Thursday, November 6, 2025

အပြုသဘော စဉ်းစားတတ် ခြင်း (Positive Thinking)၏ အကျိုး

 အပြုသဘော စဉ်းစားတတ် ခြင်း

(Positive Thinking)၏ အကျိုး
=•=•=•=•=•=•=•=•=•=•=•=•=

သင်ဟာ အကောင်းမြင်ဘက်ကစဉ်းစားတတ်သူ (Positive thinking)သမားလား။ ဒါမှမဟုတ် အဆိုး
ဘက်ကစဉ်းစားတတ်သူ (Negative thinking) သမား
လား။ ဒီအမျိုးအစားနှစ်မျိုးလုံးဟာ ကိုယ်-စိတ် ကျန်းမာရေးများအပေါ်အကျိုးသက်ရောက်မှုတွေရှိပါလိမ့်မယ်။
Positive Thinking သမားကတော့ ပိုပြီးကောင်းတာပေါ့။

၂၀၀၄ခုကနေ ၂၀၁၂ခုနှစ်အထိ အမျိုးသမီး ၇၀၀၀၀
ကို ခြေရာခံလေ့လာခဲ့ရာမှာ အကောင်းမြင်တတ်သူ
တွေဟာ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ရင်သားကင်ဆာ၊
သားအိမ်ကင်ဆာ၊ အဆုပ်ကင်ဆာ၊ အူမကြီးကင်ဆာ၊
အသက်ရှုလမ်းကြောင်းရောဂါ၊ ကူးစက်တတ်တဲ့ရောဂါ
တွေအပါအဝင် အဓိကသေဆုံးမှုများတဲ့ရောဂါကြီးတွေရဲ့
အန္တရယ်ကြုံမှုနည်းတယ်လို့ဆိုပါတယ်။

အဲဒီအပြင် အကောင်းမြင်စဉ်းစားတတ်သူတွေဟာ
ဘဝအရည်အသွေးပိုကောင်းတယ်၊ စွမ်းအင်အဆင့်
ပိုမြင့်တယ်၊ ကိုယ်-စိတ်နှစ်ပါးကျန်းမာရေးပိုကောင်း
တယ်။ ထိခိုက်ဏ်ရာရတဲ့အခါ၊ မနာမကျန်းဖြစ်တဲ့
အခါ မြန်မြန်နလံထပျောက်ကင်းလွယ်တယ်။ အအေးမိ
တာနည်းတယ်။ စိတ်ကျရောဂါဖြစ်တာနည်းတယ်။
စိတ်ဖိစီးမှုကို ပိုဖြေရှင်းနိုင်တယ်။ အသက်ပိုရှည်တယ်
စတဲ့ အထောက်အထားတွေလည်း တွေ့ရတယ်လို့ဆိုပါ
တယ်။

အကောင်းမြင်စဉ်းစားတတ်တယ်ဆိုတာ မှော်
အတတ်တစ်ခုတော့မဟုတ်ပါဘူး။ အကောင်း
မြင်စဉ်းစားတတ်ရုံနဲ့လည်း သင်ပြဿနာတွေ
ပျောက်ကွယ်သွားစေမှာတော့လည်း မဟုတ်ပါဘူး။
ဒါပေမဲ့ အကောင်းမြင်စဉ်းစားတတ်တဲ့ အကျင့်ရှိ
မယ်ဆိုရင်တော့ သင်ပြဿနာတွေကို ပိုပြီးဇွဲရှိရှိနဲ့
ကိုင်တွယ်နိုင်စွမ်း၊ အခက်အခဲဒုက္ခတွေကို အပြုသဘော
အကျိုးရှိတဲ့နည်းတွေနဲ့ ပိုပြီးဖြေရှင်းနိုင်စွမ်း ရှိပါလိမ့်
မယ်။

အကောင်းမြင်စဉ်းစားမှုတွေဖြစ်အောင်ဘယ်လို
လုပ်ရမလဲ။
=================================

