Monday, November 3, 2025

"Good people know good people"

 ‎

💡"Good people know good people" တဲ့။💡

‎ဒါကျတော့်ကို ဥရောပမှာ အလုပ်တဖက် ကျောင်းတဖက်နဲ့ တက်နေတဲ့ သူငယ်ချင်းတယောက် ပြောဖူးတာလေးပါ။ အရမ်းကြိုက်လို့ ပြန်သုံးပါရစေ။

‎
‎ကျတော်တို့ အလုပ်ရဖို့ ဘာလိုလဲ၊ အရင်အလုပ်က reference လိုတယ်။ ကျောင်းတက်ဖို့ အရှေ့ကျောင်းတုန်းက reference လိုတယ်၊ ပညာသင်ဆုလျှောက်ဖို့ recommendations ဆိုတာမျိုး လိုတယ်။ ဒါတွေဟာ လူ့အသိုင်းဝိုင်းထဲမှာ ကျတော်တို့ တဦးတယောက်ကို ဘယ်သူတွေက ဘယ်လောက်သိထားလဲဆိုတဲ့ ဒဿနိကနဲ့ စဖွင့်လိုက်ပါတယ်။ အဲ့ကနေမှ ကျတော်တို့ ဘယ်လောက်တော်ထားလဲ၊ လုပ်နိုင်မလဲ၊ လုပ်နိုင်လောက်မလဲဆိုတာကို အဲ့တာတွေနဲ့ အစိတ်အပိုင်းတခုထားပြီး ဆုံးဖြတ်တယ်။ ပြီးတော့မှ ကျတော်တို့ ရွေးချယ်ခြင်း ခံရတယ်။

‎
‎ဒီနေရာမှာ ကျတော်တို့က လူကောင်း၊ မိတ်ကောင်းဆွေကောင်းနဲ့ ဆုံဖို့ကို small-world network ဆိုတာနဲ့ ရှင်းပြပေးချင်ပါတယ်။ ဒီလိုပါ။

‎
‎သင်္ချာနည်းအရ ကမ္ဘာပေါ်မှာ ကျတော်တို့ လူ သန်း ၈၀၀၀ လုံး တယောက်နဲ့တယောက်သိဖို့ အဆင့် ၆ ဆင့်ထက် ပိုမလိုပါဘူးတဲ့။
‎
‎အဲ့တော့

‎၁_ သင် 1^1=1
‎၂_ သင်က လူအယောက် ၁၀၀ နဲ့ သိတယ် 100^1= 100
‎၃_ အဲ့အယောက် ၁၀၀ တိုင်းက ၁၀၀ စီနဲ့ သိကြမယ်၊ 100^2= 10,000 ဒီလိုနဲ့
‎၄_ 100^3= 1,000,000
‎၅_ 100^4 = 100,000,000
‎၆_ 100^5 = 10,000,000,000 ဒီ အရောက်မှာ ကမ္ဘာမှာ ရှိတဲ့ လူဦးရေထက် များသွားပါပြီ။

‎
‎ဒါကြောင့် ၆ ဆင့်ထိ မရောက်ခင်မှာ သင်ဟာ ဘဝမှာ ကမ္ဘာပေါ်က ဘယ်သူနဲ့မဆို သိနိုင်ပါတယ်လို့ ဆိုတယ်။ ဒါဟာ သင်္ချာသပ်သပ်ပါ။

‎
‎ တကယ်တမ်းကြ လူတွေက ခုနကလို အကုန်လုံးနဲ့ ဆက်စပ်နေထိုင်နေတာ မဟုတ်တာပါ။ ကိုယ့်အစုနဲ့ကိုယ့်သာ နေထိုင်နေကြတာမို့ နောက်တခါ ဘယ်လိုစဉ်းစားကြည့်ကြလဲဆိုတော့_

သန်း ၈ထောင်လုံးကို စက်ဝိုင်းပုံစံ တန်းစီထားပြီး ကိုယ့်ဘယ်အယောက် ၅၀၊ ညာအယောက် ၅၀ ပဲ သိမယ် အဲ့တာဆိုရင်ကြ အကုန်လုံးနဲ့သိဖို့ အလှမ်း သန်း ၈၀ တောင် လိုပါတယ်တဲ့။

‎
‎ဒီတော့ အလှမ်း သန်း ၈၀ လိုတယ်ဆိုတဲ့ ယူဆချက်နဲ့ ၆ လှမ်းပဲ လိုတယ်ဆိုတဲ့ကြားမှာ ပိုယုတ္တိတန်တဲ့ ကောက်ချက်တခု လိုလာပါတယ်။

‎
‎အဲ့တာကတော့ small world network ပါ။ အဲ့စက်ဝိုင်းတန်းထဲက လူတချို့ကို ကျပန်းဆက်သွယ်ပေးလိုက်တာပါ၊ ဒါကို "shortcut" လို့ ခေါ်ပါတယ်။ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကို ကျပန်း shortcut ထည့်ပေးတာ။ သူ့ဘေး ဘယ်ညာ ၅၀ တင်မဟုတ်ဘဲ မျက်နှာချင်းဆိုင်က လူတချို့နဲ့ပါ သိလာနိုင်အောင် ဖန်တီးပေးလိုက်တယ်ပေါ့။

