" ဆွေနီးမျိုးဝေးများ "
■ လူမျိုးဟူသော အစုအဖွဲ့တစု၏ တည်ရှိမှုကို ပြဖို့ရာ ခုနှစ်သက္ကရာဇ်တွေကို နောက်ပြန်လှန်လေ့ရှိတယ်။ ထိုအခါ ပွိုင့်တခုကိုရွေးရတယ်။ လွန်ခဲ့သော နှစ် ၂၅၀ ကိုပြန်သွားမလား , လွန်ခဲ့သော နှစ်တထောင်ကို သမိုင်းလှန်မလား , လွန်လေပြီးသော နှစ် ၅၀၀၀ အထောက်အထားကို ပြန်တူးဆွကြမလား။ ဒါသည်ပင် နိုင်ငံပြုဝါဒတချို့၏ အခြေခံ ဖြစ်လာတယ်။ ဇာတိ ၊ မာနတွေကို ယင်းသမိုင်းကို အခြေခံပြီး တည်ဆောက်ကြတယ်။
ရှေးရိုးစွဲနိုင်ငံ အများစုကတော့ အစုအဖွဲ့တည်ရှိမှုကို စောလေကောင်းလေ , အိုမင်းလေ ကျက်သရေရှိလေဟု မှတ်ယူကြတယ်။ " လူမျိုးဆို အိုမှ " ဟု လှေနံဓါးထစ်လိုက်တယ်။ " ရာသက်ပန်တည်ရှိလာသည် " ဟူသော စကားလုံးကို နားဝင်ချိုလှတယ်။
ယုတ္တိမတန်သော မင်းဆက်တွေကို သောင်းဂဏန်းခန့် ရေတွက်ပြခြင်းသည် မထူးဆန်းလှပါ။ မဟာသမ္မတမင်းနှင့်မှ တိုက်ရိုက်မျိုးရိုးတည်ဆောက်လိုကြတယ်။ ဒဏ္ဍာရီဆန်ဆန် သတ္တဝါများနှင့် ဆွေမျိုးစပ်ကြတယ်။ နေနတ်မျိုးနွယ်မှ သက်ဆင်းလာကြတာရှိတယ်။
■ ဟိုး ဆရာ , စောတိုင်း အဆင်ပြေတာမဟုတ်။ အတိတ်ကို ခုနှစ်ပေါင်း သိန်းကျော်လို့ သန်းဂဏန်းထိ ဝါရင့်သော ဆွေမျိုးစပ်ဝါဒ လုပ်လိုက်ရင် မျောက်တံငါတွေ , မျောက်လွှဲကျော်တွေ ကိုပါ နိုင်ငံသားပေးနေရမယ်။ အချို့ရာဇဝင်ထဲပါသလို မင်းဆက်တွေကို သောင်းဂဏန်း မက ဆွဲဆန့်လိုက်လျှင် လူမဟုတ်သေးသော ဟိုမရောက်ဒီမရောက် သတ္တဝါများကို ပလ္လင်ပေါ်တက်နေတာမျိုး ဖြစ်နေမယ်။
ဆင့်ကဲဖြစ်စဥ်အရ နောက်ကိုဆုတ်လေလေ ဒိုင်နိုဆောတွေ, ပက်ကျိတွေပါ အမျိုးတော်စပ်လာလိမ့်မယ်။ ချင်ပန်ဇီတကောင်သည် လူသားတို့နှင့်နှင့် ၂သိန်း၈သောင်းလေးထောင် ဝမ်းကွဲတော်စပ်တယ်။ ဝေလငါး , လင်းပိုင် , ခွေးနှင့် ကြောင်တွေဟာ ယနေ့လူတွေနှင့် ၂၁ သန်း , ပုဇွန်ထုပ်ဟာ ၃၂၇ သန်း ဝမ်းကွဲတော်စပ်ပြီး အမီးဘားပိုး သည်လည်း ( 897 millionth cousin, 11 billion times removed ) အမျိုးစပ်တယ်။
