Wednesday, November 5, 2025

Rat Race / Comfort zone ဒီခေတ်ရဲ့ တချို့တချို့သော ကိစ္စများ။

 Rat Race / Comfort zone

ဒီခေတ်ရဲ့ တချို့တချို့သော ကိစ္စများ။
Boston ရောက်လာတော့ March လလောက်မှာမှ
အချိန်ပြည့်အလုပ်ပြန်ဝင်ဖြစ်တယ်။
အလုပ်က အင်တာဗြူးကတည်းက ရမယ်လို့ သိနေတာ။
ဒါပေမဲ့ ပြဿနာက အသွား တနာရီလေးဆယ့်ငါးမိနစ်
အပြင် တနာရီလေးဆယ့်ငါးမိနစ် ကြာမှာပဲ။
အဲ့လို မဟုတ်ဘဲ shuttle bus နဲ့ သွားမယ်ဆို
တနေ့ ၁၂$ ကုန်မယ်။
နာရီဝက်လောက် အချိန်ကုန်သက်သာမယ်။
တရက် ၁၂$ ဆိုတာ တပတ်ကို ၆၀$
တလကို ၂၄၀$ ဆိုတော့ အပြင်မှာ စားဖို့
ချိန်ထားတဲ့ ဘတ်ဂျက်လောက်ကို ဖြစ်နေပြီ။
ပြီးတော့ ကျနော်က gym ကလည်း
တပတ်ငါးရက် ဆော့နေသေးတယ်။
နောက်ဆုံး ဘယ်လိုဖြစ်သွားလဲဆိုတော့
မနက်ဆို ငါးနာရီထ မနက်စာပြင်
၆ခွဲလောက် gym ရောက်အောင်သွား
၈ နာရီဆို gym ကထွက် မနက် ၁၀ နာရီမှီအောင်သွား
၆ခွဲဆို အလုပ်ဆင်း ၈ ခွဲလောက်အိမ်ရောက်
ချက်ပြုတ်စား ပြီးရင် အိပ် နောက်တရက်ကူး။
အပြင်မှာချည်း ၁၂ နာရီခွဲလောက်နေရတယ်။
နှစ်ပတ်ကို ၁၂၀၀$ လောက်ရဖို့။
ဒါပေါ့ uber စီးရတဲ့ရက်တွေ
shuttle bus စီးရတဲ့ရက်တွေ ရှိတာပေါ့။
ဘယ်အခြေအနေကတော့
အမြဲတမ်း အတက်ချည်းပဲ ရှိနေမှာလဲ။
ဒါပေမဲ့ လုပ်နိုင်သလောက်လုပ်ခဲ့တာပဲ။
ပြောချင်တာက rat race ဆိုတာက
ဖြတ်သန်းကြရတာပါပဲ။
ပိုဆိုးတာက ဒီလိုကာလမှာဆို ပိုဆိုးတယ်။
လူငယ်တွေက နိုင်ငံထဲ ပိတ်မိ၊
တောထဲရောက်၊ သူများနိုင်ငံမှာ ဘတ်ရိုက်ပြီး
တရားမဝင်နေရတွေလေ။
ခင်ဗျားက နိုင်ငံကြီး တနိုင်ငံမှာ တရားဝင်နေခွင့်ရ
ပိုက်ဆံရခွင့် အလုပ်လုပ်ခွင့်ဆိုတဲ့
အခြေခံလူ့အခွင့်အရေး ရရင်ကို အခွင့်ထူးခံဖြစ်နေပြီ။
ဗမာနိုင်ငံက ကော်ပိုရိတ်က မန်နေဂျာပဲဖြစ်ခဲ့ခဲ့
ဆယ်လီပဲဖြစ်ခဲ့ခဲ့ ကိုယ်ပိုင်လုပ်ငန်းရှင်ပဲဖြစ်ခဲ့ခဲ့
ပထမနိုင်ငံကြီးမှာတော့ လက်တဆုတ်စာ
ပညာတတ်တွေကလွဲရင် အတော်များများကတော့
အလုပ်ဝင်ပြီဆို အစကနေ ပြန်စကြရတာပဲ။
(ကြုံလို့ ပြောရရင် Atlanta ရဲ့ job fair တခုမှာ
Afghanistan က ဘဏ်ဒုဥက္ကဋ္ဌ လုပ်ဖူးပြီး
finance master ရထားတဲ့သူ receptionist
လျှောက်တာ မြင်ဖူးတယ်။ အလုပ်မရလိုက်။)
အထူးသဖြင့် management / marketing
ကလူတွေဆိုရင် အရမ်းတော်မယ် ကံလည်းလိုက်မယ်
referral လည်း ကောင်းမယ်ဆိုရင်တော့ တမျိုး။
မဟုတ်ရင်တော့ LinkedIn Profile ပြင်ထားပါတို့
Coursera က certificate လေးလုပ်ထားရုံပဲတို့ Indeed တို့က လျှောက်တို့က အပေါ်ယံပါပဲ။
အခြေခံအလုပ်ကစကြရတာ များတယ်။