‎
‎အခုဆိုရင် network ၃ မျိုး ထွက်လာမယ်။ ၆ ဆင့်ပဲ လိုတာရယ်၊ သန်း ၈၀ ရယ်၊ ကြားထဲက အသစ်ဟာရယ်။ အဲ့ ၃ ခုကို ပျံ့နှံတတ်တဲ့ ရောဂါတခုနဲ့ နမူနာစမ်းသပ်ကြည့်တဲ့အခါ

‎
‎1️⃣အလှမ်းသန်း ၈၀ က တကမ္ဘာလုံးကို ရောဂါပြန့်ဖို့ ၇၃ ရက် ကြာပါတယ်။
‎
‎2️⃣အလှမ်း ၆ လှမ်းသာလိုတဲ့ အဆိုက ၂၅ ရက်သာ လိုပြီး
‎
‎3️⃣ ၁၀ % shortcut ထည့်ထားတဲ့ small world network ကတော့ ၂၆ ရက်ပါတဲ့။

‎
‎ဒါကြောင့် ကျတော်တို့ တကမ္ဘာလုံးက ကျပန်းတယောက်ယောက်နဲ့ ထိတွေ့ဖို့ အဆင့် ၄-၅ ဆင့်အပြင် ပိုမလိုတာက သက်သေပါပဲတဲ့။

‎
‎အဲ့ဒီ့ small world model ကို သာမန်လူအနေနဲ့ မယုံကြည်လို့ ရပါတယ်။ ဒါပေမဲ့ အဲ့ model ကို citation ကိုးကားထားတဲ့ သုတေသန အရေအတွက်ဟာ အိုင်းစတိုင်းရဲ့ သီအိုရီထက်ရော၊ နိုဘယ်ဆုရ DNA discovery ထက်ပါ ၂ ဆ ပိုများပါတယ်။ ကျန်းမာရေးကနေ ရသစာပေအထိ အကျုံးဝင်တဲ့ model တစ်ခုပါ။

‎
‎ဒီ model ကို လူမှုဆက်ဆံရေးမှာ ချိန်ထိုးကြည့်တဲ့အခါ လူကောင်းသူကောင်းနဲ့ဆုံဖို့ အရေးကြီးအချက်တွေ ရလာပါတယ်။

‎
‎✅လူများများနဲ့ ပေါင်းသင်းဆက်ဆံပါ၊ အတူတကွ လုပ်ဆောင်ကျော်ဖြတ်ပါတဲ့။ ဒီလိုဆို ကောင်းတဲ့အသိုက်အဝန်း ရလာပါမယ်။

‎
‎✅ ကျတော်တို့မှာ မကောင်းဘူးလို့ ထင်တဲ့သူကို မရွေးချယ်ခွင့် ရှိပါတယ်။ ဒါကြောင့် မကောင်းတာတွေ ကူးဆက်မလာအောင် ကိုယ်ကအသိုက်အဝန်းကို ရွေးချယ်ပေါင်းလို့ ရပါတယ်။ (တကမ္ဘာလုံးကိုတောင် တလထဲနဲ့ ကောင်းတာ မကောင်းတာ အကုန်ကူးဆက်နိုင်တာကို သတိရပါ)။

‎
‎✅ အပေါ်က ပြောခဲ့တဲ့ shortcut လေးတွေဆိုတာ ကံတရားဖေးမှု ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်နဲ့တင် မဟုတ်ဘဲ တခြားအသိုက်အဝန်းက ကောင်းတယ်ခံယူထားတဲ့သူနဲ့ ပေါင်းသင်းဆက်ဆံခြင်းဟာ ကိုယ့်အတွက်ရော ကိုယ့်ပတ်ဝန်းကျင်ကိုပါ ကောင်းတဲ့အလှည့်အပြောင်း ဖြစ်လာနိုင်ပါတယ်။

‎
‎✅ ကျတော်တို့ကိုယ်တိုင်ကလည်း ရှိနေတဲ့အသိုက်အဝန်းကို ကောင်းနေစေဖို့၊ လူများများလာချိတ်ဆက်ဖို့ ဖန်တီးပေးနိုင်ရပါမယ်။

‎
‎✅ တဆက်ထဲမှာပဲ ကျတော်တို့ရဲ့ ကောင်းသည်ဆိုးသည်တွေက ကိုယ်နေနေတဲ့ အသိုက်အဝန်းကို ရုတ်တရက် ပြောင်းလဲပေးနိုင်တာမို့ သတိကြီးကြီးထားပြီး ရွေးချယ်ပေါင်းသင်း ရှင်သန်ဖို့ပါပဲတဲ့။