မိမိစိတ်ထဲမှာ အပြုသဘောစဉ်းစားမှုတွေ၊ မိမိကိုယ်ကို
စိတ်ထဲကနေ အပြုသဘောစကားပြောနေမှုတွေလုပ်ပါ။
အောက်ပါအကြံပြုချက်အချို့ကို လိုက်နာကြည့်ပါ။

၁။ အဆိုးထက် ကောင်းတဲ့ဖြစ်ရပ်များ ဖြစ်လာမှု
အပေါ် အာရုံပြုထားပါ။ အခက်အခဲ၊ စိန်ခေါ်မှုတွေနဲ့
ကြုံရခြင်းဟာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဘယ်
လောက်သေးမွှားပါစေ အကောင်းဖြစ်လာမယ့်ဘက်
ကိုသာအရုံပြုထားပါ။ ဥပမာ- အစီအစဉ်တွေဖျက်
လိုက်ရချိန်မှာ “အေးလေ၊ ငါ TV ကြည်ဖို့၊ အိပ်ရေး
ဝဝအိပ်ဖို့ ပိုအချိန်ရတာပေါ့”လို့တွေးလိုက်တာမျိုး။

၂။ ကျေးဇူးတင်တတ်ခြင်းကို အလေ့အကျင့်လုပ်ပါ။ သူတစ်ထူး၏ကျေးဇူးကိုဖော်ပြတတ်သူများဟာ
စိတ်ဖိစီးမှုလျောနည်းတယ်၊ အတ္တအလေးအမြတ်
ထားမှုမြင့်တယ်။ အခက်အခဲကြုံချိန်မှာ ဒူပေနာပေ
ခံနိုင်ပါတယ်။ သင့်ကိုယ် စိတ်သက်သာ စိတ်ချမ်း
မြေ့အောင်လုပ်ပေးတဲ့သူတွေ အချိန်တွေကို သတိရ
နေပြီး တစ်နေ့တစ်ကြိမ်လောက်ကျေးဇူးတင်ကြောင်း
ဖော်ပြ မေတ္တာပို့ပါ။ သင့်ပန်းကန်ကူဆေးသူသင့်ဇနီး
ခင်မွန်း၊ သင်အလုပ်ကူညီသူ သင့်လုပ်ဖောကိုင်ဖက်တို့
ကို ကျေးဇူးတင်ကြောင်းဖော်ပြတာမျိုးမကြာခဏလုပ်ပါ။

၃။ ကျေးဇူးတင်ထိုက်သူများအကြောင်း နေ့စဉ်
မှတ်တမ်းချရေးပါ။ သင်အခက်အခဲကြုံစဉ်ကူညီသူ
များအကြောင်းမှတ်တမ်းရေး၊ ကျေးဇူးသိတတ်ကြောင်း ကျေးဇူးတရားပြပါ။

၄။ ဟာသကိုခံစား ရယ်မောပစ်ပါ။
ရယ်မောခြင်းဟာ စိတ်ဖိစီးမှု၊ စိုးရိမ်စိတ်နဲ့ စိတ်ကျ
မှုတို့ကို လျှော့ပါးသက်သာစေပါတယ်။ စိတ်ဓာတ်နဲ့
အတ္တအလေးအမြတ်ထားမှုတို့ကို မြင့်တက်စေပြီး
စိတ်ဖိစီးမှုကို ဖြေရှင်းတတ်တဲ့စွမ်းရည်တို့ကိုလည်း
မြင့်တက်စေပါတယ်။ အခက်အခဲကြုံချိန်မှာ ဟာသ
ဉာဏ်ကို သုံးပြီး ရယ်မောပစ်ဖို့သတိရပါ။ စိတ်ပေါ့ပါး
သွားပြီး ခက်ခဲတဲ့ခံစားမှု လျှော့ပါးစေပါလိမ့်မယ်။
ရယ်စရာမကောင်းတောင် ရယ်စရာကောင်းဟန်ဆောင်
လိုက်ပါ။ စိတ်သက်သာသွားစေပါလိမ့်မယ်။

