမှာ ပျောက်ဆုံးနေတဲ့ ကိုယ့်ရဲ့ စစ်မှန်တဲ့ ပုံရိပ်လေးကို ပြန်လည်ရှာဖွေပြီး အရှိအတိုင်း ရဲရဲဝံ့ဝံ့ ရှင်သန်နိုင်ဖို့ ဒီနေရာလေးကနေ ကိုယ့်ကိုယ်ကို ပြန်ရှာဖွေဖို့ အရင်အလုပ်လုပ်ကြည့်ချင်တာပဲဖြစ်ဖြစ်၊ နေ့စဉ်ပေါင်းသင်းဆက်ဆံရေးတွေမှာ မတူကွဲပြားမှုတွေကြောင့် ပြဿနာတွေ ကြုံနေရတာပဲဖြစ်ဖြစ် ကျွန်မတို့ To Day Psychology Classes က အပတ်စဉ် သောကြာနေ့တိုင်း ပြုလုပ်ပေးနေတဲ့ Yours Today group therapy sessions လေးတွေကို Join ပြီး ကိုယ့်ခံစားချက်တွေကို ရင်ဖွင့်ရင်းလည်း ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေနိုင်ပါတယ် ဆိုတာလေးလည်း ပြောပြချင်ပါတယ်။