ခန္ဓာကိုယ်ရှိ ဆဲလ်အသီးသီးကို တည်ဆောက်ဖြစ်ပေါ်စေခြင်း၊ ယင်းတို့ကို တတ်နိုင်သမျှ တာရှည် တည်တံ့အောင် ထိန်းသိမ်းခြင်း၊ ထိခိုက်ပျက်စီးလျှင် ပြန်လည်တည်ဆောက် ပြည့်ဖြိုးစေခြင်းတို့အတွက် ပရိုတင်းပါသောအစားအစာတို့ကို စားသောက်ရသည်။ ပရိုတင်းကို အသား ငါး ဥ နို့တို့မှအပြင် ပဲအမျိုးမျိုး၊ အစေ့အဆံ၊ ထောပတ်သီး၊ အာလူးစသည်တို့မှလည်း ရနိုင်သည်။
ပရိုတင်းကို အမိုင်နိုအက်စစ်အမျိုးပေါင်း ၂၀ ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ အမိုင်နိုအက်စစ် အများအပြားကို ခန္ဓာကိုယ်က ဓာတ်ပြုထုတ်လုပ်နိုင်သော်လည်း ကိုးမျိုးကိုမူ ခန္ဓာကိုယ်က မထုတ်လုပ်နိုင်ဘဲ အစားအသောက်များမှသာ ရနိုင်သဖြင့် အဆိုပါအမိုင်နိုအက်စစ်ကိုးမျိုးကို 'လိုအပ်သော အမိုင်နို အက်စစ်များ'ဟု ခေါ်သည်။ အဆိုပါအက်စစ်ကိုးမျိုးစလုံး ပါဝင်သည့် အစားအစာများမှာ အသား၊ ဥနှင့် နွားနို့တို့ ဖြစ်ကြသည်။ ပဲသီးပဲတောင့်များ၊ အစေ့အဆံများ၊ အသီးအရွက်များ၌ အက်စစ်ကိုးမျိုးစလုံး အတူတကွ မပါဝင်သော်လည်း ယင်းတို့အားလုံးကို မျှတစားသောက်လျှင် ကိုးမျိုးစလုံး ရရှိနိုင်သည်။
ကျန်းမာသောလူငယ်တစ်ဦးသည် ကိုယ်အလေးချိန် ၁ ပေါင်လျှင် တစ်ရက် ပရိုတင်း ဝ ဒသမ ၃၆ ဂရမ်ခန့် (၁ ကီလိုလျှင် ဝ ဒသမ ၈ ဂရမ်) စားသင့်သည်။ ထို့ကြောင့် ပေါင် ၁၅၀ လေးသောလူငယ်သည် တစ်ရက် ပရိုတင်း ၅၄ ဂရမ်ခန့် စားသင့်သည်။ အသက် ၃၀ ကျော်ချိန်မှစ၍ ခန္ဓာကိုယ်တွင်း ပရိုတင်းပမာဏသည် ၁၀ နှစ်လျှင် ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းဖြင့် သဘာဝအလျောက် လျော့နည်းကုန်ခန်းသောကြောင့် အသက် ၈၀ အထက်ရောက်သူများ၏ ခန္ဓာကိုယ်သည် ငယ်ရွယ်စဉ်ကထက် ပရိုတင်းပမာဏ ၂၅ ရာခိုင်နှုန်းခန့် သဘာဝအလျောက် လျော့နည်းသွားပြီ ဖြစ်သည်။ ထို့ကြောင့် အသက်ရလာလေ ပရိုတင်းကို ပိုလိုလာလေ ဖြစ်သည်။ အသက် ၅၀ အထက်တို့သည် ကိုယ်အလေးချိန် ၁ ပေါင်လျှင် တစ်ရက် ပရိုတင်း ဝ ဒသမ ၅၅ ဂရမ်မှ ဝ ဒသမ ၇ ဂရမ်ခန့်အထိ စားသင့်သည်။ (ပရိုတင်းကို အတိုင်းအတာဖြင့်သာ စားသင့်သောရောဂါသည်များလည်း ရှိရာ ထိုသူတို့အဖို့ ဆရာဝန်များ၏ ညွှန်ကြားချက်အရ စားရန် ဖြစ်သည်။)
ကြက်ပေါင်တစ်ဖက် ပရိုတင်း ၁၇ ဂရမ်ခန့်၊ ချက်ပြုတ်ပြီး ပဲတစ်ခွက်တွင် ပရိုတင်း ၁၈ ဂရမ်ခန့်၊ ကြက်ဥတစ်လုံးတွင် ပရိုတင်း ၆ ဂရမ်ခန့်၊ နို့တစ်ခွက် ပရိုတင်း ၉ ဂရမ်ခန့်ပါသည်ကို ထောက်၍ မိမိတို့၏ အစားအသောက်များ၌ ပါဝင်သော ပရိုတင်းပမာဏကို အကြမ်းမျှ ခန့်မှန်းသိရှိနိုင်သည်။ ပရိုတင်းအများအပြားပါသော အစာများကို စားရာတွင် သတိပြုသင့်သည်မှာ လူ့ခန္ဓာကိုယ်သည် တစ်ကြိမ်စားလျှင် ပရိုတင်း ၂၀ ဂရမ်မှ ၄၀ ဂရမ်ကြားသာ ချေဖျက်စုပ်ယူနိုင်သောအချက်ကို ဖြစ်သည်။ ဥပမာ - အရိုးထုတ်ပြီး ဘဲကင်တစ်ကောင်တွင် ပရိုတင်း ၂၀ဝ ဂရမ်ခန့်ပါသဖြင့် ဘဲကင်တစ်စိတ်ကို တစ်ထိုင်တည်းစားသူ၏ ဗိုက်ထဲသို့ ပရိုတင်း ၅၀ ဂရမ်ခန့် ဝင်သွားသော်လည်း ခန္ဓာကိုယ်သည် ၂၀ ဂရမ်မှ အများဆုံး ၄၀ ဂရမ်ကြားကိုသာ ချေဖျက်စုပ်ယူနိုင်သည်။ ထိုထက်ပိုသော ပရိုတင်းများကြောင့် ဗိုက်အယ်နေတတ်သည်။ အစာမကြေဖြစ်တတ်သည်။ ကျောက်ကပ်ကို ဝန်ပိစေနိုင်သည်။ ထို့ကြောင့် ပရိုတင်းအများအပြားပါသော အစားအသောက်များကို လေးနာရီခန့်ခြား၍ စားသင့်သည်။
ပရိုတင်းများလွန်းလျှင် အန္တရာယ်ပေးနိုင်သကဲ့သို့ နည်းလွန်းလျှင်လည်း ယင်းကပေးသော အကျိုးကျေးဇူးများကို မရနိုင်ပေ။ ခန္ဓာကိုယ်တွင်း၌ ပရိုတင်းနည်းမနည်း သတိထားနေသင့်သည်။ ပရိုတင်းနည်းသောအခါ ပေါ်ပေါက်တတ်သည့် လက္ခဏာများမှာ ခြေလက်ရောင်ခြင်း၊ အားနည်းခြင်း၊ မကြာခဏဆာလောင်ခြင်း၊ အရေပြား ခြောက်သွေ့အက်ကွဲခြင်း အကွက်ထခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ခြေသည်းလက်သည်းများ ကျိုးပဲ့လွယ်ခြင်း၊ မကြာခဏဖျားခြင်း၊ စဉ်းစားတွေးခေါ်ရာတွင် အမှားအယွင်းများလာခြင်းစသည်တို့ ဖြစ်သည်။