၅။ အကောင်းမြင်တတ်သူများနဲ့ စကားလက်ဆုံ
ပြောပါ။ အခန်းထဲမှာ အဆိုးမြင်သူတစ်ဦးရှိရင်
ကျန်သူတွေအနေနဲ့ စိတ်မသက်မသာ မကြာခဏ
ခံစားရနိုင်ပါတယ်။ ဒါနဲ့ဆန့်ကျင်ဖက်က ကိုယ့်
ဝန်းကျင်မှာ အပြုသဘောစဉ်းစားတတ်သူများနဲ့
ခြံရန်ထားခြင်ဟာ အတ္တအလေးအမြတ်ထားမှုမြင့်
မားစေသလို သင်ရည်ရွယ်ရာပန်းတိုင်ရောက်ဖို့
အခွင့်အလမ်းလည်းမြင့်မားစေပါလိမ့်မယ်။

၆။ မိမိကိုယ်မိမိ အပြုသဘောပြောဆိုမှုများကို
စိတ်ထဲကနေပြောပေးပါ။ ကျွန်တော်တို့ဟာ
တစ်ခါတစ်ရံမှာ မိမိကိုယ်မိမိ အကောင်းမမြင်
တတ်သလို အပြစ်တင်တတ်လေ့ရှိပါတယ်။ အဲဒီ
အကျိုးဆက်ကြောင့် မိမိကိုယ်မိမိ ပုံဖော်ဖို့ခက်တဲ့
မကောင်းမြင်မှုတွေ အယုံအကြည်ကင်းမဲ့မှုတွေ
ဖြစ်တတ်ပါတယ်။ ဒါတွေကိုရပ်ပြီး သင့်ကိုယ်သင်
ကောင်းတဲ့ မက်ဆေ့ချ်တွေပေးပါ၊ အပြုသဘောစဉ်း
စားမှုတွေလုပ်ပါ။ သင့်အကြောင်းသင် မကောင်းတဲ့
စိတ်အတွေကနေ ကောင်းတဲ့စိတ်အတွေးတွေ
ပြောင်းတွေးလိုက်ခြင်းဟာ စိတ်ဖိစီးအောက်မှာရှိ
နေတဲ့ သင့်ခံစားမှု၊ အတွေး၊ အပြုအမူတွေကိုပါ
သင့်စိတ်ကြိုက်ထိန်းချုပ်နိုင်လာပါလိမ့်မယ်။
ဥပမာ-ငါ့နှယ်ကွာ ဗရမ်းဗတာနိုင်လိုက်တာလို့ တွေး
တာထက် ငါဖြစ်နေတာကို ပြောင်းလဲသွားအောင်
နည်းလမ်းရှာကြည့်ရမယ် လို့တွေးကြည့်ပါ။

၇။ သင့်ရဲ့အပြုသဘေမဆောင်တဲ့ ဧရိယာတွေကို
ရှာဖွေပြုပြင်ပါ။ မိမိကိုယ်တိုင်ရှာဖွေဖို့ခက်ကောင်း
ခက်နိုင်ပါတယ်။ သင်မိတ်ဆွေ၊ သင့်ဇနီးခင်ပွန်း
တို့ကိုထောက်ပြခိုင်းပြီး ပြုပြင်ဖို့ကြိုးစားပါ။ ဥပ
မာ-သင်ကားမောင်းစဉ် စိတ်မရှည်တတ်တာမျိုး
ဖြစ်ကောင်းဖြစ်တတ်ပါတယ်။

နောက်ဆုံးအနေဖြင့် တစ်နေ့တာရဲ့အစမှာ ငါဒီ
နေ့ပျော်ရွှင်ဘွယ် နေ့တစ်ဖြစ်ရမယ်လို့အာရုံပြု၊
ပျော်ရွှင်ဘွယ် သာယာဘွယ်သီချင်းတို့နားထောင်၊
အခြားတစ်ယောက်ကို နှစ်လိုဘွယ်အကူအညီပေး
ခြင်း၊ သို့မဟုတ် အလှူခံတစ်ယောက်ကို တတ်နိုင်
တဲ့ငွေ လှူဒါန်းခြင်းဖြင့်စတင်လိုက်ပါ။

ဒေါက်တာမြင့်လွင်(စိတ်ပညာ)

No comments:

Post a Comment