ကျနော် Boston မှာ အလုပ်စလျှောက်တော့
တနေ့ကို အလုပ် ၁၀ ခု CV ပို့ရတဲ့အလုပ်ကို
လနဲ့ချီပြီး လုပ်ရတာ။
အလုပ်မလျှောက်ဖူးဘူးဆို ၄၀၀ ၅၀၀ လောက်တော့
လျှောက်ဖူးမယ် ထင်တယ်။
ပြောချင်တာက ကျနော်တို့က ကိုယ့်လမ်းကြောင်း
အခြေအနေကို ကြည့်ရမယ်။
အဲ့ကနေမှ နှစ်အလိုက် တိုင်းတာလို့ရတဲ့ဟာတွေ ရှိတယ်။
ဥပမာ ပိုက်ဆံပိုရှိလာလား၊ စိတ်ချမ်းသာလာလား၊
တခြားနေရာတွေမှာ အလုပ်ဝင်တိုးနိုင်လား
အစရှိသဖြင့်တော့ ထည့်တွေးရတာပဲ။
ပိုက်ဆံမက်တာတော့ မဟုတ်ဘူး
ဒါပေမဲ့ သက်တောင့်သက်သာနေဖို့
အမှားခံနိုင်ဖို့က ပိုက်ဆံရှိဖို့ လိုသေးတာကိုး။
ကျနော်က ဘယ်တုန်းကမှ ပိုက်ဆံမမက်ခဲ့ဘူး
သက်တောင့်သက်သာ နေနိုင်မှုကို
လက်လွှတ်မခံချင်ရုံလေးတင် ကြိုးစားတာ။
Comfort zone နဲ့ ပတ်သက်ရင်
ကျနော် အမြဲတမ်း ခံယူတာက
တနှစ်က အနိမ့်ဆုံး $90K annual before tax
အထက် ရပြီးတော့ management role ရောက်မှ
စပြောသင့်တဲ့ကိစ္စလို့ ထင်တယ်။
ကျနော် Atlanta Marriott Marquis မှာ နှစ်နှစ်ကြာတယ်။
နောက်ဆုံး ၆ လလောက်က ဘာပြီးဘာလုပ်ရမလဲ
သိနေပြီ ဘယ်လိုခက်ခဲခဲ အေးဆေး လုပ်နိုင်တယ်။
အဲ့ဒါ ကျနော် comfort zone ထဲ ရောက်သွားတာလား။
တပတ်ကို ၄၄ နာရီလောက် ပြီး $၂၀၀၀ ကျော်လေးနဲ့လေ။
ပိုက်ဆံသိပ်မဝင်လို့ ပိုရှာဖို့ ကြိုးစားရတာကို
career growth ရဖို့ ကြိုးစားရတယ်ပဲ ပြောရမယ်။
ကျနော် ရေးတာလည်း ရှည်နေပြီ။
လိုရင်း ပြောရရင်တော့ သူများဆီမှာ
အလုပ်လုပ်ရတယ်ဆိုတာ နိုင်ငံခြားမှာ ရှိမှာပဲ။
ကိုယ်ပိုင် အလုပ်လည်း လုပ်ဖူးသူ
သူများဆီမှာလည်း အလုပ်ဝင်ဖူးသူ အနေနဲ့
အတွေ့အကြုံတွေ နှစ်ဖက်က ရတာ ကောင်းတယ်။
ဒါပေမဲ့ တချိန်တည်းမှာပဲ ကိုယ့်ဝင်ငွေတွေကို
ဘယ်နေရာမှာ သုံးမှာလဲ တွေးသင့်တယ်။
စုသင့်လား ဖြုန်းသင့်လား ရင်းနှီးမြှုပ်နှံသင့်လား
အစရှိသဖြင့်ပေါ့လေ​။
ပြီးတော့ ဝင်ငွေပိုကောင်းရုံတင် မဟုတ်ဘူး
လုပ်ငန်းခွင်ကောင်းတဲ့ဆီကို ပြောင်းတာမျိုး
အတွေ့အကြုံနဲ့ လုပ်ပိုင်ခွင့် ပိုရတာမျိုးကိုလည်း
ထည့်စဉ်းစားသင့်တယ်။
လောကကြီးက နာမည်တွေ တံဆိပ်တွေနဲ့ တည်ဆောက်ထားတာပါ။
ကျနော် နောက်အင်တာဗြူးတွေ ဝင်တော့
အခန်း ၁၆၀၀ ကျော် VIP Guest တွေကို
ကိုင်တွယ်ဖူးတယ်ဆိုတဲ့ အဖြေက
အင်တာဗြူး တဆင့်နဲ့တင် Upscale hotel မှာ
တန်းခန့်တဲ့အထိ ရပါတယ်။
ဘဝကို ဒီလိုပဲ တည်ဆောက်ရတာပါပဲ။
လူတွေက ကိုယ့်လမ်းကြောင်းကိုယ်မှန်ရင်
ဘာမှ ဟုတ်မနေတဲ့ matrix က ထွက်ဖို့
ငါ့ဆီ အတန်းတက်ဆိုတဲ့သူတွေရဲ့ ခြူဆီတွေကို
ရှောင်နိုင်မယ်လို့ ထင်ပါရဲ့။

No comments:

Post a Comment