☸️ ၃၈ ဖြာ မင်္ဂလာတရားတော်ရဲ့ ထိပ်ဆုံး ၄ ခု ☸️
(၁) အသေဝနာစ ဗာလာနံ- သူမိုက်ကို မဆည်းကပ်ရခြင်း၊
(၂) ပဏ္ဍိတာနဉ္စ သေဝနာ- ဉာဏ်ပညာရှိသူတို့ကို ပေါင်းသင်းရခြင်း၊
(၃) ပူဇာစ ပူဇနေယျာနံ- ပူဇော်ထိုက်သူတို့ကို ပူဇော်ရခြင်း
(၄) ပဋိရူပ ဒေသာဝါသ- သင့်လျော် ကောင်းမြတ်ရာ၌ နေရခြင်း..

📱ဒီတော့ကာ ယနေ့ခေတ်လို social media အားအရမ်းကောင်းတဲ့ခေတ်မှာ လူတိုင်းနဲ့ ပေါင်းသင်းဆက်ဆံဖို့ ပိုမိုလွယ်ကူလာပါတယ်။ ကောင်းတဲ့သူ၊ ဆိုးတဲ့လူ အဆင်ပြေရာကို ဖုန်းထဲကတင် ပေါင်းသင်းလို့ ရနေပါပြီ။ ဒါကြောင့်ပဲ ကိုယ့်ရဲ့ ဖုန်းမှာတက်တဲ့ post တွေနဲ့ သူများဖုန်းမှာတက်တာ ဘယ်လိုမှကို တူမနေတာပါ။ ကိုယ်ဘယ်လိုလူတွေနဲ့ ပေါင်းသင်းလုပ်ကိုင်နေလဲ ဆိုတာမျိုးတွေက တဖြည်းဖြည်းကိုယ့်ကို ပုံစံပြောင်းလာပေးနိုင်ပါတယ်။

📘 ဒီလိုပါပဲ ရည်ရွယ်ချက်ရှိရှိ သင်ယူတတ်မြောက်မှု (learning)၊ အလိုလျောက် တတ်ကျွမ်းမှု (acquisition) တွေဆိုတာလဲ ဒီသဘောပဲ ဖြစ်ပါတယ်။ ထိုင်းမှာ အနေကြာရင် ထိုင်းသံဝဲလာမယ်၊ UK မှာ နေတာကြာလာရင် British အသံဝဲလာမယ်။ ကိုယ့်ရည်းစားက ပြင်သစ်လူမျိုးဆို ကိုယ်ပါပြင်သစ်စကားကျွမ်းကျင်လာမယ်ဆိုတာတွေဟာ ဒီကနေ ဆင်းသက်လာတာပါပဲ။

🗣ဘာသာစကား လေ့ကျင့်သင်ကြားပေးနေတဲ့ အတန်းတွေမှာ ဘေးလူအီးလိုပြောနေတာ နားလည်လည်မလည်လည် ကြာလာတာနဲ့အမျှ ဒီအသံထွက်က ဒီအသံ၊ ဒီအသံက ဒီအဓိပ္ပါယ်ပါဆိုတဲ့ ချိတ်ဆက်မှုကို တချိန်လုံးပေးနေမယ့် ရပ်ဝန်းမျိုးကလည်း ဒီစက်ဝိုင်းလိုပါပဲ။

💬ဘာသာစကား သုံးစွဲမှုမှာလဲ Englishes (Singlish, Malay English, Indian English, Myanmar English, etc) တွေ ဖြစ်ကုန်တာလည်း ဒီကစတာပါပဲ။

ကျတော်တို့က လူ့ပတ်ဝန်းကျင်မှာ တဖြည်းဖြည်းသင်ယူရင် ပိုကောင်းတဲ့ အသိုက်အဝန်းနဲ့ချိတ်ဆက်တာမျိုး လုပ်နိုင်ဖို့ လူကောင်းတွေနဲ့ ဆုံမိဖို့လိုတယ်။ လူကောင်းတွေနဲ့ အပြန်လှန် မိတ်ဖွဲ့ထားနိုင်ရမယ်။ လူကောင်းတွေနဲ့ အတူတကွ လုပ်ဆောင်ရင်း ဖြတ်သန်းနိုင်ရမယ်။ ဒီလိုနဲ့ တခြားအုပ်စုက လူကောင်းတွေနဲ့ပါ ဆုံနိုင်ရင်း သန်း ၈၀၀၀ လုံးကို ကောင်းတာတွေနဲ့ လွှမ်းချုံမိလာနိုင်မယ်။ ကျတော်တို့ တစ်ဦးချင်းစီကပဲ စဖို့လိုပါတယ်။

Ref
Veritasium. (2025, September 30). Something Strange Happens When You Trace How Connected We Are. YouTube.
Watts, D. J., & Strogatz, S. H. (1998). Collective dynamics of “small-world” networks. Nature, 393(6684), 440–442.

#learningenglish #socialmedia #society #goodvibes

No comments:

Post a Comment