Monday, November 3, 2025

ပိုင်နက်

 ကျမ ၃၂ နှစ်အရွယ်တုန်းက

၃၈ နှစ်အရွယ် တခုလပ်အမျိုးသားတဦးနဲ့
ချစ်ကြိုက်ခဲ့ဖူးတယ်။
-
အစောပိုင်းထဲက သူ့မှာ မယားဟောင်း ရှိပြီး
၉ နှစ်အရွယ် သမီးတယောက်လည်း ရှိကြောင်း
ပြောပြခဲ့တယ်။
-
အဲဒီတုန်းက တာဝန်ယူမှုနဲ့ ရင့်ကျက်မှုအတွက်
သူ့ကို လေးစားမိခဲ့တယ်။
ကျမ မတိုင်မီ သူ့မှာ မိသားစုဘဝ ရှိခဲ့တာကိုတော့
ဂရုမစိုက်ပါဘူး။
-
ကျမကိုယ်တိုင်ကတော့
ကိုယ့်ဖာကိုယ် ကလေး မလိုချင်ပေမဲ့
တခြားသူကလေးတော့ ချစ်တတ်ပါတယ်။
-
သူက စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ
သူ့သမီးကို သွားတွေ့လေ့ရှ်ိတယ်။
-
ပန်းခြံခေါ်သွားတယ်၊ ရုပ်ရှင်လိုက်ပြတယ်။
တခါတလေ ကျမတောင် ပါသွားလေ့ရှ်ိတယ်။
-
ကျမ အမြဲမလိုက်တာက
သူ့အမေနေရာ ကျမက အတင်းဝင်ယူတယ်
ကလေးက ထင်ပြီး ခံစားရတာမျိုး မဖြစ်စေချင်လို့ပါ။
-
တနှစ်လောက်ကြာတော့
သူက သူ့သမီးကို ကျမအိမ် ခေါ်လာပါတော့တယ်။
ပထမအကြိမ်တွေတုန်းက နာရီပိုင်းလေးပါပဲ။
နောက်ပိုင်း ညအိပ်ပါ ခေါ်လာတယ်။
-
ကျမ ဘာမှမပြောခဲ့ဘူး၊ သူက အဖေတယောက်ပဲလေ။
နောက်တော့ တခုခုလွဲကုန်ပြီ လို့ခံစားလာရတယ်။
-
သူ့သမီးကို ခေါ်လာပြီးတိုင်း
သူ့မယားဟောင်းက သူ့ကို ဖုန်းအမြဲခေါ်တတ်တယ်။
-
သမီး ထမင်းမှ ကောင်းကောင်းစားရဲ့လား၊
‌အချိန်မှန်မှန်အိပ်ရဲ့လား၊ အိမ်စာတွေ လုပ်ရဲ့လား
အစအဆုံးအကုန်မေးတော့တာပဲ။
-
တရက်တော့ ကျမ အလုပ်ထဲရှိနေတုန်း
တိုက်လုံခြုံရေးက ကျမဆီ ဖုန်းခေါ်လာတယ်။
အမျိုးသမီးတယောက်က
“ သူ့သမီး ကျမအခန်းမှာ ရှိနေတယ် “ ‌ဆိုပြီး
အခန်းကို တက်ဖို့ ခွင့်တောင်းနေတယ် တဲ့။
-
ကျမက ပြတ်ပြတ်ပဲ၊ ပေးမတက်နဲ့ လို့ပြောလိုက်တယ်။
အမျိုးသားက နောက်တော့ပြောပြလာတယ်၊
ကလေးအတွက် ဆေး ပေးရုံပါပဲ ဆိုလို့
ကျမလိပ်စာ သူ့မယားဟောင်းကို ပေးလိုက်တာပါတဲ့။
-
“ သူ့မှာလည်း သူ့ကလေး ဘယ်မှာရှိနေသလဲ
ဆိုတာ သိပိုင်ခွင့်တော့ ရှိတာပဲလေ “ တဲ့။
စည်းကျော်တာတွေ ဆက်တိုက်ဖြစ်လာတယ်။
-
စနေနေ့ တမနက် ကျမ အိပ်ရာနိုးတော့
ဧည့်ခန်းထဲ သူ့မယားဟောင်းက ကော်ဖီသောက်ရင်း
သူနဲ့ စကားဖေါင်ဖွဲ့ပြောနေတာ တွေ့လိုက်ရတယ်။
-