■ တိရိစ္ဆာများအားလုံးသည် အခြေခံတူညီသော နျူကလီရစ်အက်ဆစ် ဖြင့်တည်ဆောက်ထားသော DNA Genome ကိုမျှဝေထားကြပြီး ဆွေမျိုးဝေးလာသည်နှင့် အမျှ DNA ကွာခြားတယ်။ Identical အမြွှာများ၏ DNA သည် ထပ်တူနီးပါး အကျဆုံးဖြစ်ပြီး ချင်ပန်ဇီနှင့် လူသည် ၉၈.၈ ရာနှုန်း , ကြောင်မျိုးစိတ်များနှင့် ၉၀ ရာနှုန်းတူတယ်။ Mutations နှင့် ပတ်ဝန်းကျင်၏ သက်ရောက်မှုများသည် သတ္တဝါတဦး၏ မျိုးဗီဇကို စဥ်ဆက်မပျက် ပြောင်းလဲနေစေပြီး ယင်းကနေ မျိုးဆက်များစွာ အကြာတွင် သီးခြား မိသားစု , သီးခြား လူမျိုး , သီးခြား မျိုးစိတ်သတ္တဝါအဖြစ် ကွဲပြားသွားစေတယ်။
ဆိုရရင် ကိုယ့်နေလည်စာ ပန်းကန်ထဲက ကန်စွန်းရွက်နှင့်ပင် ဆွေမျိုးစပ်ချင်လျှင်ရ၏။ သစ်ပင် , ပိုးမွှားအပါအဝင် ကမ္ဘာထက်က သက်ရှိအားလုံးတို့သည် Last Eukaryotic Common Ancestor (LECA) ဟုဆိုသော သတ္တဝါတမျိုးကနေ လွန်ခဲ့သော နှစ် သန်း ၁၆၀၀ အထက်က သီးခြားမျိုးကွဲသွားကြတယ်။ ယင်းမတိုင်ခင်က ဆဲလ်တခုတည်းဖြင့်သာ ဖွဲ့စည်းထားသော သက်ရှိများသာ ရှိခဲ့ကြတယ်။
■ ခေတ်သစ်လူသားတို့အနေဖြင့် မျိုးကန်းတော့ ဘေးမှ လက်မတင်လေး လွတ်ခဲ့သော ကာလရှိ၏။ လွန်လေပြီးသော နှစ် ၉သိန်းခန့်က ရှေးဦးလူသား အရေအတွက်ကျဆင်း ခဲ့ပြီး ကမ္ဘာတလွှား ၁ ထောင်ကျော် စွန်းစွန်းခန့်သာ ကျန်ခဲ့ဖူးတယ်။ ထို Genetic Bottleneck ကမှတဆင့် ပြန်လည်မျိုးပွား များပြားလာကြခြင်းပင်။
Mitochondrial DNA ကို မိခင်ဘက်မှသာ ဆက်ခံနိုင်ရာ ယနေ့ လူသားအားလုံးတို့၏ မိခင်မျိုးရိုး Maternal Lineage သည် လွန်လေပြီးသော နှစ် ၁၅၅ ၀၀၀ ခန့်က နေထိုင်ခဲ့သော အမျိုးသမီးတဦးထံ Trace လုပ်၍ရသောကြောင့် ယင်းသည်ပင် ယနေ့ရှင်သန်နေသော လူအားလုံးတို့၏ ဘုံဘွားဘွားကြီး ( Maternal Common Ancestor ) လို့ဆိုကြတယ်။ Mitochondrial Eve ( ဧဝ ) လို့ အမည်ပေးထားတယ်။
■ ဝေးကွာလှသော ကာလမှ မလှမ်းမကမ်းကို ခေတ်ကို ပြန်ကြမယ်။ လူတဦးတွင် မိဘ ၂ ဦး , ဘိုးဘွား ၄ ဦး , အဘေး ၈ ဦး စသဖြင့် နှစ်ဆတိုးသွားရာ လွန်ခဲ့သော နှစ်တထောင်ခန့်ဆိုပါက ဘိုးဘွား တထရီလျံ ( ၁၀၀၀ ၀၀၀ ၀၀၀ ) ကျော် ခန့်ရှိရမယ်။ ယင်းဂဏန်းသည် မျိုးဆက်တခုကို ၂၅ နှစ်ခန့်ခြားပြီး ထောင်စုနှစ်အတွက် မျိုးဆက် ၄၀ ဟု တွက်ခြင်းမှရတယ်။ ( 2^40 )