သူတို့အိမ်လို သဘောထားနေသလားပဲ။
အမျိုးသားက သူ့သမီးကို လာပို့တာပါ၊
မကောင်းတတ်လို့ ပျူပျူငှာငှာ ပြန်ပြောနေတာ
လို့ဆိုလာတယ်။
-
ကျမက သူ့မယားဟောင်းကို ပြန်သင့်ပြီ
လို့ပြောလိုက်တော့
သူ့မယားဟောင်းက ကျမကို ပြန်အော်တယ်။
-
သူ့ကို ဘာလုပ်ရမယ် ဆိုတာ ကျမက ပြောပိုင်ခွင့်မရှိဘူး၊
သူ့သမီးကို တွေ့ချင်တဲ့အချိန် တွေ့ချင်တဲ့နေရာ
သူ့မှာ တွေ့ပိုင်ခွင့်ရှိတယ် တဲ့။
-
အဲဒီညမှာ ကျမတို့နှစ်ယောက်
အကြီးအကျယ်စကားများကြတယ်။
ကျမ အပြတ်ပြောလိုက်တယ်၊
ရှင့်မယားဟောင်းကို ကျမခွင့်ပြုချက်မရှိပဲ
ကျမပိုင်နက်ထဲလာတာ လက်မခံနိုင်ဘူး လို့။
-
သူက ကျမကို ရိုင်းစိုင်းတယ် အတ္တကြီးတယ် တဲ့။
လူဆိုတာ သူ့စည်းနဲ့သူ လေးစားသမှု ရှိရမယ်၊
-
ဒါ ရိုင်းစိုင်းတာလဲ မဟုတ်သလို
အတ္တကြီးတာလဲ မဟုတ်ဘူး လို့ပြန်ပြောပစ်လိုက်တယ်။
ဒါ ယဉ်ကျေးတဲ့လူတိုင်း လိုက်နာကျင့်သုံးရတယ် လို့။
-
ရက်တပတ်လောက်အကြာမှာ
ကျမအခန်းရဲ့သော့ပိုတချောင်းကို
သူ့ဂျာကင်အိတ်ထဲမှာ တွေ့လိုက်ရတယ်။
-
အရေးပေါ်ကိစ္စဖြစ်လာရင်
သူ့မယားဟောင်းလာနိုင်အောင် ကော်ပိီကူးမိတာပါ
လို့ဝန်ခံတယ်။
-
အဲဒါ နောက်ဆုံးအကြိမ် သည်းခံနိုင်တဲ့
လက်ကျန်သံယောဇဉ်တမျှင်ပဲ ဖြစ်မယ်။
-
ဇာတ်လမ်းအဆုံးကတော့
တရက် ကျမအလုပ်က အိမ်အပြန်လာမှာ
သူ့မယားဟောင်းဟာ ကျမမီးဖိုခန်းထဲ ချက်ပြုပ်နေတာ
ပက်ပင်းတွေ့လိုက်ရတယ်။
-
သူတို့သမီးလေးက အိမ်စာတွေ လုပ်နေတယ်။
အမျိုးသားတော့ အိမ်မှာ မတွေ့ရဘူး။
-
အဲဒီညပဲ ကျမ သူ့ကို လက်မခံတော့ဘူး၊ သွားတော့
လို့ပြောပစ်လိုက်တယ်။
-
သူက
ကျမက လိုတာထက် အလွန်အကျူးဖြစ်နေတာ တဲ့။
-
ဟုတ်တယ် မှန်တယ်။ သမီးကို လက်ခံနိုင်ပေမဲ့
သူ့မယားဟောင်းကိုတော့ ကျမအိမ်ကို
နေရာဖဲ့မပေးနိုင်ဘူး လို့ပြောလိုက်တယ်။
-
နောက်နေ့မနက်
ကျမ အခန်းသော့ကို အသစ်လဲလိုက်တယ်။
သူ့တယ်လီဖုန်းနံပတ်ကိုလည်း
ဘလောက်လုပ်လိုက်တယ်။
-
ကျမ ဘယ်တော့မှ နောင်တမရဘူး။
ဒါ ကျမအိမ်၊ ကျမပိုင်နက်။
ဘယ်သူမှ ကျမခွင့်မပေးပဲ၊ ကျမတံခါးမဖွင့်ပေးပဲ
ကျမပိုင်နက်ထဲ ဝင်ထွက်ပိုင့်ခွင့် မရှ်ိစေရဘူး။
-
-
credit; Htin Aung

No comments:

Post a Comment