သို့သော် လွန်ခဲ့သော နှစ်တထောင်ခန့်က ကမ္ဘာ့လူဦးရေသည်ပင် သန်း ၃၀၀ ခန့်သာရှိသေးရာ တထရီလျံထက် အလွန်လျော့နည်း၏။ ဤသို့ဖြစ်ရာခြင်းမှာ မိမိတို့နှင့် အမျိုးမဝေးလှသော , ဝမ်းကွဲနီးစပ်သော ( လူမျိုးတူ , ယဥ်ကျေးမှု ဘာသာစကားတူညီသော ) သူများဖြင့်သာ အိမ်ထောင်ရက်သားကျလေ့ရှိသောကြောင့် ဘိုးဘွားချင်း ထပ်သွားသောကြောင့်ပင်။
မျိုးဆက်ကျန်ရစ်သည်ဆိုခြင်းမှာ အချို့သူများသည် အိမ်ထောင်သားမွေး မပြုသောကြောင့် လည်းကောင်း , သားသမီးမထွန်းကားသောကြောင့်လည်းကောင်း မျိုးဆက်မကျန်ပါ။ ထို Line တန့်သွားသူများ မှတပါး ခရစ်နှစ် ၁၀၀၀ ဖွား အခြားသူများအတွက် ယင်းတို့မှ သက်ဆင်းလာသူ ယနေ့ခေတ်တွင် သားမြေး သန်းဂဏန်းခန့် ရှိနေတော့မယ်။ ပဒေသရာဇ်များသည် အရပ်သားများထက် မျိုးပွားနိုင်မှု မြင့်လေရာ ယနေ့တွင် ဂျင်ဂျစ်ခန်၏ မျိုးဆက် ၁၆ သန်းရှိပြီး အာရှအလယ်ပိုင်း တလွှားတွင် ၄င်း၏ မျိူးဗီဇပါဝင်မှု အလွန်မြင့်တယ်။
■ ယင်းတို့ဆိုလျှင် ၂၁ရာစု မြမ္မာတဦးသည် ပုဂံခေတ်တွင် ဧရာဝတီမြစ်ဝှမ်းအတွင်း နေထိုင်ခဲ့သော မျိုးဆက်ကျန်ရစ်အုံးမယ့် ပုဂံပြည်သား အားလုံးနှင့် ဆက်စပ်နိုင်တယ်။ သမိုင်းဝင် ဘုရင်အများစုကို ဘိုးဘေးလို့ Claim လျှင် မှန်ကန်ဖို့ ရာနှုန်းများတယ်။ ထို့အတူ ဧရာဝတီမြစ်ဝှမ်းကို အဆိုပါ ကာလခန့်က ဝင်ရောက်ရွေ့ပြောင်းနေထိုင်ခဲ့မည့် တပါးသော မျိုးနွယ်စုလူဦးရေ ရာဂဏန်းမျှပင်လျှင် ပုဂံသားတို့နှင့် ( Intermarriage ) လက်ဆက်ကြပြီး ရောနှောဖြစ်သွားပါက ယနေ့ မြမ္မာတို့၏ ဘိုးဘွားစာရင်းတွင် ရောက်နေလိမ့်မယ်။
ဆွေမျိုးတော်စပ်ခြင်းဆိုသည် အနီးအဝေးပေါ် မူတည်ပြီး သတ်မှတ်ခြင်း ဖြစ်ရာ အထက်တွင်ဆိုသလို လူသားမဟုတ်သော မျိုးစိတ်များနှင့်ပင် ဆက်စပ်၍ ရတယ်။ လူသားချင်းဆိုလျှင် ထင်ထားသည်ထက် ပိုမိုနီးစပ်ကြတယ်။ သမ္မတအိုဘားမားနှင့် ဂျော့ဒဗလျူဘုရှ့်တို့သည် ၁၇ ရာစုကနေထိုင်ခဲ့သော ကိုလိုနီရွေ့ပြောင်းအခြေချသူတဦးကနေ ဆက်စပ်ပြီး ၁၀ ဝမ်းကွဲတော်စပ်တယ်။
လူတယောက်ကို တွေ့တဲ့အခါ ဆွေမျိုးဘယ်လောက် နီးစပ်သလဲ တွေးမိကြပါသလား။
၃၀ အောက်တိုဘာ ၂၀၂၅
No comments:
Post a Comment